ကားအသစ်တွေ အမြောက်အမြား တင်ပို့နိုင်တာဟာ ကားဝယ်သူတွေအတွက် သတင်းကောင်းပေါ့။ ဒါပေမဲ့ ကမ္ဘာပေါ်က ကားထုတ်လုပ်သူတွေ အတွက်တော့ အဲဒီလို ဟုတ်မယ်မထင်ဘူး။
၂၀၁၈ ခုနှစ်တုန်းကပေါ့ဗျာ… ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကုန်သွယ်ရေး စနစ်ကြီးကို စတင်ခြိမ်းခြောက်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ကားရောင်းအားက ရုတ်တရက်ကြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး တောက်လျှောက် တက်လာခဲ့ရာကနေ တရုတ်စီးပွားရေး အခြေအနေ မကောင်းတာနဲ့အမျှ ကားရောင်းအားတွေ စတင်ကျဆင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက တရုတ်ကားဈေးကွက်ရဲ့ ငါးပုံသုံးပုံလောက်ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံခြားကားကုမ္ပဏီတွေ အတော်လေး အထိနာခဲ့ကြပါတယ်။
အခုလည်း အရှေ့က လမ်းဟောင်းအတိုင်း တရုတ်ကားဈေးကွက်ဟာ နောက်တစ်ကြိမ် ရောင်းအားပြန်ကျတော့မယ်လို့ ခန့်မှန်းသူတွေက တွက်ချက်နေကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ထူးခြားတာက လျှပ်စစ်ကား (EV) နည်းပညာမှာ ရှေ့တန်းရောက်နေပြီး လက်ရှိဈေးကွက်ကို စိုးမိုးထားတဲ့ တရုတ်ပြည်တွင်း ကားကုမ္ပဏီတွေကပဲ အဓိက အထိနာမယ့်ပုံ ဖြစ်နေတာပါ။ အဲဒီလို ပြောလိုက်လို့ နိုင်ငံခြားက ကားကုမ္ပဏီတွေ သက်သာမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ တရုတ်ကားကုမ္ပဏီတွေက သူတို့ပြည်တွင်းမှာ ရောင်းအားကျတာကို ကာမိအောင် ပြည်ပဈေးကွက်တွေကို အရှိန်အဟုန်နဲ့ ထိုးဖောက်လာကြတော့မှာ မို့လို့ပါပဲ။
ဒါကို စီးပွားရေးသဘောအရ “Market Saturation” (ဈေးကွက်ထဲမှာ ရောင်းစရာတွေနဲ့ ပြည့်နှက်သွားခြင်းလို့ ဆိုရမှာပါ) လို့ ခေါ်နိုင်ပါတယ်။ ပြည်တွင်းမှာ ရောင်းစရာလူ မရှိတော့လောက်အောင် ပြည့်နှက်သွားတဲ့အခါ ကုမ္ပဏီတွေက ပြည်ပဈေးကွက်တွေဆီကို မျက်စောင်းထိုးလာကြတာမျိုးပေါ့။
တရုတ်နိုင်ငံရဲ့ ကားဈေးကွက် နောက်ပြန်ဆုတ်မယ့် အခြေအနေက ဘယ်လောက်အထိ ဆိုးမလဲဆိုတာ တိတိကျကျ မသိရသေးပေမဲ့ အန္တရာယ်အချက်ပေးမီးတွေကတော့ မှိတ်တုတ်မှိတ်တုတ်နဲ့ စတင်အချက်ပြနေပါပြီ။ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ CPCA အသင်းရဲ့ အဆိုအရ ကားရောင်းအားဟာ ၂၀၂၁ ခုနှစ်မှာ ပြန်တက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ကားအစီးရေ ၂၃ ဒသမ ၈ သန်းအထိ ရောင်းချနိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်ထက် လေးရာခိုင်နှုန်းခန့် ပိုများခဲ့ပါတယ်။
ဒါပေမဲ့ စိုးရိမ်စရာကောင်းတာက ပြီးခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာတော့ လအလိုက် ရောင်းအားတွေဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် တောက်လျှောက် ကျဆင်းသွားခဲ့တာပါ။ အကောင်းမြင်တတ်တဲ့ CPCA ကတော့ ဒီနှစ်မှာ ရောင်းအားမကျဘဲ ပုံမှန်အတိုင်း ဆက်ရှိနေမယ်လို့ ယူဆထားပေမဲ့ အခြားစီးပွားရေး ခန့်မှန်းသူတွေကတော့ အတော်လေးကို စိုးရိမ်နေကြပါတယ်။ ဥပမာအားဖြင့် Bernstein လို အကျိုးဆောင် ကုမ္ပဏီမျိုးကတော့ ဒီနှစ်မှာ ရောင်းအား ငါးရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့လတုန်းက အစိုးရကျောထောက်နောက်ခံပြုထားတဲ့ နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တရုတ်မော်တော်ကား ထုတ်လုပ်သူများအသင်းဟာ အပတ်စဉ် ကားရောင်းအား အချက်အလက်တွေကို ထုတ်ပြန်ဖို့ ရွှေ့ဆိုင်းခဲ့ပုံရပါတယ်။ ဒါဟာ ရောင်းအားကိန်းဂဏန်းတွေ ကျဆင်းလာတာကို သူတို့ ဘယ်လောက်အထိ စိုးရိမ်ပူပန်နေသလဲဆိုတာကို သေချာပေါက် ပြနေတာပါပဲ။ ဒါ့အပြင် နှစ်ပေါင်းများစွာ ရောင်းအားတွေ အကြီးအကျယ် တက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ လျှပ်စစ်ကား (EV) ရောင်းအားတွေတောင် ကျဆင်းသွားနိုင်တယ်လို့ Gavekal သုတေသနအဖွဲ့က ယူဆထားပါတယ်။
ဒီလို ရောင်းအားထိုးကျကုန်တာက အကြောင်းရင်း အတော်များများ ရှိပါတယ်။ ပထမတစ်ချက်ကတော့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ ကားအဟောင်းတွေကို ဖျက်သိမ်းပြီး အသစ်လဲရင် အစိုးရက ထောက်ပံ့ကြေး (Subsidy) ပေးခဲ့လို့ ကားရောင်းအားတွေ ကြိုတင်ပြီး ဝုန်းခနဲ တက်သွားခဲ့တာပါ။ အဲဒီတုန်းက ကုမ္ပဏီတွေနဲ့ အစိုးရဌာနတွေက EV ကားတွေကို အလုအယက် ဝယ်ခဲ့ကြပေမဲ့ အခုတော့ အားကုန်သွားသလိုမျိုး ဝယ်လိုအားတွေ မရှိတော့ဘူးလို့ Gavekal သုတေသနအဖွဲ့က ထောက်ပြပါတယ်။
နောက်ပြီး ဒီနှစ်မှာ အစိုးရရဲ့ ထောက်ပံ့ကြေးတွေကို ပြန်လျှော့ချလိုက်တာရယ်၊ EV ကားတွေအပေါ် ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဝယ်ယူခွန်အသစ် စည်းကြပ်လိုက်တာရယ်က ဝယ်လိုအားကို ပိုပြီး ကျဆင်းစေမှာပါ။ ဒါတင်မကသေးပါဘူး။ အရင်က ကားအရောင်း ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ရောင်းအားစာရင်းပြလို့ကောင်းအောင် ကားအသစ်တွေကို ကိုယ်တိုင်ပဲ နာမည်ဖောက် မှတ်ပုံတင်လိုက်ပြီးမှ “မိုင်မတက်သေးတဲ့ ကားဟောင်း” (Zero miles second-hand) အဖြစ် ပြည်ပကို ပြန်ပို့နေကြတာမျိုး ရှိပါတယ်။ အခုတော့ အဲဒီလို လုပ်တာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်လိုက်ပြီ ဖြစ်တဲ့အတွက် ကားလောကသားတွေ အတော်လေး အကြပ်ရိုက်ကုန်တော့မှာပဲ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကားဈေးကွက်က ကျုံ့လာတာနဲ့အမျှ အပိုအလျှံ ထုတ်လုပ်မှုတွေကြောင့် ဖြစ်နေတဲ့ ကာလရှည် ဈေးနှုန်းစစ်ပွဲကလည်း ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်။ ဒါကြောင့်လည်း အစိုးရက ဈေးလျှော့ရောင်းတာတွေကို ထိန်းချုပ်ဖို့ နောက်ဆုံးမှာ ကြိုးစားလာရတာပါ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ယှဉ်ပြိုင်မှု စောင့်ကြည့်ရေးအဖွဲ့က ကားတွေကို ထုတ်လုပ်စရိတ်ထက် လျှော့ပြီး မရောင်းရဆိုတဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို ဘယ်လောက်အထိ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မလဲဆိုတာကတော့ မသေချာသလို၊ အရင်တုန်းကလည်း ဈေးနှုန်းစစ်ပွဲကို ထိန်းဖို့ ကြိုးစားခဲ့တာတွေဟာ မအောင်မြင်ခဲ့ပါဘူး။

၂၀၁၈ ခုနှစ်ကစလို့ ဈေးကွက်ဝေစု ထက်ဝက်လောက် ဆုံးရှုံးသွားခဲ့ရတဲ့ နိုင်ငံခြားကားကုမ္ပဏီ အကြီးအကဲတွေကတော့ အစိုးရရဲ့ ဒီအစီအစဉ် အောင်မြင်ပါစေလို့ပဲ မျှော်လင့်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ တရုတ်ပြိုင်ဘက်ကုမ္ပဏီတွေကို ဈေးနှုန်းချင်း ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါပဲ။
တရုတ်နိုင်ငံပြင်ပက ကားကုမ္ပဏီတွေအတွက် ကံဆိုးတာကတော့ တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းအား ကျလာလေလေ၊ တရုတ်ပြည်ကနေ ပြည်ပကို ကားတင်ပို့မှုတွေ ပိုပြီး များလာလေလေ ဖြစ်မှာပဲလို့ Sino Auto Insights အတိုင်ပင်ခံအဖွဲ့က Tu Le က ဆိုပါတယ်။ တရုတ်ကားကုမ္ပဏီတွေဟာ အမြတ်ပိုရမယ့် ပြည်ပဈေးကွက်တွေကို ရှာဖွေလာကြတာကြောင့် မကြာသေးမီနှစ်တွေအတွင်း တင်ပို့မှုတွေဟာ အကြီးအကျယ် မြင့်တက်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်တုန်းက ပြည်ပတင်ပို့မှုဟာ အစီးရေ ခုနစ်သိန်းခွဲဝန်းကျင်ပဲ ရှိခဲ့ပေမဲ့၊ ၂၀၂၆ ခုနှစ်မှာတော့ နောက်ထပ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ထပ်တိုးလာပြီး စုစုပေါင်း ကားအစီးရေ ၆ ဒသမ ၅ သန်းကနေ ခုနစ်သန်းအထိ ရှိလာနိုင်တယ်လို့ Bernstein က ခန့်မှန်းထားပါတယ်။
ဒါဟာ တခြားနိုင်ငံတွေက နဂိုရှိပြီးသား ကားကုမ္ပဏီတွေအပေါ် ဖိအားတွေ ပိုပြီး ပုံလာစေမှာပါ။ အဲဒီကုမ္ပဏီတွေထဲက တချို့ဆိုရင် တရုတ်ပြိုင်ဘက်တွေကို အမီလိုက်နိုင်ဖို့အတွက် လျှပ်စစ်ကား (EV) နည်းပညာမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပေမဲ့ အခုတော့ အရှုံးပေါ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေကို လျှော့ချသတ်မှတ်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။
တရုတ်နိုင်ငံရဲ့ ကားဈေးကွက်ဟာ ဘယ်လောက်အထိ ကြာကြာ ဆက်ပြီး ထိုးရပ်နေဦးမလဲ ဆိုတာကတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီလို ရောင်းအားတွေ နောက်ပြန် ဆုတ်သွားတဲ့ အခြေအနေက ကမ္ဘာတစ်ဝှမ်းက ကားထုတ်လုပ်သူတွေကို သတိပေးလိုက်တဲ့ အချက်တစ်ခုကတော့ ရှင်းပါတယ်။ အဲဒါကတော့ တရုတ်ပြည်တွင်းမှာ ဘာတွေပဲဖြစ်ဖြစ်၊ အဲဒီဖြစ်ရပ်တွေဟာ ကမ္ဘာ့နေရာအနှံ့က ကားလုပ်ငန်းခွင်တစ်ခုလုံးရဲ့ ဦးတည်ချက်ကိုပါ ထိန်းကျောင်းမောင်းနှင်နေတယ်ဆိုတာပါပဲ။
ကိုးကား – Beware! China’s shrinking car market, The Economist, 21st Feb 2026


