“ညီမလေး အကကောင်းတယ်ဆိုလို့ လာကြည့်တာ”
လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်မပေးမီမှာပင် အတူပါလာသော ကိုမင်းဟန်က ပွဲထွက်ရန် အပြီးသတ် ပြင်ဆင်နေသော မင်းသမီးဝေဝေလွင်ကို နှုတ်သွက်လျှာသွက် ပြောလိုက်သည်။ မှန်ထဲတွင် အကြည့်ရောက်နေသော ဝေဝေလွင်က လည်ပြန်စောင်းငဲ့ ကြော့ကြော့ကလေး မျက်ဝန်းကို မှေးရီ၍ ကြည့်လိုက်သည်။ ဝေဝေလွင်ကတော့ တမင်လုပ်စရာမလိုဘဲ ကြည့်လိုက်တိုင်းယဉ်၊ မြင်လိုက်တိုင်းလှအောင် အကြည့်ခံရုပ်နှင့် ဟန်အမူအရာ ရှိနေပါပေါ့လား။
“အစ်ကိုနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း သူငယ်ချင်း ပန်းချီဆရာ ကိုမင်းဟန်က တပူဆာဆာလုပ်နေလို့ ညီမလေးနဲ့ ခေါ်တွေ့ပေးရတာ”
လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်ပေးတာက နောက်ကျနေသည်။ ကိုမင်းဟန်၏ ပြောပုံဆိုပုံမှာ မသိခင်ကကျွမ်းပြီး ကြည့်ပုံရှုပုံမှာ မကျွမ်းခင်က သိနေသလိုပင်။
“ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီအဓိကမယူဘဲ သဘင်ပညာအဓိကသာ ယူခဲ့ရင် အစ်ကို ပြိုင်ဘက်ကင်း မင်းသားဖြစ်မှာ သေချာတယ်”
“ညီမလေးနဲ့သာ တွဲကရမယ်မှန်းသိရင် သဘင်ပညာဘာသာရပ် ယူခဲ့မိမှာ သေချာပါတယ်”
အပြောအဆို အတိုင်အဖောက်ညီနေသော ကိုမင်းဟန်နှင့် ဝေဝေလွင်ကို ဘေးကကြည့်ရင်း ကိုကျောက်ခဲ ရင်မောနေမိသည်။ ကိုမင်းဟန်အကြောင်း အတွင်းသိအစဉ်းသိမို့ ရင်မောနေမိခြင်း ဖြစ်သည်။ ဘာသာရပ်မတူပေမယ့် တက္ကသိုလ်တစ်ခုတည်း အတူတူတက်ခဲ့သည်ပဲလေ။ ကိုမင်းဟန်က တက္ကသိုလ်မှာကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ သူက ကြံစရာမလိုဘဲ ပန်စရာပန်းတွေ ဝေဆာနေတတ်သည်။ သူက အပြုံးချိုချို၊ အပြောချိုချိုနှင့် သိမ်းသွင်းလျှင် ကောင်မလေးတွေ မှန်သမျှ ယိမ်းကသလို ယိမ်းနွဲ့ကာ ပါလာတတ်သည်။ အလှသွေးကြွယ်ဝ နာမည်တက်စ မင်းသမီးလေး ဝေဝေလွင်သည်လည်း ကိုမင်းဟန်၏ သိမ်းသွင်းမှုကို တင်းခံနိုင်မည်မဟုတ်ပေ။
“ကဲ- ပွဲထွက်ဖို့ရှိသေးလို့ နောက်များမှ တွေ့ကြသေးတာပေါ့၊ ဝေဝေလွင် အကကောင်းမကောင်း အစ်ကို အကဲဖြတ် အမှတ်ပေးနိုင်အောင် ကြိုးစားလိုက်ပါရစေဦး”
ဝေဝေလွင်ကလည်း နာမည်တစ်လုံးနှင့် ကျော်ကြားသူဖြစ်သည်။ ချဉ်းကပ်လာသူမှန်သမျှကို ယဉ်ယဉ်ကျေးကျေးနှင့် ရှောင်တတ်တိမ်းတတ်သည်။ ယခုလည်း ပွဲထွက်ရန် အချိန်လိုသေးသော်လည်း ယဉ်ဆိုသမျှ နှင်လိုက နှင်တတ်သည်။ ကြည့်မှန်ရှိရာဘက် လှည့်သွားသည်မို့ လှည့်ပြန်ဖို့ပဲ ရှိတော့တာပေါ့။
“စောစောက လည်ပြန်စောင်းငဲ့ ညီမလေးကြည့်ပုံလေးက ယဉ်လွန်းလို့ ဓာတ်ပုံရိုက်ခွင့်ပေးပါလား”
“အချိန်မရှိတော့လို့ပါ၊ နောက်များမှပေါ့”
ဘူးဆိုလျှင် ဖရုံမသီးတတ်သော ဝေဝေလွင်မို့ ကိုမင်းဟန် မကျေမနပ်နှင့် လှည့်ပြန်လာသည်။
“မင်းသမီးက အထာကိုင်လိုက်တာ”
ကိုမင်းဟန် စိတ်ထဲမကျေနပ်သမျှ နှုတ်က ပွင့်ထွက်လာသည်။ ကိုကျောက်ခဲကတော့ အကျေနပ်ကြီး ကျေနပ်နေမိသည်။ ဝေဝေလွင် ထိုမျှ စိတ်ဓာတ်မာကျောမည်ဟု ထင်မထားခဲ့။ ထင်သည့်အတိုင်း ဝေဝေလွင် ပွဲထွက်သည်အထိ စောင့်ဆိုင်းမနေဘဲ ကိုမင်းဟန် ထပြန်သွားသည်။ ဝေဝေလွင် အထာကိုင်သလို ကိုမင်းဟန် အညှာကိုင်ဖို့ ကြိုးစားမည်ကို တွေး၍ ပူနေမိသည်။
ဒီကောင်မလေးနှင့်ကျမှ လက်မြှောက်အရှုံးပေးရရိုးလား။ သူ့ထက် အလှဂုဏ်၊ နေဂုဏ်၊ ပညာဂုဏ် မြင့်မားသူတွေကိုပင် လက်ဖျစ်လေးတစ်ချက် တီးရုံနှင့် ခရီးရောက်ခဲ့သေးသည်ပဲ။ သူမို့လို့ ထောင်လွှားရက်လေ။ ကိုမင်းဟန် တွေးလေတွေးလေ စိတ်ထဲက ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။
မန္တလေး ယဉ်ကျေးမှုအနုပညာတက္ကသိုလ်က ကျင်းပသော ပန်းချီပန်းပုပြပွဲတွင် ကိုမင်းဟန် ပန်းချီကား ငါးကား တင်ခဲ့သည်။ ကိုမင်းဟန် ရေးဆွဲခဲ့သည့် “မြန်မာအက” ဟူသော ကားကို လူရွှင်တော်၊ မင်းသား ကိုကျောက်ခဲက သူတို့အငြိမ့်အဖွဲ့က မင်းသမီးဝေဝေလွင်၏ ကဟန်ကိုမမီကြောင်း ဝေဖန်ပြောကြားသည်။ ထိုကားကို ကိုမင်းဟန် အလွတ်ရေးဆွဲခဲ့ခြင်း မဟုတ်ပါ။ မန္တလေးက နာမည်ကြီးမင်းသမီးကို မော်ဒယ်အဖြစ် အကခိုင်းပြီး အကောင်းဆုံးကဟန်ကို ယူ၍ ရေးခဲ့ခြင်းဖြစ်သည်။ အချိန်လည်း အတော်ယူခဲ့ရသည်။ ထို့ကြောင့် မင်းသမီး ဝေဝေလွင်အပါး သတင်းကြားနှင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။
ဝေဝေလွင်က ကြီးကျယ်သည်။ သွေးနားထင်ရောက်သည်။ သူလို ပစ္စည်းဥစ္စာကြွယ်ဝသော အသိုင်းအဝိုင်းကလူ၊ ပန်းချီဆရာအဖြစ် နာမည်ကျော်ကြားစပြုသူ၊ ဘာမဆို လိုတာရနေသူကို သူမို့ မဆင်မခြင် အထင်သေးသည်။ တွေ့မည်။ တစ်ကွေ့ကွေ့တော့ အသေအချာ တွေ့ကို တွေ့ရမည်။
“ကိုမင်းဟန် နက်ဖြန်အားလား”
ယဉ်ကျေးမှုတက္ကသိုလ်ဆင်း၊ သူနှင့် ပန်းချီပညာသင်ကြားဖက် သူငယ်ချင်း ကိုလှဝင်းက ပြောလာသည်။ ကိုလှဝင်းက ပန်းချီဆရာအဖြစ် မထင်ရှား၊ ဓာတ်ပုံဆရာအဖြစ်သာ ကျော်ကြားသည်။ ဓာတ်ပုံဆရာအဖွဲ့သားများနှင့် ရင်းနှီးခင်မင်ပြီး ထဲထဲဝင်ဝင်ရှိသော်လည်း တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် အပူတပြင်း ပန်းချီကား ရေးဆွဲနေရသဖြင့် မအားလပ်ကြောင်းပြောဖို့ ရည်ရွယ်ထားသည်။
“တို့ဓာတ်ပုံအသင်းက မင်းသမီးလေး ဝေဝေလွင်ကို စုပေါင်းဓာတ်ပုံ ရိုက်ကြမလို့”
ဝေဝေလွင်ဆိုတော့ မငြင်းသာဘဲ ဖြစ်သွားသည်။
“ဘာလဲ.. ဝေဝေလွင်က မင်းတို့အသင်းကို ရန်ပုံငွေလှူဒါန်းလို့ စုပေါင်းဓာတ်ပုံရိုက်ဖို့ ဖြစ်လာတာလား”
“ခါတိုင်းတော့ တက်သစ်စ မော်ဒယ်လ်လေးတွေက သူတို့ကို ဓာတ်ပုံရိုက်ရင် အသင်းအတွက် လှူဒါန်းလေ့ရှိတယ်၊ ခုဟာက တို့က ချီးမြှင့်ရတာ”
“ဘယ်လို… ဘယ်လို မင်းတို့က ဘာကိစ္စချီးမြှင့်ရတာလဲ”
“ဝေဝေလွင်ကို မင်းက ပေါ့သေးသေး အောက်မေ့သလား၊ တက္ကသိုလ်အနုပညာအသင်းမှာ သူ အငြိမ့်မင်းသမီးဖြစ်ကတည်းက ခုလိုပဲ ငှားရမ်းခပေးပြီးမှ ဓာတ်ပုံရိုက်ခွင့်ပြုတာ”
“သူက တက္ကသိုလ်တက်ဖူးလို့လား”
ကိုလှဝင်းက သူ့ကိုမသိတတ်ရန်ကော ဟူ၍ စိတ်မသက်မသာ ဖြစ်နေသည်။
“ဝေဝေလွင်အကြောင်း မင်း ဘာမှမသိဘဲကိုး၊ နာမည်ကျော် အငြိမ့်မင်းသမီး မြူနှင်းဝေရဲ့သမီးလေ၊ ရတနာပုံတက္ကသိုလ် အနုပညာအသင်း အငြိမ့်အဖွဲ့မှာ ဝေဝေလွင်ရဲ့ အကအလှတွေကို TV က မကြာမကြာ ထုတ်လွှင့်ပါတယ်၊ သူက ရိုးရိုးဘွဲ့သာမကဘူး၊ အငြိမ့်ကရင်း မဟာဝိဇ္ဇာဘွဲ့ယူဖို့ မြန်မာ့အငြိမ့်သဘင်ကျမ်းတောင် ပြုစုနေလေရဲ့၊ အကအလှ သတင်းကြီးတဲ့ မင်းသမီးကိုများ မင်းမကြားဖူးရော့သလားကွာ”
ဓာတ်ပုံဆရာ ကိုလှဝင်းပြောပြမှ ဝေဝေလွင်သည် အနည်းဆုံးတော့ သူနှင့် အဖော်သဟဲအဖြစ် အပျော်တွဲလေး တွဲသင့်သည်ဟု သူ့သဘောနှင့်သူ သတ်မှတ်လိုက်သည်။ မန္တလေးက အနုပညာရပ်ဝန်းမှာ အကျယ်ပြန့်ကြီး မဟုတ်ပေမဲ့ နောက်တက်လေးတွေကလည်း အဆက်မပြတ် သူ့ထက်ငါကောင်း ဝင်ရောက်လျက်ရှိရာ နောက်မှပေါက်သည့် ဝေဝေလွင်ကို မျက်စိအောက်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ခုလိုဆိုတော့လည်း ဝေဝေလွင်သည် ငွေသဇင် ဟိုပင်မြင့်ဆီက လေသင့်ရာ မွှေးနေသူပါလား။
“ဒါက ဘာအတွက်လဲ”
စာအိတ်ကလေး လှမ်းပေးနေသော ကိုမင်းဟန်ကို မေးလိုက်သည်။ ကိုမင်းဟန်က ရိသဲ့သဲ့ပြုံးပြသည်။
“ကျွန်တော်က ဓာတ်ပုံဆရာအသင်းက မဟုတ်ပါဘူး၊ ဝေဝေလွင်ရဲ့ပုံကို ရောယောင်နောက်လိုက် အချောင်ရိုက်သလို ဖြစ်မှာစိုးလို့ ကျွန်တော့်အတွက် အနုပညာကြေး ပေးတာပါ”
အနုပညာကြေး အမည်ခံပြီး ပိုးကြေးပန်းကြေးသဘောမျိုး ပေးမှန်း ဝေလွင် မှန်းဆ၍ရသည်။ ကိုမင်းဟန်၏ ရုပ်ရည်ဟန်ပန်က နှစ်လိုဖွယ်ရှိသော်လည်း ကြည့်ပုံရှုပုံက ရဲတင်းပြီး ကောက်ကျစ်စဉ်းလဲမည့်ပုံ ပေါက်နေသည်။ လူတိုင်းကို အယုံမလွယ်တတ်တာက ဝေလွင်၏ မွေးဗီဇပင် ဖြစ်မည်ထင်ပါသည်။ အငြိမ့်စင်ပေါ်မှာ မွေးဖွားကြီးပြင်းခဲ့သော ဝေလွင်သည် မိခင်၏ ဆုံးမသွန်သင်မှုကို လူမှန်းသိတတ်စကတည်းက ခံစားနာယူခဲ့သည်။ တစ်ခုလပ်မ အလှပဂေး၊ ကလေးတစ်ယောက်အမေ မင်းသမီးမြူနှင်းဝေသည် အနေအထိုင်လည်း ကျစ်လျစ်သည်။ အပျိုစင် မဟုတ်သော်လည်း ချစ်မည့်သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့် တစ်ယောက်သောသူ၏ ပယောဂကြောင့် လောကကို စိတ်နာနေသည်။
“ယောက်ျားဆိုလျှင် ကြောက်ပါသည်× × × ကျောရုံကြံလိမ့်မည်” ဟူသော အငြိမ့်တေး သီချင်းထဲက လိုပင် ယောက်ျားမှန်သမျှကို သံသယဖြင့် ဆက်ဆံခဲ့သည်။ သမီးဝေလွင်ကိုလည်း မိခင်ဖြစ်သူက အစစအရာရာ သွန်သင်ဆုံးမထားသည်။ ထို့ကြောင့် ဝေလွင်သည် ချစ်သူရည်းစား ခုချိန်ထိ မထားခဲ့ပါ။ သွေးတိုးစမ်းသူတွေကတော့ ဘဝတစ်လျှောက်လုံး ကြုံတွေ့နေကျ ဖြစ်သည်။
“ဓာတ်ပုံအသင်းက ဝေလွင့်အတွက် အနုပညာကြေး ပေးပြီးပါပြီ၊ ဓာတ်ပုံအသင်းက ခွင့်ပြုရင် ဘယ်သူမဆို ဝေလွင့်ပုံကို ကြိုက်သလို ရိုက်ခွင့်ရှိပါတယ်”
ဝေလွင်၏ ကဟန်ကကြိုးမှာ အချိုးအစား ပြေပြစ်လွန်းသည်။ အခြောက်တိုက်ကသလို မဖြစ်ရအောင် ပါလေရာ တီးဝိုင်းလေးတော့ ကိုကျောက်ခဲက ဖန်တီးပေးထားသည်။ ကိုကျောက်ခဲက ခြောက်လုံးပတ်နှင့် ပတ်မကြီး ဝင်တီးသည်။ ကိုကျောက်ခဲကို ကူညီဖို့ စည်းဝါးအုပ်စုံတီး ကိုဘသောင်း ပါဝင်ရုံမျှနှင့် ဝေလွင်က ကဟန်အမျိုးမျိုး၊ ကကြိုးအသွယ်သွယ်ကို ဖန်တီး၍ရသည်။ ဓာတ်ပုံအဖွဲ့က ကြိုက်သည့်ကဟန်တွင် ရပ်တန့်စေ၍ ဓာတ်ပုံရိုက်သည်။
ဝေလွင်၏ ကဟန်သည် ကြော့ရှင်းလှပသည်။ ဝေလွင်၏ ကကြိုးသည် နွဲ့လျပြေပြစ်သည်။ အချိုးအဆစ် ကျစ်လျစ်တင့်မောစွာ ဆွဲဆောင်မှု အပြည့်အဝရှိသည်။ ဘာမဟုတ်သည့် ကိုကျောက်ခဲ၏ ခြောက်လုံးပတ်ဝိုင်းနှင့် ကိုဘသောင်း၏ စည်းဝါးအုပ်စုံတီး မဖြစ်စလောက်သည် ဝေလွင့်အကကြောင့် တီးဝိုင်းမှာ စည်ဝေမြိုင်ဆိုင်သည်ဟု ထင်မြင်စေသည်။
ကိုကျောက်ခဲက ကိုမင်းဟန်၏ “မြန်မာအက” ပန်းချီကားကို ဝေဖန်စဉ်က ရင်ထဲခိုးလိုးခုလု ဖြစ်မိသေးသည်။ ခုလိုဆိုတော့လည်း ဝေလွင်၏ အကနှင့် အလှကို မြင်လိုက်ရမှ “မြန်မာအက” ပန်းချီကား၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားသည်။
“ထပ်ဆောင်း အနုပညာကြေးကော ပေးလို့မရဘူးလား”
ကိုမင်းဟန်ကလည်း ပိုးကြေးပန်းကြေးကို မလျှော့တမ်းပေးဖို့ ပြင်သည်။
“မလိုတော့ပါဘူးရှင်၊ ကျေးဇူးတင်ပါတယ်”
မင်းသမီး အဝတ်အစားနှင့် လှချင်တိုင်းလှနေသော ဝေလွင်က ကိုမင်းဟန်၏ အနုပညာကြေးအမည်ခံ ပိုးကြေးပန်းကြေးကို လုံးဝလက်မခံခဲ့ပါ။
“ဒါဆိုလည်း ကိုယ့်ပန်းချီကားကို အားမနာတမ်းဝေဖန်ပေးတဲ့ သူငယ်ချင်းကျောက်ခဲကိုပဲ ပေးခဲ့တော့မယ်”
ကိုကျောက်ခဲ ငြင်းချိန်မရအောင် အတင်းထိုးပေး၍ ထွက်သွားသည်။ ဝေလွင်က ကိုမင်းဟန် နောက်ကျောကို ရင်မောစွာ ငေးကြည့်ရင်း ဒီလူ လွယ်လွယ်နှင့် လက်လျှော့တတ်သူ မဟုတ်ကြောင်း သိလိုက်သည်။
“အမေ… ဆန်အိတ်က ဘယ်သူပို့ထားတာလဲ”
အိမ်မှာ ဆန်ကုန်တော့မည်ဆို၍ ဆန်ဖိုးလေးမှရရ၊ ဆီဖိုးလေးမှရရ ချေးငှားနေကျ ဝေလွင့်ဆီကို အပြေးအလွှားသွားတော့ ဝင်းတံခါးမှာ သော့တန်းလန်းနှင့်မို့ အမောကိုဆို့သွားသည်။ အနီးအနားက လက်ဖက်ရည်ဆိုင်မှာ တစ်နေကုန်ထိုင်စောင့်ပေမယ့် ပေါ်မလာ။ ညနေစောင်းမှ ကိုကျောက်ခဲ ခြေလှမ်းက နွမ်းလျစွာ အိမ်ပြန်ရောက်သည်။ အိမ်ပေါ်ရောက်တော့ ဆန်အိတ်ကို မထိတ်သာမလန့်သာ မြင်တွေ့လိုက်ရသည်။ ကိုကျောက်ခဲ တစ်သက်နှင့်တစ်ကိုယ် ဆန်အိတ်လိုက် ခြေကန်စားဖူးသည်ဟူ၍ မရှိပေ။
“သားသူငယ်ချင်းလို့ ပြောတယ်၊ ပန်းချီဆရာဆိုလား၊ သူလာတော့ သားဆန်ကုန်လို့ မင်းသမီးဆီ ငွေသွားချေးတဲ့အကြောင်း ပြောရာက ဆန်တစ်အိတ် ဝယ်ပို့လိုက်တာပဲ”
“ဘာပြောသွားသေးလဲ”
“ဘာမှတော့ ပြောမသွားဘူး၊ ဆန်အိတ်ကိုလည်း ဆိုက်ကားနဲ့ ပို့ခိုင်းလိုက်တာ၊ အမေ အကြွေးယူနေကျဆိုင်ကိုလည်း အကြွေးတွေအားလုံး ဆပ်သွားလေရဲ့”
“ဟာ.. အမေကလည်း ဘာဖြစ်လို့ လက်ခံတာလဲ”
“ဟဲ့… အမေက ဘာသိမှာလဲ၊ ဆန်အိတ်ကိုလည်း သူ့သဘောနဲ့သူ ပို့လိုက်တာ၊ အမေ အကြွေးယူနေကျဆိုင်ကိုလည်း ဘယ်လိုသိသွားတယ် မပြောတတ်ဘူး၊ သူ့သဘောနဲ့သူ အကြွေးဆပ်သွားတာ၊ ငြင်းချိန်ကိုမရဘူး၊ အမေ လက်မခံချင်ဘဲ လက်ခံလိုက်ရတာ”
“ဒုက္ခပါပဲ”
အမေ လက်မခံချင်ဘဲ လက်ခံလိုက်ရတာကတော့ စကားလှအောင် ပြောလိုက်တာပဲ ဖြစ်ပါလိမ့်မည်။ အကူအညီလိုချိန်မှာ အကူအညီ ဘယ်ကပဲရရ ကျေနပ်ကြမည်မှာ သေချာပါသည်။ ကိုကျောက်ခဲအဖို့ ငွေကျည်ဆန်တွေ အချက်ပေါင်းများစွာ လာမှန်သည်ဟု ခံစားမိသည်။ တကယ်ပဲ မရှောင်သာ မတိမ်းသာအောင် ပစ်ခတ်ခြင်းကို ခံလိုက်ရသည်။ မိုးရာသီ ဇာတ်ခေါင်းကွဲချိန်တွင် ပစ်မှတ်အထူးရှာစရာမလိုဘဲ ပစ်ကွင်းက ပစ်မလွဲအောင် ထင်းခနဲ ဖြစ်နေပါသည်။
သားအမိနှစ်ယောက် စားအိုးသည် သူညကြေးရသည်ကို စုစုဆောင်းဆောင်းလေး လုပ်ခဲ့လျှင် မိုးတွင်းစာ ယခုလောက် ခက်ခဲလိမ့်မည်မဟုတ်ပေ။ အမေက အလောင်းအစား ဝါသနာကြီးလွန်းသည်။ ညကြေးလှိုင်လှိုင်ရသော အချိန်များမှာပင် တစ်နေ့စာတစ်နေ့ ဖူလုံရုံမျှသာ၊ ပိုလျှံသည်ဟူ၍ မရှိပေ။ နှစ်လုံးထီ၊ သုံးလုံးထီ၊ အမေ့လောင်းကစား အသုံးစရိတ်သည် ဝင်ငွေများလျှင် များသလို၊ ဝင်ငွေနည်းလျှင် နည်းသလို ဆုတ်တက်လှုပ်ရှား ကစားတတ်ပါသည်။
ကိုမင်းဟန်ထံမှ ငွေကျည်ဆန်တွေ အဆက်မပြတ် လာမှန်တော့မည်ကို သိနေသည်။ ကိုကျောက်ခဲအဖို့ ရှောင်ရတိမ်းရ ခက်လှသည်။ မိုးရာသီ ဇာတ်ခေါင်းကွဲချိန်တွင် ငွေကျည်ဆန်ဒဏ်ခံနိုင်ဖို့ ခံကတုတ် ခိုင်ခိုင်မာမာ မရှိတာက သေချာလှသည်။ ထိုအားနည်းချက်ကို ကိုမင်းဟန် အသုံးချမည်မှာလည်း သေချာလှသည်။ ဝေလွင်နှင့် ပတ်သက်လျှင် ကိုမင်းဟန်သည် မည်မျှပင် ကျေးဇူးရှင်အစစ် ဖြစ်ချင်ဖြစ်ပါစေ၊ ကိုကျောက်ခဲ အချိန်မရွေး ကျေးဇူးကန်းဖို့ ရည်မှန်းထားသည်။ ပိုးကြေးပန်းကြေး တစ်ဖက်လှည့်က ပေးမှန်းသိနေသောကြောင့် ဖြစ်သည်။
အမေ့ကိုလည်း လောင်းကစားမလုပ်ဖို့ အတတ်နိုင်ဆုံး ဖျောင်းဖျရဦးမည်။ ခက်တာက သူ ယဉ်ကျေးမှုတက္ကသိုလ်က ဘွဲ့ရသည်အထိ လူတစ်လုံး သူတစ်လုံးဖြစ်အောင် အကြော်ရောင်းပြီး ကျောင်းစရိတ် ထောက်ပံ့ပေးသည့် ကျေးဇူးတရား၊ မုဆိုးမတစ်ယောက်၏ အပြောင်မြောက်ဆုံး မိခင်ဝတ္တရားတို့က ထောက်ထားစရာ ဖြစ်နေသည်။ သားအမိနှစ်ယောက် ရုန်းကန်နေရတုန်းကတော့ လောင်းကစားအလုပ်ကို အမေက ယောင်၍မျှ မလုပ်ခဲ့။ “အမေ နားတော့၊ သားရှာကျွေးမယ်” ဆိုကတည်းက အိမ်မှာ ပျင်းပျင်းရှိတိုင်း လူပေါင်းမှားပြီး လောင်းကစားဘက် စိတ်ယိုင်သွားခြင်းဖြစ်သည်။
သူလည်း ယဉ်ကျေးမှုတက္ကသိုလ်တွင် သဘင်ပညာ အဓိကယူခဲ့ပေမယ့် တက္ကသိုလ်ကပွဲများတွင် မင်းသားအဖြစ်ထက် လူရွှင်တော်အဖြစ်က ပို၍ထင်ရှားခဲ့သည်။ လူကြိုက်များခဲ့သည်။ ဘွဲ့ရပြီးတော့ မင်းသားအဖြစ်ထက် လူရွှင်တော်အဖြစ် ကမ်းလှမ်းသည့် ဇာတ်အငြိမ့်က ပိုများသည်။ မင်းသားဆိုလျှင် သာမန်ယိမ်းမင်းသားအဆင့်ထက် နည်းနည်းသာ ပိုမည်ဖြစ်ပြီး ညကြေးလည်းနည်းသည်။ ထို့ကြောင့် ညကြေးပိုပေးသည့် လူရွှင်တော် ဖြစ်လာသည်မှာ ဆန်းသည်ဟု မဆိုနိုင်ပါ။
ကိုကျောက်ခဲ လူရွှင်တော်ဘဝမှာ ပျော်ပါသည်။ ခေတ်ပညာတတ် စာပေအဖတ်အရှုများသူမို့ ခေတ်မီပြက်လုံးများကြောင့် အချိန်တိုတိုအတွင်း လူသိများ၍ ကျော်ကြားလာပါသည်။ ဝေလွင်မှာ မွေးကတည်းက ဇာတ်ခုံပေါ်မှာ ကြီးပြင်းခဲ့သည်ဖြစ်ရာ ကျောင်းပြီးစ မလည်မဝယ် လူရွှင်တော် သူ့ကို ဇာတ်လောကနှင့် ကျွမ်းဝင်စေရန် ခေါ်ငင်လမ်းပြပေးခဲ့သူလည်းဖြစ်သည်။
“ဒီလောကက ရိုးလွန်းလို့လည်းမရဘူး၊ ကိုယ့်ကိုနင်းရင် ကိုယ်ကလည်း ပြန်နင်းနိုင်ရမယ်၊ ပြန်နင်းနိုင်တဲ့ အရည်အချင်းရှိဖို့တော့ လိုတာပေါ့၊ တစ်နေ့ထက်တစ်နေ့ ထူးထူးခြားခြားလေး တင်ဆက်နိုင်အောင် ကိုယ့်ဘက်က မနားမနေ ကြိုးစားဖို့လိုအပ်တယ်”
ဝေလွင် အမြဲပြောလေ့ရှိသည်။ မနေ့က ဝေလွင်ထက် ဒီနေ့ဝေလွင်က သာရမည်။ ဒီနေ့ဝေလွင်ထက် မနက်ဖြန် ဝေလွင်က ပို၍ သာရမည်ဟူ၍ သဘောထားခဲ့သည်။ ဝေလွင်က ယဉ်ကျေးမှုတက္ကသိုလ်ကို မတက်ရောက်ခဲ့ပါ။ အငြိမ့်မင်းသမီးကြီး၏ သမီးမို့ အကပညာကို အမြင်နှင့်ပင် မသင်ဘဲနှင့် တတ်သလို ဖြစ်နေသည်။ ဇာတ်ခုံပေါ်ကြီးသူမို့ သင်ဆရာလည်း မရှား၊ မြင်ဆရာကတော့ မရေမတွက်နိုင်အောင် များလိုက်ပါပေ့။ မိခင်တစ်ဦးတည်း၏ ပညာကပင် ဝေလွင့်အတွက် သုံးစွဲလို့မကုန်၊ သင်ယူလို့မဆုံးနိုင်အောင် ဖြစ်နေသည်။
ဝေလွင် အငြိမ့်စင်ပေါ်တက်လာကတည်းက မိခင်ဖြစ်သူက အငြိမ့်စင်ရှေ့ ထွက်မလာတော့ပါ။ အငြိမ့်စင်နောက်က လိုအပ်သလို စီမံဆောင်ရွက်ပေးသည်။ အနီးကပ်ကြီးကြပ် သင်ကြားပေးသည်။ အငြိမ့်မင်းသမီးကြီး မြူနှင်းဝေသည် အသက်ထက် အရွယ်က များစွာ နုပျိုနေသော်လည်း နာမည်ကြီးတုန်း အနိုင်ပိုင်း၍ အငြိမ့်စင်ပေါ်က ဆင်းခဲ့သည်။
ပြောရလျှင် အငြိမ့်မင်းသမီးကြီး မြူနှင်းဝေသည် ကိုကျောက်ခဲအပေါ်လည်း အတော်သက်ရောက်မှု ရှိခဲ့သည်။ အငြိမ့်ပညာနှင့် အငြိမ့်အထာကို အညှာကိုင်နိုင်ရန် သင်ကြားပေးခဲ့သည်။ ဝေလွင့်ကို သင်ကြားပေးရင်း သူသည်လည်း ကျွဲကူးရေပါ သဘောမျိုး သင်ယူလိုက်ရခြင်း ဖြစ်သည်။ အငြိမ့်မင်းသမီးနှင့် လူရွှင်တော်ဆိုတာ ခွဲလို့မှ မရတာ။ တစ်ဦးက တစ်ဦးကို ပို့ပေး၍ တစ်ဦးကို တစ်ဦးက တွဲခေါ်မှသာ အငြိမ့်သဘင် အဆင်ပြေနိုင်သည်။
ကိုမင်းဟန်သည် ဘယ်အကွက်ကိုနင်း၍ ဝေလွင့်ကို ဘယ်လိုချဉ်းကပ်မည်ဆိုတာ ခန့်မှန်းရလွယ်ကူပါသည်။ ကိုကျောက်ခဲအတွက် ကိုမင်းဟန် စိတ်ကူးယဉ် တည်ဆောက်ခဲ့သော အချစ်ဗိမာန်ကြီး၏ အခြေခံအုတ်မြစ် ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။
“ကိုကျောက်ခဲကို ချဉ်းကပ်ရတာ အဆင်မပြေလို့ ကိုမင်းဟန်က ကိုကျောက်ခဲအမေကို ချဉ်းကပ်ခဲ့ပုံရတယ်၊ ကိုကျောက်ခဲအမေက ကိုမင်းဟန်အကြောင်း ဝေဝေဆာဆာ သာသာထိုးထိုးလေး လာလာပြောတယ်၊ ကိုကျောက်ခဲ သိထားအောင် ပြောရတာပါ။ သားအမိနှစ်ယောက် ရန်တွေဘာတွေ ဖြစ်မနေနဲ့ဦးနော်”
ကိုကျောက်ခဲတို့ သားအမိချင်း ရန်တွေ့ခိုက်တွေ့တော့ ဖြစ်လာစရာအကြောင်းမရှိပါ။ သို့ရာတွင် အမေ့ကိုတော့ ပြောစရာရှိတာ ပြောရမည်။ ကိုမင်းဟန်လို လူလည်တစ်ယောက်၏ လေကြောတွင် အမေ မျောပါမသွားသင့်ပေ။ ကိုမင်းဟန်၏ အကျိုးလို၍ ညောင်ရေလောင်းသော ကျေးဇူးတွေ အမေ့တွင် တနင့်တပိုး တင်နေမည်မှာတော့ သေချာသည်။ ခက်တာက ဇာတ်ပွဲရာသီမဟုတ်သေးတော့ အမေ့ထံ ပံ့ပိုးထားသော ကိုမင်းဟန်၏ ငွေကြေးကို ပေးဆပ်ဖို့ မဖြစ်နိုင်ပါ။
“သားရယ်၊ အမေ အသက်ကြီးပါပြီ၊ တစ်ဖက်သား စိတ်မဝင်စားတာကို အတင်းအကျပ် အောင်သွယ်လုပ်ပေးဖို့ မရည်ရွယ်ပါဘူး၊ တစ်ခွန်းစ၊ နှစ်ခွန်းစ သွေးတိုးစမ်းစကားတော့ ပြောဖူးပါတယ်၊ မင်းသမီးက ကက်ကက်လန်အောင် ရန်တွေ့တာမျိုး မလုပ်တော့ မောင်မင်းဟန်ဆိုတာကလည်း အခြေကြီးအနေကြီး မဟုတ်လား၊ အမေကြားက အကျိုးဆောင်ပေးမိတာ အပြစ်တဲ့လား”
အမေကတော့ သူနားလည်သလို ပြောလာသည်။ ကိုမင်းဟန်အကြောင်း ဂဃနဏ သိသူမဟုတ်တော့ အပြင်မှာ စင်းလုံးချောတာကိုပဲ မြင်ပေလိမ့်မည်။ အတွင်းသဘောကိုတော့ စောကြော၍ သိနိုင်လိမ့်မည်မဟုတ်ပေ။
“ကိုမင်းဟန်အကြောင်း အမေ မသိသေးလို့ပါ၊ သူက ငွေကြေးတတ်နိုင်တော့ ပေပေတေတေ မဟုတ်ပေမယ့် ပွေပွေရှုပ်ရှုပ် နေလေ့ရှိတယ်၊ ဝေလွင့်ကို အတည်ကြံတာ ဟုတ်ကောင်းမှဟုတ်မယ်၊ ဝေလွင့်ကို ဒုက္ခမပေးပါနဲ့”
“ဟဲ့… အမေက ကောင်းစေချင်တဲ့ စေတနာနဲ့ ပြောရတာ၊ စေတနာကို ဝေဒနာလို့ ထင်ရင်လည်း မတတ်နိုင်ဘူး၊ မောင်မင်းဟန်က သားပြောသလောက် ဆိုးမယ်မထင်ပါဘူး”
အမေကတော့ ပေးစာကမ်းစာကို လက်ခံထားမိမှတော့ သူ့ဆန်စား၍ ရဲနေရသည်။ အကောင်းအဆိုးကို မဝေခွဲနိုင်သလို အမှားအမှန်ကိုလည်း ဝေဖန်မပိုင်းခြားနိုင်။
“အမေလည်း သိနေတာပဲ၊ ဝေလွင့်အမေတုန်းက ခုလို ကြေးရည်တတ် မျက်နှာကြီးသားသမီးကို စုံမက်မိလို့ ဒုက္ခရောက်ခဲ့ဖူးတယ် မဟုတ်လား၊ ဝေလွင့်ကိုလည်း သူ့အမေက သူ့လိုမဖြစ်ရအောင် ကြိုတင်တားမြစ်ထားမှာ သေချာတယ်”
“သားက မြူနှင်းဝေအကြောင်း ဘယ်လောက်သိလို့လဲ၊ ဝေလွင့်အဖေက ကြေးရည်တတ်မျက်နှာကြီး သားသမီးဆိုပေမယ့် ထောင်လွှားမာန မရှိရှာပါဘူး၊ မြူနှင်းဝေကိုလည်း လူကြီးစုံရာနဲ့ တင့်တောင်းတင့်တယ် တောင်းရမ်းပြီး ရွှေပေါ်မြတင်ထားရှာတာပါ၊ သမီးလေးတစ်ယောက်ရပြီးမှ ဘာသဘောလဲ မပြောတတ်ပါဘူး၊ ရွှေဘုံပေါ် အေးအေးမစံချင်ဘဲ ပူပူလောင်လောင် ဆူဆူညံညံ ဇာတ်ခုံပေါ် ပြန်ရောက်လာတယ်လေ”
ဝေလွင့်မိဘအခြေအနေကိုတော့ သူတစ်ပါးအတွင်းရေးဖြစ်၍ မစပ်စုလိုသောကြောင့် အတွင်းသိအစဉ်းသိ မဟုတ်ခဲ့ပါ။ ကြေးရည်တတ် မျက်နှာကြီးသားသမီးက ကျောရရုံကြံသွားသည်ဟုသာ ခန့်မှန်း၍ ဝေလွင့်ကို ကရုဏာထားကာ သနားနေမိသည်။ အမေပြောပုံအရ ဝေလွင့်အမေသည် ရွှေစော်နံ၍ ပြန်လာခဲ့သည်၊ ငွေစော်နံ၍ ပြန်လာခဲ့သည်ဟု ဆိုရပါမည်။
“ဝေလွင့်အဖေက လာမခေါ်ဘူးတဲ့လား”
“ဟိုက အကြိမ်ကြိမ်လာခေါ်ပါတယ်၊ ဝေလွင့်အမေက နင်ပဲငဆ ပြောလွှတ်ဖန်များလာတော့ စိတ်အနာကြီးနာပြီး ဆွေကြီးမျိုးကြီးထဲက နောက်မိန်းမ ယူသွားတယ်လေ”
မေမေကတော့ မျက်နှာကြီးရာ ဟင်းဖတ်ပါနေသည်။
“သမီးတစ်ယောက်လုံး ရှိနေတာကို အကူအညီပေးတာတို့၊ ထောက်ပံ့တာတို့တော့ ရှိမယ်မထင်ပါဘူး”
“မရှိဘဲ ဘယ်နေပါ့မလဲ သားရယ်၊ သူ့မှာက နောက်အိမ်ထောင်နဲ့ ကလေးမရဘူးလေ၊ ဒီသမီးတစ်ယောက်တည်း ရှိတာဆိုတော့ တက္ကသိုလ်ဘွဲ့ရတဲ့အထိ သူ့သမီး မျက်နှာမငယ်ရအောင် ထောက်ပံ့တာပေါ့၊ ဒါကြောင့်လည်း ဝေလွင်က ချို့ချို့ငဲ့ငဲ့ မနေရပါဘူး၊ အေးအေးလူလူ မပူမပင် မကြောင့်မကြ မတောင့်မတ နေရတာပေါ့၊ သူ့အမေလို အငြိမ့်မင်းသမီး ဖြစ်သွားတာကိုတော့ သဘောကျမယ် မထင်ဘူး”
အမေပြောမှ ဝေလွင့်အဖေအကြောင်း သိရတော့သည်။ တက္ကသိုလ်ချင်းလည်း မတူတော့ ဝေလွင် တက္ကသိုလ်ကျောင်းသူဘဝကို ဘယ်လိုဖြတ်သန်းရသည် ဆိုတာကိုတော့ မသိပါ။ သို့ရာတွင် သူ့ဖခင် မထောက်ပံ့စေကာမူ ဝေလွင့်မေမေကလည်း နာမည်ကြီး အငြိမ့်မင်းသမီးဖြစ်ရာ သမီးလေး မျက်နှာမငယ်အောင် တင့်တင့်တယ်တယ် ထားနိုင်မှာပါ။ အမေ့မျက်နှာညှိုးမှာစိုး၍ အတိုက်အခံ ဆန့်ကျင်ပြောမနေတော့ပါ။
ကိုမင်းဟန်၏ ဇာတိရုပ်ကို ကြာရှည်ဖုံးကွယ်၍ ရမည်မထင်ပါ။ ဝေလွင့်ဘက်ကလည်း ဖေဖေ့အသိုင်းအဝိုင်းထက် မေမေ့အသိုင်းအဝိုင်းကို ပိုမိုခင်တွယ်သင့်မြတ်သည်ဖြစ်ရာ ကိုမင်းဟန်၏ အခန်းကဏ္ဍသည် ကြာလေ ကျဉ်းမြောင်းလာလေဖြင့် ပိုမိုကျယ်ပြန့်စရာ အကြောင်းမရှိဟု ထင်မြင်ထားမိသည်။ ဝေလွင်ကလည်း အလည်အသွက် တကယ်ထက်မြက်သည်ဖြစ်ရာ မဖြစ်တန်တာတော့ မဖြစ်စကောင်းဟု ယုံကြည်မျှော်လင့်နေမိသည်။
“အမေက မောင်မင်းဟန်ကို အထင်ကြီးနေတာလား”
ဝေလွင်က မေးလိုက်သည်။ မင်းသမီးကြီး မြူနှင်းဝေက သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး သမီးဖြစ်သူ၏ မျက်နှာကို စေ့စေ့ကြည့်သည်။
“အထင်ကြီးတာ မဟုတ်ပါဘူး သမီးရယ်၊ သမီးဖေဖေကလည်း မောင်မင်းဟန်ကို သဘောကျနေလို့ပါ၊ သမီးဖေဖေနဲ့ မောင်မင်းဟန်ရဲ့ ဖေဖေက စီးပွားဖက် သူငယ်ချင်းတွေလေ၊ သမီးကိုလည်း သူ့ချွေးမအဖြစ် တောင်းရမ်းချင်နေကြတာ၊ အမေကတော့ သမီးသဘောပါပဲ၊ သမီးသာ စိတ်ချမ်းသာမယ်ဆိုရင် ဘယ်သူနဲ့မဆို သဘောတူမှာပါ”
“ဝေလွင်ကတော့ အငြိမ့်မင်းသမီးဘဝကိုပဲ မြတ်နိုးတယ် အမေ၊ ဘယ်သူ့ကိုမှ အဖြေမပေးနိုင်သေးဘူး”
ဝေလွင်က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ သူမ၏စိတ်ထဲတွင် ကိုမင်းဟန်ထက် ကိုကျောက်ခဲအပေါ် သံယောဇဉ်က ပို၍ ခိုင်မာနေမှန်း မိမိကိုယ်ကိုယ် သိနေသည်။ သို့သော် ထိုခံစားချက်ကို အပြင်ထုတ်မပြောဘဲ ရင်ထဲမှာသာ သိမ်းဆည်းထားလိုက်သည်။
မင်းသမီးကြီး စိတ်မသက်မသာ ဖြစ်သွားသည်။ ဝေလွင့်အတွက် ငဲ့ကွက်၍ မဖြစ်မနေ ပြောရမည်မို့ ပြောလိုက်မိခြင်းဖြစ်သည်။ ဝေလွင်နှင့်သာ မပတ်သက်လျှင် ကိုမင်းဟန်ဘက်က သာသာထိုးထိုးလေး အကျိုးဆောင် ဖြစ်ကောင်း ဆောင်ဖြစ်နိုင်ပါသည်။
“သူတို့လောကအကြောင်း အမေလည်း ထဲထဲဝင်ဝင် သိနေတာပဲကွယ်၊ မောင်မင်းဟန် အချိုးပြင်ရင် ကောင်းပါလေရဲ့၊ အချိုးမပြင်ရင်တော့ ဝေလွင်လည်း အမေ့လိုပဲ ရွှေဘုံပေါ်က ဆင်းလာရလိမ့်မယ်။ ဒါနဲ့ မောင်ကျောက်ခဲတို့ ဘဝတူတွေထဲမှာ ဝေလွင်နဲ့ သင့်တာတော်တာလေးများ မတွေ့မိဘူးလား”
ကိုကျောက်ခဲ အကျပ်ရိုက်သွားသည်။ ကိုမင်းဟန်တို့ ဘဝပတ်ဝန်းကျင်ကို မကောင်းမြင်မိသလို ဇာတ်သဘင်လောကကိုလည်း အကောင်းမမြင်မိပေ။ နာမည်ကျော် မင်းသားတွေကလည်း မင်းသမီးတွေနဲ့ ထည်လဲတွဲကသလို မိန်းမတွေကိုလည်း ထည်လဲတွဲနေကြသည်။ အကျင့်ကောင်းသူတွေလည်း မရှိမဟုတ်၊ ရှိပါသည်။ သို့ရာတွင် ဝေလွင်နှင့် တန်းညှိနိုင်လောက်သောသူကို ရှာဖွေ၍ မတွေ့ရှိနိုင်ပါ။ ယောက်ျားနှင့် မိန်းမ အနေနီးကြတော့လည်း ရဟန္တာသူတော်စင်တွေ မဟုတ်လေတော့ ပုဒ်ထုဇဉ်သဘာဝ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်မှာ ဆန်းသည်ဟု မဆိုသာပါ။
“အမေလည်း သိနိုင်မြင်နိုင်တာပဲ၊ ကျွန်တော်တို့ လောကကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့”
“ဟုတ်ပါရဲ့ကွယ်၊ ဇာတ်တူသားတွေစားတဲ့ လောကမှာ အမေလည်း ကျင်လည်ခဲ့တာပဲ၊ ဝေလွင့်အတွက် ခက်သေးတယ်”
ဝေလွင့်အတွက် ရတက်မအေးနိုင်သူမှာ အမေတစ်ယောက်တည်း မဟုတ်ကြောင်း အမေ့ကို သိစေချင်လိုက်မိသည်။
“ကိုကျောက်ခဲက တစ်မိုးလုံး ဖျောက်ဆိပ် လုပ်ချင်နေတာလား”
ဝေလွင် အမြင်မကြည်ဖြစ်နေတာ အတော်ကြာပြီ။ မြိုင်ထတို့၊ ခုနစ်ထွေ၊ သူငယ်တော်တို့ကတော့ ထားပါ။ မင်းသားကွက်မှာတော့ ဝေလွင်တို့အငြိမ့်မှာ သူ့ကိုမီသူ မရှိနိုင်ပါ။ ခုတော့ ကကွက်၊ ပြကွက်တိုင်းလိုလို မင်းသားလည်းသူ၊ လူရွှင်တော်လည်းသူ ဖြစ်နေသည်။ ပွဲခွင်တိုင်းမှာ သူမပါလျှင် မပြီးသလို ဖြစ်နေသည်။ အမေ့ဝေယျာဝစ္စ ကရိကထတွေကြောင့် ဇာတ်တိုက်ရာမှာ ဝေလွင် ဟုတ်ဟုတ်ငြားငြား မပါနိုင်ခဲ့။ စင်တော်အဖွင့် အချိန်မီစေရန် ကိုကျောက်ခဲက ခွင်သစ်တွေချ၊ ပြဇာတ်သစ်၊ ကဇာတ်သစ်တွေ ကနေသည်ကို ကြည့်ပြီး မျက်စိနောက်နေမိသည်။
“ဝေလွင် မအားလပ်တော့ ကိုယ်ပဲ နေရာတကာ အားထုတ်နေရတာလေ၊ မကြိုက်တာရှိရင်လည်း ပြောပေါ့”
“မကြိုက်တာ ပြောရရင် ကိုကျောက်ခဲ လက်ထောက်မင်းသမီးလေး ရွှေစင်ကို ဦးစားပေးလွန်းတယ်”
ရွှေစင်က ခေတ်ပညာတတ်မဟုတ်ပါ။ ပန်တျာကျောင်းတို့၊ ယဉ်ကျေးမှုတက္ကသိုလ်တို့အနား မကပ်နိုင်ရှာပါ။ တောမင်းသမီးလေးအဖြစ်မှ ရုပ်ရည်လေးသနားကမား၊ ကြိုးစားအားထုတ်မှု အကအလှလေးများကြောင့် မြို့ပြအငြိမ့်ခွင်တွင် စင်တင်မင်းသမီးလေး ဖြစ်လာတာပါ။ အသားလေးညိုပေမယ့် မီးရောင်အောက်တွင် စိုဝင်းပြီး ကဟန်အသွယ်သွယ်၊ ကကြိုးအလှယ်လှယ်တို့ ဖွယ်ဖွယ်ရာရာလေးဖြစ်အောင် ဆိုတတ်ကတတ်ပါသည်။ ဝေလွင့်ကို မမီသော်လည်း ဝေလွင့်ကို စိန်ခေါ်နိုင်သော ရုပ်ရည်အချိုးအစား အလှတရားတွေ ရှိနေသည်။ အထူးသဖြင့် ကိုကျောက်ခဲနှင့် တတွဲတွဲနေသည်ကို မျက်စိစပါးမွှေး စူးလှသည်။
“ဝေလွင် မကနိုင်သေးခင် ရွှေစင်ကို နေရာပေး ဇာတ်ရုပ်ချနေရတာပါ၊ ဝေလွင် ကနိုင်ရင် သူ့နေရာက အလိုလို ဖယ်ပြီးသား ဖြစ်မှာပါ”
ဟုတ်တော့လည်း ဟုတ်သည်။ မေမေ့ရောဂါသည်းလျှင် ဝေလွင် စင်ပေါ်တက်နိုင်မည်မဟုတ်။ ရပ်ဝေးပွဲခွင်ဆိုလျှင် လက်လွှတ်ရမည်မှာ သေချာနေသည်။ ကိုကျောက်ခဲအစီအစဉ်က အခြေအနေအရ သင့်မြတ်လျော်ကန်သည်ဟု ဆိုနိုင်သော်လည်း ရွှေစင်နှင့် တပူးတွဲတွဲနေသည်ကို မကြိုက်ချင်။ အငြိမ့်စင်ပေါ်တွင် တစ်နှစ်နှစ်နှစ်အတွင်း ကိုကျောက်ခဲ ထင်ပေါ်လာသလို ရုပ်ရည်လေးက ပို၍ ကြည့်ကောင်းလာသည်။ အငြိမ့်နားချိန်မှာ ဟိုဇာတ်က ခေါ်လိုခေါ်၊ ဒီအငြိမ့်က ခေါ်လိုခေါ်ဖြင့် သူတို့ဇာတ်ထဲ အပိုင်သိမ်းသွင်းဖို့ စည်းရုံးကြသည်မှာ အသိသာကြီးပင်။ ဘက်စုံတော်သူမို့ ဘယ်ဇာတ်မဆို၊ ဘယ်အငြိမ့်မဆို ခေါ်ချင်ကြသည်မှာ သဘာဝကျပါသည်။
ကိုကျောက်ခဲက စာဖတ်နာသူမို့ ခေတ်နှင့်အညီ အမီလိုက်နိုင်သည်။ ပြက်လုံးသစ်ထွင်တတ်ရုံမျှမက ပြဇာတ်၊ ကဇာတ် ဇာတ်ညွှန်းလေးတွေလည်း ရေးတတ်သည်။ တေးသီချင်းလေးတွေလည်း စပ်ဆိုနိုင်သည်။ လိုအပ်လျှင် ဆိုင်းဝိုင်းထဲတွင်လည်း ပတ်မချောင်လောက်တော့ ဝင်တီးနိုင်သေးသည်။
“ရွှေစင်နဲ့ တတွဲတွဲ နေတာ မကြိုက်ဘူး”
“ဝေလွင့်နေရာရော၊ ရွှေစင့်နေရာပါ တစ်ဦးတည်း တာဝန်ယူရတော့ တတွဲတွဲ ဖြစ်နေရတာပေါ့”
“ဟင်း… ရွှေစင်တို့လို မင်းသမီးလေးတွေက မင်းကို ကျနေတာနော်၊ စသလို နောက်သလိုများ သွားမလုပ်နဲ့၊ ကိုယ့်နောက် ကပ်ပါလာလိမ့်မယ်”
အစ်ကိုလို မောင်လို သံယောဇဉ်ဖြင့် ကိုကျောက်ခဲကို ပြောဆိုနေကျ ဖြစ်သည်။ မေမေနှင့်အတူ ရောယောင်ဆုံးမရာမှ အကျင့်ပါသွားလေသလား မပြောတတ်ပါ။ ကိုကျောက်ခဲကို ရွှေစင်လို မင်းသမီးနှင့် ငြိစွန်းသွားမှာ စိုးပါသည်။ ဝေလွင်ပြီးလျှင် ညကြေးအမြင့်ဆုံးရသူမို့ ကိုယ့်အငြိမ့်သာမက အခြားဇာတ်အငြိမ့်များက မင်းသမီးလေးတွေကပင် ကိုကျောက်ခဲမှ ကိုကျောက်ခဲ ဖြစ်နေကြသည်။ ကိုကျောက်ခဲက ဘယ်ဇာတ်ရုပ်မဆို သေတ္တာမှောက်ကနိုင်သူမို့ ပို၍ထက်မြက်လာသလို၊ လူရွှင်တော်ပင်ဖြစ်သော်လည်း မင်းသားရှုံးလောက်အောင် ရုပ်ထွက်ကောင်းလာသည်။
“အမေတစ်ခု သားတစ်ခု ဘဝပါ ဝေလွင်ရယ်၊ နှလုံးသားအရေး နေရာမပေးနိုင်သေးပါဘူး၊ ဒါထက် ဝေလွင်ကော ကိုမင်းဟန်ကို အဖြေပေးပြီးပြီလား”
“ဘာကိစ္စ အဖြေပေးရမှာလဲ”
“တစ်ဖက်က လာကမ်းလှမ်းတာကို အဖြူအမည်း သဲကွဲအောင်တော့ အဖြေပေးရမယ် မဟုတ်လား”
“မမေးပါနဲ့ဟယ်၊ စိတ်ရှုပ်လွန်းလို့”
ခုချိန်ထိ ဝေလွင် ဆုံးဖြတ်နိုင်ဟန်မတူ။ အမေက သမီးဖြစ်သူကို ဖိအားပေးလျှင် ဝေလွင် ဘယ်နည်းနှင့်မျှ ငြင်းပယ်၍ ရမည်မဟုတ်ပေ။ ဝေလွင်တို့အိမ်က ကျယ်ဝန်းပြီး ဇာတ်တိုက်နေကျဖြစ်ရာ မင်းသမီးကြီးက နားအေးစေရန် ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းရှိရာ နန်းရှေ့သို့ ရွှေ့ပြောင်းသွားသည်။ ဝေလွင်ကတော့ အိမ်နှင့် မေတ္တာရိပ်မွန် ကူးချည်သန်းချည်။ အစစအရာရာ ကိုကျောက်ခဲကိုပဲ မျက်နှာလွှဲထားရသည်။
ကိုကျောက်ခဲကိုသာ အလိုမကျဖြစ်နေရတာပါ။ ကိုကျောက်ခဲ အစီအမံကောင်းမွန်မှုကြောင့် ဝေလွင်တို့အငြိမ့် ရုပ်မပျက်တာ။ ဝေလွင်ကလည်း တစ်ညလား၊ နှစ်ညလားသာ ကလိုက်ရသည်။ မေမေ ဝေဒနာသည်းနေ၍ ကျန်သည့်ပွဲချီများမှာ ရွှေစင်က ဝေလွင့်နေရာ ဝင်ရောက်လာရသည်။ ကိုကျောက်ခဲက ရောက်ရာဒေသ ပွဲခွင်တိုင်း ဝေလွင့်ဆီ ဖုန်းဆက်လေ့ရှိသည်။ ရွှေစင်မှာ ရုတ်တရက် ချက်ချင်း နတ်ရေကန်ထဲ ဆင်းလိုက်ရသလို ထိပ်တန်းမင်းသမီးစာရင်း ဝင်သွားသည်။ ကိုကျောက်ခဲသည်လည်း ရွှေစင်နှင့်အတူ ပွဲလယ်တင့်နေသည်။ တကယ်ဆို ဝေလွင်မပါဘဲ ဥမကွဲသိုက်မပျက် ဆက်လက်အောင်ပွဲဝင်နေသည်ကို ပျော်ရွှင်ရပါမည်။ ကိုကျောက်ခဲက ပြဿနာအထွေထွေကို ဒိုင်ခံဖြေရှင်းနိုင်သဖြင့် ဝမ်းသာရပါမည်။
ဘာဖြစ်လို့ဖြစ်မှန်းမသိ၊ ဝေလွင် မပျော်ရွှင်နိုင်ပါ။ ရွှေစင်က သူ့ထက်ကျော်တက်သွားမှာကို မစိုးရိမ်သော်လည်း ကိုကျောက်ခဲနှင့် တွဲဖန်များ၍ စွဲသွားမှာကို စိုးမိသည်။ ဝေလွင် နင်ဘာဖြစ်နေတာလဲ၊ ကိုကျောက်ခဲကို မောင်နှမမေတ္တာထက် လွန်ကဲနေရော့သလား။ သမုဒယနယ်ပယ်အထိ ပျံ့လွင့်နေမိပြီလား။ မဖြစ်နိုင်ပါ။ ဝေလွင့်မှာ အကျပ်အတည်းတွေ့တိုင်း ထွက်ပေါက်ပေးရာတွင် ကိုကျောက်ခဲကို ကောင်းတိုင်ပင်ဆိုးတိုင်ပင်မို့ မခွဲချင်တာပါ။ ကိုကျောက်ခဲကို ချွဲနွဲ့၍လည်း ရသည်၊ နိုင်လိုမင်းထက် ပြု၍လည်းရသည်။ ဝေလွင်ပြုသမျှ နုနေကျ။ ခုတော့…
“ကိုကျောက်ခဲက အရင်လို မဟုတ်တော့ဘူး အမေ”
အမေက ဝေဒနာဖိစီးမှုကြားက အားယူနားထောင်ရင်း သမီးပြဿနာကို ဖြေရှင်းပေးချင်သည်။
“ဒီကောင်လေး ဘာပြောင်းလဲသွားလို့လဲ၊ သမီးမပါလည်း ပွဲချီများများ ရနေတာပဲ မဟုတ်လား”
“ပွဲချီတော့ များပါရဲ့၊ ဒါပေမဲ့ ရွှေစင်နဲ့ တတွဲတွဲ ဖြစ်နေတာလေ”
“ဟဲ့… ကိုယ့်လုပ်ဖော်ကိုင်ဖက်ချင်း တတွဲတွဲနေတာ ဘာဖြစ်ရမှာလဲ၊ သမီးလည်း မောင်ကျောက်ခဲနဲ့ တတွဲတွဲ နေခဲ့ဖူးတာပါ၊ ဘာကွာလို့လဲ”
“သမီးနဲ့ တွဲတာက မောင်လိုနှမလို ဖြူဖြူစင်စင်လေ၊ ရွှေစင်နဲ့ကျတော့…”
“သမီးနဲ့ အတွဲညီသလို ရွှေစင်နဲ့လည်း အတွဲညီတာကို မဖြူစင်ဘူးလို့ ပြောချင်တာလား”
“ဟာ… ဘာပြောရမှန်းမသိဘူး၊ သမီးကတော့ သူတို့တွဲနေတာကို သဘောမကျနိုင်ပါဘူး”
ငယ်ရာက ကြီးလာတာပဲ၊ သမီးဘာဖြစ်နေသည်ဆိုတာကို အမေ ခန့်မှန်းမိပြီးသားပါ။ သမီးထက် အမေက သမီးစိတ်ကို ပိုသိနေသည်။
“ကဇာတ်ခုံမှာ တွဲတာက သဏ္ဌာန်လုပ် သရုပ်ဆောင်ရတာမျိုးပါ၊ ဘဝဇာတ်ခုံမှာတော့ အမှန်မဟုတ်တဲ့ ဟန်ရုပ်နဲ့လုပ်လို့ မရဘူး မှတ်ထား”
“သူတို့ကြည့်ရတာ ကဇာတ်ခုံပေါ်မှာ သရုပ်ဆောင်နေတာနဲ့ မတူဘူး မေမေ”
“သမီး ထင်လို့ပါ၊ ဒါနဲ့ ပြောရဦးမယ်၊ သမီး မောင်မင်းဟန်ကို ရွေးချယ်မယ်ဆိုရင်တော့ ကဇာတ်ခုံနဲ့လည်း ခွဲရမယ်၊ သမီး မကဖူးတဲ့ ဘဝဇာတ်ခုံပေါ်မှာ အစိမ်းသက်သက် ကျင်လည်ရမယ်”
“အဲဒါကြောင့် သမီးဝေခွဲမရ ဖြစ်နေတာ၊ ကနေကျ ကဇာတ်ခုံကို မခွဲချင်ဘူး”
“ဒါဆို မောင်ကျောက်ခဲနဲ့လည်း မခွဲနိုင်ဘူးပေါ့”
“ဘာဆိုင်လို့လဲ မေမေရာ”
“တကယ်လို့ မောင်ကျောက်ခဲ တခြားဇာတ်အဖွဲ့ထဲ ရောက်သွားရင်ကော”
“ဘာဖြစ်လို့ ရောက်ရမှာလဲ၊ ကိုကျောက်ခဲ ဘယ်အဖွဲ့ထဲမှ မရောက်စေရဘူး”
“ဒါဆို မောင်ကျောက်ခဲနဲ့ ခွဲပြီး မနေနိုင်ဘူးပေါ့၊ သမီးသဘောကို မေမေ နောကျေအောင် သိပြီးသားပါ၊ ဒါကြောင့်လည်း သမီးဖေဖေ့ကို မောင်မင်းဟန်နဲ့ မဖြစ်နိုင်တဲ့အကြောင်း ပြန်ကြားပြီးပြီ”
ကိုမင်းဟန်ကိစ္စ ရှင်းပြီးကြောင်း သိရ၍ ဝေလွင် ပေါ့ပါးသွားသည်။ သို့ရာတွင် မေမေပြောသလို ကဇာတ်ခုံကို မခွဲနိုင်တာလား၊ ကိုကျောက်ခဲကို မခွဲနိုင်တာလား ဝေခွဲမရ။ ဇာတ်ခုံပေါ် ကကြသည့်အခါ ကိုကျောက်ခဲနှင့် တွဲနေကျမို့လေ။ ဒါဆို ကိုကျောက်ခဲကို ဘဝဇာတ်ခုံပေါ်ထိ ဆွဲတင်ရမှာလား။ ဝေးသေး၊ ရွှေစင်နှင့် မခွဲနိုင်သူမို့ မုန်းလိုက်တာ။
အငြိမ့်စင်ပေါ်မှာ နှစ်ပါးသွားအကလေးကို ထိုးဇာတ်အဖြစ် ထည့်သွင်းလေ့ရှိသည်။ ကြည့်လိုက်စမ်းပါ၊ ကိုကျောက်ခဲနှင့် ဝေဝေလွင်တို့ ကလိုက်ကြတာ အယိမ်းအနွဲ့၊ အသွဲ့အပျောင်း အလွန်ကောင်းလှသည်။ မင်းသားကလည်း မင်းသားလို၊ မင်းသမီးကလည်း မင်းသမီးလို ယှဉ်တွဲကပုံလေးက မဟာဆန်ပြီး ကဗျာဆန်လှသည်။
မိခင်ကြီး၏ ကျန်းမာရေးကြောင့် နယ်ဝေးမလိုက်နိုင်သော်လည်း မြို့ပေါ်မှာတော့ ဝေဝေလွင် ဇာတ်ခုံပေါ် မလစ်ဟင်းခဲ့ပါ။ ကိုကျောက်ခဲကို လူရွှင်တော်အဖြစ် မြင်စဉ်က ကိုမင်းဟန် အထင်မကြီးခဲ့သော်လည်း ယခု ဝေဝေလွင်နှင့် တွဲဖက်ကပြတော့ လူရွှင်တော်ဇာတ်ရုပ် ပျောက်ဆုံးသွားသည်။ အတွဲညီညီ ကလိုက်ကြတာ။ မကတတ်လို့သာ၊ ကိုမင်းဟန်လည်း သူတို့လိုပဲ အတူတွဲ၍ ကလိုက်ချင်ပါသည်။
အစက ဝေဝေလွင်ကို အပျော်တွဲဖို့ ရည်ရွယ်သော်လည်း ဝေဝေလွင်၏ ဖခင်မှာ စီးပွားရေးလောကတွင် အထင်ကရ ပုဂ္ဂိုလ်ဖြစ်နေ၍ အထင်သေးလို့မရ။ ထို့ကြောင့် စေ့စပ်လက်ထပ်ဖို့ ကမ်းလှမ်းသည်အထိ ခြေလှမ်းကျယ်ခဲ့ရသည်။ ဝေဝေလွင်လို ချစ်ဖွယ်ကောင်းသော မိန်းမချောလေးတွေ ကိုမင်းဟန်ဘေးမှာ ဝိုင်းနေသော်လည်း ဝေဝေလွင်က တူးတူးခါးခါး ငြင်းပယ်လိုက်တော့ အူထဲအသည်းထဲ ဗြောင်းဆန်သွားသည်။ ပွဲတိုင်း ကျော်ခဲ့ပေမဲ့ ဒီပွဲမှာတော့ မမော်နိုင်တော့ပါလား။
“တကယ်တော့ မောင်မင်းဟန်ရယ်၊ ဘဝချင်းမတူရင် ရည်ရွယ်ချက်ချင်းကလည်း ကွဲပြားပါတယ်၊ လားရာအရပ်လည်း ခြားနားသွားတာပေါ့။ မြူနှင်းဝေကို ဦးလေး တကယ်မြတ်မြတ်နိုးနိုး ချစ်ခဲ့မိတာပါ၊ ဒါပေမဲ့ မြူနှင်းဝေက အငြိမ့်မကရရင် မနေနိုင်ဘူး၊ ဦးလေးတို့ အသိုင်းအဝိုင်းနဲ့ ဝင်မဆံ့တာလည်း ပါလိမ့်မယ်။ ခုလည်း မြူနှင်းဝေအသေးစားလေး ဦးရဲ့သမီး ဝေဝေလွင် သူ့မိခင်လို လာဦးမှာပဲ။ သူ့လမ်းသူ လျှောက်ပါစေကွယ်၊ မတွဲခင်က ခွဲရတာ ပိုကောင်းပါတယ်၊ တွဲပြီးခါမှ ခွဲရရင် ပိုပြီး အထိနာနိုင်တယ်” ဟူသော ဝေဝေလွင့်ဖခင်၏ စကားသံက ကိုမင်းဟန်၏ လှပသော အိပ်မက်ကို ပျက်ပြယ်စေသည်။
သဘင်ပညာကို စုံမက်နေသော မောင်နှံနှစ်ဖော်လို ပျော်တော်ဆက်သည်ကို ကြည့်ရက်စရာမရှိ မြင်နေမိသည်။ သဘင်ပညာနှင့် သေတစ်ပန်သက်တစ်ဆုံး ခွဲ၍ရမည်မဟုတ်ပေ။ ကဇာတ်ခုံသည် သူတို့၏ ဘဝဇာတ်ခုံပင် ဖြစ်ပေလိမ့်မည်။ ဝေဝေလွင်သည် ကိုကျောက်ခဲမဟုတ်လျှင်တောင် သဘင်လောကထဲက တစ်ယောက်ယောက်ကို ဘဝခရီးဖော်အဖြစ် ရွေးချယ်မှာ အမှန်ကန်ဆုံးပင်။
ကိုမင်းဟန် အငြိမ့်စင်ကို ကျောခိုင်းလိုက်သည်။ ဆိုင်းသံ၊ ဗုံသံတို့ ဝေးလာ၍ မကြားရသော်လည်း ကိုကျောက်ခဲနှင့် ဝေဝေလွင်တို့ မောင်နှံနှစ်ဖော် စုံတွဲကဟန်၊ ဆိုဟန်တို့ကို မျက်စိထဲက ဖျောက်မရအောင် မြင်နေကြားနေရသည်။ သူ့ဘဝသက်တမ်းတစ်လျှောက် မိန်းကလေး တစ်ယောက်အတွက် မကျခဲ့ဖူးသော မျက်ရည်တို့ အရှက်ကင်းမဲ့စွာ ကျလာသည်ကို အံ့သြထိတ်လန့်စွာ တွေ့ရှိလိုက်မိတော့သည်။


