The Corner

The Corner

cropped-Logo_round_grey-background.png

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်”

Share မယ်

အဲဒါ ကျွန်တော့်ကို ပါပါး အမြဲတမ်း နောက် နောက်ပြီး ဆိုနေတဲ့ သီချင်း။ သူဆိုရင် မာမားကပါ လိုက်ဆိုပြီး ကျွန်တော့်ကို စကြတယ်။

ကျွန်တော်ကတော့ ရေကျော်ဆိုတာ ဘာမှန်းမသိပေမယ့် ခဏခဏတော့ ကြားဖူးနေတာ။ ကျွန်တော့်ကို အရင်ဆုံး အိမ်မှာ မွေးစားခဲ့တဲ့ အန်နီကလည်း ရေကျော်မှာနေတယ်တဲ့။ ကျွန်တော့်ကို အမေ ကြောင်မကြီးက ညီအစ်ကို မောင်နှစ်မ လေးယောက်မွေးခဲ့တာ။ ကျွန်တော်တို့ကို မွေးပြီးတော့ အမေလည်း ဘယ်ပျောက် သွားလည်း မသိဘူး။ မှတ်လဲ မမှတ်မိတော့ဘူး။ အန်နီနောက်မှ ပြောပြလို့ သိတာက ကျွန်တော့်တို့ ကြောင်သေးသေးလေး လေးကောင်ကို ရေကျော် စီးတီးမတ်အောက်မှာ သူ အလုပ်သွား အလုပ်ပြန် လုပ်ရင် တွေ့ဖူးတယ်လို့ ပြောဖူးတယ်။ ကျွန်တော်တို့ လမ်းနည်းနည်း စပြီး လျှောက်တတ်ကာစ မှ အမေထားသွားလို့ အနီးအနားတဝိုက်က ဖြတ်သွားဖြတ်လာလူတွေ ချကျွေးတာလေးတွေစားသောက်ပြီးနေခဲ့ရတာ။ ဒါပေမဲ့ အေးအေးချမ်းချမ်းနေရတာမဟုတ်ပါဘူး။ အဲဒီတိုက်ကြီး ဆင်ဝင်အောက်ဖက်မှာ ခိုပြီး နေခဲ့ရတာ။ အဲဒီမှာ ကျွန်တော်တို့လိုပဲ နေကြတဲ့ ပျံကျ မိသားစု တစ်ခုလည်း ရှိသေးတယ်။ အဲဒီမိသားစုမှာ ကလေးတွေကလည်း အများကြီး။ ညဆိုရင်လည်း အဲဒီအောက်မှာ ကျွန်တော်တို့လိုပဲ ပြန့်ကြဲပြီး သံမံတလင်းပေါ်မှာ အိပ်ကြတာ။ ခက်တာက အဲဒီ မိသားစုက ကလေးလေးတွေက ကျွန်တော်တို့ကို နှိပ်စက်တယ်။ သူတို့အဖေလုပ်သူကလည်း အချိန်မရွေး မူးနေတော့ တစ်ခါတစ်လေ များဆိုရင် ကျွန်တော်တို့ အိပ်နေရင် အကြောင်းမရှိပဲ လိုက်ရိုက်တယ် ခြေထောက်နဲ့ကန်တယ်။ သူဖမ်းလို့ မိသွားရင် အဝေးကြီးကို ပစ်ထည့် လိုက်တာမျိုး တွေ လုပ်တယ်။ ကလေးတွေက ကန်ကျောက်တယ်။ ကျွန်တော်သူတို့ကို ကြောက်တယ်။

အန်နီက နိုင်ငံခြားကလာနေတာလို့ နောက်တော့ သိရတယ်။ မြန်မာနိုင်ငံမှာ အလုပ်လာ လုပ်နေတာ။ မိုးလေးဖွဲဖွဲ ရွာနေတဲ့ တစ်ရက် အန်နီအလုပ်က ပြန်လာချိန်မှာ ကျွန်တော်က အမူးသမားကြီးရောက် နေတာတွေ့လို့ အဲဒီနားက ဆိုက္ကားတစ်စီးအောက်မှာ မိုးခိုရင်းစောင့်နေတာကို ကလေးတွေက တွေ့သွားပြီး အတင်း မောင်းထုတ်ကြတယ်။ သူတို့ကို ကြောက်ပြီး အပြင်ထွက်လာတော့ မိုးရေတွေရွဲနစ်နေတဲ့ ကျွန်တော့်ကို အန်နီက ပွေ့ချီပြီး သူ့အိမ်ကို ခေါ်သွားတယ်။ အန်နီက အိမ်ရောက် တော့ ရေတွေသုတ်ပေး၊ ပါးစပ်ကလည်း တစ်တွတ်တွတ်နဲ့ “မင်းတို့ကို ငါကြည့်နေတာ တော်တော် ကြာပြီ၊ မင့်အမေရော၊ မင့်မောင်နှမတွေရော။ ဘယ်မှာလဲ။ ငါသာ အခုခေါ်မလာရင် မင်းတော့ ကလေးတွေ နှိပ်စက်တာနဲ့ သေလောက်ပြီ” လို့ပြောတော့ ကျွန်တော် ဝမ်းနည်းလိုက်တာ။ နောက်တော့ ကျွန်တော့်ကို အစာတွေ ကျွေးတယ်။ ကောင်းလိုက်တာ အဲဒီလို အစားမျိုး တစ်ခါတစ်လေ ကံကောင်းရင်တော့ ဆင်ဝင်အောက်မှာ လာကျွေးတဲ့သူရှိရင် စားရပါတယ်။ ဒါပေမဲ့ ကျီးလန့်စာ စားလေ။ ခဏနေတော့ အန်နီ့သမီးဆိုတာပါ ရောက်လာတယ်။ သူနဲ့အတူတူ အမျိုးသား တစ်ယောက်ပါလာတယ်။ အဲဒီလူက မြန်မာလူမျိုး ပုံစံပါပဲ။ ကျွန်တော့်ကို ရန်လုပ်မှာလားဆိုတဲ့ ကြောက်စိတ်နဲ့ စားတာတောင် ဖြောင့်အောင် မစားနိုင်ပဲ အခန်းထဲက ကုတင်အောက်ကို ပြေးဝင်ပြီး ပုန်းလိုက်ရတယ်။ အန်နီက လိုက်လာပြီး “ဟဲ့ ဟဲ့ ဒီကြောင်လေးက ယောင်္ကျားလေးတွေကို ကြောက်နေတာထင်တယ်။ ထွက်လာခဲ့ ကလေး။ ငါဘာမှ မလုပ်ဖူး။ သူလည်း မင်းကို ဘာမှ မလုပ်စေရဘူး။ ဒီအိမ်မှာ မင်း လုံခြုံပါတယ်” လို့လှမ်းပြောတယ်။ ဟုတ်တယ် အန်နီတို့အိမ်မှာ နွေးနွေးထွေးထွေးနဲ့ လုံလုံခြုံခြုံ အစားကောင်းကောင်းစားပြီး နေရပါတယ်။ နောက်တော့ အန်နီက ဆေးခန်းတွေဘာတွေကို ခေါ်သွားပြီး ကာကွယ်ဆေးတွေ အချိန်မှန်မှန် ထိုးပေး လိုအပ်တာတွေ လုပ်ပေးပါတယ်။ ဆေးခန်းက ကြောင်နာမည်ကိုမေးတော့ အန်နီက ကျွန်တော့်ကို “လူဝီ” ဆိုပြီး နာမည်ပေးလိုက်တယ်။

ဒါပေမယ့် ကျွန်တော့်မှာကိုက အဲဒီလိုနေရမယ့် ကံ ပါမလာဘူးထင်တယ်။ တစ်ရက်မှာ အပြင်ဘက်မှာ အော်သံတွေ ဆူညံနေတာပဲ။ ဝရန်တာကနေ လမ်းထိပ်ဖက်ကို လှမ်းကြည့်တော့ လူတန်းတွေ အရှည်ကြီးပဲ။ လက်သီးလက်မောင်းတွေတန်းလို့ အလံတွေ ဆိုင်းဘုတ်တွေ ထောင်လို့ အော်ဟစ်ပြီး လမ်းလျှောက်သွားကြတာ။ အန်နီက အိမ်မှာမရှိဘူး အလုပ်သွားနေတယ်။ သူ့သမီးနဲ့ ဟို အမျိုးသားပဲ ရှိကြတယ်။ အမျိုးသားက အန်နီ့သမီးကို “အာဏာသိမ်းပြီးတော့ ပြဿနာတွေ ပိုရှုပ် လာမယ် ထင်တယ်” လို့ ပြောသံကြားလိုက်မိတယ်။ ကျွန်တော် ဘယ်နားလည်မှာလဲ။

ညနေဘက်ကျတော့ အန်နီ အလုပ်ကပြန်လာတယ်။ လူဝီရောလို့မေးပြီး အိမ်ထဲကို တန်းဝင်လာတာ။ ပြီးတော့ သူ့သမီးကို “သမီး ငါတို့ သြစတြေးလျကို ပြန်ကြရလိမ့်မယ်။ ဒီလိုအခြေအနေနဲ့ ငါတို့ဒီမှာ ဆက်နေရင် အဆင်ပြေမှာမဟုတ်ဖူး။ သံရုံးကလည်း ငါ့ကို ဖုန်းဆက်ပြီး ပြောတယ်” သူ့သမီးက “လူဝီကိုရော ဘယ်လိုလုပ်မှာလဲ” လို့ ပြန်မေးတော့ အန်နီ အကြာကြီး ငိုင်သွားပြီး “ငါတို့သူ့ကို ခေါ်သွားဖို့တော့ တတ်နိုင်မယ်မထင်ဘူး။ ကုန်ကျစရိတ်က အရမ်းကြီးမှာ။ ကလေး သနားပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တတ်နိုင်သမျှ တိရိစ္ဆာန်ချစ်တတ်တဲ့သူလက်ထဲကို ထည့်လိုက်ခဲ့နိုင်မှာပါ” လို့ သူ့သမီးကို ပြန်ပြောပြ နေတယ်။ ကျွန်တော် ဘာတွေဖြစ်နေမှန်း နားမလည်ပေမယ့် အန်နီတို့ဆီမှာ ဆက်မနေရတော့ဘူး ဆိုတာကိုတော့ သိလိုက်ပါပြီ။ သိပ်မကြာပါဘူး။ အန်နီက သြစတြေးလျကို ပြန်သွားတယ်။ သူ့သမီးက သူ့အမျိုးသားကိုခေါ်ဖို့ ပြည်ဝင်ခွင့် ဗီဇာ စောင့်နေရလို့ သူတို့က ကျွန်တော်နဲ့အတူ ကျန်ခဲ့ကြတယ်။ အန်နီက မသွားခင် သူ့သမီးကို “အမေ ဖေ့စ်ဘွတ်ကနေ ကြော်ငြာတင်လိုက်မယ်။ မွေးစားမယ့်သူတွေ့ရင် သမီးတို့ကို လှမ်းပြောလိုက်မယ်။ လူဝီ့ကို ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးဖို့သာ သေသေချာချာ ပြောပေးပါ” လို့ မှာခဲ့တယ်။ အန်နီမသွားခင် ကျွန်တော့်ကို ပွေ့ဖက်ပြီး “သားလေး လူဝီ အန်နီသွားရတော့မယ်။ စိတ်မပူပါနဲ့။ သားကိုချစ်မယ့် နောက် တစ်ယောက်ကို အန်နီ အမြန်ဆုံး ရှာပေးပါ့မယ်။ သားအရင်လို လမ်းဘေး ပြန်မရောက် စေရပါဘူး။ အန်နီ ကတိပေးပါတယ်” လို့ အထပ်ထပ် ပြောသွားတယ်။ အဲဒါ ကျွန်တော့်အတွက် အန်နီနဲ့ နောက်ဆုံး တွေ့ရခြင်းပါပဲ။

နောက်ရက် တစ်ရက်မှာ အန်နီ့သမီးက ကျွန်တော့်ကို အစာကျွေးရင်း “ငါတို့လည်း မကြာခင် ပြန်တော့မယ် လူဝီရယ်။ အမေကတော့ မင်းကိုမွေးမယ့်လူ ရှာတာတွေ့ပြီ ဒါပေမယ့် မင်းကို သေသေချာချာ စောင့်ရှောက်မယ့်သူ ဟုတ်မဟုတ် ဆိုတာ သူ စကားပြောရဦးမယ်လို့ ပြောတယ်” လို့ပြောပြရင်း အစာပန်းကန်လေး ချပေးတယ်။

အဲဒီ အချိန်မှာ မာမား ပါပါးတို့နဲ့ သွားနေရဖို့ ဖြစ်လာတယ်ဆိုတာ ကျွန်တော် မသိသေးဘူး။ မာမားက နောက်မှ “နင့် အန်နီက နင့်ကို မွေးချင်လို့ မွေးပါရစေဆိုတာ ဗိုက်ဗာကနေ ငါ့ကို အကြာကြီး အင်တာဗျူး နေသေးတယ်” လို့ ပြန်ပြောပြတယ်။ အပြင်က အခြေအနေတွေကြောင့် စိတ်တွေ ဂယောက်ကယက်ဖြစ်နေတဲ့ မာမားကို “ပါပါးက ကြောင်ကလေးတစ်ကောင် မွေးမလားလို့ အန်နီ့ကြော်ငြာကိုတွေ့ လို့မေးရင်းနဲ့ မာမားက စိတ်ဝင်စားသွားတာတဲ့။ မာမားက ကြောင်သိပ်ချစ် တတ်တာ။ လူဝီက မာမားမွေးခဲ့သမျှကြောင်တွေထဲမှာ အလိမ္မာဆုံးပဲ” လို့ မာမားက ခဏခဏ ပြောပြတယ်။

ဒီလိုနဲ့ သိပ်မကြာပါဘူး တစ်နေ့မှာ အန်နီတို့အိမ်ကို ပါပါးနဲ့ မာမားတို့ ရောက်ချလာကြပြီး ကျွန်တော့်ကို လာခေါ်ကြတယ်။ ကျွန်တော်က မသိဘူးလေ။ အန်နီ့သမီးနဲ့ သူ့အမျိုးသားက ခရီးသွားဖို့ အထုတ်အပိုး တွေ ပြင်ဆင်နေကြမှာပေါ့။ ကျွန်တော်ကတော့ အိမ်ရှေ့က စာအုပ်စင်ပေါ်မှာ ငိုက်မြည်းနေတုန်း ပါပါးတို့ မာမားတို့ ရောက်လာကြတာ။ အပြင်က လမ်းတွေပေါ်မှာလည်း အော်ဟစ် ကြွေးကြော် နေသံတွေ ဆူညံနေတာပဲ။ အန်နီ့ သမီးက ကျွန်တော့်ကို လာပွေ့ချီတော့ မသိသေးဘူး။ အန်နီ့သမီးရဲ့ အမျိုးသားက အိမ်ထဲက ကျွန်တော့် အစာထုတ်တွေ ချီးပုံးတွေ ထုတ်လာတာမြင်တော့ ကျွန်တော် သိလိုက်ပြီ။ ကျွန်တော့်ကို ပေးတော့မယ်ဆိုတာ။ မာမားတို့ကိုလည်း မသိသေးတော့ မလိုက်ချင် ဘူးလေ။ အဲဒီမှာ အန်နီ့သမီးလက်ထဲက ကျွန်တော်ခုန်ချပြီး နောက်ဖေးကို ထွက်ပြေးတော့ သူတို့နှစ်ယောက် ကျွန်တော့်ကို လိုက်ဖမ်းကြတယ်။ သူတို့လည်း သွားတော့မှာကို သိနေတော့ အရမ်းကြီး ပုန်း မနေချင် တော့ပါဘူး။ နောက်တော့ သူတို့ မာမားလက်ထဲကို အပ်လိုက်ကြတယ်။ မာမားက ကျွန်တော့်ကို ပွေ့ထားပြီး “လူဝီ မာမားတို့ အိမ်ကို လိုက်ခဲ့နော်။ ဟိုမှာ သားလေးကို ကောင်းကောင်းထားမယ်။ ကောင်းကောင်း လည်း ကျွေးမယ်။ အန်နီနဲ့လည်း မာမားစကားပြောပြီးပြီ။ လူဝီက လိမ်မာပါတယ်”လို့ တိုးတိုးလေး ကပ်ပြောတယ်။ မာမားက အဲဒီအထဲက ချစ်ဖို့ ကောင်းပါ တယ်။ ပါပါးသာ ခပ်တည်တည်ကြီးနဲ့ သူ့ကိုတော့ ကြောက်တယ်။ နောက်တော့ မာမားက ရှေ့က ကျွန်တော့်ကို ချီပြီးသွားတယ်။ ပါပါးက ကျွန်တော့် အစာအိတ်နဲ့ ချီးပုံးကို ကိုင်ပြီး နောက်က လိုက်လာ တယ်။ လမ်းလျှောက်ပြီးသွားကြတာ ခဏလောက်ပါပဲ မာမားတို့လည်း အန်နီတို့ အိမ်နားမှာပဲ နေတာ ထင်တယ်။

မာမားတို့အိမ်ပေါ်ရောက်တော့ မာမားက ကျွန်တော့်ကို ချီထားရာကနေ အောက်ကို ချလိုက်တာနဲ့ ကျွန်တော် ကွယ်ရာရှာပြီး ပြေးပုန်းတော့တာပါပဲ။ အိပ်ခန်းထဲမှာ ကုတင်တစ်ခုတွေ့လို့ အဲဒီကုတင်အောက်ကို ဝင်ပြေးသွားတယ်။ အိမ်မှာ မာမားရယ်၊ ပါပါးရယ် နဲ့ နောက် မာမားရဲ့ ငယ်ငယ်က အထိန်းတော်ကြီး ကြီးတင်ဝင်းတို့ သုံးယောက်ပဲ ရှိတယ်။ ဒီအိမ်က မနေဖူးသေးတော့ ကျွန်တော်လည်း ကြောက်တယ်လေ။ အထူးသဖြင့် ပါပါးကို။ ငယ်ငယ်တုန်းက လမ်းဘေးမှာ နေရတုန်းက ယောင်္ကျားလေးတွေက နှိပ်စက်တော့ သူတို့ကို ကြောက်တာ။

ပါပါးက ကျွန်တော်ပုန်းနေတဲ့ ကုတင်အောက်ကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး မာမားကို ခေါ်ပြတယ်။ မာမားက အပြင်ကနေ လက်ယပ်ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော်မထွက်ပါဘူး။ အဲဒါနဲ့ ကျွန်တော့် အစာအိတ်ထဲက အစာလေးတွေထုတ် ပန်ကန်သေးသေးလေးထဲကိုထည့်ပြီး ကျွန်တော်ဝပ်နေတဲ့ နေရာအထိ ထိုးပြီး စားခိုင်းတယ်။ ကြောက်စိတ်က မပြေသေးတော့ ကျွန်တော် မစားဖြစ်ဘူး။ ကျွန်တော် သိတော့သိပါတယ်။ မာမားအသံက ကျွန်တော်တို့ ကြောင်တွေအပေါ် အန္တရာယ်ရှိတဲ့ အသံမဟုတ်ပါဘူး။ ဒါပေမဲ့ ပါပါးက သူဘေးနားမှာ ရှိနေတာလေ။ တစ်ခုခု လုပ်လိုက်ရင် ဘယ်လို လုပ်မှာလဲ။ မထွက်သေးဘူး။

နောက်ရက်ကျတော့ သူတို့ကို ကျွန်တော် တစ်ထစ် လျှော့ပေးပြီးတော့ အနားက ထိုင်ခုံတစ်လုံးကနေ သူတို့ကို အလစ်မပေးပဲ ထိုင်ကြည့်နေတယ်။ မာမားအနားလာပြီး ပွတ်သပ်ပေးရင်တော့ ဘာမှပြန်မလုပ်ပါဘူး။ သူ့ပေါင်ပေါ်တက်ခိုင်းတာတော့ ကျွန်တော် မတက်သေးဘူး။ ပါပါး ဝင်လာရင်တော့ ကုတင်အောက် ပြန်ဝင်ပြေးတာပဲ။ ပါပါးက ဘာမှတော့ မလုပ်ပါဘူး။ ဒါပေမဲ့ သူ့မျက်နှာက ခပ်တည်တည်နဲ့။ အိမ်မှာနေတဲ့ ကြီးတင်ဝင်းကလည်း ကြောင်ချစ်တတ်ပုံရပါတယ်။ “ဟဲ့ကောင်လေး ဟဲ့ကောင်လေး လာဒီမှာစား” ဆိုပြီး မာမားက သူ့ကို အချိန်မှန်မှန် အစာကျွေး ခိုင်းထားတော့ ခွက်ကို ခေါက်ပြီး ခဏ ခဏ အစာတွေ လာကျွေးတယ်။

နောက်ရက်တွေတော့ မာမားတို့ အိမ်မှာ တဖြည်းဖြည်းနဲ့ နေသားကျလာပါပြီ။ ဒါပေမယ့် ညဖက်အိပ် ရင် ကုတင်ပေါ်မှာ သူတို့နဲ့ အတူတူတော့ မအိပ်သေးဘူး။ မာမားအလုပ်လုပ်တဲ့ ခုံပေါ်မှာအိပ်ပြီး ကင်းစောင့်သလို သူတို့ကို အိပ်တဝက် နိုးတဝက်နဲ့ ထထ ကြည့်ရသေးတယ်။ ပါပါးက စောစောထ တတ်တော့ သူနိုးလို့ အခန်းတခါး ဖွင့်ရင် ကျွန်တော်က နောက်ကလိုက်ထွက်တာပဲ။ အဲဒီအချိန် အပြင်မှာ ကြီးတင်ဝင်းက ထမင်းဟင်းချက်ဖို့ ဘုရားရှိခိုးဖို့ ပြင်ဆင်နေပြီလေ။ သူက ကျွန်တော် ထွက်လာတာမြင်ရင် “ဟဲ့ကောင်လေး။ နိုးလာပြီလား။ ရော့ဒီမှာစား” ဆိုပြီး အစာခွက် ရှေ့ကို ထိုးပေးတော့တာပဲ။ ကျွန်တော်လည်း အစာစားပြီး ညက အိပ်တာ မဝသေးလို့ ကြီးတင်ဝင်း မီးဖိုချောင်နားမှာ တစ်ခါ ထပ်အိပ်လိုက်သေးတယ်။ ကျွန်တော်နိုးလာတော့ မာမားတို့ ပါပါးတို့က အလုပ်စားပွဲပေါ် ရောက်ပြီး အလုပ်တောင် လုပ်နေကြပြီ။ ပါပါးဆီကိုတော့ ကျွန်တော် သိပ် မသွားပါဘူး။ မာမားအလုပ်လုပ်တဲ့ စားပွဲနားကို ယောင်လည်လည်နဲ့သွားရင် မာမားက သူ့ပေါင်ပေါ် ခေါ်တင်ထားတတ်တယ်။ သူ နည်းနည်း အားရင် “လူဝီလာခဲ့” ဆိုပြီး ခရင်မီ ချောင်းလေးတွေ ကျွေးတတ်တာ သိတယ်လေ။ အဲဒီ ခရင်မီချောင်း လေးတွေကို ကျွန်တော် သိပ်ကြိုက်တာ။

တစ်ချောင်းကုန်သွားလို့ ထပ်တောင်းရင် မာမားက ထုတ်ပေးတော့မယ့်အချိန် ပါပါးက အနား ရောက်လာပြီး “ဟေ့ စည်းနဲ့ကမ်းနဲ့လုပ်လေ တစ်ခါကျွေးရင် တစ်ချောင်းလောက်ဆို တော်ရောပါ့ ပြီးရင်လည်း ခဏခဏ ကျွေးနေတာကို” လို့ ပြောရင် မာမားက ဆက်မကျွေးတော့ဘူး။ ပါးပါးက အဲဒီလို။ သိပ်မုန်းဖို့ကောင်းတာ။

ညနေစောင်း မာမားအလုပ်ပြီးရင် သားအမိနှစ်ယောက် အိမ်ရှေ့က ဝရန်တာလေးကိုထွက်ပြီး မာမားရဲ့ ပေါင်ပေါင်မှာ ကျွန်တော်က ထိုင်ပြီး အောက်က ကားတွေ လူတွေ စျေးသည်တွေကို ကြည့်ကြတယ်။ “ပါပါးက အောက်ကိုတော့ မဆင်းကြနဲ့” လို့မှာတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ဖေးဘရိတ် တစ်ခုတည်းသော ကစားစရာဖြစ်တဲ့ ပန်းရောင် ဖဲပြား အရုပ်ကလေးနဲ့ မာမား မအားလည်း ကျွန်တော် တစ်ယောက်တည်း အရုပ်နဲ့ ဆော့နေတာပဲ။ တခါတလေ ကျွန်တော် တစ်ယောက်တည်းပျင်းလာရင် မာမားဆီ အရုပ်ကိုချီသွားပြီး ကျွန်တော်နဲ့ ဆော့ဖို့ ခေါ်ပြီး ကျွန်တော်နဲ့ မာမား ဆော့ကြတယ်။။ ကျန်တဲ့ အရုပ်သစ်တွေ ပါပါး ထပ်၀ယ်ပေးလည်း ဒီအရုပ်ကိုပဲ ကျွန်တော်ကြိုက်တယ်။ ညဖက် မှောင်လာရင်တော့ အိမ်ရှေ့မှာ တီဗီစုကြည့်ကြတယ်။ တစ်ခါတစ်လေ အိမ်အောက်ဖက်က ကားသံတွေကြားရင် ဧည့်ခန်းက မီးကို ဖျတ်ကနဲ ပိတ်လိုက်ကြတယ်။ တစ်ခါက မီးမပိတ်ပဲနေမိလို့ အောက်ဖက်ကနေ ခဲနဲ့လှမ်းပေါက်တာ ခံရဖူးတယ်။ ကျွန်တော် အရမ်းကြောက်သွားတာလေ။ မီးတွေပိတ်လိုက်လို့ မှောင်သွားရင် မာမားက ကျွန်တော့်ကို ဖက်ထားပြီး “လူဝီ တိတ်တိတ်နေနော် အသံမထွက်နဲ့” လို့ပြောရင် ကျွန်တော်က “အက်..အက်..အက်..” လို့ လေသံလေးနဲ့ ပြန်ပြော တတ်တာကို မာမား သိပ်သဘောကျတာ။ ပါပါးကတော့ အထပ်ခိုးပေါ်တက်သွားပြီး အပေါ်ထပ်ကနေ လမ်းပေါ်က အခြေအနေတွေကို ကြည့်ပေးတယ်။ ခဏကြာတော့ သူပြန်ဆင်းလာပြီး “သွားကြပီ မီးပြန်ဖွင့်လို့ရပြီ” လို့ပြောမှ မီးတွေပြန်ဖွင့်ပြီး တီဗီဆက်ကြည့်ကြတယ်။ တဖြည်းဖြည်းနဲ့ မာမားတို့ အိမ်မှာ ကျွန်တော်နေရတာ ပျော်လာပြီ။ ညဆိုလည်း မာမားတို့ အိပ်ရာမှာ အတူတူ အိပ်တတ်လာပြီ၊ အသားကျလာပြီမို့ နောက်ထပ် တစ်နေရာကို မပြောင်းရပါစေ နဲ့တော့လို့ ကျွန်တော် ဆုတောင်းနေမိတယ်။

ဒါပေမဲ့ ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ဘူး ထင်တယ်။ မာမားတို့အိမ်မှာနေတာ သိပ်တောင် မကြာသေးဘူး တစ်ညမှာ။ ကုတင်ပေါ်က ပါပါးနဲ့ မာမားတို့ စကားပြောနေတာကို ကျွန်တော်က မာမား အလုပ်လုပ်တဲ့ ခုံပေါ်မှာ ဝပ်ပြီး အကဲခပ်နေတယ်။ ပါပါးက “တို့တတွေ စင်္ကာပူကို ပြန်သွားရအောင်၊ ဟိုကလူတွေနဲ့ အဆက်အသွယ်ရတယ်။ ထွက်လာခဲ့လို့ပြောတယ်။ ပြောင်းကြရအောင်” တဲ့။ ကျွန်တော့် ရင်တွေ တဒိန်းဒိန်းပဲ။ သူတို့ငါ့ကို ထားသွားကြရဦးမှာလား မသိဘူး။ စင်္ကာပူဆိုတာ ဘယ်မှာရှိမှန်း မသိပေမယ့် မာမား ဘာမှ ချက်ခြင်းပြန်မပြောနိုင်ပဲ အကြာကြီး စဥ်းစားနေပုံထောက်ရရင်တော့ နီးနီးနားနားက နေရာတစ်ခု မဟုတ်တာ သေချာပါတယ်။ ပြောလိုက်ပါ မာမားရယ် “မသွားဖူးလို့၊ ဒါမှ လူဝီလဲ ဒီမှာ မာမားနဲ့အတူတူ နေရမှာ” လို့ ကျွန်တော် စိတ်ထဲက ပြောနေမိတယ်။

မာမားက အကြာကြီးစဥ်းစားပြီးတော့ “သွားရင်တော့ လူဝီ့ကိုပါ ခေါ်မှ သွားမယ်” လို့ ပါပါးကို ပြန်ပြောလိုက်တော့ ပါပါးက ချက်ခြင်းပဲ “အေးပါ ဒီကောင်လည်း ပါရမှာပေါ့”တဲ့။ တစ်ပိုင်းက သူတို့နဲ့ မခွဲရတော့တာ သိရပေမယ့် နောက်တစ်စိတ်တစ်ပိုင်းက စင်္ကာပူဆိုတဲ့ အရပ်ကို နောက်တစ်ခါ ထပ်ပြောင်း ရဦးမယ်။ ငါ့ကိုယ်က ဘယ်လိုကံပါလာပါလိမ့်ဆိုပြီး တွေးဖြစ်မိတယ်။

နောက်နေ့တွေကျတော့ ပါပါးတစ်ယောက် ဖုန်းတစ်လုံးနဲ့ ဟိုဆက်လိုက် ဒီဆက်လိုက်နဲ့ စိတ်တိုနေပုံ စိတ်ရှုပ်နေပုံလည်းရတယ်။ နောက် ရက်နည်းနည်းကြာတော့ မာမားကို ရှင်းပြတာကို ကျွန်တော် ကြားတာကို ပြန်ပြောရရင် စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံနဲ့ နိုင်ငံတော်တော်များများကသယ်လာတဲ့ ကြောင်တွေ ခွေးတွေ အိမ်မွေး တိရိစ္ဆာန်တွေကို လူနဲ့ တစ်ခါတည်း သယ်လာလို့မရဘူးတဲ့။ သတ်မှတ် ထားတဲ့ ကာကွယ်ဆေးတွေ ထိုးလာရမယ်။ ပြီးတော့လည်း သွေးစစ်ချက် တစ်မျိုးဆိုရင် သြစတြေးလျ ဓါတ်ခွဲခန်းကိုပို့တဲ့ ဆေးစစ်ချက်ကိုကြည့်ပြီး မှလက်ခံမယ်။ လက်ခံမယ်ဆိုလို့ တန်းပြီး ပို့လို့ မရသေးဘူး။ အဓိက ပြဿနာက အဲဒီအချိန်က စင်္ကာပူနိုင်ငံကို သယ်လာတဲ့ အိမ်မွေး တရိစ္ဆာန်တွေကို စင်္ကာပူနိုင်ငံထဲကို ဝင်ခွင့်မပြုခင် သတ်မှတ်ထားတဲ့နေရာမှာ တစ်လ ကြာအောင် ထားပြီး စောင့်ကြည့် ပြီးမှ ကူးစက်ရောဂါတွေ ဘာတွေ ထပ်မဖြစ်မှ ဝင်ခွင့်ပြုမယ်တဲ့။ ပါပါးဆက်တဲ့ မြန်မာနိုင်ငံက အေးဂျင့်က ပြောတာက အဲဒီ သတ်မှတ်ထားတဲ့ ကြောင်တွေ ခွေးတွေထားတဲ့နေရာမှာ နေရာမရှိလို့ ခြောက်လလောက် စောင့်ရမယ်ဆိုလို့ ပါပါးက သူကိုယ်တိုင် စင်္ကာပူက အေးဂျင့်တွေဆီ တိုက်ရိုက်လှမ်းဆက်တော့လည်း သူတို့ကလည်း ဒီအတိုင်းပဲပြောတယ်။ အဲဒီလို ရှာနေရင်း အေးဂျင်တစ်ယောက်က သူ အတတ်နိုင်ဆုံး စောင့်ကြည့်ပြီး ရတဲ့အချိန် အမြန်ဆုံး ရက်ချိန်း ယူထားပေးမယ်ဆိုလို့ နောက်ဆုံး အဲဒီလိုနဲ့ စျေးတည့်သွား ကြတယ် ဆိုပါတော့။

ပါပါးလည်း ကျွန်တော့်ကိုခေါ်ပြီး တရိစ္ဆာန် ဆေးခန်းမှာ လိုအပ်တဲ့ ကာကွယ်ဆေးတို့၊ သန်းပျောက်ဆေး အစက်ချတာတို့ လုပ်စရာတွေလုပ်တယ်၊ နောက် ကျွန်တော့်သွေးကို ဖောက်ယူပြီး နိုင်ငံခြားပို့ စစ်ဆေးစရာရှိတာတွေ တောက်လျှောက် လုပ်ကြရတယ်။ ပါပါးက ကားကို ရှေ့ကမောင်း မာမားနဲ့ ကျွန်တော့်က နောက်ခုံက၊ မာမားက ချီပြီး အပြင်ကို ပြတော့မှ အရင်တုန်းက လမ်းဘေးမှာ ကြောက်ကြောက်လန့်လန့် ရွှဲရွဲစိုစိုနဲ့ နေခဲ့ရတဲ့ ကျွန်တော်က အခုတော့ အေးစိမ့်စိမ့် ကားထဲကနေ အပြင်ကို ကြည့်ရတာ အထူးအဆန်းတွေ ဖြစ်လို့။

ကျွန်တော် ချက်ခြင်း လိုက်လို့မရသေးတဲ့အချိန်မှာ မာမားက ကြီးတင်ဝင်းနဲ့ ကျွန်တော့်ကို မြို့ထဲက မာမား ညီမအိမ်မှာ ထားခဲ့မယ်ပြောတယ်။ “လူလူရယ် မာမား လူလူ့ကို မထားခဲ့ချင်ပါဘူး။ ဘယ်လိုမှ အဆင်မပြေလို့ပါ သားရယ်။ သားလေးတစ်ယောက် တည်းတော့ မားမားတို့ဆီကို လာရမယ်။ ဘာမှ မကြောက်နဲ့နော်။ ဟိုမှာ ပါပါးရော မာမားရော ရှိတာ၊ လူလူရောက်လာပြီး လာတွေ့လို့ရတာနဲ့ မာမားတို့ လာမှာပါ”လို့ အန်နီတုန်းကလိုပဲ ထပ်ပြောတယ်။ ပါပါးလည်း မာမားတို့ အလုပ်က ဦးစောထွန်းနဲ့ ရန်ကုန်ဘက်က အေးဂျင့်တွေကို မိတ်ဆက်ပေးပြီး လူဝီ့ကို ပို့ရင် လုပ်စရာကိုစရာတွေ လုပ်ဖို့ ကိုင်ဖို့ သေသေချာချာ မှာတာတွေ့တယ်။ လွဲရင် ပါပါးက သူတို့ကို ဆူမှာလေ။ ဟိ ဟိ.. ဒီလိုနဲ့ ပါပါးနဲ့ မာမားတို့ သွားကြတော့ ကြီးတင်ဝင်းရယ်၊ မာမားညီမ အန်တီလတ် နဲ့ သူ့သားရယ်နဲ့ မြို့ထဲမှာ နေကြတယ်။ အန်တီလတ် ကလည်း ကြောင်ချစ်တတ်တော့ ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ကြာတော့ ကြာတယ်။ ရက်တွေ ဘာတွေ မမှတ်တတ်တော့ ကျွန်တော်လည်း မသိဘူး။ နောက်ပိုင်း မာမား ပြန်ပြောပြတာက “လူလူ သုံးလခွဲလောက် ရန်ကုန်မှာ နေခဲ့ရတာ” တဲ့။ ပါပါးကို စင်္ကာပူက အေးဂျင့်က ရက်ချိန်းယူထားတဲ့ ကြောင်တစ်ကောင် မလာဖြစ်လို့ တစ်နေရာ လွတ်နေတာနဲ့ မင်းတို့ ကြောင်ကလေး အတွက်ယူထားလိုက်တာ ရပြီ။ စာရွက်စာတမ်းတွေကလည်း အားလုံး အဆင်ပြေနေပြီးသားမို့ ရန်ကုန်ဘက်က အဆင်သင့်ဖြစ်ရင် လူဝီ့ကို လွှတ်လို့ရပြီဆိုတော့ ပါပါးလည်း မာမားကို ဝမ်းသာအားရနဲ့လှမ်းပြော၊ နောက်တော့ ဒီဘက်က အေးဂျင့်နဲ့ ဦးစောထွန်းတို့ကို လုပ်စရာရှိတာတွေ လုပ်ဖို့ လှမ်းပြောကြပေ့ါ။ ဦးစောထွန်းက ကျွန်တော်ကို ကြောင်တွေ ခွေးတွေ ထည့်တဲ့ ခြင်းအိမ်လေးထဲကိုထည့် အပြင်ကနေ သောက်ရေဗူးကို ပိုက်ကလေးနဲ့ တပ်ပေး။ ဦးစောထွန်းကပဲ လေဆိပ်ကို ကျွန်တော့်ကို လိုက်ပို့ အေးဂျင့်တွေ လက်ထဲအပ်၊ အေးဂျင့်က ကျွန်တော့် အခြေအနေ အသေးစိတ်ကို ဗိုက်ဗာဖုန်းကနေ တစ်ဆင့် ပါပါးကို လှမ်းအကြောင်းကြား၊ ပါပါးက မာမားကို ပြန်ပြော လုပ်နေကြမှာပေါ့။ နောက်တော့ လေယာဥ်ပေါ် တင်ပေးလိုက်ကြတယ်။ လေယာဥ်ပေါ်မှာ ကျွန်တော်တို့လို ကြောင်တွေ ခွေးတွေအတွက် သီးသန့် တင်တဲ့အခန်းလေးရှိတယ်။ ကြည့်လိုက်တော့ ကြောင်နဲ့ ခွေး လေးငါးကောင်လောက်ရှိတယ်။ တစ်ချို့ အော်တဲ့ကောင်လည်း အော်ပေါ့။ ဆူနေတာပဲ။ ကျွန်တော်ကတော့ နဂိုရ်ထဲက ကြောက်တတ်တော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ လိုက်လာခဲ့တယ်။ ကြာလည်းကြာ ကြောက်လည်းကြောက်ပေါ့။ ရင်တွေလည်း တထိတ်ထိတ်ခုန်လို့။ တစ်ချက်ကလေး အိပ်ပျော်သွားပြီး နိုးလာတော့ ဒုန်းကနဲ လေယာဥ်ဆောင့်သံကို ခံစားလိုက်ရတော့ ရောက်ပြီဆိုတာ သိလိုက်တယ်။ ခဏကြာတော့ ကျွန်တော်တို့ကို ထည့်ထားတဲ့ အခန်းတံခါးပွင့်လာပြီး လူနှစ်ယောက်က ကျွန်တော်တို့ ခြံလေးတွေကို ညင်ညင်သာသာနဲ့ အပြင်ကို ချပေးတယ်။ နောက်တော့ စာရွက်စာတမ်းတွေကိုင်ထားတဲ့ လူတချို့ ဝင်လာပြီး ဓာတ်ပုံတွေ ရိုက်ကြတယ်။ သက်ဆိုင်ရာ ပိုင်ရှင်တွေ ဆီကို ပို့နေတာ နေမှာပေ့ါ။ ကျွန်တော့်ဆီကိုတော့ ဘယ်သူမှ ဓာတ်ပုံလာမရိုက်ပါဘူး။ ခဏနေတော့ အဲဒီအထဲက လူတစ်ယောက်ဆီကို ဖုန်းဝင်လာပြီး စပီကာကနေ “အဲဒါ ငါ့ကြောင် မဟုတ်ဘူး မင်းဘယ်ကြောင်ရဲ့ပုံကို လာပို့တာလည်း လူဝီက တကယ်ပါလာတာ ဟုတ်လို့လား” လို့ ကြားဖူးနေကြ အသံတစ်သံ ကြားလိုက်ရတယ်” ကျွန်တော် တန်းသိလိုက်ပြီ။ အဲဒါ ပါပါးအသံ။ ဟုတ်တယ်လေ အဲဒီလူက ပျာယီးပြာယာနဲ့ ဝင်လာပြီး ကျွန်တော့်ကို ဓာတ်ပုံမရိုက်ပဲ ဘေးက ကြောင်တစ်ကောင်ပုံကို ရိုက်ပို့လိုက်တာ ပါပါးက ကြည့်ပြီး လူဝီမဟုတ်ဖူးဆိုတာ သိသွားလို့ သူ့ကို လှမ်းဆူတာ ထင်တယ်။ ကောင်းတယ် အဆူခံထိသွားပြီ။ ရောက်ကတည်းက ပြာယာခတ်နေတာကိုး။ နောက်မှ ကျွန်တော့်ပုံကိုရိုက်ပြီး ပို့လိုက်ရင်း ဆောရီးချင်း မိုးမွှန်အောင် ပါပါ့ဆီ ဖုန်းဆက်ပြီး တောင်းပန် နေတယ်။ ကျွန်တော်လည်း စိတ်က သိပ်မကြည်နေတော့ သူအဆူခံနေရတာကို ကြည့်ပြီး ဝမ်းသာနေတယ်။ မာမား နောက်မှ ပြန်ပြောပြလို့ သိတာက ကျွန်တော့်နှာကြားက ကယ်သွားတာတဲ့။ ဟိုကောင်က နှာကြားမပါဘူးလေ။

နောက်တော့ ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ ကားပေါ်တင်ပြီး ခေါ်သွားတာ အကြာကြီးပဲ ကားစီး လိုက်ရတယ်။ နောက်တော့ ခြံဝန်းတွေ ဘာတွေနဲ့ သေသေသပ်သပ်ရှိတဲ့ အဆောက်အအုံ တစ်ခုကိုရောက်သွားပြီး ကျွန်တော့်ကို တတိယထပ်က အခန်းတစ်ခန်းထဲမှာ ထည့်ထားပေးတယ်။ အခန်းက ကောင်းပါတယ်။ သန့်ရှင်းပြီး အစာတွေလည်း ပေးထားတယ်။ ကျွန်တော့်ကို သယ်လာတဲ့ ခြင်းလေးထဲက ခေါ်ထုတ်တော့လည်း လုပ်ပေးတာ ငြင်ငြင်သာသာပဲ။ အောက်ထပ်မှာတော့ ခွေးတွေ ထားတယ်ထင်တယ်။ သူတို့တတွေ ဟောင်ကြတာ ဆူညံနေတာပဲ။

ညနေမှောင်ခါနီးလောက်ကျတော့ ပါပါးတို့ မာမားတို့ ကျွန်တော့်ကို လာတွေကြတယ်။ ပါပါးအသံကို ရောက်ကတည်းက လေယာဥ်ကွင်းမှာ ကြားလိုက်ရတော့ မှတ်မိနေပေမယ့် မျက်နှာကို မတွေ့တာ ကြာတော့ သိပ်မမှတ်မိချင်ဘူး။ မာမားက သားလေး လူဝီရယ်လို့ခေါ်ပြီး ကျွန်တော့်ကို တင်းတင်း ကြပ်ကြပ် ဖက်ထားတယ်။ သူတို့ကို အခန်းထဲ ပေးဝင်ပြီး တစ်နာရီပဲ နေခွင့်ပေးတယ်တဲ့။ ပါပါးလည်း ကျွန်တော့်ကို သူ့ပေါင်ကြားထဲထည့်ထားပြီး ခဏပွတ်ပေးနေတယ်။ ကျွန်တော် မရုန်းတော့ပါဘူး။ သူ ကျွန်တော့်ကို မားမားနဲ့ ပြန်တွေ့ရအောင် အများကြီး လုပ်ပေးခဲ့တာ။ သူလုပ်မပေးရင် လူဝီတစ်ကောင် ဘယ်ရောက်နေမလဲ ဆိုတာတောင် မသိတော့ဘူး။

နောက်နေ့တွေလည်း သူတို့ အားရင်အားသလို လာတွေ့ကြပါတယ်။ ဒီကလူတွေကလည်း ဂရုစိုက် ကြပါတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဂျူတီ အကူးအပြောင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို မှတ်တမ်းရေးခဲ့ရတယ်ထင်တယ်။ မာမားက တစ်ရက်မှာ အဲဒီစာရွက်ကို ယူဖတ်ကြည့်ပြီး “အံမယ် လူဝီ့ကို ဘားတဲ့ (BAR ဆိုတာ bright, active and responsive ကို ပြောတာပါ) ငါ့သားကို BAR ဆိုတာ ငါတောင် အဲဒီလိုမသိဘူး” လို့ပြောတယ်။

ဒီလိုနဲ့ ဒီအထဲမှာ နေရတာ ရက်စေ့သွားပြီထင်ပါတယ်။ လေဆိပ်ကနေ လာပို့တဲ့သူနဲ့ သူ့ကားလေးနဲ့ပဲ ကျွန်တော့်ကို ပါပါး မာမားတို့ အိမ်ဆီကို လိုက်ပို့ပေးတယ်။ ပြန်တွေ့ကြတော့ မာမားကဆို ပျော်လို့။ ကျွန်တော်လည်း ပျော်ပါတယ် မာမားရယ်။

မာမားတို့အိမ်က အမြင့်ကြီးမှာ ဟိုးအဝေးက ရထားတွေသွားနေတာ၊ ကွင်းပြင်အကျယ်ကြီးတွေနဲ့ အိမ်အောက်က ဘတ်စ်ကားအကြီးကြီးတွေ သွားနေတာ မြင်ရတယ်။ ညဖက်ဆိုရင်လည်း အဲဒီနား တစ်ဝိုက်မှာ လင်းထိန်နေတာပဲ။ ကျွန်တော် ဝရန်တာကနေ အဲဒါတွေကို ထိုင်ကြည့်နေရရင် သိပ်သဘောကျတာ၊ မာမားကတော့ မြင့်တော့ ပြုတ်ကျမှာစိုးတော့ “ဟဲ့လူဝီ အောက်ကိုအရမ်းငုံ့ကြည့် မနေနဲ့၊ ခဏနေရင် အထဲဝင်ခဲ့တော့” ဆိုပြီး လှမ်းအော်တယ်။ ပါပါးက “နေပါစေကွာ။ မကျပါဘူး” လို့ပြောတယ်။

ပါပါးအားတဲ့ တစ်ရက် အိမ်နားက တိရိစ္ဆာန်ဆေးခန်းမှာ ကာကွယ်ဆေး ထိုးဖို့သွားကြတယ်။ ဆေးခန်းက ဆရာဝန်က ဒေါက်တာကောလင်းတဲ့။ ကျွန်တော်ကတော့ မဖတ်တတ်ပါဘူး။ မာမား ပြန်ပြောပြတာ။ ဆေးထိုးစရာ မလိုတော့ဘူးတဲ့။ စင်္ကာပူနိုင်ငံထဲကို တချို့ရောဂါတွေ ကင်းရှင်းပြီးသား ဖြစ်လို့ သူတို့ဆီမှာနေရင် ဘာဆေးမှ ထပ်ထိုးစရာမလိုဘူးတဲ့။ အပြင်က ဝင်လာရင်သာ အထပ်ထပ် အခါခါ စစ်ဖို့လိုတာ ဝင်ပြီးသားဆိုရင် ကျန်းမာပြီးသား လို့ သတ်မှတ်လိုက်တာမို့လို့ ဆေးထပ်ထိုးစရာ မလိုတော့ဘူးတဲ့။ သြော်… သိပါပြီ စင်္ကာပူရယ်။ နင်တို့ကလည်း ရှုပ်နေတာပဲ။

စင်္ကာပူမှာ ပါပါး အလုပ်သွားနေတဲ့ နေ့လည်ခင်း တစ်ချိန်လုံးမှာ မာမားနဲ့ပဲ အဖော်လုပ်ပြီး ကျွန်တော်တို့ နှစ်ယောက်ထဲ နေခဲ့ကြတာ၊ မာမားသွားလေရာကို တကောက်ကောက်လိုက်ပြီး အိမ်သာ တက်နေရင် တောင် ဘေးမှာ ထိုင်စောင့်လွန်းလို့ မာမားက လူလူ အီးစော် မနံဘူးလားလို့ ကျွန်တော့်ကို စတတ်တယ်။ ဒါပေမဲ့ တစ်ခါတစ်လေ လောကကြီးက မတရားဘူး။ ပါပါးတို့နဲ့ ပျော်နေတာ သိပ်တောင်မကြာသေးဘူး။ ပါပါးက လူဝီ အစာစားတာကို သေသေချာချာကြည့်ပါဦး ပါးစပ်မှာ တစ်ခုခုဖြစ်နေသလိုပဲလို့ပြောတော့ မာမားက စောင့်ကြည့်ပြီး သူလည်း တစ်ခုခုဖြစ်နေတယ်ထင်တော့ ဆေးခန်းတစ်ခါထပ်သွားကြတယ်။ အဲဒီ ဒေါက်တာကောလင်းပါပဲ။ ကျွန်တော်က ကြောက်လဲကြောက်တတ် အနေလည်း အေးတော့ ဆေးခန်းခေါ်သွားရင် သူများတွေလို ခြင်းထဲထည့်ပြီး ခေါ်သွားစရာမလိုပါဘူး။ မာမားက ရင်ခွင်မှာ ပိုက်ပြီး ခေါ်သွားရုံပဲ။ အချို့လူတွေဆို အံ့သြလို့။ လိမ္မာတယ်ပေါ့။ ဟုတ်တယ် လူဝီက လိမ္မာပါတယ်။ အဲဒါကိုတောင် ဒေါက်တာကောလင်း ဆိုတဲ့လူက သူ့ကိုကိုက်မှာစိုးလို့ ဓာတ်မီးနဲ့ ကျွန်တော့်ပါးစပ်ကို ဖြဲခိုင်းထားပြီး အဝေးကြီးကနေ လှမ်းကြည့်ပြီးတော့ သတင်းဆိုးတစ်ခုပြောတယ်။ ကျွန်တော့် ပါးစပ်ထဲမှာ အပူဖုတွေ တွေ့နေရတယ်တဲ့။ ပုံမှန် လူမှာဆိုရင် အဲဒီအပူဖုတွေက ခဏဖြစ်ပြီး သူ့အလိုလို ပျောက်သွားပေမယ့် ကြောင်တွေမှာတော့ ပြန်ပျောက်တာမရှိပဲ ကုလို့မရတဲ့ ရောဂါအဖြစ်တစ်ခု ရှိနေပါတယ်တဲ့။ ဒီအနာတွေက ကုရာနတ္တိ ဆေးမရှိပဲ တစ်ချိန်ချိန်မှာ လုံးဝ အစားမစားနိုင်တော့ပဲ သေကုန်ကြရတယ်လို့ ပြောပြတယ်။ မာမားကတော့ ဒေါက်တာကောလင်းကို စိတ်တွေဆိုးလို့။ အရင်တစ်ခေါက်လာပြတုန်းကတော့ သူပဲ အားလုံးကောင်းလို့ ဘာဆေးမှတောင် ထိုးစရာမလိုဘူးလို့ ပြောလိုက်ပြီးတော့ အခုကျတော့မှ ကုမရတဲ့ ရောဂါဖြစ်တယ်ဘာညာနဲ့ ပြောလို့တဲ့။ တိုတိုပြောရရင် သူ့ဆီမှာ ဆက်ကုလို့ မဖြစ်နိုင်တော့ဘူး။ သူက နောက်ထပ် အထူးကု တစ်ယောက်ဆီ လွှဲပေးရင်း စိတ်မကောင်းကြောင်းတော့ ပြောလိုက် ပါသေးတယ်။

ကျွန်တော့်ကံကိုက ဒီလိုပဲ ဖြစ်လာမှာပါလေ။ မာမားနဲ့ ပါပါးကတော့ အကောင်းဆုံးဖြစ်တဲ့ အစာတွေ စားကောင်းမယ့် အစာတွေကို ကျွေးပါတယ်။ ကျွန်တော်က သွားတွေ အကုန်နှုတ်လိုက်ရတော့ သိပ်မှ မစားနိုင်တာ။ အစာစားရင် နာတော့ မနာတဲ့ဖက်က လှည့်လှည့် ဝါးနေရတယ်။ နောက်တော့ မစားချင်တော့ဘူး။ နောက်ဆုံးမှာ ထပ်ပြဖို့ သင့်တော်မယ့် အနားတစ်ဝိုက်က ဒေါက်တာ ဖရန်စစ်ကို ရွေးလိုက်ကြတယ်။

ဒေါက်တာ ဖရန်စစ်က ဆရာဝန် အသက်ခပ်ကြီးကြီးတစ်ယောက်ပါ။ စကားအပို သိပ်မပြောတတ် ခပ်တည်တည်နေပေမယ့် ကြင်နာတဲ့ပုံတော့ ပေါက်ပါတယ်။ သူကလည်း စမ်းသပ်ကြည့်ပြီး ဒေါက်တာကောလင်း ပြောသလိုပဲ ပြောပါတယ်။ တစ်ခုက ဒီရောဂါက ကုလို့မရပေမယ့် ဆေးနဲ့ ထိန်းရင်တော့ ရတယ်။ ဆေးဆိုပေမယ့် “စတီရွိက်” ပါ။ စတီရွိက် ပုံမှန် ထည့်ပေးရင် အနာကို ထိန်းထားပေးလို့ရပေမယ့် စတီရွိက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေက အများကြီးပဲ။ ဘယ်လို လုပ်မလဲ။ မာမားက ကျွန်တော့်ကို သိပ်ချစ်တော့ မျက်နှာငယ်လေးနဲ့ နားထောင်နေရှာပါတယ်။ ပါပါးကတော့ သက်ပြင်းကြီး တစ်ချချပေါ့။ သူတို့ကို ကြည့်ရင်း သနားမိတယ်။

ဒီလိုနဲ့ မာမားက ကျွန်တော့်ကို စတီရွိက်ဆေးကို ပြွန်ကလေးနဲ့နေ့တိုင်း တိုက်ပေးတယ်။ အဲဒီ ဆေးကလည်း အဝင်ဆိုးလိုက်တာဗျာ။ နောက်တော့ မာမားပြွန်ကလေးကို ကိုင်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော် ပြေးတော့တာပဲ။ မာမားလည်း နောက်ပိုင်းမှာ ပြွန်ကလေးကို ဖွက်ကိုင်ထားပြီး ဆေးလိုက် တိုက်ရှာပါတယ်။ ကျွန်တော် မာမားကို သနားတာနဲ့ ထွက်မပြေးတော့ပဲ ဆေးခါးခါးကြီးကို ကြိတ်မှိတ်ပြီး မျိုချပေးပါတယ်။ အခြေအနေကတော့ အရမ်းကြီး သိသိသာသာ တိုးတက်မလာပါဘူး။ အစာစားတာ နဲနဲသက်သာလာပေမယ့် ကျန်တဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်လာသလား မသိပါဘူး။ ကျွန်တော် တဖြည်းဖြည်းနဲ့ ပိန်လာတယ်။ နောက်တော့ သွေးအားနည်းတာနဲ့ နှလုံးနဲ့ အဆုတ်ကပါ မကောင်းတော့ ကုနေကျ ဒေါက်တာ ဖရန်စစ်က အထူးကု ဆေးရုံကြီးတစ်ရုံမှာ ဆက်ပြဖို့ ပြောတယ်။ အမှန်ကတော့ သူလက်လျှော့လိုက်ပြီလို့ ဆိုလိုတာနဲ့တူပါတယ်။

ပါပါးနဲ့ မာမားတို့ ကျွန်တော့်ကို ကားပေါ်တင်ပြီး အထူးကု ဆေးရုံကို ပြေးကြတယ်။ ဒေါက်တာ ဖရန်စစ်က စာရေးပေးထားပေမယ့် ဆေးရုံတင်ဖို့ကို တာဝန်ကျဆရာဝန်ကို အသေးစိတ် ထပ်ပြီး ပြန်ရှင်းပြရတယ်။ အို… လုပ်စရာတွေ စစ်စရာတွေက တစ်ပုံကြီး။ တချို့က ဒီမှာ စစ်လို့ရပေမယ့် တစ်ချို့ကိုကျတော့ အခြားနိုင်ငံတွေကို ပို့ပြီးစစ်ရမှာတဲ့။ ပါပါးနဲ့မာမားတို့ မျက်နှာငယ်လေးနဲ့။ မာမားကတော့ ပိုဆိုးပေါ့ ချုံးချုံးကျလို့။ မာမားကြောင့် ပါပါးက အကုန်လိုက်လုပ်ပေးပေမယ့် ကျွန်တော့်ကို ဆက်ပြီး စစ်ဆေးမှာတွေ ပင်ပန်းမှာ စိုးတာတွေ မလုပ်စေချင်တာတွေက သူ့မျက်နှာမှာ ရှုပ်ထွေးပြီး ပေါ်နေပါတယ်။

ဒီမှာ ပြဿနာတစ်ခုက သူတို့စစ်ဆေးနေချိန်မှာ အစားအစာအားလုံးကို ဖြတ်ထားလိုက်တော့တယ်။ ကျွန်တော်က သူတို့ကျွေးလည်း စားနိုင်မယ် မထင်တော့ပါဘူး။ ကျွန်တော့်ကို ဆေးရုံ တင်ထား လိုက်ရပြီဆိုတော့ ကျွန်တော့်ကို ထားတဲ့ ခြံလေးတစ်ခုလုံးကို ပလတ်စတစ်နဲ အလုံပိတ် ကာထားပြီး ခြံတစ်ခုလုံးကို အောက်စီဂျင် လွှတ်ပေးထားတယ်။ တော်သေးတာပေါ့ အဲဒါရှိနေတော့ အသက်ရှုရတာ နည်းနည်းပိုကောင်းတယ်။ မဟုတ်ရင် အသက်ရှုရတာ ကျွန်တော့် ရင်ဘတ်ကြီးက ဖားဖိုကြီး တစ်ခု လိုပဲ။ နောက်နေ့တွေ မာမားလာတော့ တာဝန်ကျ ဆရာဝန်က ပြောပြတယ်။ ဆေးစစ်ချက်တွေက တစ်ခုမှ မကောင်းဘူး။ ဒါပေမဲ့ ဆေးရုံက မကြေနပ်သေးဘူး ထပ်စစ်ချင်နေသေးတယ်။ မာမားကတော့ မျက်နှာ တော်တော် မကောင်းဘူး။ မာမားက ကျွန်တော့်ကို ပွေ့ပြီး ပိုက်ကလေးနဲ့ ရေစက်ကလေးတွေ ပါးစပ်ကနေ ချပေးတယ်။ “လူဝီရယ် သားလေးရယ်”လို့ပြောပြီး ငိုလည်း ငိုနေတယ်။ ပါပါး မျက်နှာ တစ်ခုလုံးလည်း ညို့နေတာပဲ။ ကျွန်တော်ကတော့ ပင်ပန်းလှပြီ။ ခဏနေတော့ သူတို့ ပြန်သွား ကြတယ်။ ပါပါးက သားကို ဆက်ပြီး မပင်ပန်းစေချင်တော့ဘူး။ စစ်တာတွေ ရပ်လိုက် စေချင်ပြီလို့ မာမားကို ဖျောင်းဖြနေတယ်။ ဟုတ်ပါတယ်။ အဲဒီနေ့ နေ့လည်ကျတော့ မာမားတို့ နှစ်ယောက်ဆေးရုံကို ပြန်ပေါက်ချလာပါလေရော။ မာမားက ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားတော့မယ်တဲ့။ ဆေးစစ်ဖို့ပြောထားတာတွေကိုလည်း သားက အရမ်းပင်ပန်းနေတာမို့ ဆေးရုံကို တောင်းဆင်းလိုက်တာတဲ့။ ကောင်းပါတယ် မာမားရယ်။ သားတို့ ကံပေးသလောက်ပေါ့။ ဆေးရုံကတော့ သူတို့ ပြဿနာမတက်ရအောင် စစ်ရမယ့် ဆေးစစ်ချက်တွေကို ဆက်မစစ်ပဲ ဆေးရုံက ကိုယ့်သဘောနဲ့ကိုယ် ဆင်းသွားလို့ ကြောင်ကလေး လူဝီ အချိန်မရွေး သေသွားနိုင်တာ သိရှိကြောင်း လက်မှတ်ထိုးပေးခဲ့ပါဆိုလို့ ပါပါး ထိုးပေးခဲ့ရသေးတယ်။

ကျွန်တော်သွားတော့မယ် ပါပါးနဲ့ မာမား။ ဘယ်တုန်းကမှ မမှတ်မိ မမြင်ဘူးခဲ့တဲ့ ကျွန်တော့်မေမေ ကြောင်မကြီးက လာခေါ်နေသလိုပဲ။ အိမ်ပြန်ရောက်တော့ ကျွန်တော် ဘာမှ မမြင်ရတော့ဘူး။ ပါပါးနဲ့ မာမား မျက်ရည်တွေနဲ့ ကျွန်တော့်ကို နှုတ်ဆက်နေတာ ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။ ပါပါးက လူ၀ီ့ မာမားကို ပါပါး စောင့်ရှောက်မယ်လို့ ကတိပေးတယ်၊ လူ၀ီ့ အမေရင်းနဲ့ မောင်နှမတွေဆီ စိတ်ချလက်ချ သွားတော့နော်လို့ နှုတ်ဆက်တယ်။ အန်နီ၊ မာမားနဲ့ ပါပါးတို့ကို လူ၀ီ ကျေးဇူးတင်ပါတယ်။ လူဝီဆိုတဲ့ အိမ်ခြေယာခြေမဲ့ လမ်းဘေး ကြောင်လေးကို အိမ်တွေပေါ်ကို ခေါ်တင်၊ စင်္ကာပူနိုင်ငံအထိကိုပါ ခေါ်ယူ မွေးစားခဲ့တဲ့ သူတို့ကို ကျွန်တော် မောင်လူဝီ ဘယ်တော့မှ မမေ့ပါဘူး။ အိမ်ပြန်ရောက်တဲ့ ညမှာပဲ ကျွန်တော် သက်တန့်ရောင် တံတားပေါ်ကို အဖော်တစ်ချို့နဲ့ တက်ခဲ့တယ်။ တံတားတစ်ဖက်မှာတော့ ရောက်နှင့်နေတဲ့ တိရိစ္ဆာန် အကောင်မျိုးစုံပဲ။ အဖော်တွေနဲ့တွေ့တော့ ကျွန်တော် ပျော်ပါတယ်။ ကြောက်စရာ လူတွေလည်းမရှိတော့ စိတ်လွတ်ကိုယ်လွတ်ပါပဲ။ လူတွေနဲ့ တော့ ပြန်နေချင်တာပေါ့ ဒါပေမယ့် အတိုင်းအဆမရှိတဲ့ လူတွေကိုတော့ ကျွန်တော် ကြောက်နေ သေးတယ်။ မပြန်ချင်သေးဘူး။ တစ်ခါတစ်လေ ပါပါးနဲ့ မာမားတို့ကို သတိရတယ်။ တစ်ခါတစ်လေ ကျရင်လည်း အန်နီ့ကို သတိရတယ်။ သား လူဝီ သက်တန့်ရောင် တံတား တစ်ဖက်မှာ အဆင်ပြေပါတယ် မာမားရေ…

Photo: Author

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်တွင် ဆုံးပါးသွားသော သားလေး လူဝီအား အမှတ်ရလျက်။

Click to rate this post!
[Total: 7 Average: 5]