The Corner

The Corner

cropped-Logo_round_grey-background.png

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

Share မယ်

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး
မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်

ရွေးကောက်ခံ အကြီးအကဲအသစ် တာကစ်ရာမန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဥ် (Photo: AtlasPress)

“အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။ ၎င်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်မှုရှိသော ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤရွေးကောက်ပွဲသည် စောစောပိုင်းတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည့် စိုးရိမ်မှုများ ရှိခဲ့သော်လည်း အငြိမ်းချမ်းဆုံးနည်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယိုင်နဲ့နေသည့် ဒီမိုကရေစီစနစ် နောင်အနာဂတ်တွင် ပျက်စီးမသွားစေရန် မဲဆန္ဒရှင်ပေါင်း ၇၀ ရာခိုင်နှုန်းနီးပါးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် တောင့်တင်းခိုင်မာသော အပြန်အလှန် ထိန်းကျောင်းသည့်စနစ်ကို အတည်ပြုရန် ထောက်ခံမဲ ပေးခဲ့ကြသည်။

တာကစ် ရာမန် ပါတီခေါင်းဆောင်ဘဝက ကြားဖြတ်အစိုးရကို ဦးဆောင်သူ မစ္စတာ ယူနွတ်နှင့်အတူ တွေ့ရစဥ် (Photo: The Diplomat)

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာဝါဂျစ်၏ အဝါမီအဖွဲ့ချုပ် (Awami League) ပါတီသည် အတုအယောင် ရွေးကောက်ပွဲများကို စိတ်ကြိုက်လှည့်ဖြား ကျင်းပခဲ့သည်။ အတိုက်အခံများကို ဖမ်းဆီးထောင်ချခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် နိုင်ငံတော်အဖွဲ့အစည်း အသီးသီးတွင်လည်း ၎င်းတို့အလိုတော်ကျများကိုသာ နေရာပေးထားခဲ့သည်။ အကျိုးဆက်အနေဖြင့် ကျောင်းသားများ ဦးဆောင်သည့် “မုတ်သုံတော်လှန်ရေး” ပေါ်ပေါက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လူပေါင်း ၁၄၀၀ ခန့် အသက်ပေးဆပ်ကာ အစိုးရယန္တရားကို ဖြုတ်ချနိုင်ခဲ့သည်။ ပြီးခဲ့သည့် ၁၈ လအတွင်း ကြားဖြတ်အစိုးရအဖွဲ့သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာယူနွတ်၏ ဦးဆောင်မှုအောက်တွင် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။

အသစ်တစ်ဖန် ပြန်လည်စတင်ရန် ကြိုးပမ်းမှုများတွင် မဲဆန္ဒရှင်များက ရှေးရိုးစွဲ လူဟောင်းကြီးများ၏ ပါတီကို ယုံကြည်မှု ပေးခဲ့ကြသည်။ သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များက ၎င်းတို့ ပါတီတာဝန်ယူခဲ့စဉ်က အကျင့်ဟောင်း၊ စရိုက်ဟောင်းများမှာ အရိုးစွဲနေဆဲ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ တန်းစီဇယားတွင် ဘင်္ဂလားဒေ့ရှ်သည် ငါးနှစ်ဆက်တိုက် ကမ္ဘာ့အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ဖူးသည်။ နိုင်ငံရေး မျိုးရိုးမြင့်တစ်ဦးဖြစ်သည့် မစ္စတာရာမန်သည်လည်း အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စိမ်းနေသည့် လူစားမျိုးတော့ မဟုတ်ပေ။ သမ္မတဟောင်း ဖခင်နှင့် ဝန်ကြီးချုပ်ဟောင်း မိခင်ဖြစ်သူ တို့ကို ဆက်ခံသည့် နိုင်ငံရေး မျိုးဆက် ‘သား’ တစ်ဦးအဖြစ် လန်ဒန်တွင် နှစ်ပေါင်းများစွာ နေခဲ့ပြီး ဘီအန်ပီပါတီကို အဝေးကနေ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

ယခုအခါ မစ္စတာရာမန်သည် ပိုမိုရိုးသားဖြောင့်မတ်သည့် ပါတီတစ်ရပ်ကို ဦးဆောင်နေကြောင်း လက်တွေ့သက်သေပြရတော့မည် ဖြစ်သည်။ ၎င်းသည် လန်ဒန်မြို့ဆင်ခြေဖုန်းတွင် ၁၇ နှစ်ကြာ နေထိုင်ခဲ့သည့် အတွေ့အကြုံမှာလည်း ပြန်လည် သုံးသပ်စရာ ဖြစ်နေသည်။ ရွေးကောက်ပွဲ မတိုင်ခင်က BNP ဌာနချုပ်တွင် နိုင်ငံခြားပြန်များဖြင့် စည်ကားနေခဲ့ပြီး ၎င်းကိုယ်တိုင်ကလည်း အဂတိလိုက်စားမှုကို အာဘောင်အာရင်းသန်သန်ဖြင့် ထိထိမိမိ စည်းရုံးဟောပြောနိုင်ခဲ့သည်။ သို့သော် ၎င်းပြောသည့်အတိုင်း ဟုတ်မဟုတ်ဆိုသည်မှာ ယခုမှ စတင်စမ်းသပ်ခံရမည် ဖြစ်သည်။

ပထမဆုံးစိန်ခေါ်မှုမှာ ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေး ဖြစ်သည်။ ဤလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် ရွေးကောက်ပွဲတွင် ခြောက်နေရာသာ အနိုင်ရခဲ့သဖြင့် စိတ်ပျက်နေကြသော မျိုးဆက်သစ် (Gen-Z) လူငယ်များကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်လာအောင် ဆွဲဆောင်ရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အစ္စလာမ် ဘာသာရေးအခြေခံ ပါတီများသည်လည်း အဓိက အတိုက်အခံ အင်အားစုအဖြစ် ပေါ်ထွက်လာသည်။ အဝါမီအဖွဲ့ချုပ်ကို ထောက်ခံသူများမှာမူ ပါတီကို ပိတ်ပင်ထားသဖြင့် အိမ်ထဲမှာပင် အေးအေးဆေးဆေး နေထိုင်ခဲ့ကြပုံရသည်။ အဝါမီအဖွဲ့ချုပ် မည်သည့်အချိန်တွင် နိုင်ငံရေးလောကသို့ ပြန်ဝင်လာနိုင်မည်ဆိုသည်မှာ တရားရုံးများ၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်လိမ့်မည်။

လူထုဆန္ဒခံယူပွဲက ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ခြင်းနှင့် အထက်လွှတ်တော်သစ် ဖွဲ့စည်းခြင်းစသည့် ဒီမိုကရေစီနည်းကျ ထိန်းကျောင်းမှုဘောင်များ (Democratic Guardrails) ကို ချမှတ်ပေးခဲ့သော်လည်း အာဏာရ BNP ပါတီသည် ယင်းစနစ်မှာ ၎င်းတို့အာဏာကို ကန့်သတ်မည်ကို သိသဖြင့် ကန့်ကွက်မဲပေးရန် တိတ်တဆိတ် လှုံ့ဆော်ခဲ့ကြသည်။ ယခုအခါ ၎င်းတို့စိတ်ကြိုက် ရွေးချယ်အသုံးချနိုင်ရန် ဆင်ခြေများ ရှာနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဒုတိယစိန်ခေါ်ချက်မှာ စီးပွားရေး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် လာမည့် နိုဝင်ဘာလတွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအုပ်စု (LDCs) မှ နှုတ်ထွက်ရန် ရှိနေသဖြင့် ကုန်သွယ်ရေးနှင့် ချေးငွေဆိုင်ရာ အထူးအခွင့်အရေးများ ဆုံးရှုံးတော့မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ခရိုနီများက ပြည်ပသို့ မှောင်ခိုထုတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကို ပြန်လည်ခြေရာခံရန် အစိုးရက ကြိုးပမ်းနေရသည်။ ဘဏ္ဍာရေး ဝန်ကြီးသစ် အမီယာခါဆရူးမာမွတ်ချောင်ဒရီ၏ လုပ်ငန်းစဉ်များတွင် ကြိုးနီစနစ် လျှော့ချရေး၊ အခွန်ရရှိမှု မြှင့်တင်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရေးတို့ ပါဝင်နေသည်။

နောက်ဆုံးအချက်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သံတမန်များကြား “ဂုဏ်သိက္ခာ” (Dignity) ဟူသော စကားလုံးမှာ ခေတ်စားနေသည်။ ရှိတ်ဟာဆီနာ လက်ထက်က ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ၏ ဖောက်သည်တစ်ဦးကဲ့သို့ ဖြစ်ခဲ့သည်ဟု ဝေဖန်မှုများ ရှိသည်။ ယခုအခါ ရှိတ်ဟာဆီနာသည် နယူးဒေလီတွင် ခိုလှုံနေဆဲ ဖြစ်ပြီး ၎င်းကို မျက်ကွယ်တွင် သေဒဏ်စီရင်ချက် ချမှတ်ထားသည်။

BNP ပါတီသည် ကြားဖြတ်အစိုးရထက် ပိုမိုလက်တွေ့ကျသည့် လေသံမျိုးဖြင့် ပြောဆိုလေ့ရှိသော်လည်း ဝန်ကြီးဟောင်း ရှိတ်ခ်ဟာဆီနာ လက်ထက်က ဆောင်ရွက်ခဲ့သည့် ရေဝေရေလဲကိစ္စ၊ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေး သဘောတူညီချက်ဟောင်းများကို ပြန်လည်ညှိနှိုင်းရန် လိုအပ်နေသေးသည်။ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် မစ္စတာရာမန်က အမေရိကန်နိုင်ငံက တင်သွင်းလာသော “ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်သာ ပထမ” (Bangladesh First) ဟု ကြေညာလိုက်ရာ လက်ခုပ်ဩဘာသံများ မစဲတော့ပေ။

Ref: The Economist, February 21st to 27th

Click to rate this post!
[Total: 0 Average: 0]