နောက်ခံသမိုင်းကြောင်း
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က အင်းလေးကန်အတွင်း အင်းပေါခုံရွာတွင် လက်ရက်ကန်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြပါသည်။ အစပိုင်းတွင် ချည်ဖြင့်သာ ရက်လုပ်ခဲ့ကြပြီး နောင် ၁၀ နှစ် ကြာသောအခါမှ ပိုးချည်ဖြင့် ပိုးထည်များကိုပါ ရက်လုပ်လာကြပါသည်။ ပိုးချည်များကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး ပိုးထည်လုပ်ငန်းအတွက် ထိုင်းနိုင်ငံရှိ ပိုးဇင်းမယ်နှင့် ဘန်ကောက်ပုဆိုးများကို လေ့လာပြီး ရက်လုပ်ခဲ့ကြသည်။ ထိုစဉ်က အင်းအတွင်းနှင့် အနီးဝန်းကျင်၌သာ ရောင်းချလုပ်ကိုင်ခဲ့ကြပြီး ၁၉၈၇ ခုနှစ်မှစတင်ကာ ပိုးထည်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလာခဲ့ပါသည်။
လွန်ခဲ့သော နှစ် ၁၀၀ ခန့်တွင် အင်းသူ ဒေါ်စာဥ (ဖွားစာဥ) ဆိုသည့် အမျိုးသမီးတစ်ဦးသည် ဘုရားရှင်အား မြင့်မြတ်သော အလှူတစ်ခု ပြုလုပ်လှူဒါန်းရန် ဆန္ဒရှိခဲ့ပြီး သူမ၏ဆန္ဒကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။ တစ်နေ့တွင် ဖွားစာဥသည် ပဒုမ္မာကြာပင်မှ ကြာရိုးအား လက်ဖြင့် ချိုးလိုက်ရာ ကြာမျှင်များ ထွက်လာသည်ကို မြင်ရသဖြင့် ကြာသင်္ကန်းရက်လုပ်ကပ်လှူရန် ကြာချည်များကို စတင်ထုတ်လုပ်ခဲ့သည်။ ကြာသင်္ကန်းတစ်စုံ ရရှိရန် အချိန် ၁၅ နှစ်ခန့် ယူခဲ့ရသည်။ နောက်ဆုံးတွင် ဖွားစာဥ လှူချင်သော မြင့်မြတ်သည့် ကြာသင်္ကန်းတစ်စုံ လှူဒါန်းနိုင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကြာချည်ထုတ်လုပ်နိုင်ကြောင်း သိရှိလာကြသည်။ သို့သော် ကြာချည်ရရှိရန် အချိန်နှင့် ငွေ များစွာကုန်ဆုံးရသဖြင့် စီးပွားဖြစ် လုပ်ကိုင်ခဲ့ခြင်း မရှိကြဘဲ ကြာသင်္ကန်းများကိုသာ ရက်လုပ်ခဲ့ကြပါသည်။
၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ် ကျင်းပပြီးနောက် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး အင်းအတွင်းသို့ လာရောက်သော နိုင်ငံခြားသားများအား ပိုးဇင်းမယ်၊ ပိုးပြောင်၊ ချည်ထည်တို့ဖြင့် ပုဝါများ၊ လုံချည်များ ရက်လုပ်ရောင်းချလာခဲ့ကြပါသည်။ နိုင်ငံခြားသားများ နှစ်သက်စွာ ဝယ်ယူအားပေးခဲ့ကြသည်။ ၂၀၀၁ ခုနှစ်မှ စတင်ကာ ကြာသင်္ကန်းသာမက ကြာချည်ဖျင်စ၊ ပိုးကြာပုဝါများအထိ ထုတ်လုပ်ခဲ့ပါသည်။ ရှေးက အိမ်တိုင်းတွင် ရက်ကန်းစင် ၂ စင်၊ ၃ စင် ရှိခဲ့ကြသော်လည်း ယခုအခါ ရက်ကန်းရုံများတွင်သာ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်လာကြပြီး ရက်ကန်းရုံတစ်ရုံတွင် ရက်ကန်းစင်ပေါင်း ၂၀ မှ ၃၀ အထိ ရှိပါသည်။
အသုံးပြုနိုင်သော ကြာအမျိုးအစား
ကြာအမျိုးအစား များစွာရှိသည့်အနက် ပန်းရောင်အပွင့်ပွင့်သော ပဒုမ္မာကြာ တစ်မျိုးတည်းသာ ကြာချည်ထုတ်၍ အသုံးပြုနိုင်ပါသည်။
ကြာပင်ကုန်ကြမ်း ရရှိရာဒေသများ
ရှေးက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းမှ ကြာကိုသာ အသုံးပြုခဲ့ကြပါသည်။ နောက်ပိုင်းတွင် အင်းလေးကန်အတွင်း ကြာပင်များ ပေါက်ရောက်မှု နည်းပါးလာသဖြင့် အင်းသားတို့သည် လဲချားမြို့နယ်၊ ပေါရာဏဆင်ခံစေတီကြီးအနီးရှိ နောင်ခမ်းကန်တော်ကြီးအတွင်းမှ ကြာပင်၊ ကြာရိုးများကို ကြာချည်ထုတ်ယူရန် သွားရောက်လုပ်ကိုင်ကြပြီး အင်းအတွင်းသို့ပြန်ကာ ကြာသင်္ကန်းရက်လုပ်ရန်နှင့် ပိုးကြာထည်များ ရက်လုပ်ရန်အတွက် ရက်ကန်းရုံများတွင် ကြာချည်များ ပြန်၍သွင်းကြသည်။
အင်းသားများသည် ရှမ်းပြည်နယ်အတွင်း ကြာပင်ပေါက်ရောက်ရာ နေရာအနှံ့သို့ သွားရောက်ကာ ကြာချည်ထုတ်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းအတွင်းမှ ကြာပင်များကို ဝယ်ယူ၍လည်း ကြာချည်ထုတ်လုပ်ကြပါသည်။ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှမ်းရွာကုန်းကျေးရွာအနီး ဝက်သည်းကန်မှ ကြာပင်များဖြင့် ကြာချည်ထုတ်လုပ်၍လည်း အင်းလေးသို့ ကုန်ကြမ်းတင်ပို့ ရောင်းချလျက်ရှိပါသည်။
ကြာချည်ထုတ်လုပ်ပုံ အဆင့်ဆင့်
ဦးစွာ ပဒုမ္မာကြာပင်၏ ရွက်ဖတ်လိပ်သောအရွယ်တွင် ကြာပင်များကို ချိုးယူရသည်။ ရွက်ဖတ်လိပ်နေသောအရွယ်သည် နုသောအရွယ်ဖြစ်၍ ကြာမျှင်များများထွက်သည်။ ရွက်ဖတ်ပြန့်၍ ရင့်သွားသည့်အရွယ်တွင် ကြာမျှင်ထွက်မှု နည်းသွားသည်။ ထို့ကြောင့် နုသောအရွယ်တွင်သာ ကြာရိုးချိုးကြသည်။ ကြာရိုးအရှည်မှာ ရေအတိမ်အနက်ပေါ်မူတည်၍ အတိုအရှည် ကွာခြားမှုရှိပါသည်။ ကြာမျှင်သည် မိုးတွင်းကာလတွင် ပို၍ထွက်သဖြင့် မိုးတွင်းကာလ၌ ကြာမျှင်ထုတ်ခြင်း၊ ကြာချည်ကုန်ကြမ်းများ စုဆောင်းခြင်းများ ပြုလုပ်ကြပါသည်။ နွေနှင့်ဆောင်းတွင် ကြာမျှင်အထွက်နည်းပါသည်။
ဦးစွာ ချိုးယူရရှိလာသော ကြာရိုးများကို သန့်စင်အောင် ဆေးကြောရသည်။ ထို့နောက် ကြာပင် ၅ ပင်၊ ၆ ပင်ခန့်ကို စုကိုင်ကာ ဓားငယ်ဖြင့် ပတ်လည်အရာပေးပြီး ကြာရိုးကို ချိုးလိုက်သည်။ ကြာရိုးချိုးလိုက်သောနေရာမှ ကြာမျှင်များကို ဆွဲ၍ထုတ်လိုက်ပြီး သစ်သားခုံငယ်လေးပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရေနှင့် ပြာတို့ကို အသုံးပြုလျက် လက်ဖြင့်ပွတ်ကာ ချည်အဖြစ် လုံးရသည်။ ဤနည်းဖြင့် ချည်များကို တစ်ပင်နှင့်တစ်ပင် ဆက်သွားရသည်။ ထို့နောက် ယောင်လုံး (သို့မဟုတ် ယောက်လုံး) ထဲသို့ ထည့်ကာ လိပ်ရပါသည်။ ပြီးလျှင် ဝါးတန်းများတွင် ထည့်၍ နေလှန်းရပါသည်။ နေပူလျှင် တစ်နေ့သာ နေလှန်းရပြီး နေမပူပါက ၂ ရက်မှ ၃ ရက်ခန့် လှန်းရပါသည်။
နေလှန်းပြီးသော ချည်ခင်လုံးကို ရက်ဖောက်တွင်ထည့်၍ ကျစ်ရပါသည်။ ပြီးနောက် ရစ်လုံးတွင် ထည့်၍ ရစ်ရပါသည်။ ရက်ဖောက်တွင် ကျစ်နေချိန်၌ ရေစွတ်၍ ကျစ်ရပါသည်။ ကျစ်ပြီးနောက် လုံးထားသော ချည်ခင်ကို ကော်တင်ရပါသည်။ ကော်တင်ခြင်းကို ထမင်းရေဖြင့် လုပ်ဆောင်ကြပါသည်။ ထို့နောက် နေလှန်းရပါသည်။ နေလှန်းပြီး ချည်ခင်ကို ချောမွေ့သွားစေရန် ဖယောင်းနှင့် ဆီ သုတ်လိမ်းပေးရပါသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရက်ကန်းရက်ရာတွင် အဆင်ပြေစေရန် ဖြစ်ပါသည်။ ကြာပင်အရေအတွက် ၅၀၀ မှ ချည် ၁ ကျပ်သားခန့်သာ ရပါသည်။
ကြာချည်ဖြင့် ရက်ကန်းထည် ရက်လုပ်ပုံ အဆင့်ဆင့်
ကြာချည်များကို ရက်ကန်းတွင် အသင့်တင်ကာ ရက်လုပ်နိုင်ရန် ပေါ်ပင်လုပ်ရပါသည်။ ပေါ်ပင်လုပ်ခြင်းမှာ တိုင်ချည်၊ ဖောက်ချည်များကို ရက်ကန်းစင်တွင် အသင့်တင် ရက်လုပ်နိုင်ရန် ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ပေါ်ပင်လုပ်ပြီးသား ချည်ခင်များကို ရက်ကန်းစင်တွင် တင်၍ ရက်လုပ်ကြပါသည်။ ကြာချည်ရက်လုပ်ရာတွင် သီးခြား ဒီဇိုင်းပုံစံများ မရှိဘဲ ရိုးရိုးသာ ရက်လုပ်ပါသည်။ ပိုးနှင့် ကြာချည်ရော၍ ရက်လုပ်သော ပိုးကြာထည်များလည်း ရှိပါသည်။
ကြာချည်ထည်များ ရက်လုပ်ရန်အတွက် သီးသန့်ရက်ကန်းစင်ကို ပြုလုပ်ထားရပါသည်။ ကြာချည်ရက်ကန်းစင်မှာ ရိုးရိုးရက်ကန်းစင်များထက် အရွယ်အစား ပိုမိုသေးငယ်ပါသည်။ ရက်လုပ်ပြီး ပိတ်စကို ရေအေးနှင့် ဆပ်ပြာမှုန့်တို့ဖြင့် စိမ်၍ လျှော်ရပါသည်။ ထို့နောက် သဘာဝအရောင်များ ရရှိရန် မဲကင်းခေါက်၊ နနွင်း စသော ဒေသထွက် သစ်ပင်များမှ ရရှိသည့် အရောင်များဖြင့် ဆေးဆိုးကြပါသည်။
ကြာချည်တစ်ထည် ရက်လုပ်ရန် ကြာမြင့်ချိန်
ကြာချည်တစ်ထည် ရက်လုပ်ရာတွင် ဖြေးဖြေးနှင့် မှန်မှန် ရက်လုပ်ရပါသည်။ မြန်၍မရပါ။ ချည်မျှင်များ ပြတ်သွားနိုင်သောကြောင့် ဖြစ်ပါသည်။ ရက်ကန်းမှ တစ်ရက်လျှင် ကြာပုဝါ ၂ ထည် ကျပါသည်။ ကြာပုဝါ တစ်ထည် ဖြစ်လာရန် ကြာချည်ထုတ်လုပ်ချိန်မှ ကုန်ချောဖြစ်လာသည်အထိ စုစုပေါင်း ၁၀ ရက်ခန့် ကြာပါသည်။ ကြာပုဝါအသေးတစ်ထည်လျှင် ကြာချည် ၅ ကျပ်သား ကုန်ကျပါသည်။ နောက်ပိုင်းတွင် ကြာချည်မှာ ဈေးကြီးသဖြင့် ပိုးနှင့်ကြာရော၍ ရက်လုပ်သော ပိုးကြာပုဝါများကိုလည်း ရက်လုပ်လာကြပါသည်။
ကြာသင်္ကန်းတစ်ထည် ရက်လုပ်ရန် ၂ လမှ ၃ လခန့် ကြာမြင့်ပါသည်။ ကြာချည်ထုတ်လုပ်ချိန်မှ ကြာသင်္ကန်းတစ်ထည် ဖြစ်သည်အထိ အချိန် ၁ နှစ်မှ ၁ နှစ်ခွဲခန့် ကြာပါသည်။ ကြာသင်္ကန်းတစ်ထည်တွင် ကြာရိုးပေါင်း ၂ သိန်းခန့်မှ ထုတ်လုပ်ထားသော ကြာချည် ၂ ပိဿာ ကုန်ပါသည်။ ကြာပင်မှ ကြာသင်္ကန်းတစ်ထည် ဖြစ်အောင် ပြုလုပ်ရသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
ဈေးနှုန်း
၂၀၁၅ ခုနှစ် ကွင်းဆင်းသုတေသနပြုစဉ် ကာလက ကြာပုဝါတစ်ထည်လျှင် အကြီး၊ အသေး အရွယ်အစားအလိုက် ၅၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိပါသည်။ ပိုးကြာပုဝါ တစ်ထည်လျှင် ၂၅,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိပါသည်။ ကြာသင်္ကန်းမှာ ဈေးအလွန်ကြီးသဖြင့် အလှူရှင်ရှိမှသာ ရက်လုပ်ပါသည်။ တစ်ပေပတ်လည် ကြာသင်္ကန်းငယ်တစ်ထည်လျှင် တစ်သိန်းဝန်းကျင် ဈေးနှုန်းရှိပါသည်။ ကြာချည်ထည် ရက်လုပ်သည့် လုပ်ငန်းစဉ်သည် အထူးလက်ဝင်လှသောကြောင့် ကြာချည်ထည်များသည်လည်း ဈေးနှုန်းတန်ဖိုး ကြီးမားပါသည်။
ဈေးကွက်
ကြာချည်ထုတ်ကုန်ဈေးကွက်မှာ အင်းလေးဒေသ တစ်ခုတည်းတွင်သာ ခရီးသွားလုပ်ငန်းကို အမှီပြုလျက် လုပ်ကိုင်ရောင်းချနေသော လုပ်ငန်းဖြစ်ပါသည်။
ကြာချည်ထည် ဝတ်ဆင်ရခြင်း၏ အကျိုးကျေးဇူးများ
ကြာချည်ထည်များ ဝတ်ဆင်ထားခြင်းကြောင့် ခေါင်းမူးခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယုံကြည်ကြပြီး အချို့ကလည်း လာဘ်ရွှင်စေသည်ဟု ယုံကြည်ကြပါသည်။ ထို့အပြင် ကြာချည်ထည်များသည် လူတို့၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမှုရှိသောကြောင့် ရာသီဥတုအလိုက် နွေဥတုတွင် အေးမြခြင်းနှင့် ဆောင်းဥတုတွင် နွေးထွေးခြင်းတို့ကို ခံစားရရှိစေသည်ဟုလည်း သိရပါသည်။ ကြာချည်ထည်များသည် ဝတ်ဆင်ရာတွင် နူးညံ့ပေါ့ပါးသဖြင့် ပြည်တွင်း၊ ပြည်ပမှာ နာမည်ကျော်သော ရှားပါးချည်ထည်တစ်မျိုး ဖြစ်ပါသည်။
ကြာချည်လုပ်ငန်းသည် သဘာဝမှရရှိသော ကုန်ကြမ်းပစ္စည်းများကိုသာ အဓိက အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်ကာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းသည့်လုပ်ငန်းများကိုပါ မြှင့်တင်အထောက်အကူပေးလျက် ရှိနေပါသည်။
နိဂုံး
ရှေးမြန်မာမင်းများလက်ထက်တွင် ကြာသည် အောင်မြင်ခြင်း၊ အေးမြခြင်း၊ လန်းဆန်းခြင်း၊ မြင့်မြတ်ခြင်း၊ မင်္ဂလာရှိခြင်း စသည့် ကောင်းခြင်းအဓိပ္ပာယ်များကို ဆောင်ထားသောကြောင့် ကြာပွင့်၊ ကြာဖူး၊ ကြာနွယ်၊ ကြာဖတ်ပုံများကို နံရံပန်းချီနှင့် ရုပ်လုံးရုပ်ကြွများတွင် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ အနုပညာနှင့် ဗိသုကာဆိုင်ရာ အဆောက်အဦများတွင် အများဆုံးတွေ့ရှိနိုင်ပါသည်။ ယနေ့ခေတ်တွင်မူ ကြာသည် မြန်မာတို့၏ အနုပညာနှင့် ဘာသာရေးဆိုင်ရာ သင်္ကေတအဖြစ်သာမက ကြာပင်များမှတစ်ဆင့် ကြာမျှင်များ ထုတ်ယူပြီး အဝတ်အထည်များ ရက်လုပ်ဝတ်ဆင် အသုံးပြုလာကြပါသည်။ ယခုအခါ မင်္ဂလာအခမ်းအနားများတွင် ကြာ၏ရနံ့ပါဝင်သော ကြာချည်နှင့် ပိုးကိုရောကာ လည်စည်း၊ ပုဝါအမျိုးမျိုး၊ အဝတ်အထည်များ စသည်တို့ကို တီထွင်ပြုလုပ် အသုံးပြုလာကြပါသည်။
ကြာမျှင်မှ ကြာချည်ထုတ်လုပ်၍ ရက်လုပ်သည့် ကြာချည်ရက်ကန်းပညာရပ်သည် အင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုလည်း ဖြစ်ပါသည်။
ကျမ်းကိုးစာရင်း
၁။ တင်လတ်ယု၊ ဦး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာ လက်မှုလုပ်ငန်းများအား ကွင်းဆင်းမှတ်တမ်းကောက်ယူခြင်း အစီရင်ခံစာ (၂၀၁၆)
ဓာတ်ပုံများကို စာရေးသူမှ ကူညီတင်ပြပါသည်။











