The Corner

The Corner

cropped-Logo_round_grey-background.png

Pachamama ကယ်တော်မူပါ

Share မယ်

“ပျံသန်းတဲ့ငှက်ကို သူတို့မို့ ဖမ်းချင်တာ . . . . ရွှေလှောင်အိမ်မှာ ပျော်လို့မရပါ . . . ချစ်တဲ့ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ “

ဆိုသည့် သီချင်းလေးကို တစ်ချိန်က အလွန်နှစ်သက်မိခဲ့၏။ ရှမ်းသံလေး ခပ်ဝဲဝဲက သဘာဝသရုပ်ကို ပေါ်အောင် တမင်ဖြည့်ဆည်းပေးနေလို့လားမသိ။ တေးရေး ဆရာစိုင်းခမ်းလိတ်၏ သီချင်းများတွင် ဤကဲ့သို့ သဘာဝနှင့် ဆက်စပ်လျက် ရေးဖွဲ့လေ့ရှိသည်။ နောက်ဆုံးအပိုဒ်ဖြစ်သည့် ‘ချစ်တဲ့ချစ်သူရဲ့ ယုယမှုကိုရှာ’ ဆိုသည့် အပိုဒ်တွင် လူငယ်တို့သဘာဝတွင် ဖြစ်တည်တတ်သည့် ချစ်ခြင်းအကြောင်းဖြင့် နှိုင်းယှဉ်ရေးဖွဲ့ပြသွားသည်မှာ ကျွန်တော်တို့ လူငယ်ထုအတွက် အားကိုးစရာ လက်နက်ကြီးတစ်ခု ရလိုက်သလိုမျိုး ခံစားရစေခဲ့သည်။ ဟုတ်သည်။

ငှက်တို့မည်သည် ကောင်းကင်တွင်သာ လွတ်လွတ်လပ်လပ် ပျံသန်းခြင်းသည်သာ ငှက်၏ အဓိပ္ပာယ် ဖြစ်သလို၊ ပန်းဆိုသည်မှာလည်း ဖူးဖို့ပွင့်ဖို့သည်သာ ပန်း၏ လုပ်ငန်းစဉ်ဖြစ်သည်။ ထိုနည်းတူပင် လူမှန်လျှင်လည်း ချစ်ခြင်းဆိုသည်မှာ လူသားတိုင်း၏ ဖြစ်တည်ခွင့်ရှိပြီးသား အကြောင်းတစ်ရပ် ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည် မဟုတ်ပါလား။ ထို့ကြောင့် ရင်ခုန်တတ်စ လူငယ်များအတွက် ဆန့်ကျင်ဘက် ဆွဲအားများကို သံလိုက်တစ်ခုနှယ် စိတ်ဝင်စားမိသည်မှာ သဘာဝပင်ဖြစ်သည်။ မည်သည့်အကြောင်းနှင့်မျှ တားဆီးရန်မသင့်ဟု ဆရာလိတ်က ရေးဖွဲ့ပြခဲ့၍ ထို ‘သဘာဝ’ ဆိုသည့် သီချင်းကို အကြောင်းတစ်ခုခု ကြုံလာတိုင်း အားရပါးရ အော်ဟစ်သီဆိုခဲ့ကြရသည်။ (သို့သော်လည်း အသံသာ ဝင်၍သွားခဲ့သည်သာ အဖတ်တင်ခဲ့ပါသည်။)

မည်သို့ပင်ဖြစ်ပါစေ ထိုစဉ်ကတည်းက သဘာဝကို စိတ်ဝင်စားဖို့ရန်အတွက်ကိုမူ ရှေ့ဆောင်လမ်းပြခဲ့သည့် သီချင်းတစ်ပုဒ် ဖြစ်ခဲ့၏။ တစ်ချိန်က ယခုလို တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်မှု အားမကောင်းသေးသော်လည်း ကျွန်တော့်စာအုပ်ထဲတွင် တကူးတက ရေးမှတ်မိသည့် ဆုံးမစာတစ်ခုမှာ ”နောက်ဖေးလမ်းကြားတွင် မှောင်နေသည်ဟု ပြောနေမည့်အစား ဖယောင်းတိုင် ထွန်းပေးလိုက်ပါ” ဆိုသည့် တရုတ်အတွေးအခေါ် ပညာရှင် ကွန်ဖြူးရှပ်၏ စကားပင်ဖြစ်သည်။ ငယ်စဉ်က သိပ်ကြိုက်သည့် စကားလေးပင် ဖြစ်သည်။ (မှတ်ချက်။ ယခုမကြိုက်တော့ပါ။) ကိုယ်တိုင်လည်း ထိုနည်းနှင်နှင် ကျင့်သုံးဖြစ်သည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း ကမ္ဘာရွာကြီး ဖြစ်သည့်အခါတွင် ကွန်ဖြူးရှပ်အကြောင်းကို ပိုသိလာသည်။ သူ့အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းကိုလည်း ကြည့်ဖြစ်သည်။ သဘောကျစရာ အများကြီးရှိသည့်အထဲမှ ဆယ့်သုံးနှစ်ကြာ ပြည်နှင်ဒဏ် အပေးခံရပြီး ပြန်လာချိန်အခန်းမှာ ကျွန်တော် တစ်သက်တာ စွဲမက်ဖွယ်ရာအဖြစ် ကျန်ရစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ပြည်ဝင်ခန်းမှာ အခြားသူများကဲ့သို့ မဟုတ်။ ကျွန်တော် စိတ်အထင်ဆိုလျှင် တစ်ဦးတစ်ယောက်မျှ ရှိမည်မထင်။ မည်သူမဆို ကိုယ့်မွေးရပ်ဇာတိမှ ခွဲခွာသွားပြီး ပြန်လာခွင့်ရသည့်အချိန်တွင် မိမိ၏ ရှင်သန်ခွင့်ကို ထောက်ပံ့ပေးခဲ့သည့် ကိုယ့်မြေ၊ ကိုယ့်ရေကို ဦးညွှတ်ဖို့ သတိရကြလိမ့်မည် မဟုတ်သောကြောင့်ပင်တည်း။ ထိုထက် ကိုယ်ချစ်သော မိသားစုမှသည် ကိုယ်မွေးထားသည့် ခွေးကလေး၊ ကြောင်ကလေးများလောက်တွင်သာ တကုတ်တက ရှိနေကြသည်သာ။ ကိုယ့်မြို့သို့ အဝင်တွင် မည်သူမျှ ကိုယ့်မြေကို ဦးညွှတ်ကြလိမ့်မည် မဟုတ်။ သဘာဝ သက်မဲ့အပေါ်တွင် ကွန်ဖြူးရှပ်လောက် သိတတ်ကြလိမ့်မည် မဟုတ်။ သူ၏ လောကအပေါ်တွင် ထားသည့် မေတ္တာတရား နက်ရှိုင်းမှုကို မိမိရရ ပြတ်ပြတ်ထင်ထင် ဖြစ်မိခဲ့သည်။

သက်ရှိများ နေထိုင်နေကြသည့် ဒီကမ္ဘာကြီးတွင် သက်မဲ့များဖြစ်သည့် တော၊ တောင်၊ ရေ၊ မြေ၊ နေမင်း၊ လ အစရှိသည်တို့သည် သက်ရှိသတ္တဝါများအတွက် အရေးကြီးသည့် ထောက်ပံ့ခံ ပစ္စည်းများဖြစ်သည်။ ‘ငါတို့သည်သာ’ ဟူ၍ ကမ္ဘာလောကကြီးကို ထင်တိုင်းကြဲခွင့်မရှိ။ သက်မဲ့ဆိုပြီး ငါတို့ လုပ်ချင်တိုင်း လုပ်ခွင့်ရှိသည်ဟု မယူဆသင့်ပေ။ သက်မဲ့များသည် အသံမထွက်နိုင်သော်လည်း စီစဉ်တကျ လည်ပတ်နေခြင်းများက သက်ရှိများအတွက် သင်ခန်းစာများ ပေးနိုင်လေသည်။ ထိုနည်းတူပင် သက်ရှိသတ္တဝါများတွင်လည်း တိရိစ္ဆာန်နှင့် လူသားဟူ၍ ထပ်မံခွဲခြားရပေမည်။ ထိုထိုတိရိစ္ဆာန်များသည်လည်း လူသားများ အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့ကောင်းပင် မဟုတ်ပါလော။ သတ္တဝါများတွင် လူသားများက အင်အားအကြီးမားဆုံး ဖြစ်၍ တိရိစ္ဆာန်များအပေါ်တွင် ညှာတာထောက်ထားခြင်း မရှိပါက မျိုးသုဉ်းခြင်း အန္တရာယ်သည် လူသားများအပေါ်တွင်သာ ထိခိုက်မှု ရှိမည်ဖြစ်သည်။

ထို့ကြောင့်လည်း ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီးများတွင် အစားအသောက် စားသုံးသည်ကအစ အလေးတမူ ရှိကြသည်။ ငါတို့လူသားများအတွက် အစာအတွက် သက်မဲ့သော်လည်းကောင်း၊ တိရိစ္ဆာန်များသော်လည်းကောင်း ပျက်စီးဆုံးရှုံးပေးရသည် ဖြစ်၍ ကိုယ်လိုအပ်သည်ထက် မပိုစေရန်ကိုလည်း ကရုဏာရှေ့ထားလျက် စည်းစနစ်တကျ စားသုံးတတ်ကြသည်။ ဥပမာအနေဖြင့် ဂျပန်နိုင်ငံတွင် ကိုယ်စားသည့် အစားအစာကို အလဟဿ ဖြစ်သွားပါက စိတ်ဆိုးကြသည်။ ဂျာမနီနိုင်ငံတွင်မူ လူမှုဝန်ထမ်းဌာနမှ ဒဏ်ငွေ ဆောင်စေသည့်အထိ အရေးယူကြသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မူ ထိုသို့ သဘာဝအရင်းအနှီးများနှင့် ပတ်သက်၍ ဂရုတစိုက်ရှိမှု အားနည်းလှသည်။ တချို့ဆိုလျှင် အစာကို ကုန်အောင်မစားခြင်းကိုပင် ဂုဏ်ယူစရာ တစ်ခုလို ထင်မှတ်ကြသူများ ရှိသည်။ တချို့လူကြီးများဆိုလျှင် ထမင်းစားလျှင် နောက်ဆုံး တစ်လုပ်စာကို မစားဘဲ ချန်ထားရန်အတွက်ပင် လမ်းညွှန်ကြသည်။ လူသားများ၏ လုပ်အားနှုန်းကြောင့် ဖြစ်တည်လာသည့် အရာများဟုသာ ခံယူထားကြပုံရသည်။

သစ်ပင်ဆိုလျှင် လူစိုက်၍သာ ပေါက်သည်၊ ထို့ကြောင့် ငါခူးချင်သလို ခူးမည်၊ ငါစားချင်သလို စားမည်ဆိုသည့် အတွေးမျိုးသာ ဖြစ်သည်။ လူသားက စိုက်ပျိုးသည် ဆိုသော်လည်း သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားဖို့အတွက် သစ်ပင်၏ လုပ်အားနှုန်းကိုမူ မေ့ထားတတ်ကြသည်။ ကြက်မွေးသည်ဆိုလျှင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ “ဟေ့ မြို့က ဧည့်သည်တွေ လာတယ်ဟေ့” ဟုဆိုကာ လေးခွယူ၍ အနီးဆုံးတွင်ရှိသည့် ကြက်ကို ပစ်သတ်ကျွေးလိုက်ရသည်ကိုပင် အားပါးတရ တလှိုက်တလဲ ရှိတတ်သည်။ ထိုကြက်သည် ပစ်သတ်သင့်သည့် ကြက်တစ်ကောင်လား (သို့မဟုတ်) ထိုကြက်သည် ဤအရွယ်ရောက်ဖို့ မည်သို့ ရုန်းကန်နေရသည်ကိုမူ စဉ်းစားဖို့ရန် အကြောင်းတရားတစ်ခုအဖြစ် မည်သည့်အခါမျှ မတည်ရှိခဲ့ပေ။

ဤသို့ အတွေးများရှိနေစဉ်တွင် The Corner အယ်ဒီတာအဖွဲ့မှ ပေးဖတ်သည့် Guardian မဂ္ဂဇင်းတွင် ပါသည့် ဆူးမဲ့ပျားအကြောင်းကို ဖတ်လိုက်မိသည်။ Damien Gayle ရေးသည့် ထိုဆူးမဲ့ပျားအကြောင်း ဖတ်ပြီး မည်သို့ပြောရမှန်း မသိအောင် ဝမ်းသာမိသည်။ အဘယ်ကြောင့်ဆိုသော် ပျားအမျိုးအစားများစွာထဲတွင် ဤကဲ့သို့ အဆိပ်မရှိသည့် ပျားများကိုမှ ဥပဒေအရ တရားဝင် အကာအကွယ်ပေးမည် ဖြစ်သောကြောင့်ပင်တည်း။ ပျားဆိုသည့်အတိုင်း ပျားများမှရသည့် ပျားရည်သည် တန်ဖိုးကြီးလှသည်။ မြန်မာ့ရိုးရာ ဆေးကျမ်းများတွင်သာမက ခေတ်မီဆေးဝါးများတွင်လည်း ပျားရည်ပါဝင်နေသည့် ဆေးအမျိုးအစားပေါင်းများစွာ ရှိလှသည်။ ရပ်ကွက်ထဲရှိ သစ်ပင်တစ်ပင်၌ ပျားအုံတစ်အုံ တွေ့မိပါက ထိုပျားအုံကို ဖွတ်ချင်သည့်သူများမှာ ဒုနဲ့ဒေး ဖြစ်သည်။

ထိုမျှ လူကြိုက်များလှသည့် ပျားရည်ကို အတုလုပ်ရောင်းချကြသူများကလည်း များမှများ။ သို့သော်လည်း ဤမျှ တန်ဖိုးရှိလှသည့် ပျားရည်ကို မည်သို့ များများစားစားရအောင် ဖန်တီးမည်ဆိုသည်ကို မတွက်ဆ။ အလွယ်တကူ ဖန်တီးနိုင်သည့် အတုလုပ်ခြင်းဘက်သို့သာ အားသာသွားတတ်ကြသည်။ ကျွန်တော်တို့ဆီတွင် မွေးမြူရေးပျားလုပ်ငန်းများ ရှိသော်လည်း အဘယ်ကြောင့် ထိရောက်မှုမရှိသနည်း ဆိုသည်မှာလည်း စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပင် ဖြစ်သည်။

ယခု ဆူးမဲ့ပျားဆိုသည်က ထိုသို့ အဆိပ်မရှိ။ သူတို့ကို ရန်မူလာသူများကို ရင်ဆိုင်ရာတွင် နည်းပရိယာယ်ကိုသာ သုံး၍ ရင်ဆိုင်နိုင်သည်။ အခြားပျားများကဲ့သို့ မိမိ၏ အဆိပ်ကို အားကိုး၍မရသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ရွှေရောင်၊ မဟူရာ သို့မဟုတ် အစင်းကြောင်းများ ပါသော ဒန်ဒီလီယွန်ပန်းနှင့် သစ်ကြပိုးကဲ့သို့ အရောင်များစွာ ရှိသည်။ ၎င်းတို့၏ မျက်လုံးများသည် ပုတီးစေ့ကဲ့သို့ အနက်ရောင်၊ မီးခိုးရောင် သို့မဟုတ် အပြာရောင်-အစိမ်းရောင်တို့ ရှိနိုင်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပဲစေ့ကဲ့သို့ သေးငယ်သော်လည်း စပျစ်သီးကဲ့သို့လည်း ကြီးမားနိုင်သည်။ သို့သော် ဆူးမရှိသောပျားများ၏ အံ့သြဖွယ် အကောင်းဆုံးမှာ ၎င်းတို့မှရသော ပျားရည်များဖြစ်ပြီး အစားအစာနှင့် ဆေးဝါးအတွက် အသုံးပြုရန် ပိုမိုရှာဖွေလာကြသည်။

ဆူးမဲ့ပျားများထံမှ ရရှိသော ပျားရည်နှင့် ဖယောင်း အမျိုးမျိုးကို အသုံးပြု၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်း၊ အရေပြားပြဿနာများ၊ အစားအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများအပြင် ဆီးချိုနှင့် ကင်ဆာရောဂါများကိုပင် ကုသရာ၌ အသုံးပြုနေကြပြီ ဖြစ်သည်။ ပီရူးနိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှ Kukama-Kukamiria တိုင်းရင်းသား ပျားမွေးမြူရေးသမား တစ်ဦးဖြစ်သူ Heriberto Vela Córdova ကလည်း “ကျွန်တော်တို့က ဒီပျားရည်ကို အစားအစာနဲ့ ဆေးဝါးအဖြစ် အသုံးပြုပါတယ်။ အစားအစာအနေနဲ့ ကော်ဖီ၊ ပေါင်မုန့်တွေနဲ့ တွဲစားသလို၊ ဆေးဝါးအနေနဲ့ဆိုရင် လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာ၊ အပူလောင်တာ၊ အရေပြား ရှနာတာတွေ၊ အအေးမိတာနဲ့ အဆစ်အမြစ်ရောင် ရောဂါတွေမှာ အသုံးပြုပါတယ်” ဟု ရိုးရာနည်းလမ်းများကို ပြောပြခဲ့သည်။

အမေဇုန်ဒေသ၏ ကျယ်ပြန့်လှသော အပင်မျိုးစုံများနှင့် ထိုအပင်များမှ ရရှိသည့် ရုက္ခဗေဒဆိုင်ရာ ဓာတုပစ္စည်းများက ပျားရည်နှင့် ဖယောင်းများအတွင်း ပါဝင်နေကြသဖြင့် ၎င်းတွင် ဆေးဘက်ဝင် တန်ဖိုးများ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ တချို့သူများကဆိုလျှင် ထိုပျားရည်ကို “အံ့ဖွယ်အရည်” (Miracle liquid) ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ဆူးမဲ့ပျားသည် ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ပျားမျိုးစိတ်တစ်ခု ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း၌ မျိုးစိတ်ပေါင်း (၅၀၀) ခန့် ရှိသည့်အနက် ထက်ဝက်ကျော်ခန့်သည် အမေဇုန်တောတွင် ရှင်သန်ကြသည်။ အမေဇုန်တောမှ အပင်မျိုးစိတ် ၈၀% ကျော်သည် ဆူးမဲ့ပျားများ၏ ဝတ်မှုန်ကူးပေးမှုအပေါ်တွင် တည်မှီနေသည်။ ကော်ဖီ၊ ကိုကိုး (ချောကလက်) နှင့် ထောပတ်သီး စသော သီးနှံများကို အဓိက ဝတ်မှုန်ကူးပေးနေခြင်း ဖြစ်သည်။

“ဒီပျားလေးတွေထဲမှာ ကျွန်တော်တို့ရဲ့ ဘိုးဘွားစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ရိုးရာအသိပညာတွေ ကိန်းအောင်းနေပါတယ်။ သူတို့ဟာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တာဖြစ်ပြီး ကျွန်တော်တို့နဲ့ မိုးသစ်တောကြီးကြား အတူယှဉ်တွဲ နေထိုင်မှုကို ထင်ဟပ်နေပါတယ်” ဟု Asháninka အဖွဲ့အစည်း ဥက္ကဋ္ဌ Apu Cesar Ramos က ပြောခဲ့သည်။ သို့သော်လည်း “အရင်က တောထဲကို မိနစ် (၃၀) လောက် လမ်းလျှောက်ရုံနဲ့ ပျားအုံတွေကို တွေ့နိုင်ပေမယ့် အခုအခါမှာတော့ နာရီပေါင်းများစွာ ရှာဖွေရတဲ့အထိ ပျားအရေအတွက် လျော့နည်းသွားပါတယ်။ စက်မှုစိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ဝေးကွာတဲ့ တောနက်ထဲမှာ ရှိနေပေမယ့်လည်း ဒီပျားလေးတွေရဲ့ ပျားရည်ထဲမှာ ပိုးသတ်ဆေး အကြွင်းအကျန်တွေကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်” ဟု ဆူးမဲ့ပျားများအကြောင်း သုတေသန ပြုလုပ်နေသည့် Espinoza က သတိပေးခဲ့သည်။ ထို့အပြင် ၁၉၅၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ၌ ပျားရည်ပိုထွက်အောင် မျိုးစပ်ရာမှ မျိုးစိတ်အသစ်တစ်ခု ဖြစ်လာသည့် “အာဖရိကမျိုးစပ် လူသတ်ပျား” (Africanised killer bees) များသည် နဂိုမူလ ဆူးမဲ့ပျားများကို အန္တရာယ်ပေးနေလေသည်။

ထို့ကြောင့် ပီရူးနိုင်ငံတွင် ဆူးမဲ့ပျားများ၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် Satipo and Nauta ဒေသတို့၌ ကမ္ဘာ့ပထမဆုံး ပျားမျိုးစိတ်ကို ကာကွယ်ပေးမည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ပီရူးတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြဋ္ဌာန်းဖို့ရန်အတွက်လည်း Avaaz အဖွဲ့၏ တောင်းဆိုမှုကိုလည်း လူပေါင်း ၃၈၆,၀၀၀ ကျော်မှ ထောက်ခံလက်မှတ် ရေးထိုးထားကြသည်။ ဤကဲ့သို့ ဥပဒေ ပြဋ္ဌာန်းလိုက်နိုင်သည့်အတွက် ဆူးမဲ့ပျားများ မျိုးမသုဉ်းအောင် ကာကွယ်ပေးခြင်း၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုကင်းပြီး ဂေဟစနစ်ဖြင့် လိုက်လျောညီထွေသည့် ပတ်ဝန်းကျင်တွင် ရှင်သန်ကြီးထွားခွင့် ရရှိစေခြင်း၊ ၎င်းတို့ကို တစ်စုံတစ်ယောက်က ထိခိုက်အောင် သို့မဟုတ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာလျှင် တရားရုံး၌ ၎င်းတို့ကိုယ်စား အမှုရင်ဆိုင်ပေးသော ရှေ့နေ (သို့မဟုတ်) ကိုယ်စားလှယ် ရှိခွင့်တို့ကို ရရှိသွားမည်ဖြစ်သည်။

ထို့ကြောင့် ပီရူးအမေဇုန်ရှိ ဆူးမဲ့ပျားများ၏ အနာဂတ်သည် လွတ်လပ်စွာ ရှင်သန်ကြီးထွားခွင့်အတွက် အခွင့်အရေးတစ်ရပ်အဖြစ် ဆိုက်ရောက်လာပြီ ဖြစ်သော်လည်း တကယ့်လက်တွေ့တွင် ပြဿနာများစွာ ဖြေရှင်းဖို့ရန် အချိန်ယူရလိမ့်ဦးမည် ထင်သည်။ အထူးသဖြင့် လူသားများ၏ စာနာထောက်ထားမှုများ ပွားများလာနိုင်မှုက အဓိကကျမည် ထင်သည်။ သို့တည်းမဟုတ်လျှင် ဥပဒေအကြောင်းအရ အကာအကွယ် ရှိထားပါသော်လည်း ဥပဒေထိရောက်ဖို့ဆိုသည်မှာ လက်တစ်လုံးခြား ညဉ်ဆိုးများ လျော့နည်းသွားမှ ဖြစ်ပေလိမ့်မည်။

ဤသို့လျှင် ဥပဒေပြဋ္ဌာန်းပြီးသား လူသားတို့အတွက်မှသည် တိရိစ္ဆာန်များထဲတွင် အသေးငယ်ဆုံး ဖြစ်သည့် ဆူးမဲ့ပျားကို ဥပဒေအရ အကာအကွယ်ပေးသည့် ပထမနိုင်ငံမှာ ပီရူးဖြစ်သော်လည်း သက်မဲ့ သဘာဝတရားအတွက်ပါ ထည့်သွင်း၍ ပထမဆုံး ဥပဒေပြဋ္ဌာန်းသည့် နိုင်ငံမှာ အီကွေဒေါဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် အဖွဲ့ဝင် ၁၃၀ ဦးပါ အီကွေဒေါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ညီလာခံသည် သဘာဝနှင့် ဂေဟစနစ်များအတွက် အခွင့်အရေးများကို အသိအမှတ်ပြုသည့် ပုဒ်မများကို အတည်ပြုရန် မဲပေးခဲ့ကြသည်။

သဘာဝတရားအတွက် အခွင့်အရေးများအဖြစ်

ပုဒ်မ ၁။ သက်ရှိများ ရှင်သန်ပေါက်ဖွားရာနှင့် တည်ရှိရာဖြစ်သော သဘာဝတရား သို့မဟုတ် ပါချာမာမား (Pachamama) (“မြေကမ္ဘာမိခင်” (Mother Earth) နတ်ဘုရားမ ဖြစ်ပါသည်။ သူမသည် သဘာဝတရား၊ စကြဝဠာ၊ မျိုးအောင်ခြင်းနှင့် သက်ရှိအားလုံး၏ အရင်းအမြစ်ကို ကိုယ်စားပြုသည်။) သည် တည်ရှိခွင့်၊ ဆက်လက်ရှင်သန်ခွင့်၊ ၎င်း၏ အသက်ရှင်သန်မှု သံသယဖြစ်စဉ်များ၊ တည်ဆောက်ပုံများ၊ လုပ်ဆောင်ချက်များနှင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် ပြန်လည်ဖြစ်ထွန်းစေခွင့် အခွင့်အရေးများ ရှိသည်။ မည်သူမဆို၊ လူမျိုးစုမဆို၊ လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံသားမဆို သဘာဝတရား၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် အစိုးရအဖွဲ့အစည်းများထံ တောင်းဆိုပိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးများကို ကျင့်သုံးခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော သက်ဆိုင်ရာ အခြေခံမူများနှင့်အညီ ဖြစ်စေရမည်။ (သဘာဝတရားကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ သတ်မှတ်ခြင်း) ဤဥပဒေသည် သဘာဝတရားကို လူသားများကဲ့သို့ပင် တရားဝင် အခွင့်အရေးရှိသော အရာတစ်ခုအဖြစ် ကမ္ဘာပေါ်တွင် ပထမဆုံး အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ (ကာကွယ်စောင့်ရှောက်ခွင့်) သဘာဝတရား ပျက်စီးသွားပါက ၎င်း၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် (Regenerate) လုပ်ဆောင်ပေးရမည့် အခွင့်အရေးကို အလေးပေးထားသည်။ (မည်သူမဆို တရားစွဲဆိုနိုင်ခြင်း) သဘာဝတရား ပျက်စီးအောင် လုပ်ဆောင်မှုများ ရှိပါက မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမဆို သဘာဝတရားကိုယ်စား တရားဥပဒေအရ ကာကွယ်ပေးရန် တောင်းဆိုနိုင်ပါသည်။

ပုဒ်မ ၂။ သဘာဝတရားသည် ၎င်း၏ မူလအခြေအနေသို့ အလုံးစုံ ပြန်လည်ရောက်ရှိစေရန် ပြုပြင်ထိန်းသိမ်းခံပိုင်ခွင့် (Integral Restoration) ရှိသည်။ ဤသို့ အလုံးစုံ ပြန်လည်ပြုပြင်ခြင်းသည် သဘာဝစနစ်များအပေါ် မှီခိုနေကြရသော လူပုဂ္ဂိုလ်များနှင့် လူ့အဖွဲ့အစည်းများအား လျော်ကြေးပေးရန် သဘာဝပုဂ္ဂိုလ်များ၊ ဥပဒေအရ ဖြစ်တည်သော အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံတော်တွင် ရှိသည့် တာဝန်ဝတ္တရားများနှင့် သီးခြားစီဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်သော သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအပါအဝင် ပြင်းထန်သော သို့မဟုတ် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပွားပါက နိုင်ငံတော်အနေဖြင့် အထိရောက်ဆုံးသော ပြန်လည်ပြုပြင်ရေး ယန္တရားများကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုးကျိုးသက်ရောက်မှုများကို ဖယ်ရှားရန် သို့မဟုတ် လျှော့ချရန်အတွက် သင့်လျော်သော အစီအမံများကို ချမှတ်ရမည်။ (သီးခြားစီဖြစ်ခြင်း) သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမိသူသည် လူသားများကို လျော်ကြေးပေးရုံနှင့် မလုံလောက်ဘဲ သဘာဝတရားကိုပါ ၎င်း၏ မူလအခြေအနေအတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ပေးရမည့် (Restoration) တာဝန် ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ (နိုင်ငံတော်၏ တာဝန်) သယံဇာတ တူးဖော်ခြင်း (ဥပမာ – ရေနံ သို့မဟုတ် သတ္တုတူးဖော်ခြင်း) ကြောင့် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးပါက နိုင်ငံတော်က ၎င်းကို ပြန်လည်ကုစားရန် တာဝန်ယူရမည်ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

ပုဒ်မ ၃။ နိုင်ငံတော်သည် သဘာဝပုဂ္ဂိုလ်များ၊ ဥပဒေအရ ဖြစ်တည်သော အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများက သဘာဝတရားကို ကာကွယ်စောင့်ရှောက်လာစေရန် တိုက်တွန်းအားပေးရမည်။ ထို့ပြင် ဂေဟစနစ်ကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းအားလုံးအပေါ် လေးစားသမှု ရှိလာစေရန် နိုင်ငံတော်က မြှင့်တင်ဆောင်ရွက်ရမည်။ (နိုင်ငံတော်၏ အခန်းကဏ္ဍ) နိုင်ငံတော်သည် ဥပဒေထုတ်ရုံတင်မကဘဲ ပြည်သူများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအားလုံး သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းလာစေရန် စည်းရုံးလှုံ့ဆော်ပေးရမည့် တာဝန်ရှိကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ (ဂေဟစနစ်တစ်ခုလုံးကို လေးစားခြင်း) အပင် သို့မဟုတ် သတ္တုသယံဇာတ တစ်ခုတည်းကိုသာမကဘဲ မြေကြီး၊ ရေ၊ လေနှင့် ဇီဝမျိုးစုံမျိုးကွဲများ စုစည်းထားသည့် ဂေဟစနစ် (Ecosystem) တစ်ခုလုံးကို တန်ဖိုးထားရန် ရည်ရွယ်ပါသည်။

ပုဒ်မ ၄။ နိုင်ငံတော်သည် မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း သို့မဟုတ် သဘာဝသံသယဖြစ်စဉ်များ အမြဲတမ်း ပြောင်းလဲသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် လုပ်ဆောင်မှုအားလုံးတွင် ကြိုတင်ကာကွယ်မှုနှင့် ကန့်သတ်မှုဆိုင်ရာ အစီအမံများကို ကျင့်သုံးဆောင်ရွက်ရမည်။ နိုင်ငံ၏ မျိုးရိုးဗီဇဆိုင်ရာ အမွေအနှစ်များ (Genetic Patrimony) ကို အပြီးတိုင် ပြောင်းလဲပစ်နိုင်သော သက်ရှိများ၊ အော်ဂဲနစ် (Organic) နှင့် အော်ဂဲနစ်မဟုတ်သော (Inorganic) ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ထည့်သွင်းခြင်းကို တားမြစ်သည်။ (ကြိုတင်ကာကွယ်မှု (Precaution)) ပတ်ဝန်းကျင် ပျက်စီးနိုင်ခြေရှိလျှင် ထိုပျက်စီးမှု အမှန်တကယ် ဖြစ်မလာမီ နိုင်ငံတော်က ကြိုတင်တားဆီးပိုင်ခွင့်ရှိကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ (မျိုးရိုးဗီဇအမွေအနှစ်ကို ကာကွယ်ခြင်း) ဤအပိုဒ်သည် အထူးသဖြင့် မျိုးရိုးဗီဇ ပြုပြင်ထားသော သက်ရှိများ (GMOs) သို့မဟုတ် ပြင်ပမှ ကျူးကျော်မျိုးစိတ်များ (Invasive Species) ကြောင့် ဒေသမျိုးရင်း အပင်နှင့် တိရိစ္ဆာန်များ၏ မျိုးရိုးဗီဇ ပျက်စီးသွားခြင်းကို တားမြစ်ရန် ရည်ရွယ်ပါသည်။

ပုဒ်မ ၅။ လူပုဂ္ဂိုလ်များ၊ လူမျိုးစုများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများအားလုံးသည် ကောင်းမွန်သော လူနေမှုဘဝကို ရရှိစေမည့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ ကြွယ်ဝမှုများမှ အကျိုးခံစားခွင့် ရှိသည်။ (မျှတမှုရှိခြင်း) ဤအပိုဒ်သည် သဘာဝတရားကို ကာကွယ်ရုံတင်မကဘဲ လူသားများအနေဖြင့်လည်း သဘာဝတရားထံမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားပိုင်ခွင့်ရှိကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ (ကောင်းမွန်သော လူနေမှုဘဝ (Sumak Kawsay)) ဤအခွင့်အရေးသည် အင်န်ဒီးစ်ဒေသ ဌာနေတိုင်းရင်းသားတို့၏ “ကောင်းမွန်စွာ ရှင်သန်နေထိုင်ခြင်း” (Buen Vivir) ဆိုသည့် အယူအဆနှင့် ဆက်စပ်နေပြီး သဘာဝတရားနှင့် လူသားတို့ ဟန်ချက်ညီညီ ယှဉ်တွဲနေထိုင်ကာ သာယာဝပြောမှုကို ရရှိစေရန် ရည်ရွယ်ပါသည်။ (ဤအချက်အလက်များမှာ အီကွေဒေါနိုင်ငံ ဥပဒေအချက်အလက်များကို သိနိုင်ရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ အချက်အလက်များ မှားယွင်းနိုင်ပါသည်။ – စာရေးသူ)

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးရှိ လူသားတိုင်း ကြုံတွေ့နေကြရသည်က ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များကို သိသိသာသာ ခံစားနေကြရခြင်းပင် ဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ မြစ်များနှင့် ရေဝေရေလဲဒေသများ ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုနှင့် ညစ်ညမ်းမှုများကြောင့် ပတ်ဝန်းကျင် ကျန်းမာရေးသည် အကောင်းဘက်သို့ ဦးတည်နေခြင်းမရှိကြောင်း သိသာလှပေသည်။ သဘာဝတရားကို ကုန်စည်တစ်ခုအဖြစ် သဘောထားပြီး ရေတိုအကျိုးအမြတ်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချကြသည်။

ဤအမြတ်ထုတ်မှုကြောင့် သဘာဝတရား၏ ကမ္ဘာလုံးဆိုင်ရာ ယိုယွင်းပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ကြောင်းကို မည်သူမျှ ငြင်းဆန်ကြလိမ့်မည် မထင်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း သဘာဝတရားသည် အသံမထွက်နိုင်သော်လည်း သူ၏ဖြစ်စဉ်များမှ သင်ခန်းစာပေးနိုင်သည် ဆိုသလိုပင် ယနေ့ကမ္ဘာကြီးသည် သဘာဝတရားများ၏ အစီအစဉ်ကျနမှုများ သွေဖီလာသည်နှင့်အမျှ လူသားများအပေါ် ဆိုးကျိုးများ ခံစားနေရပြီဖြစ်သည်။ လူသား၏ စွမ်းအားဖြင့် နိုင်ငံတစ်ခုလုံး ပျက်စီးသွားနိုင်သည့် လက်နက်များ တီထွင်နိုင်သော်လည်း ထိုနိုင်ငံကို ပြန်လည်ထူထောင်နိုင်သည်။ သဘာဝတရား ပျက်ယွင်းမှုသည်ကား နိုင်ငံတစ်နိုင်ငံလို ပြန်လည်ထူထောင်၍ မရပေ။ ကမ္ဘာပေါ်တွင် ရှင်သန်နေထိုင်နေကြသည့် သက်ရှိသက်မဲ့အားလုံးကို ညီညွတ်မျှတအောင် ကြိုးစားကြမှသာ ဖြစ်ပေလိမ့်မည်။ ကျွန်တော် ကျောင်းသားဘဝက သူငယ်ချင်းတစ်ယောက် ပြောဖူးသည်ကို အမှတ်ရမိသည်။

“ကမ္ဘာကြီးက 23½° တိမ်းစောင်းပြီး လည်နေတာဆိုရင် ကမ္ဘာ့ဝင်ရိုးကိုသွားပြီး ဗုံးဖောက်ခွဲလိုက်ရင် ကမ္ဘာကြီးကို အလွယ်တကူ ဖျက်ပစ်လို့ ရနိုင်တယ်ကွ” တဲ့။ သို့တည်းမဟုတ်လျှင် ကျွန်တော် သူငယ်ချင်း ကြံကြံဖန်ဖန် တွေးသလို ကမ္ဘာပျက်စီးရန် ကမ္ဘာ့ဝင်ရိုးတွင် သွားထောင်မည့်ဗုံးမှာ မဟာလူသားဝါဒမှတစ်ပါး အခြားရှိတော့မည် မထင်ပေ။ ဤသို့ဆိုလျှင် မြေကမ္ဘာနတ်ဘုရားမဖြစ်သည့် ပါချာမာမာ ကယ်တော်မူပါဟု အော်ရုံမှတစ်ပါး . . . . . . . . . .

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်

ဘရာဇီးနိုင်ငံက အတ်တလန်တစ် တောအုပ်၊ တောတွင်းရှိ တရိစ္ဆာန်များကို အကာအကွယ် ပေးနိုင်ရန် လှုပ်ရှားသူက ကြိုးစားနေကြသည်။ (Photo: The Guardian)

ရည်ညွှန်း

“Rights of Nature: A Global Movement”

The Guardian and The Observer (Tue, 30 Dec 2025)

https://www.nationalgeographic.com/animals/article/stingless-bees-honey-helping-peruvian-amazon

https://www.tandfonline.com/doi/full/10.1080/00218839.2017.1339520

Click to rate this post!
[Total: 2 Average: 5]