Too Good to Be True!
အဖိုးတန်သတ္တုများတွင် ရင်းနှီးမြှုပ်နှံပြီး ဘဝတစ်ခုလုံး ပြောင်းလဲသွားစေမည့် ကြွယ်ဝ ချမ်းသာမှုများကို ရှာဖွေနေကြသည့် အပျော်တမ်း ရင်းနှီးမြှုပ်နှံသူတို့၏ ပုံပြင်ဆန်ဆန် ဇာတ်သိမ်းခန်းသည် မရှောင်လွှဲနိုင်သော ဆိုးရွားသည့် အဆုံးသတ်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူ အားလုံးအတွက် “ဈေးကွက်အတွင်း၌ အခြေအနေတစ်ခုသည် လက်တွေ့ဖြစ်နိုင်ခြေထက် ပို၍ကောင်းမွန်လွန်းနေပါက ၎င်းမှာ အစစ်အမှန်ဖြစ်ရန် ခဲယဉ်းသည်” (Too good to be true) ဆိုသည့် သတိပေးချက် တစ်ခုပင် ဖြစ်လိမ့်မည် ထင်သည်။ ထို့အပြင် ၎င်းသည် ဘဏ္ဍာရေး ဈေးကွက်၏ အခြားနေရာများတွင် ဖြစ်ပေါ်နေသည့် အလွန်အကျွံ မှန်းဆကစားမှု (Speculative excess) များအတွက်လည်း red flag တစ်ခု ဖြစ်ပေသည်။
မကြာခင် လများအတွင်း ရွှေနှင့် ငွေဈေးကွက်တို့သည် အတော်အတန် လှုပ်ခတ်မှုများရှိခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါ အဖိုးတန် သတ္တု နှစ်မျိုးစလုံး၏ ဈေးနှုန်းများသည် တည်ငြိမ်ပြီး အားကောင်းသော အနေအထားဖြင့် တစ်စတစ်စ မြင့်တက်ခဲ့သော်လည်း ယခုနှစ်အစတွင်မူ မယုံကြည် နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ထိုးတက်သွားခဲ့သည်။ ရွှေဈေးနှုန်းသည် ဇန်နဝါရီလအတွင်း ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် ဒေါ်လာ ၅,၅၀၀ အထက်သို့ ရောက်ရှိကာ ယခင်စံချိန်တင်ဈေးနှုန်းများအားလုံးကို ကျော်လွန်သွားခဲ့သည်။ “အားမြှင့်ထားသော ရွှေ” (Gold on steroids) ဟု တင်စားကြသည့် ငွေဈေးနှုန်းသည်လည်း ၂၀၂၅ ခုနှစ်ကို ၇၀ ဒေါ်လာဖြင့် အဆုံးသတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် စောစောပိုင်းတွင် ၆၀ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ကာ တစ်အောင်စလျှင် ၁၂၀ ဒေါ်လာအထိ မယုံကြည်နိုင်ဖွယ် ကောင်းလောက်သော ဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။
ထင်သာမြင်သာရှိသော အခြေခံ မောင်းနှင်အားများ နှင့် ရုတ်တရက် ပြောင်းလဲသွားစေသည့် ခိုင်မာသည့် အကြောင်းရင်း မရှိဘဲ “အရှိန်အဟုန်ဖြင့် ထိုးတက်သွားသောအရာမှန်သမျှသည် ပြန်လည်ကျဆင်းရန်သာ ရှိသည်” ဟု အဆိုတစ်ခု ရှိလေသည်။ ထိပ်ဆုံးသို့ ရောက်ရှိချိန်တွင် သတ္တုနှစ်မျိုးစလုံးသည် အရှိန်ကုန်သွားခဲ့ပြီး (တစ်နည်းအားဖြင့် အောက်ဆီဂျင် ပြတ်လပ်သွားခဲ့ပြီး) ရွှေဈေးနှုန်းမှာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်။ မကြာခင်ကဆိုလျှင် ငွေဈေးနှုန်းသည် တစ်ရက်တည်းအတွင်း ၃၃ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး ရပ်တန့်မလား ဆက်ကျသွားမလား ပူပန်နေရသည့် အခြေအနေကို ရောက်သွားခဲ့သည်။
အဖိုးတန်သတ္တု ရင်းနှီးမြှုပ်နှံသူများဘက်ကမူ လက်ရှိဈေးနှုန်းများသည် လွန်ခဲ့သော တစ်နှစ်ကထက် အများကြီး ပိုမြင့်နေသေးသည်ဟု အကျိုးသင့် အကြောင်းသင့် ထောက်ပြကြပေလိမ့်မည်။ အမှန်တကယ်ပင် အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံထားသူများသည် အမြတ်အစွန်း အများအပြား ရရှိခဲ့ကြသည်။ ယခုလို ဈေးနှုန်းထိုးတက်မှုတွင် ပါဝင်နေသည့် လက်လီရင်းနှီးမြှုပ်နှံသူများ၏ အွန်လိုင်း စကားဝိုင်းများတွင်မူ “လက်လွှတ်မခံဘဲ ဆက်ကိုင်ထားကြရန်”၊ “ဆက်လက်စုဆောင်းကြရန်” သို့မဟုတ် “ဈေးကျချိန်တွင် ထပ်ဝယ်ရန်” တိုက်တွန်းနေကြသည်။ ယင်းအဆိုတို့မှာ နားလည် ပေးနိုင်သော အချက်ဖြစ်ပြီး ရေရှည်တွင် မှန်ကန်ချင်လည်း မှန်ကန်နိုင်ပါသည်။ သို့သော် ဈေးကွက်၏ အတက်အကျ ကြမ်းတမ်းမှုကို မခံနိုင်သူများအတွက်မူ ယခုကဲ့သို့ ထိုးတက်ခြင်းနှင့် ပြန်လည် ကျဆင်းခြင်းတို့၏ နောက်ကွယ်က အကြောင်းရင်းများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ဈေးကွက်၏ အခြေခံတွန်းအားများ ကြီးမားသော ပိုင်ဆိုင်မှုစီမံခန့်ခွဲသူ (Asset managers) များသည် ရွှေ၏ အဓိကအားသာချက်ဖြစ်သည့် လုံခြုံစိတ်ချရမှုကို ရှာဖွေနေကြပြီး၊ မရေရာမှုများအတွက် အကာအကွယ် (Hedge) တစ်ခုအနေဖြင့် ဒေါ်လာအစားထိုး ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေကြသည်။ ရွှေနှင့်အတူ လိုက်ပါလှုပ်ရှားလေ့ရှိသော ငွေ (Silver) သည်လည်း ၎င်းနောက်ကွယ်မှ ကပ်ပါ လာခဲ့သည်။
သို့သော် ဈေးနှုန်းများ အရှိန်အဟုန်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် နောက်ဆုံးအဆင့်နှင့် ၎င်း၏ ပြန်လည်ကျဆင်းမှု အစပျိုးပုံမှာ ဂန္ထဝင်ဆန်သော မှန်းဆကစားမှု အစွန်းရောက်ခြင်း (Speculative frenzy) ပုံစံမျိုး ဖြစ်နေသည်။ အများပြည်သူထံ အဖိုးတန်သတ္တုများ ရောင်းချသည့် ဝက်ဘ်ဆိုဒ်များနှင့် ပွဲစားများထံတွင် ဝယ်လိုအားများ အလွန်အမင်း မြင့်တက်ခဲ့ပြီး ၎င်းမှာ စုပေါင်း အင်အားဖြင့် အမြတ်အစွန်းကြီးကြီးမားမား ရယူရန် ကျွမ်းကျင်သော လက်လီအရောင်းအဝယ်သမား (Retail traders) မျိုးဆက်သစ်များကြောင့် ဖြစ်သည်။

အထူးသဖြင့် ငွေ ဈေးကွက်သည် သေးငယ်ပြီး နေ့စဉ်အရောင်းအဝယ်အတွက် ရရှိနိုင်သော ပမာဏမှာ ကန့်သတ်ချက်ရှိသည်။ အလွယ်တကူ စိတ်လှုပ်ရှားတတ်သော လူအုပ်ကြီးသည် သေးငယ်သော ဈေးကွက်တစ်ခုအတွင်းသို့ အလုအယက် တိုးဝင်လာခြင်းမှာ ဈေးနှုန်း အကြီးအကျယ် မတည်မငြိမ် ဖြစ်ရန် ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် ချေးငွေများဖြင့် ရင်းနှီးမြှုပ်နှံထားသည့် အခြေအနေမျိုးတွင် ပို၍ ဆိုးရွားသည်။ စိတ်အားထက်သန်မှုမှာ ငွေဖြစ်လွယ်မှု (Liquidity) ထက် ကျော်လွန်သွားသောအခါ နောက်ဆုံးမှ ဝယ်ယူမိသူများသည်သာ အရှုံးနှင့် ရင်ဆိုင်ရလေ့ရှိသည်။
တစ်ဖက်တွင်လည်း မကြာသေးခင်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကီဗင် ဝေါ့ရှ် (Kevin Warsh) ဆိုသူကို လာမည့် မေလမှစ၍ အမေရိကန် ဗဟိုဘဏ် (Fed) ဥက္ကဋ္ဌအဖြစ် အဆိုပြုလိုက်ခြင်းက ဒေါ်လာဈေးကို ပြန်လည်တည်ငြိမ်စေခဲ့ပြီး သတ္တုဈေးကွက် ငြိမ်သက် အေးခဲသွားစေရန် အကြောင်းရင်း တစ်ရပ် ဖြစ်စေခဲ့သည်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဝေါ့ရှ်ကို ရင်းနှီးမြှုပ်နှံသူများက အခြားရွေးချယ်ခံများထက်စာလျှင် ပိုမိုခိုင်မာ၍ စနစ်ကျသူ တစ်ဦးအဖြစ် ရှုမြင်ကြသည်။
အဖိုးတန်သတ္တုများအပေါ် ရူးသွပ်မှုသည် ဘဏ္ဍာရေးစနစ်အတွင်းရှိ အစွန်းရောက် အလွန်အကျွံ ဖြစ်မှုများထဲမှ နယ်ပယ်တစ်ခုသာ ဖြစ်ကြောင်း သတိပြုရန် လိုအပ်သည်။ ခရစ်ပတို ငွေကြေးများ၊ ပုဂ္ဂလိက အရင်းအနှီးဈေးကွက်များနှင့် လက်ရှိ AI ကြောင့် ဖြစ်ပေါ်နေသော စတော့ဈေးကွက် အရှိန်အဟုန် မြင့်တက်မှုများတွင် ဈေးနှုန်းများ မယုံနိုင်လောက်အောင် တက်နေခြင်းသည် အနီရောင်အဆင့် အချက်ပေး ခေါင်းလောင်း (Red flag) တစ်ခုအဖြစ် မှတ်ယူသင့်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘစ်ကွိုင် (Bitcoin) သည် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဒေါ်လာ ၇၀,၀၀၀ အောက်သို့ ကျဆင်းသွားခဲ့သည်။
သို့သော်လည်း မှန်းဆကစားသူ လူအုပ်ကြီး၏ အင်အားကို လျှော့မတွက် မသင့်ပေ။ ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားပြီး နှစ်ရက်အကြာမှာပင် ရွှေဈေးသည် အနိမ့်ဆုံးအဆင့်မှ အနည်းငယ် ပြန်တက်လာခဲ့သော်လည်း ငွေဈေးမှာမူ ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ ဈေးကွက်၏ အတက်အကျ ကြမ်းတမ်းမှုမှာ ရင်းနှီးမြှုပ်နှံသူ အများအပြားအတွက် စိုးရိမ်စရာဖြစ်သော်လည်း၊ အမာခံ ယုံကြည်သူများမှာမူ နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ပြန်လည်ရုန်းထကြဦးမည်ဖြစ်သည်။ မှန်းဆ ကစားလိုသည့် စိတ်အားထက်သန်မှုများသည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ရွှေနဲ့ ငွေတင် မဟုတ်ဘဲ လက်ရှိ ခေတ်စားနေတဲ့ AI စတော့ရှယ်ယာတွေ၊ Crypto (Bitcoin) နဲ့ အခြားဈေးကွက်တွေအတွက်ပါ သတိပေးချက် (Red Flag) ဖြစ်ပါတယ်။ ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့အချိန်ဟာ အခွင့်အရေးထက် အန္တရာယ်က ပိုများနေနိုင်တယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ အကျိုးနဲ့ အမြတ်ကို တွက်ချက်ရင်း ရင်းနှီးမြှုတ်နှံသူတွေ အောင်မြင်ကြပါစေ။


