The Corner

The Corner

cropped-Logo_round_grey-background.png

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးအချိန်

Share မယ်

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဝန်ကြီးများရုံးဝင်းအတွင်းရှိ Brick Studio မှာ ကျင်းပခဲ့တဲ့ ထူးခြားတဲ့ ပန်းချီပြပွဲတစ်ခုဆီကို ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ လူနေမှုဟန်ပန် (Lifestyle) တွေနဲ့ ဘဝဒဿနကဗျာတွေကို နူးညံ့သိမ်မွေ့စွာ ရေးဖွဲ့လေ့ရှိတဲ့ စာရေးဆရာ နွယ်ဦးလှိုင် နဲ့အတူ “Temporal Deception” (အချိန်ကာလရဲ့ လှည့်စားခြင်း) လို့ အမည်ပေးထားတဲ့ ပြပွဲဆီကို အတူတူ ခြေဆန့်ဖြစ်ခဲ့ကြတာပါ။

ပြပွဲခန်းမထဲကို ခြေချလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ထူးခြားတဲ့ အနုပညာရသတစ်ခုကို စတင် ခံစားလိုက်ရပါတယ်။ အဲဒါကတော့ “Generation Gap” လို့ခေါ်တဲ့ မျိုးဆက်ကွာဟမှုကို အနုပညာရဲ့ နူးညံ့တဲ့ ကြိုးမျှင်လေးတွေနဲ့ ကျော်ဖြတ်ပေါင်းကူးထားတဲ့ အလှတရားပဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ အနုပညာလောကထဲ နှစ်ပေါင်း ၅၀ ကျော် ဝါရင့်ရင့် ဖြတ်သန်းလာခဲ့တဲ့ ဆရာကြီး ဦးဝင်းမြင့်ဦး ရဲ့ တည်ငြိမ်ရင့်ကျက်လှတဲ့ လက်ရာတွေကို တွေ့ရမှာပါ။ ဆရာကြီးရဲ့ လက်ရာတွေဟာ ရွက်အုပ်ဝေဆာတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ ပန်းချီချစ်သူတွေကို အေးမြတဲ့ ရိပ်မြုံတစ်ခု ဖန်တီးပေးထားသလိုပါပဲ။

တစ်ဖက်မှာလည်း အနုပညာခရီးလမ်းကို အားအင်အပြည့်နဲ့ စတင်လျှောက်လှမ်းနေတဲ့ လူငယ်အနုပညာရှင် စည်သူ ရဲ့ လက်ရာတွေကို တွေ့ရပါတယ်။ သူ့ရဲ့ ဖန်တီးမှုတွေကတော့ ဆောင်းနံနက်ခင်းရဲ့ နေခြည်ဦး အလင်းတန်းလေးတွေလိုပဲ တက်ကြွလန်းဆန်းနေပြီး ပြပွဲတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ ဝါရင့်အနုပညာရှင်ကြီးရဲ့ ရင့်ကျက်မှုနဲ့ လူငယ်အနုပညာရှင်ရဲ့ အားမာန်တွေ ပေါင်းစပ်ထားတဲ့ ဒီပြပွဲဟာ ကြည့်ရှုသူတွေအတွက်တော့ တကယ့်ကို ရသစုံတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

အနုပညာလောကမှာ ကာလရှည် ကျင်လည်ဖြတ်သန်းလာခဲ့တဲ့ ဝါရင့်ပန်းချီဆရာကြီး ဦးဝင်းမြင့်ဦး ဟာ ၁၉၇၂ ခုနှစ်ကတည်းက ရန်ကုန်အနုပညာအထက်တန်းကျောင်းမှာ ပညာသင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ မြန်မာနိုင်ငံရဲ့ အစောပိုင်း Digital Graphic Designer မျိုးဆက်သစ်တွေကို လမ်းဖောက်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာကြီးရဲ့ လက်ရာတွေကို ကြည့်ရင် Surreal-Gothic စတိုင်လို့ ခေါ်တဲ့ စိတ်ကူးယဉ်ဆန်မှုနဲ့ လျှို့ဝှက်နက်ရှိုင်းတဲ့ ကိုယ်ပိုင်ဟန်ကို အထင်းသား မြင်တွေ့ရမှာပါ။ ဆရာ့အတွက်တော့ အချိန်ဆိုတာ သမိုင်းကြောင်းတွေရဲ့ အဆက်အစပ်တစ်ခုပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ စိတ်ဝိညာဉ်ဟာ အချိန်စီးဆင်းမှုထဲမှာ ဘယ်လိုရှင်သန်နေသလဲဆိုတာကို Monochrome (အရောင်တစ်ရောင်တည်း) စတိုင်နဲ့ တည်တည်ငြိမ်ငြိမ် ဖော်ကျူးပြသထားပါတယ်။

အထူးသဖြင့် အလင်းနဲ့အမှောင်၊ အရောင်နဲ့ ပုံသဏ္ဌာန်တွေကြားက အပြန်အလှန် ဆက်စပ်မှုကို ရှာဖွေရင်း လူသားတို့ရဲ့ ခန္ဓာကိုယ်၊ စက်ယန္တရားနဲ့ စိတ်ဝိညာဉ်တို့ ဘယ်လိုမျိုး အနုပညာမြောက်စွာ ချိတ်ဆက်နေသလဲဆိုတာကို ဆရာကြီးက သူ့ရဲ့ ပန်းချီကားတွေကတစ်ဆင့် သိမ်မွေ့စွာ တင်ပြထားတာပဲ ဖြစ်ပါတယ်။

ကျွန်တော် အရင်ဆုံး ပန်းချီဆရာ ဦးဝင်းမြင့်ဦးနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ သူက ခုလုပ်နေတဲ့ ပြပွဲအကြောင်းရော၊ သူ့ရဲ့ အနုပညာခံယူချက်တွေကိုပါ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။

“ဒီပွဲမှာ ကျွန်တော့်ပန်းချီကား သုံးကားပြဖြစ်ပါတယ်။ အချိန်က အချိန်ကိုစားတယ်၊ အချိန်က လူကိုစားတယ်၊ အချိန်ကို နိုင်အောင်ပြန်စား။ အဲဒီ အချိန်ကိုနိုင်အောင်ပြန်စားဆိုတာက အဓိက လူငယ်တွေ ပစ္စုပ္ပန်မှာ အလုပ်လုပ်ဖို့ ကြိုးစားဖို့ အကျိုးပြုနိုင်ဖို့ ပြောချင်တာပါ။ အားလုံးက ဓမ္မတွေချည်းပါပဲ။ နောက်ဆုံးပိတ်ချုပ်လိုက်ရင် ဘယ်အရာမှ မတည်မြဲဘူး။ ပြောင်းလဲပျက်စီးနေတယ်ဆိုတာ သိစေချင်တယ်။ ပြပွဲတွေလုပ်လာတာ ကြာပြီ။ ကိုယ်ရေးချင်တာရေးပြီး၊ လာကြည့်တဲ့သူကလည်း ကိုယ်ဘာကိုပြောချင်တယ်ဆိုတာ မသိဘဲ သူတို့အမြင်နဲ့ သူတို့ခံစားသွားကြတာများတယ်။ ဒီမှာတော့ ကဗျာက ပန်းချီကားရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုပြောပြတော့ လာကြည့်တဲ့သူတွေက ဘာပြောချင်တယ်ဆိုတာ သိသွားတယ်။”

ဒီပြပွဲမှာ ကျွန်တော် စာရေးဆရာ နွယ်ဦးလှိုင် နဲ့လည်း စကားစမြည် ပြောဖြစ်ခဲ့ပါသေးတယ်။ သူက ဒီပြပွဲမှာ သူဘယ်လို ပါဝင်အားဖြည့် ထားလဲဆိုတဲ့ အကြောင်းတွေကို ပြောပြပေးခဲ့ပါတယ်။

“ကျွန်တော်နဲ့ ပန်းချီဆရာ ကိုဝင်းမြင့်ဦးက ၁၉၈၀ ကျော်ဝန်းကျင်ကတည်းက သိခဲ့ ခင်ခဲ့ကြတာပါ။ စာနယ်ဇင်းလောကမှာ ဖြတ်သန်းကြရင်း အချိန်တစ်ခုအရောက်မှာ လူချင်းကွဲသွားကြတယ်။ နောက်ထပ်ကာလတစ်ခုမှာတော့ ဆရာကြီးဦးဂိုအင်ဂါ ရဲ့ ဓမ္မဇောတိမှာ မမျှော်လင့်ဘဲ ပြန်တွေ့ဖြစ်ကြတယ်။ ကျွန်တော်တို့ကြားမှာ ပြောစရာ၊ ဆွေးနွေးစရာက အနုပညာအကြောင်းတွေအပြင် ဓမ္မအကြောင်းပါ ပါလာခဲ့တယ်။ တစ်ရက်တော့ ဆရာကိုဝင်းမြင့်ဦးက သူလုပ်မယ့်ပြပွဲက ပန်းချီကားသုံးကားအကြောင်းပြောပြတယ်။ ကျွန်တော်က အဲဒီအကြောင်းအရာကို ကဗျာနဲ့ သရုပ်ဖော်ကြည့်ဖြစ်ခဲ့ပါတယ်။ အရင်က မဂ္ဂဇင်းတွေမှာ ‘ကဗျာသရုပ်ဖော် ပန်းချီ’ ဆိုတာရှိတယ်။ အခုကတော့ ‘ပန်းချီသရုပ်ဖော် ကဗျာ’ ပေါ့။ ဒါနဲ့ပဲ ပြပွဲမှာ ဆရာဝင်းမြင့်ဦးရဲ့ပန်းချီကားဘေးမှာ ကျွန်တော့်ကဗျာလေးတွေ ကပ်ခွင့်ရခဲ့တာပါပဲ။”

ဒီပြပွဲမှာပဲ ပန်းချီစည်သူနဲ့လည်း စကားပြောဖြစ်ခဲ့ပါသေးတယ်။ သူက ဒီပြပွဲမှာ သူဘယ်လို ပါဝင်အားဖြည့်ထားလဲဆိုတာကို ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။

“ကျွန်တော် ၂၀၂၂ ခုနှစ်လောက်မှာ ဆရာ့ (ပန်းချီဝင်းမြင့်ဦး) ဆီကို ရောက်ပါတယ်။ ဆရာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ကျွန်တော်လေ့လာခွင့်ရခဲ့ပါတယ်။ ဆရာက ကျွန်တော့်ကို အချိန်အကြောင်းတွေပြောပြတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အချိန်နဲ့ပတ်သက်ပြီး မတူညီတဲ့ အတွေ့အကြုံတွေရှိခဲ့ကြတယ်။ အဲဒီနှစ်ခုက ဘယ်လို Communicate ဖြစ်မလဲပေါ့။ ဆရာပြောချင်တဲ့အကြောင်းအရာ၊ ကျွန်တော်ပြချင်တဲ့ အကြောင်းအရာ ဒီပြပွဲက ဒီနှစ်ခုကို ပေါင်းစပ်ပုံဖော်ခဲ့တာပါ။”

၁၉၉၇ ဖွား လူငယ် ပန်းချီအကျော်အမော်လေး စည်သူကတော့ ရုက္ခဗေဒ (Botany) ဘာသာရပ်နဲ့ ဘွဲ့ရထားသူဖြစ်လို့ သူ့အနုပညာရဲ့ အခြေခံက “အပင်တွေ” နဲ့ သဘာဝပတ်ဝန်းကျင်ပါပဲ။ ၂၀၂၁ ခုနှစ်မှာတော့ သူစိတ်ကျန်းမာရေးကျဆင်းလာချိန်မှာ ပုံဆွဲခြင်းဖြင့် သူ့ကိုယ်သူပြန်လည်ကုစားရင်း အနုပညာအားမာန်နဲ့ ဘဝကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်။ သူ့လက်ရာတွေဟာ အပင်နဲ့ဇီဝဗေဒကို အခြေခံပါတယ်။ စိတ်ကျန်းမာရေးအသိပညာမျှဝေခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာမျှဝေခြင်းတွေမှာ သူ စိတ်အားသန်ပါတယ်။ အပင်တွေကို ပုံမှန်အတိုင်း မဟုတ်ဘဲ Abstract ပုံစံနဲ့ ရေးဆွဲတယ်။ စိတ်ကျန်းမာရေး အသိပညာပေးမှု (Mental Awareness) တွေအတွက် ပန်းချီပညာကို သူ အသုံးချပါတယ်။

စည်သူ့အတွက် အချိန်ဆိုတာ “ကုထုံး” တစ်ခု ပါ။ ၂၀၂၁ ခုနှစ်က စိတ်ပိုင်းဆိုင်ရာ ခက်ခဲမှုတွေကို ပန်းချီဆွဲရင်း ကုစားခဲ့ရတာဖြစ်လို့ သူ့လက်ရာတွေမှာ အပင်တွေ ကြီးထွားလာပုံနဲ့ စိတ်ဒဏ်ရာတွေကို အချိန်နဲ့အမျှ ဘယ်လိုကုစားသလဲဆိုတဲ့ ခံစားချက်တွေကို တွေ့ရမှာပါ။

အနုပညာဆန်တဲ့ နာရီစက်သွား

Photo by author

ဒီပုံလေးက တကယ့်ကို ထူးထူးခြားခြား ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုပဲ။ အနီးကပ်ကြည့်လိုက်ရင် နာရီစက်သွား အစိတ်အပိုင်းလေးတွေ၊ ခက်ရင်းနဲ့ ဓားအသေးလေးတွေကို အမည်းရောင် စက်ဝိုင်းပြားပေါ်မှာ စနစ်တကျ စီထားတာ တွေ့ရလိမ့်မယ်။ အလယ်က စက်သွားလေးတွေက ရှုပ်ပွနေတဲ့ စပါကက်တီ ခေါက်ဆွဲဖတ်တွေနဲ့ တူနေပြီး ဘေးမှာတော့ ထမင်းစားပွဲမှာ သုံးတဲ့ ဇွန်း၊ ခက်ရင်းလေးတွေ ခြံရံထားတာပေါ့။ ဒီလက်ရာမှာ စက်ယန္တရားဆန်တဲ့ စတိုင်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ အငွေ့အသက်တွေကို ရောစပ်ထားတာ တွေ့ရတယ်။ နာရီစက်သွားတွေရဲ့ တိကျမှုနဲ့ ကျွန်တော်တို့ နေ့စဉ်စားသောက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းလေးတွေကို ပေါင်းစပ်ပေးထားတာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်ခံ အမည်းရောင်ပေါ်မှာ ရွှေရောင်သတ္တုလေးတွေက ထင်ထင်ရှားရှား ပေါ်လွင်နေတော့ ကြည့်ရတာ မျက်စိထဲ တန်းခနဲ မြင်သာစေတယ်။ ဒီလိုမျိုး တစ်ခုနဲ့တစ်ခု မဆိုင်သလို ရှိတဲ့အရာတွေကို တွဲဖက်ပြထားတာက ကြည့်တဲ့သူ တစ်ယောက်ချင်းစီကို ကိုယ့်ဘာသာ စိတ်ကူးယဉ်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ခိုင်းနေသလိုပါပဲ။

ဒီလက်ရာမှာ အချိန်ကို နာရီစက်သွား (Clockwork) တွေနဲ့ ကိုယ်စားပြုထားပြီး စက်ယန္တရားတစ်ခုလိုပဲ ကျွန်တော်တို့ကို တားမရဆီးမရ ထိန်းချုပ်ထားတဲ့ သဘောကို ဆောင်ပါတယ်။ ထူးခြားတာက အစားအစာအစား အချိန်ကို ဇွန်း၊ ခက်ရင်း တွေနဲ့ တည်ခင်းထားတာပါ။ ဒါဟာ “ငါတို့က အချိန်ကို အသုံးချနေတာလား၊ အချိန်ကပဲ ငါတို့ကို ပြန်ဝါးမြိုနေတာလား” ဆိုတဲ့ ဝိရောဓိကို မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ နောက်ခံက အမည်းရောင်စက်ဝိုင်း ကတော့ အရာအားလုံး လည်ပတ်ရာ အဆုံးမရှိတဲ့ သံသရာကို ရည်ညွှန်းနေပါတယ်။ အချိန်ကို ကိုယ်တိုင်စီမံနေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အချိန်ရဲ့ တိုက်စားမှုအောက်မှာပဲ ရှိနေကြတာပါ။ ထာဝရရှင်သန်မလိုလိုနဲ့ သေဆုံးခြင်းဆီ တဖြည်းဖြည်း ခေါ်ဆောင်သွားတဲ့ အချိန်ရဲ့ လှည့်စားမှုကို ဖော်ပြပါတယ်။ အစားအစာက ခန္ဓာကိုယ်အတွက် လိုအပ်သလို၊ စိတ်ဝိညာဉ် တိုးတက်ဖို့အတွက်လည်း အချိန်ဟာ မရှိမဖြစ်လိုအပ်တဲ့ “အာဟာရ” ဖြစ်တယ်ဆိုတာကို ပြဆိုထားပါတယ်။

ဆရာ နွယ်ဦးလှိုင်ရဲ့ ကဗျာ (၃) ပုဒ်

Photo by authour

ပန်းချီပြပွဲသွားကြည့်ရင်းနဲ့ ပန်းချီပြပွဲမှာ အမှတ်မထင် တွေ့လိုက်ရတဲ့ ထူးထူးခြားခြား မြင်ကွင်းလေးက တကယ်ကို သဘောကျဖို့ကောင်းတယ်။ အဲဒါကတော့ ဆရာ နွယ်ဦးလှိုင်ရဲ့ ကဗျာ (၃) ပုဒ်ကို ပန်းချီကားချပ်တွေလို ချိတ်ဆွဲပြသထားတာပဲ။ ကျွန်တော်ရော၊ တခြားလူတွေပါ စိတ်ဝင်တစား ကြည့်ဖြစ်ကြတယ်။ ပုံမှန်ဆိုရင်တော့ ကဗျာဆိုတာ စာအုပ်ထဲမှာပဲ ဖတ်လေ့ရှိတာလေ။ အခုတော့ ကဗျာစာသားလေးတွေကို ပန်းချီကားတစ်ချပ်လို ခံစားချက်အပြည့်နဲ့ ရေးဆွဲထားတာ မြင်ရတော့ စာသားတွေက ပိုပြီးသက်ဝင်နေသလိုပဲ။ စာနဲ့ ပန်းချီပေါင်းစပ်ထားတဲ့ အနုပညာက တကယ့်ကို ရင်ထဲရောက်စေတယ်။ ဆရာ နွယ်ဦးလှိုင်ရဲ့ “အချိန်” ဆိုင်ရာ ကဗျာသုံးပုဒ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အချိန်သည် အချိန်ကို စား၏ (Time Consuming time)

စက္ကန့်ကို
မိနစ်က၊ မိနစ်ကို နာရီက
နာရီကို
ရက်က၊ ရက်ကို လက
လကို
နှစ်က၊ မချစ်ကြသလို
ဝါးမြိုသောက်စား၊
မှောက်မှောက်မှားမှား
ပေါရိသာဒ
ဝင်စားတွေ

နွယ်ဦးလှိုင်

အချိန်ဆိုတာ ရှေ့ကသွားတဲ့ စက္ကန့်၊ မိနစ်တွေကို နောက်က နာရီ၊ ရက်၊ လတွေက အငမ်းမရ ဝါးမြိုနေတဲ့ သဘောပါ။ အချိန်ရဲ့ ဝါးမြိုမှုအောက်မှာ ဘယ်သူမှ မလွတ်မြောက်နိုင်တဲ့အတွက် လက်ရှိ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ သတိပေးထားပါတယ်။

အချိန်သည် လူကိုစား၏ (သတ္တဝါ) (Time Consuming Life)

တကယ်တော့ အချိန်နဲ့ ငါဟာ
အတူတူ မွေးဖွားလာတဲ့
အရာမျှသာ
ငါရှိနေလို့သာ အချိန်က
ရှိနေတာ
အချိန်နဲ့ငါ ခွဲမနိုင်
ခွာမရ၊
ဒါနဲ့ တောင် အချိန်က
ငါ့ကို
သံယောဇဉ်ကင်းပြတ် တတိတိ ကိုက်စားနေရော
ငါ့မျက်နှာပေါ်က
အရေးအကြောင်းတွေ...
ငါ့ခေါင်းပေါ်က
ဆံဖြူလွှတွေ...
ညွှတ်ကိုင်းလာတဲ့ ခါး
ဝေဝါးသွားတဲ့ မျက်စိ
အစရှိသည်များ...
အဲဒါ အချိန်ရဲ့
သွားထက်ထက်နဲ့ ကိုက်ထားတဲ့
ဒဏ်ရာ ဒဏ်ချက်တွေပေါ့။
နောက်ဆုံးမတော့...
အချိန်ရဲ့
မြှောက်လုံး ခြောက်လုံး
တွေကြားမှာ
ငါဟာ ပျောက်ဆုံးခဲ့ရ။

နွယ်ဦးလှိုင်

အချိန်နဲ့ လူဟာ အတူမွေးဖွားလာပေမဲ့ အချိန်ကပဲ လူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း တိုက်စားသွားပါတယ်။ အိုမင်းရင့်ရော်မှုတွေဟာ အချိန်ရဲ့ ကိုက်ခဲမှုကို ခံထားရတဲ့ ဒဏ်ရာတွေပါပဲ။ အချိန်ရှိပါသေးတယ်ဆိုတဲ့ “မြှောက်လုံး” တွေကြားမှာ သတိမမူရင် ဘဝဟာ အနှစ်သာရမရှိဘဲ ပျောက်ဆုံးသွားနိုင်ပါတယ်။

အချိန်ကို လူပြန်စား၏ (Let Us Devour Time)

တကယ်တော့
အချိန်က အချိန်ကို
စားနေရုံမျှမက
အချိန်က
ငါ့ကိုလည်း စားနေခြင်းမျှသာ။
ဒါကြောင့်
"ငါ့မှာ အချိန်မရှိတော့ဘူး" ဆိုတဲ့အသိနဲ့
"ဝိမုတ္တိ" ပန်းချီကားတစ်ချပ်ကို
ခပ်သွက်သွက်
ရေးဆွဲ ခဏ
ဘယ်က ဘယ်လို
ငါ့သွားကြားမှာ ညပ်နေတဲ့ "အချိန်" ကို
ထွီကနဲ
ထွေးထုတ်လိုက်မိတာပါပဲ....။

နွယ်ဦးလှိုင်

အချိန်က ကိုယ့်ကို မစားခင်၊ ကိုယ်က အချိန်ကို ပြန်ပြီး အသုံးချ (စား) လိုက်တဲ့ သဘောပါ။ အချိန်ကုန်ဆုံးနေပြီဆိုတဲ့ အသိနဲ့ အကောင်းဆုံး အလုပ်တွေ၊ လွတ်မြောက်မှု (ဝိမုတ္တိ) တွေကို ဖန်တီးရပါမယ်။ အချိန်ရဲ့ စေခိုင်းမှုကို ခံမနေဘဲ ကိုယ်ကသာ အချိန်ရဲ့ သခင်ဖြစ်အောင် နေထိုင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

လူသားတွေအပေါ် အချိန်ရဲ့ သက်ရောက်မှု

လူသားတွေအပေါ်မှာအချိန်ရဲ့ သက်ရောက်မှုဟာ ကြီးမားလှပါတယ်။ အချိန်ဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကို အိုမင်းရင့်ရော်စေသလို တစ်ဖက်မှာလည်း စိတ်ဒဏ်ရာတွေကို ကုစားပေးပြီး ပိုမိုရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်အောင် ပုံဖော်ပေးပါတယ်။ ဒါကြောင့် ပြန်မရနိုင်တဲ့ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး ကြိုးစားအားထုတ်မှသာ ဘဝမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

“Temporal Deception” ဆိုတဲ့ စကားလုံး

“Temporal Deception” အမည်ပေးထားတဲ့ ပြပွဲ စကားလုံးဟာ ပုံမှန်နေ့စဉ်သုံး စကားပြောထက်စာရင် အနုပညာဆန်တဲ့ အသုံးအနှုန်း (Artistic Statement) ဘက်ကို ပိုပြီး အလေးသာပါတယ်။ ဒီစကားလုံးမှာပါတဲ့ “Temporal” က “အချိန်” ကို ရည်ညွှန်းပြီး “Deception” ကတော့ “လှည့်စားမှု” ကို ဆိုလိုတာပါ။ စိတ်ပညာမှာ သုံးလေ့ရှိတဲ့ “Illusion” ထက် “Deception” ဆိုတဲ့ စကားလုံးက ပိုပြီး ရုပ်ရှင်ဆန်ဆန်နဲ့ တစ်စုံတစ်ယောက်ရဲ့ လှည့်စားမှုကို ခံနေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာကြောင့် အနုပညာပြပွဲ ခေါင်းစဉ်အတွက် ပိုပြီး ထိရောက်မှုရှိပါတယ်။

ပန်းချီဆရာကြီးက အချိန်ရဲ့ တိုက်စားမှုကို လူသားတွေရဲ့ ရုပ်ခန္ဓာပေါ်မှာ ပြန်ဖျက်လို့မရတဲ့ “လက်မှတ်” တစ်ခုအဖြစ် အနုပညာဆန်ဆန် ဒဿနပြု ဖော်ကျူးထားပါတယ်။ အချိန်ဆိုတာ အမြင်နဲ့ လှည့်စားတတ်ပေမဲ့ ခန္ဓာကိုယ်ပေါ်က အိုမင်းရင့်ရော်မှု အမှတ်အသားတွေကတော့ အချိန်ကုန်လွန်သွားပြီဆိုတာကို ငြင်းမရအောင် သက်သေပြနေတဲ့ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ ဒီဒဿနဟာ “အချိန်ဆိုတာ လှည့်စားတတ်ပေမဲ့ (Deception )၊ ခန္ဓာကိုယ်မှာ ကျန်ရစ်ခဲ့တဲ့ အပြောင်းအလဲတွေကတော့ လိမ်လို့မရတဲ့ အမှန်တရား (Signature) ဖြစ်တယ်” လို့ ဆိုလိုချင်တာပါ။

အချိန်ဆိုတာ စိတ်ရဲ့ လှည့်စားမှု (Illusion) ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး အချိန်က ပြောင်းလဲနေလို့ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ ရှိနေချိန်မှာ ၅ နာရီဟာ ၅ မိနစ်လောက်ပဲ ကြာသလို ခံစားရတယ်။ နေမကောင်းဖြစ်လို့ နာကျင်နေချိန်မှာတော့ ၅ မိနစ်ဟာ ၅ နာရီလောက် ကြာနေတတ်ပါတယ်။ တကယ်တော့ နာရီလက်တံက ပုံမှန်ပဲ သွားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ “စိတ်” က အချိန်ကို လိုသလို ဆွဲဆန့်လိုက်၊ ကျုံ့လိုက် လုပ်နေတာမို့ အချိန်ဟာ ကျွန်တော်တို့ကို လှည့်စားနေတဲ့ ပဟေဠိတစ်ခုလို ဖြစ်နေပါတယ်။

“တစ်စက္ကန့်” ဆိုတာ ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်စက္ကန့်ကို တန်ဖိုးမရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ တစ်စက္ကန့်လေးမှာတင် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးတာပါ။ ကားတိုက်မှုတစ်ခုဟာ တစ်စက္ကန့်အတွင်း ဖြစ်သွားနိုင်တယ်။ လူတစ်ယောက်ကို ချစ်မိသွားတာ၊ ဒါမှမဟုတ် အရမ်းကောင်းတဲ့ စိတ်ကူးသစ်တစ်ခု ရလိုက်တာဟာ တစ်စက္ကန့်အတွင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “အချိန်ကို အပိုင်းအစလေးတွေအထိ တန်ဖိုးထားတတ်ဖို့” ဖြစ်ပါတယ်။

“အချိန်ဆိုတာ နာရီပေါ်က ဂဏန်းတွေထက် ပိုနက်နဲတယ်၊ ကျွန်တော်တို့ရဲ့ ခံစားချက်တွေနဲ့ ဘဝအပြောင်းအလဲတွေဟာ အချိန်ရဲ့ လှည့်စားမှုတွေပဲ” ဆိုတာကို ပန်းချီကားတွေကတစ်ဆင့် ဖော်ပြချင်တာ ဖြစ်ပါလိမ့်မယ် လို့ ကျွန်တော် တွေးမိပါတယ်။ ဒီပြပွဲရဲ့ အဓိက Message ဖြစ်တဲ့ “Time Deception” (အချိန်ရဲ့ လှည့်စားမှု) ကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက ဥပမာတွေနဲ့ ကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ အရောင်းအဝယ်လောကမှာ အသုံးများတဲ့ “အလောတကြီး ဆုံးဖြတ်ခိုင်းခြင်း” (Rushing Choice) လှည့်ကွက်ကို ကြည့်နိုင်ပါတယ်။ “နောက်ဆုံး ၁ မိနစ်ပဲ ရတော့မယ်” ဆိုပြီး နာရီတုန်နေတာကို ပြပြီး ဈေးဝယ်အောင် တိုက်တွန်းတာမျိုးဟာ အချိန်မရှိတော့ဘူးလို့ လူတွေကို ထိတ်လန့်သွားအောင် လုပ်လိုက်တာပါ။ အဲဒီလို ခံစားရတဲ့အခါ လူတွေက အေးအေးဆေးဆေး မစဉ်းစားနိုင်တော့ဘဲ အမှားလုပ်မိတာမျိုး ဒါမှမဟုတ် မလိုအပ်တာတွေကို ဝယ်မိတာမျိုး ဖြစ်သွားတတ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ “ဦးနှောက်ကို လှည့်စားတဲ့ နာရီ” (Tricky Clocks) အယူအဆပါ။ ဥပမာ- Treadmill (ပြေးစက်) ပေါ်မှာ ပြေးနေတဲ့အခါ နာရီကို ပုံမှန်ထက် ၁၀ မိနစ်လောက် နှေးထားလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဦးနှောက်က “ဪ… ငါပြေးတာ ခဏလေးပဲ ရှိသေးတာပဲ၊ မပင်ပန်းသေးပါဘူး” လို့ ထင်သွားပြီး ပုံမှန်ထက် ပိုပြေးနိုင်သွားတာမျိုး ဖြစ်ပါတယ်။ ဒါဟာ အပြင်က နာရီကို ပြောင်းလဲလိုက်ရုံနဲ့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကိုပါ လှည့်စားလိုက်တာပဲ ဖြစ်ပါတယ်။

အချိန် (Time) ဆိုတာ ကျွန်တော်တို့ နံရံမှာ ချိတ်ထားတဲ့ နာရီက သွားနေတဲ့ စက္ကန့်တံလေးတွေထက် ပိုပြီး ထူးဆန်းပါတယ်။ သိပ္ပံပညာရှင်တွေ မြင်တဲ့ အချိန်ရဲ့ သဘောတရားအရ အချိန်ဆိုတာ လူတိုင်းအတွက် တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနိုင်တဲ့အရာ (Time Can Change) ဖြစ်ပါတယ်။ “Time Dilation” ဆိုတာ အမြန်နှုန်း ဒါမှမဟုတ် ဆွဲငင်အားကြောင့် အချိန်ရဲ့ စီးဆင်းမှုဟာ ကွာခြားသွားတတ်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ အာကာသယာဉ်တစ်စီးနဲ့ အလွန်မြန်တဲ့နှုန်းနဲ့ ခရီးသွားနေမယ်ဆိုရင် သင့်ရဲ့အချိန်က ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့သူတွေထက် ပိုနှေးသွားပါလိမ့်မယ်။ အလားတူပဲ ကမ္ဘာ ဒါမှမဟုတ် ကြယ်ကြီးတွေလို အလွန်လေးလံတဲ့ အရာဝတ္ထုတွေရဲ့ အနီးမှာ ဆွဲငင်အား (Gravity) ပြင်းထန်တာကြောင့် အချိန်က ပိုနှေးသွားတတ်ပါတယ်။ ဆိုလိုတာက ဒြပ်ထုကြီးလေလေ၊ ဆွဲငင်အားကောင်းလေလေ အချိန်ကို ပိုပြီး ဆွဲဆန့်နိုင်လေလေပါပဲ။

သိပ္ပံပညာမှာ အချိန်နဲ့ နေရာ (Space) ကို သီးခြားစီလို့ မသတ်မှတ်တော့ဘဲ “Space-time” (ဟင်းလင်းပြင်-အချိန်) ဆိုပြီး တစ်ဆက်တည်းလို့ ယူဆပါတယ်။ အရာဝတ္ထုတစ်ခုခု ဖြစ်ပျက်တိုင်းမှာ နေရာတစ်ခု ရှိသလို အချိန်တစ်ခုလည်း ရှိရတဲ့အတွက် တစ်ခုမရှိဘဲ နောက်တစ်ခု မရှိနိုင်ပါဘူး။ ဒါ့အပြင် အချိန်ဟာ မြားတစ်စင်းလို ရှေ့ကိုပဲ တောက်လျှောက် သွားနေတတ်ပြီး ဒါကို “The Arrow of Time” လို့ ခေါ်ပါတယ်။ ဥပမာ- ရေခဲတုံးက အရည်ပျော်သွားပေမဲ့ အရည်ပျော်သွားတဲ့ ရေက သူ့အလိုလို ပြီးပြည့်စုံတဲ့ ရေခဲတုံး ပြန်မဖြစ်နိုင်တော့ပါဘူး။ ဒီသဘောတရားကို “Entropy” လို့ ခေါ်ပါတယ်။ Entropy (အင်ထရိုပီ) ဆိုတာ ရူပဗေဒနဲ့ သာမိုဒိုင်းနမစ် (Thermodynamics) ဘာသာရပ်မှာ အခြေခံကျတဲ့ အယူအဆတစ်ခုဖြစ်ပြီး အရိုးရှင်းဆုံးပြောရရင် “စနစ်တစ်ခုအတွင်းမှာရှိတဲ့ စည်းစနစ်ကျမှုတွေ ပျက်စီးပြီး ဖရိုဖရဲဖြစ်လာမှု” ကို ဆိုလိုတာပါ။ အခန်းတစ်ခန်းကို သေချာ သိမ်းဆည်းမထားဘဲ ဒီတိုင်းပစ်ထားရင် သူ့အလိုလို သပ်ရပ်လာမှာမဟုတ်ဘူး၊ ပိုပြီးတော့ပဲ ဖုန်တက် ရှုပ်ပွလာမယ်။ အဲဒါ Entropy တက်လာတာပဲ။ ဖန်ခွက်တစ်လုံး ကြမ်းပြင်ပေါ်ကျပြီး ကွဲသွားတဲ့အခါ အပိုင်းအစတွေဟာ ဖရိုဖရဲ ဖြစ်သွားပါတယ်။ အဲဒီအပိုင်းအစတွေက သူ့အလိုလို ပြန်ကပ်ပြီး ဖန်ခွက်ကောင်း ပြန်မဖြစ်နိုင်တော့တာဟာ Entropy ရဲ့ သဘောတရားပါပဲ။

“အချိန်ဆိုတာ တကယ်ရှိတာလား” (Is Time Real?)

“အချိန်ဆိုတာ တကယ်ရှိတာလား” (Is Time Real?) မေးခွန်းကတော့ အခုထိ အဖြေရှာနေရဆဲ ပုစ္ဆာကြီးတစ်ခုပါ။ သိပ္ပံပညာရှင်အချို့ကတော့ အချိန်ဆိုတာ တကယ်ရှိတာ မဟုတ်ဘဲ Quantum (အလွန်သေးငယ်တဲ့ အမှုန်အမွှား) လောကထဲက ထူးဆန်းတဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အာရုံခံစားမှုတစ်ခုလို့ ယူဆကြပါတယ်။ အချိန်ခရီးသွားခြင်း (Time Travel) နဲ့ ပတ်သက်လို့လည်း သီအိုရီတွေ ရှိနေပေမဲ့ လက်ရှိမှာတော့ ဒါတွေက သီအိုရီအဆင့်မှာပဲ ရှိပါသေးတယ်။ အနှစ်ချုပ်ရရင် အချိန်ဆိုတာ နံရံက နာရီအတိုင်း တသမတ်တည်း သွားနေတာမျိုး မဟုတ်ဘဲ တွန့်နိုင်၊ ဆန့်နိုင်ပြီး ရှေ့ကိုပဲ ဦးတည်နေတဲ့ စကြာဝဠာရဲ့ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

အချိန်နှေးသွားခြင်း (Time Dilation) နှင့် အမြွှာညီအစ်ကို ပဟေဠိ

အချိန်ဆိုတာ လူတိုင်းအတွက် တန်းတူစီးဆင်းနေတာမဟုတ်ဘဲ သွားလာတဲ့ အရှိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကို The Twin Paradox ဥပမာနဲ့ ကြည့်နိုင်ပါတယ်။ အမြွှာညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်က ကမ္ဘာပေါ်မှာ ကျန်ခဲ့ပြီး နောက်တစ်ယောက်က အလင်းနဲ့နီးပါး မြန်တဲ့ဒုံးပျံနဲ့ အာကာသထဲ ခရီးထွက်သွားတယ်ဆိုပါစို့။ သူပြန်လာတဲ့အခါ ကမ္ဘာပေါ်က အစ်ကိုက အသက်ကြီးရင့်နေပေမဲ့ အာကာသထဲက ပြန်လာသူကတော့ နုပျိုနေတုန်းပဲ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ အလွန်မြန်တဲ့ အရှိန်ကြောင့် သူ့အတွက် အချိန်က ပိုနှေးသွားရခြင်းပဲ ဖြစ်ပါတယ်။

ဆွဲငင်အားကြောင့် အချိန်ပြောင်းလဲခြင်း (Gravitational Time Dilation)

ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်မှာတင် ဆွဲငင်အားဟာ အချိန်ကို ကစားနိုင်စွမ်း ရှိပါတယ်။ ကမ္ဘာ့ဗဟိုနဲ့ နီးတဲ့ မြေပြန့်မှာရှိသူဟာ ဆွဲငင်အား ပိုများတာကြောင့် တောင်ပေါ်မှာ နေတဲ့သူထက် အချိန်စီးဆင်းမှု ပိုနှေးပါတယ်။ ဒီကွာခြားချက်က စက္ကန့်ရဲ့ သန်းပေါင်းများစွာပုံ တစ်ပုံလောက်ပဲမို့ သတိမထားမိပေမဲ့ Interstellar ရုပ်ရှင်ထဲမှာလို ဆွဲငင်အား အလွန်ပြင်းထန်တဲ့ ဂြိုဟ်ပေါ်က (၁) နာရီဟာ ကမ္ဘာပေါ်က (၇) နှစ်နဲ့ ညီမျှနေတာမျိုးက သိပ္ပံနည်းကျ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်တစ်ခုပါ။

အချိန်နှင့် ဟင်းလင်းပြင် (Space-time)

အိုင်စတိုင်းရဲ့ အယူအဆအရ အချိန်နဲ့ နေရာ (Space) ဟာ ခွဲခြားလို့မရတဲ့ အထည်သားတစ်ခုလို ဆက်စပ်နေပါတယ်။ ဒါကို တင်းတင်းစွဲထားတဲ့ “ပိတ်စ” တစ်ခုလို မြင်ကြည့်နိုင်ပါတယ်။ အဲဒီပိတ်စပေါ်ကို လေးလံတဲ့ ဂြိုဟ်ကြီးတစ်လုံး တင်လိုက်ရင် ပိတ်စက ခွက်ဝင်သွားသလိုပဲ၊ အဲဒီလို ကွေးညွှတ်သွားတဲ့အတွက် ပတ်ဝန်းကျင်က အရာဝတ္ထုတွေတင်မကဘဲ “အချိန်” ပါ လိုက်ပြီး ကွေးညွှတ်ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုက အရမ်းလေးလေလေ (ထုထည်ကြီးလေလေ)၊ အဲဒီအထည်သားကြီးကို ပိုပြီး ချိုင့်ဝင်သွားစေလေလေပဲ။ အဲဒီလို ချိုင့်ဝင်သွားတဲ့အတွက်ကြောင့်ပဲ အဲဒီနားမှာရှိတဲ့ အချိန်က ပုံမှန်ထက် ပိုနှေးသွားတာမျိုး ဖြစ်ကုန်တာပါ။ ဒါကိုပဲ သိပ္ပံပညာမှာ “အချိန်နဲ့ ဟင်းလင်းပြင် ကွေးညွှတ်ခြင်း” လို့ ခေါ်တာပေါ့။

ဒီသဘောတရားကြောင့်ပဲ “Interstellar” ကားထဲမှာလိုမျိုး ဒြပ်ဆွဲအား အရမ်းကြီးတဲ့ ဂြိုဟ်ပေါ်မှာ အချိန်တွေ ပိုနှေးကုန်တာမျိုး ဖြစ်နိုင်တာပါ။ Interstellar ဆိုတာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့ သိပ္ပံနောက်ခံ (Sci-Fi) ရုပ်ရှင်ကားကြီး တစ်ကားဖြစ်ပါတယ်။ အနာဂတ်ကာလမှာ ကမ္ဘာကြီးဟာ သီးနှံတွေ ပျက်စီးပြီး လူသားတွေ နေထိုင်လို့မရတော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါကြောင့် လူသားတွေ မျိုးတုန်းမသွားအောင် နေထိုင်လို့ရမယ့် ဂြိုဟ်အသစ်ကို ရှာဖွေဖို့ အာကာသယာဉ်မှူး Cooper (Matthew McConaughey) နဲ့ အဖွဲ့သားတွေက အာကာသထဲကို ခရီးထွက်ခဲ့ကြတာပါ။

အချိန်ရဲ့ မြား (The Arrow of Time)

အချိန်ဟာ အတိတ်ကနေ အနာဂတ်ဆီကိုပဲ တစ်ဖက်သတ် စီးဆင်းနေပါတယ်။ ကြမ်းပြင်ပေါ်ကျပြီး ကွဲသွားတဲ့ ကြက်ဥတစ်လုံးဟာ အပိုင်းအစတွေ ပြန်စုပြီး အကောင်းကြီး ပြန်ဖြစ်သွားတာမျိုး ဘယ်တော့မှ မရှိနိုင်ပါဘူး။ အချိန်ဟာ အစဉ်တကျရှိမှုကနေ ဖရိုဖရဲဖြစ်မှုဆီကိုပဲ ဦးတည်နေတာကြောင့် အချိန်စက်ဝန်းကို နောက်ပြန်လှည့်ဖို့ဆိုတာ သဘာဝတရားအရ မဖြစ်နိုင်သလောက် ခက်ခဲလှပါတယ်။

အတိတ်ဆီသို့ ခရီးသွားခြင်း (Time Travel to the Past)

တကယ်တော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ အတိတ်ကို ကြည့်နေရတာပါ။ နေကနေ ကမ္ဘာကို အလင်းရောက်ဖို့ (၈) မိနစ် ကြာတာကြောင့် အခုမြင်နေရတဲ့ “နေ” ဟာ လွန်ခဲ့တဲ့ (၈) မိနစ်က ပုံရိပ်ပဲ ဖြစ်ပါတယ်။ အလားတူပဲ အလင်းထက်မြန်တဲ့နှုန်းနဲ့ အဝေးတစ်နေရာကို သွားနိုင်ပြီး အားကောင်းတဲ့ မှန်ပြောင်းနဲ့ ကမ္ဘာကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ဒိုင်နိုဆောတွေကို ပြန်မြင်ရမှာပါ။ ဒါဟာ အချိန်နဲ့ အလင်းရဲ့ ဆက်သွယ်မှုကို အခြေခံထားတဲ့ အတိတ်ဆီသို့ ခရီးသွားခြင်း တစ်မျိုးပါပဲ။

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံး အချိန်

ကျွန်တော်တို့တွေက အနာဂတ်အတွက် စိတ်ပူနေတာနဲ့၊ အတိတ်ကကိစ္စတွေကို ပြန်တွေးနေတာနဲ့တင် တကယ်ပိုင်ဆိုင်တဲ့ “အခု” ဆိုတဲ့အချိန်လေးကို လက်လွတ်ဆုံးရှုံးနေတတ်ကြတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး။ မနက်ခင်းသောက်ရတဲ့ ကော်ဖီပူပူလေးတစ်ခွက်၊ ကိုယ်ချစ်တဲ့သူတွေနဲ့ စကားပြောရတဲ့အချိန်၊ ဒါမှမဟုတ် လမ်းလျှောက်ရင်း တိုက်ခတ်လာတဲ့ လေအေးလေးလို ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေ ထဲမှာပဲ ရှိနေတာပါ။ အဲဒီလို အသေးအဖွဲလေးတွေကို တန်ဖိုးထားတတ်လာရင် စိတ်ဖိစီးတာတွေလည်း လျော့သွားပြီး ဘဝက ပိုနေပျော်လာပါလိမ့်မယ်။ ဒါကြောင့် အဝေးကြီးကို လှမ်းကြည့်ပြီး ပင်ပန်းမနေဘဲ အခုလက်ရှိအချိန်လေးမှာပဲ စိတ်နှစ်ပြီး နေထိုင်ကြည့်ကြစို့။

ဗုဒ္ဓဘာသာ ရှုထောင့်

ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်နေသရွေ့ မရှိတဲ့ “ငါ” (အတ္တ) ကို အချိန်စီးဆင်းမှုထဲမှာ အတင်းနေရာသွင်းနေသလို ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့တွေ တခြားလူနဲ့ ကိုယ့်ကိုယ်ကိုယ် လိုက်နှိုင်းယှဉ်နေသရွေ့ စိတ်ပင်ပန်းနေရဦးမှာပဲ။ အဲဒီလို နှိုင်းယှဉ်လိုက်တိုင်း တကယ်မရှိတဲ့ “ငါ” ဆိုတဲ့ အတ္တကြီးကို အတင်းဆွဲထုတ်ပြီး ပြေးလွှားနေတဲ့ အချိန်စီးဆင်းမှုထဲမှာ နေရာဝင်လုနေသလို ဖြစ်နေတတ်တယ်။ “သူကတော့ ငါ့ထက် သာသွားပြီ”၊ “ငါကတော့ သူ့လောက် မတော်ဘူး” ဆိုတဲ့ အတွေးတွေက တကယ်တော့ အချိန်က ဖန်တီးထားတဲ့ လှည့်စားမှုတွေပါ။ ဘယ်အရာမှ ထာဝရ မဟုတ်သလို၊ ဘယ်သူကမှလည်း တစ်နေရာတည်းမှာ ရပ်နေမှာမဟုတ်ဘူး။ အရာရာက မြစ်ရေစီးသလိုပဲ တရွေ့ရွေ့နဲ့ ပြောင်းလဲနေတာ။ ဒါကြောင့် စိတ်ရှုပ်လာတဲ့အခါမျိုးမှာ… “ဒါတွေ အားလုံးက ခဏလေးပါလား၊ အချိန်ရဲ့ လှည့်စားမှုတွေပဲ” လို့ နှလုံးသွင်းကြည့်ပါ။ အဲဒီလို တွေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ ယှဉ်ပြီး ပူလောင်နေတဲ့ စိတ်က ချက်ချင်းအေးသွားပါလိမ့်မယ်။

ဗုဒ္ဓအဆုံးအမမှာ “အတိတ်ကိုလည်း မတမ်းတနဲ့၊ အနာဂတ်ကိုလည်း မျှော်လင့်မနေနဲ့” လို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ ချုပ်ပျောက်သွားပြီဖြစ်သလို၊ အနာဂတ်ဆိုတာကလည်း ရောက်မလာသေးတဲ့ အိပ်မက်တစ်ခုသာ ဖြစ်လို့ပါ။ တကယ့် လက်တွေ့ဘဝဆိုတာ အခုလက်ရှိ အသက်ရှူနေတဲ့ အခိုက်အတန့်လေး ပါပဲ။ ကျွန်တော်တို့ဟာ အခုဖြစ်နေတဲ့ စိတ်အခြေအနေကို သတိကပ်ပြီး သိနေဖို့ပဲ လိုပါတယ်။ အခုလက်ရှိမှာ ကိုယ်ဘာလုပ်နေလဲ၊ ဘာကို ခံစားနေရလဲဆိုတာကို သိနေခြင်း (သတိ) ဟာ စိတ်ကို အငြိမ်ဆုံးနဲ့ အစစ်မှန်ဆုံး အေးချမ်းမှုကို ပေးနိုင်ပါတယ်။

ဘဝကို အလဟဿမဖြစ်စေဘဲ အခုလက်ရှိအချိန်မှာပဲ အကောင်းဆုံး ရှင်သန်နေထိုင်ပါ။ လက်ရှိအချိန် (ပစ္စုပ္ပန်) မှာ သတိရှိရှိ နေထိုင်ခြင်းဟာ ကိုယ့်ဘဝအတွက် အမွန်မြတ်ဆုံး အချိန်ဖြစ်ပါတယ်။

Photo by Author

Sources:

Wikipedia – Twin Paradox
Britannica – Relativity & Gravitational Time Dilation
General Relativity (Einstein’s theory)
Physics and Philosophy: Entropy & Thermodynamics
Buddha’s Teachings on Mindfulness (Present Moment)

Click to rate this post!
[Total: 2 Average: 5]