The Corner

The Corner

cropped-Logo_round_grey-background.png

စိမ်းလန်းစိုပြေ ကမ္ဘာမြေ 

Share မယ်

(ဘာသာပြန် သိပ္ပံ ဝတ္ထုတို)

တစ်ညလုံး မအိပ်ဘဲ စာထိုင်ရေးနေခဲ့‌ပြီး နောက်ဆုံးတွင် စာမျက်နှာလေးဆယ်ရှိသော ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် အဆုံးသတ်နိုင်ခဲ့‌သည်။ ၎င်းမှာ လေးနက်မှုမရှိသည့် အပျော်ဖတ်တစ်ပုဒ်သာ ဖြစ်၍ အကျိုးလည်းမရှိ၊ အဆိပ်အတောက်လည်း မဖြစ်နိုင်ပေ။

“ဒီကာလမှာ အကျိုးရှိတာရော အဆိပ်အတောက်ဖြစ်တာရော မင်းရေးလို့မရပါဘူးကွာ။ အဲဒါက ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” စာမူကို စက္ကူချိတ်ကလေးနှင့် ညှပ်ပြီး စာအိတ်ထဲသို့ ထည့်နေစဉ် ကျွန်‌တော့်ကိုယ်ကျွန်တော် ထိုကဲ့သို့ ပြောနေမိသည်။ အကျိုးရှိသောဝတ္ထု သို့မဟုတ် အဆိပ်အတောက်ဖြစ်သော ဝတ္ထုများအား ရေးသားနိုင်စွမ်း ကျွန်တော့်တွင် ရှိမရှိကို အတတ်နိုင်ဆုံး မစဉ်းစားဘဲ နေရပါမည်။ မဟုတ်ပါက ရေးလိုစိတ် ပေါ်လာနိုင်သည်။

ကျွန်တော် ‌သစ်သားခုံဖိနပ်ကို စီးနေခိုက် မနက်ခင်း နေရောင်ကြောင့် မျက်စိစူးသွားသည်။ ပြီးလျှင် စာအိတ်ကိုယူ၍ အိမ်မှ ထွက်လာခဲ့၏။ ပထမဆုံး စာပို့ကား မလာမီ အချိန်ရှိသေးသောကြောင့် ပန်းခြံဆီသို့ ကျွန်တော် ခြေဦးလှည့်ခဲ့သည်။ ကျဉ်းမြောင်းလှသည့် လူနေရပ်ကွက်တစ်ခု၏ အလယ်က စတုရန်းမီတာရှစ်ဆယ်သာရှိသော ဤပန်းခြံသို့ မည်သည့်ကလေးမှ မနက်ခင်းတွင် မလာကြပါ။ တိတ်ဆိတ်သော နေရာကလေး ဖြစ်၏။ ထို့ကြောင့် မနက်တိုင်း ကျွန်တော် လမ်းလျှောက်ထွက်ရာတွင် ဤပန်းခြံကို အမြဲဖြတ်လေ့ရှိသည်။ ယခုခေတ်၌ မဟာမြို့ကြီးများတွင် သစ်ပင်ဆယ်ပင်ခန့်မျှရှိသော မဖြစ်စလောက် မြေနေရာလေးသည်ပင်လျှင် အဖိုးမဖြတ်နိုင်ပါ။

ပေါင်မုန့်အချို့ ယူခဲ့ရကောင်းသားဟု ကျွန်တော် တွေးမိသည်။ ကျွန်တော် သဘောအကျဆုံး ခွေးပျိုးပင်ကို ပန်းခြံခုံတန်းလျားဘေး၌ စိုက်ထားသည်။ ၎င်းမှာ လူခင်လှသည့် ခွေးပျိုးပင်ဖြစ်ပြီး အဝါနုရောင် အမွေးများရှိသည်။ ရောနှောမျိုးစပ်ထားသော ခွေးအနေနှင့်ဆိုလျှင် အရွယ်အစားက အတော်ကြီး၏။

ကျွန်တော် ပန်းခြံသို့ ရောက်ချိန်တွင် မြေဩဇာအရည် ဖျန်းသည့် ကားကြီးမှာ ထွက်သွားရုံရှိသေးသည်။ မြေကြီးက စွတ်စိုနေပြီး ကလိုရင်းအနံ့ အနည်းငယ်လှိုင်နေ၏။ ပန်းခြံ၌ ကျွန်တော် မကြာခဏ တွေ့တတ်သည့် လူကြီးတစ်ယောက်က ခွေးပျိုးပင်ဘေးရှိ ခုံတန်းပေါ်တွင် ထိုင်နေပြီး အသားသွတ်ဖက်ထုပ်ဟုထင်ရသော အစာများကို အဝါနုရောင် ပျိုးပင်အား ကျွေးနေသည်။ ခွေးပျိုးပင်များမှာ များသောအားဖြင့် အစာစားနိုင်လွန်းလှ၏။ မြေကြီးထဲ နက်ရှိုင်းစွာ ဝင်နေသော အမြစ်များက မြေဩဇာအရည်ကို စုပ်ယူကာ ခြေထောက်များမှတစ်ဆင့် အပေါ်ပိုင်းသို့ ပျံ့နှံ့သွားစေသည်။ ထိုမြေဩဇာအရည်ကြောင့် ဆန္ဒအာသီသ ပြင်းပြနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ကျွေးသမျှ အရာတိုင်းကို ၎င်းတို့က စားပါလိမ့်မည်။

“သူ့အတွက် ခင်ဗျား တစ်ခုခု ယူလာတာလား။ ကျွန်တော်ကတော့ ဒီနေ့ မှားပါတယ်ဗျာ။ ပေါင်မုန့်ယူလာဖို့ မေ့သွားတယ်” ကျွန်တော်က လူကြီးကို ပြောလိုက်သည်။ သူက ကြင်နာသော မျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်ပြီး အသာပြုံးပြသည်။

“ဩော်။ မင်းလည်း ဒီကောင်ကို သဘောကျတာလား”

“ဟုတ်ကဲ့” ကျွန်တော်က ပြန်ဖြေသည်။ 

“ဒီကောင်က ကျွန်တော် မွေးခဲ့ဖူးတဲ့ ခွေးနဲ့ တထေရာတည်း တူတာဗျ”

မည်းနက်သော မျက်လုံးကြီးများဖြင့် ခွေးပျိုးပင်က ကျွန်တော့်ကို မော့ကြည့်ပြီး အမြီးနှံ့ပြသည်။

“တကယ်က ငါကိုယ်တိုင်လည်း ဒီကောင့်လိုမျိုး ခွေးတစ်ကောင် မွေးခဲ့ဖူးတယ်” 

ခွေးပျိုးပင်၏ လည်ပင်းကို ကုတ်ပေးရင်း လူကြီးက ပြောသည်။ 

“သူ သုံးနှစ်သားအရွယ်မှာ ခွေးပျိုးပင်အဖြစ် စိုက်ခဲ့ရတယ်။ မင်း မတွေ့ဖူးဘူးလား။ ကမ်းရိုးတန်းလမ်းပေါ်က ရုပ်ရှင်ဇာတ်ကားအရောင်းဆိုင်နဲ့ အထည်ချုပ်ပစ္စည်းဆိုင်ကလေးရဲ့ ကြားမှာလေ။ ဒီကောင်နဲ့တူတဲ့ ခွေးပျိုးပင်တစ်ပင် အဲဒီမှာ မတွေ့မိဘူးလား”

ကျွန်တော်က ခေါင်းညိတ်လိုက်ပြီး 

“ဒါဆို အဲဒီကဟာက ခင်ဗျားကောင်ပေါ့” ဟု ဖြည့်ပြောလိုက်သည်။

“ဟုတ်တယ်။ သူက ငါတို့အိမ်မှာ မွေးထားခဲ့တဲ့ကောင်ပေါ့။ နာမည်က ဟာချီ တဲ့။ အခုဆိုရင် သူက လုံးဝကို အပင်ဖြစ်သွားပြီ။ တကယ်လှတဲ့ ခွေးသစ်ပင်ပါပဲ”

“အခု ခင်ဗျား ပြောတဲ့အတိုင်းဆို ခင်ဗျားခွေးလည်း ဒီကောင်နဲ့ တထေရာတည်း တူတာပေါ့။ သူတို့ နှစ်ကောင်က မျိုးတူထဲက ဖြစ်လိမ့်မယ်”

“မင်းမွေးခဲ့တဲ့ ခွေးကရော” လူကြီးက မေးသည်။ 

“သူ့ကို ဘယ်နားစိုက်ထားသလဲ”

“ကျွန်တော်တို့ခွေးနာမည်က မောင်ဝါ” ကျွန်တော်က ဖြေပြီး ခေါင်းရမ်းမိသည်။ 

“သူ လေးနှစ်သားအရွယ်ရောက်တော့ မြို့အစွန်က သင်္ချိုင်းကုန်းအဝင်ဘေးမှာ စိုက်ခဲ့ရတယ်။ သနားစရာပါဗျာ။ သူ့ကိုစိုက်ပြီးကာစမှာပဲ သေသွားခဲ့တယ်။ မြေဩဇာကားက အဲဒီဘက်ကို သိပ်မရောက်ဘူး။ ပြီးတော့ နေရာက အတော်ဝေးတော့ ကျွန်တော်လည်း နေ့တိုင်း အစာသွားမကျွေးနိုင်ဘူးလေ။ သူတို့တွေ ကောင်းကောင်း မစိုက်ခဲ့လို့လဲ ဖြစ်နိုင်တယ်။ သစ်ပင်မဖြစ်ခင် သူက သေသွားခဲ့တာ”

“အဲဒီတော့ သူ့ကို ဖယ်လိုက်ရောလား”

“ဟင့်အင်း။ ကံကောင်းတာက အဲဒီနေရာမှာ သူ အနံ့ထွက်ထွက် မထွက်ထွက် အရေးမကြီးဘူး။ အဲဒါကြောင့် ဒီအတိုင်းထားလိုက်ပြီး ခြောက်ကပ်သွားခဲ့ရော။ အခုဆိုရင် သူက အရိုးပင် ဖြစ်သွားပြီ။ အဲဒီနားက မူလတန်းကျောင်းရဲ့ သိပ္ပံအတန်းအတွက် အသုံးဝင်တဲ့ ကုန်ကြမ်း ဖြစ်နေတယ်လို့ ကျွန်တော် ကြားတာပဲ”

“သိပ်ကောင်းတာပေါ့ကွာ”

လူကြီးက ခွေးပျိုးပင်၏ခေါင်းကို ပွတ်ပေးလိုက်သည်။ 

“ဒီကောင်လေးကို ခွေးပျိုးပင်မဖြစ်ခင် ဘယ်လိုခေါ်ခဲ့လဲဆိုတာ သိချင်မိတယ်”

“ခွေးပျိုးပင်ကို မူလနာမည်နဲ့ ခေါ်ခွင့်မရှိဘူးတဲ့။ အဲဒီ ဥပဒေက မထူးဆန်းဘူးလား” ကျွန်တော်က ပြောလိုက်သည်။

လူကြီးက ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး 

“သူတို့က လူတွေနဲ့ပတ်သက်တဲ့ ဥပဒေကို ခွေးတွေဆီကိုပါ ချဲ့လိုက်တာ မဟုတ်လား။ ဒါကြောင့် ခွေးပျိုးပင်ဖြစ်သွားရင် နာမည်တွေလည်း ဆုံးရှုံးသွားတာပဲပေါ့” ဟု ပြောသည်။ 

သူက ခွေးပျိုးပင်၏ မေးစေ့ကို ကုတ်ပေးရင်း ခေါင်းညိတ်သည်။ 

“အရင်နာမည်တင် မဟုတ်ဘူး။ နာမည်အသစ်လည်း ပေးလို့မရဘူး။ ဘာလို့လဲဆိုတော့ အပင်တွေအတွက် သင့်တော်တဲ့ နာမ် မရှိဘူးလေ”

ဒါပေါ့။ သို့ပေမဲ့ ဘာကြောင့်လဲ။ ကျွန်တော် စိတ်ထဲက မေးမိသည်။

“အိတ်ထဲတွင် လက်ရေးစာမူပါသည်” ဟု အပြင်တွင် ရေးထားသည့် ကျွန်တော့်စာအိတ်ကို သူက လှမ်းကြည့်သည်။

“တဆိတ်လောက်ကွာ” သူက ပြောသည်။ 

“မင်းက စာရေးဆရာလား”

ကျွန်တော် အနည်းငယ် အနေရခက်သွားသည်။

“အင်း။ ဟုတ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ ရေးတာပါ”

ကျွန်တော့်ကို အနီးကပ်ကြည့်လိုက်ပြီး လူကြီးက ခွေးပျိုးပင်၏ ခေါင်းကို ပြန်ပွတ်နေသည်။ 

“ငါ‌လည်း စာတွေဘာတွေ ရေးခဲ့တယ်ကွ”

လူကြီးက သူ၏အပြုံးကို ချုပ်တည်းနိုင်ခဲ့သည်။

“အခုဆိုရင် ငါစာရေးတာ ရပ်လိုက်တာ ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ။ အတော်ကြီးကို ကြာခဲ့ပြီလို့ ထင်ရတယ်”

လူကြီး၏ မျက်နှာကို ကျွန်တော် စိုက်ကြည့်လိုက်သည်။ ယခုလို သူပြောသည့်အတွက် သူ့မျက်နှာကို ကျွန်တော် တစ်နေရာရာတွင် မြင်ဖူးခဲ့သလို ထင်မိသည်။ သူ့နာမည်ကို ကျွန်တော် မေးတော့မလိုဖြစ်ကာ တုံ့ဆိုင်းနေပြီးမှ တိတ်ဆိတ်စွာပဲ နေလိုက်ပါသည်။

လူကြီးက ခပ်ပြတ်ပြတ် ပြောသည်။ 

“ကမ္ဘာကြီးက စာရေးရတာ အဆင်မပြေတဲ့ ကမ္ဘာကြီးဖြစ်လာပြီ”

ထိုကဲ့သို့သော ကမ္ဘာကြီးတွင် စာဆက်ရေးနေသည့် ကျွန်တော်မှာ ကိုယ့်ကိုယ်ကို ရှက်မိကာ မျက်လွှာချလိုက်သည်။

ကျွန်တော်၏ ရုတ်တရက် စိတ်ဓာတ်ကျသွားပုံကြောင့် လူကြီးက ကပျာကယာ တောင်းပန်သည်။

“ဒါ အတော်ရိုင်းတာပဲ။ ငါက မင်းကို ဝေဖန်တာ မဟုတ်ပါဘူး။ ရှက်ရမယ်ဆို ငါပဲ ရှက်သင့်တာပါ”

“မဟုတ်ပါဘူး” အနီးအနားကို လျင်မြန်စွာ ကျွန်တော် ကြည့်လိုက်ပြီး သူ့ကို ပြောလိုက်သည်။ 

“ကျွန်တော် စာရေးတာကို မစွန့်လွှတ်နိုင်တဲ့အကြောင်းရင်းက ကျွန်တော့်မှာ သတ္တိမရှိလို့ဗျ။ စာရေးတာကို စွန့်လွှတ်ခြင်းတဲ့။ ဘာကြောင့်လဲ။ အဆုံးမှာတော့ ဒါက လူ့အဖွဲ့အစည်းကို ဆန့်ကျင်တဲ့ သင်္ကေတ ဖြစ်လာလိမ့်မယ်”

လူကြီးက ခွေးပျိုးပင်ကို ဆက်၍ပွတ်ပေးနေပြီး အတော်ကလေးကြာမှ သူက ပြောသည်။

“စာရေးတဲ့အလုပ်ကို ရုတ်တရက် စွန့်လွှတ်လိုက်တာ နာကျင်ရတယ်။ အခုတော့ ဒီလိုမျိုး ဖြစ်လာရပြီပေါ့။ လူမှုကိစ္စနဲ့ ဆိုင်တဲ့ ဝေဖန်စာတွေကို မကြောက်မရွံ့ ဆက်ရေးနေပြီး အဖမ်းခံလိုက်ရတာက ငါ့အတွက် ပိုကောင်းခဲ့မှာ။ အဲဒီလို စဉ်းစားလိုက်ရင် စိတ်သက်သာရာရသွားရော။ ဒါပေမဲ့ ငါက ပေါ့ပေါ့နေ‌ပေါ့ပေါ့စားသမားကွ။ ဆင်းရဲတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ဘူး။ အေးအေးဆေးဆေးရှိတဲ့ အိပ်မက်တွေကို မက်မောတတ်တဲ့သူ။ သက်တောင့်သက်သာရှိတဲ့ ဘဝမှာပဲ နေချင်ခဲ့တယ်။ ကိုယ့်ကိုယ့်ကို ခိုင်ခိုင်မာမာ လေးစားသူအနေနဲ့ လောကကြီးရဲ့ အမြင်တွေ၊ လှောင်ပြောင်တာ‌တွေကို မခံနိုင်ဘူး။ ဒါကြောင့် စာရေးတဲ့အလုပ်ကို ငါဖြတ်ခဲ့တာ။ ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်ပေါ့ကွာ”

သူက ပြုံးလိုက်ပြီး ခေါင်းကိုရမ်းသည်။ 

“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီအကြောင်းတွေ မပြောကြစို့ရဲ့။ လမ်းပေါ်က အခုလိုနေရာမှာတောင် ဘယ်သူတွေ နားထောင်နေမလဲ မင်းမသိနိုင်ဘူး”

ကျွန်တော်ကလည်း စကားလမ်းကြောင်း ပြောင်းလိုက်ပါသည်။ 

“ဒီ‌မှာ ခင်ဗျား နေတာလား”

“လမ်းမကြီးပေါ်က အလှပြင်ဆိုင်ကို မင်းသိလား။ အဲဒီကို ဝင်လာခဲ့။ ငါ့နာမည်က ဟီယာမ ပါ” 

ကျွန်တော့်ကို သူက ခေါင်းဆတ်ပြသည်။ “တစ်ခါလောက် လာခဲ့လေ။ ငါက အိမ်ထောင်ကျပြီးသား။ ဒါပေမဲ့…”

“ကျေးဇူး အများကြီး တင်ပါတယ်”

သူ့ကို ကျွန်တော့်နာမည် ပြောလိုက်သည်။

ဟီယာမ အမည်ရှိ မည်သည့်စာရေးဆရာကိုမျှ ကျွန်တော် မမှတ်မိပါ။ ကလောင်နာမည်ဖြင့် သူစာရေးသည်က သေချာ၏။ သူ့အိမ်သို့ အလည်သွားရန် ကျွန်တော် ရည်ရွယ်ချက်မရှိပေ။ လက်ရှိကမ္ဘာသည် စာရေးဆရာ နှစ်ယောက် သို့မဟုတ် သုံးယောက် အတူရှိနေခြင်းကိုပင် တရားမဝင်စုဝေးမှုဟု တံဆိပ်ကပ်နိုင်သော ကမ္ဘာဖြစ်လေ၏။

“စာပို့ကား လာမယ့်အချိန် ရောက်ပြီ”

လက်ပတ်နာရီကိုကြည့်ရန် အပြင်းအထန် ကြိုးစားပြီးမှ ကျွန်တော် ထရပ်လိုက်သည်။

“ကျွန်တော်လည်း သွားဖို့သင့်ပြီ ထင်တယ်ဗျ” ကျွန်တော်က ပြောသည်။

သူက ဝမ်းနည်းစွာ ပြုံးထားသော မျက်နှာကို ကျွန်တော့်ဘက်သို့ လှည့်ကာ ကိုယ်ကို ကိုင်းသည်ဆိုရုံကလေးညွတ်၍ နှုတ်ဆက်သည်။ ခွေးပျိုးပင်၏ ခေါင်းကို အနည်းငယ်ပွတ်ပေးပြီးနောက် ပန်းခြံမှ ကျွန်တော် ထွက်လာခဲ့သည်။

လမ်းမကြီးဘက်သို့ ကျွန်တော် ထွက်လာခဲ့၏။ သို့သော် လူအနည်းငယ်သာရှိပြီး ဖြတ်သန်းနေသော ကားအရေအတွက်ကမူ အလွန်များသည်။ လမ်းဘေးရှိ လူလျှောက်လမ်းဘေးတွင် စင်တီမီတာ သုံးဆယ်ကျော် လေးဆယ်ခန့်မြင့်သော ကြောင်သစ်ပင်တစ်ပင်အား စိုက်ထား၏။

ကြောင်သစ်ပင် မဖြစ်သေးသော စိုက်ပျိုးကာစ ကြောင်ပျိုးပင် အချို့ကို ရံဖန်ရံခါ ကျွန်တော် တွေ့ဖူးသည်။ ကြောင်ပျိုးပင်အသစ်များက ကျွန်တော့်မျက်နှာကို ကြည့်ပြီး တညောင်ညောင် အော်ကြသည်။ သို့သော် မြေကြီးထဲ စိုက်ထားသော ခြေလေးဖက်စလုံးက အပင်ဖြစ်ပြီးသွားသည့် အကောင်များကမူ စိမ်းဖန့်ဖန့်မျက်နှာများ တောင့်တင်းလျက်၊ မျက်လုံးများ တင်းတင်းပိတ်လျက်ရှိကာ သူတို့၏ နားရွက်များကိုသာ မကြာခဏ လှုပ်နိုင်ကြတော့သည်။ ထို့ပြင် ခန္ဓာကိုယ်မှ အကိုင်းအခက်များ ထွက်၍ လက်တဆုပ်စာ အရွက်များဝေဆာနေသော ကြောင်ပျိုးပင်များလည်း ရှိလေသည်။ ထိုကဲ့သို့သော အပင်များ၏ စိတ်အခြေအနေမှာ လုံးဝ သစ်ပင်ဖြစ်သွား‌ခဲ့ပြီဟု ပြောရမည်။ ၎င်းတို့က နားရွက်များကိုပင် မလှုပ်တော့ပါ။ ကြောင်၏မျက်နှာကို ပုံဖော်နိုင်သေးလျှင်ပင် ၎င်းတို့အား ကြောင်ပုံစံသစ်ပင်များဟု ခေါ်ခြင်းက ပိုသင့်တော်ပါလိမ့်မည်။

ခွေးတွေကို ခွေးပျိုးပင်အဖြစ် ပြောင်းလိုက်တာက ပိုကောင်းနိုင်သည်ဟု ကျွန်တော် တွေးနေမိ၏။ ၎င်းတို့က စားစရာမရှိတော့လျှင် ရက်စက်ကြမ်းကြုတ်ကာ လူတွေဘက်သို့ လှည့်လာနိုင်သည်။ သို့ပေမဲ့ ကြောင်တွေကို ကြောင်ပျိုးပင်အဖြစ် သူတို့ ဘာကြောင့် ပြောင်းရသလဲ။ ကြောင်လေကြောင်လွင့် များလွန်းလို့လား။ အစားအစာအခြေအနေ အနည်းငယ်မျှ တိုးတက်လာဖို့အတွက်လား။ သို့မဟုတ် မြို့တော် စိမ်းလန်းစိုပြေရေးအတွက်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဆေးရုံကြီး၏ ထောင့်၊ အဝေးပြေးလမ်းမနှစ်ခု ဆုံရာတွင် လူသစ်ပင်နှစ်ပင်ရှိပြီး ထိုသစ်ပင်တို့နှင့် တတန်းတည်း စိုက်ထားသည်မှာ လူပျိုးပင်တစ်ပင် ဖြစ်သည်။ ဤလူပျိုးပင်က စာပို့သမားဝတ်စုံကို ဝတ်ထားပြီး သူ့ခြေထောက်များ မည်သည့်နေရာအထိ အပင်ဖြစ်နေပြီကို ဘောင်းဘီကြောင့် အတတ်မပြောနိုင်‌ပေ။ ၎င်းမှာ အသက် သုံးဆယ့်ငါး သုံးဆယ့်ခြောက်နှစ်လောက်ရှိမည့် ယောက်ျား တစ်ယောက် ဖြစ်၍ အရပ်မြင့်မြင့်နှင့် အနည်းငယ် လက်ပြင်ကုန်း‌လေသည်။

သူ့အနားသို့ ကျွန်တော် ချဉ်းကပ်ကာ ထုံးစံအတိုင်း စာအိတ်ကို လှမ်းပေးလိုက်သည်။

“မှတ်ပုံတင်ပြီး အမြန်ချောပို့နဲ့ ပို့ပေးပါ။ ကျေးဇူးတင်ပါတယ်”

လူပျိုးပင်က တိတ်ဆိတ်စွာ ခေါင်းညိတ်၍ စာအိတ်ကို လက်ခံကာ တံဆိပ်ခေါင်းများနှင့် မှတ်ပုံတင်စလစ်ကို သူ့အိတ်ကပ်ထဲက ယူလိုက်၏။

စာပို့ခပေးပြီးနောက် ပတ်ဝန်းကျင်ကို ကျွန်တော် လျင်မြန်စွာ ကြည့်သည်။ အနီးအနားတွင် တစ်ဦးတစ်ယောက်မျှ မရှိပါ။ သူ့ကို စကားပြောကြည့်ဖို့ ကြိုးစားရန် ကျွန်တော် ဆုံးဖြတ်လိုက်၏။ သုံးရက်တစ်ခါ သူ့ကို ကျွန်တော် စာလာပေးသော်‌လည်း အေးအေးဆေးဆေး စကားပြောရန်အတွက်မူ ယခုအထိ အခွင့်အရေး မရသေးချေ။

“ခင်ဗျား ဘာလုပ်ခဲ့လို့လဲ” လေသံတိုးတိုးဖြင့် ကျွန်တော်က မေးလိုက်သည်။

လူပျိုးပင်က ကျွန်တော့်ကို အံ့အားသင့်စွာ ကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးမှ သုန်မှုန်သော မျက်နှာထားဖြင့် ပြန်ပြောသည်။ 

“ကျုပ်ကို မလိုအပ်တာတွေ လာပြောနေတာက မကောင်းဘူး‌နော်။ ဒီလိုအခြေအနေ ရောက်နေပြီးတာတောင်မှ ဖြေလို့မရဘူးဗျ”

“ကျွန်တော်သိပါတယ်”

သူ့မျက်လုံးထဲ ကြည့်၍ ကျွန်တော် ပြောသည်။

ကျွန်တော်က ထွက်သွားမည့်ပုံ မပြသောအခါ သူ သက်ပြင်းချလိုက်၏။ 

“လစာနည်းတယ်လို့ပဲ ကျုပ်က ပြောမိတာဗျ။ ပိုဆိုးသွားတာက ကျုပ်ရဲ့ ဘော့စ်က ကြားသွားတယ်။ ဘာလို့လဲဆိုတော့ စာပို့သမားလစာက တကယ့်ကိုနည်းတာပဲလေ” 

စိတ်ဓာတ်ကျနေသော အကြည့်ဖြင့် သူက နဘေးရှိ လူသစ်ပင်နှစ်ပင်ဆီသို့ မေးဆတ်ပြသည်။ 

“ဒီလူတွေလည်း အတူတူပဲ။ လစာနည်းတာကို မကျေနပ်တဲ့အကြောင်း လွှတ်ခနဲ ပြောမိရုံလေးဗျ။ သူတို့ကို ခင်ဗျား သိလား” သူက မေးသည်။

လူသစ်ပင်နှစ်ပင်ထဲမှ တစ်ပင်ကို ကျွန်တော် ညွှန်ပြသည်။ 

“ဒီတစ်ပင်ကို ကျွန်တော်သိတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ကျွန်တော် စာတွေအများကြီး ထည့်နေကျ။ တခြားတစ်ပင်ကိုတော့ မသိဘူး။ ဒီကို ကျွန်တော်တို့ ပြောင်းလာကတည်းက သူက လူသစ်ပင်ဖြစ်နေပြီးပြီ”

“အဲဒါ ကျုပ် သူငယ်ချင်းပေါ့” သူက ပြောသည်။

“နောက်တစ်ယောက်က ဌာနမှူး မဟုတ်ဘူးလား” သူက ခေါင်းညိတ်သည်။ 

“ဟုတ်တယ်။ ရုံးစာရေးမှူး”

“ခင်ဗျား ဗိုက်ဆာတာတို့ ချမ်းတာတို့ မဖြစ်ဘူးလား”

“အဲဒါမျိုးတွေ သိပ်မခံစားရပါဘူး” အမူအရာ ကင်းမဲ့လျက် သူက ပြန်ဖြေ၏။ လူပျိုးပင်အဖြစ် အစိုက်ခံရသူမှန်သမျှမှာ အမူအရာများ ကင်းမဲ့သွားတတ်သည်။ 

“ကျုပ်က စဉ်းစားတဲ့နေရာမှာတောင် အပင်တစ်ပင်နဲ့ အတော်ကလေး တူလာပြီ။ ဘယ်လိုမျိုး ခံစားရတာတင် မဟုတ်ဘဲ ကျုပ်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကိုပါ ပြောတာ။ ပထမတော့ ဝမ်းနည်းမိသေးတယ်။ ဒါပေမဲ့ အဲဒါတွေက အရေးမကြီးတော့ပါဘူး။ အင်မတန်မှကို ဗိုက်ဆာတာတို့ ဘာတို့ ဖြစ်ခဲ့သေးပေမဲ့ သူတို့ပြောတာက ခင်ဗျား အစာမစားဘဲနေရင် အပင်ဖြစ်သွားတာ ပိုမြန်တယ်ဆိုပဲ”

တောက်ပမှုကင်းမဲ့သော မျက်လုံးများဖြင့် သူက ကျွန်တော့်ကို စိုက်ကြည့်နေသည်။ မကြာမီ သူသည် လူသစ်ပင် ဖြစ်သွားနိုင်ရန် မျှော်လင့်နေပုံရ၏။

“ပြောကြတာက တော်လှန်အတွေးအခေါ် ရှိသူတွေကို လူပျိုးပင်အဖြစ် မစိုက်ခင်မှာ ခံစားချက်မရှိတော့အောင် သူတို့က ဦးနှောက်ခွဲစိတ်ပြုပြင်မှု လုပ်တယ်တဲ့။ ဒါပေမဲ့ ကျုပ်တော့ အဲဒီလို အလုပ်မခံရပါဘူး။ အဲဒါတောင် ဒီနေရာမှာ ကျုပ်ကိုစိုက်ပြီး တစ်လလောက်ကြာရင်ပဲ ကျုပ်ဟာ ဒေါသစိတ်တွေ မဖြစ်တော့ဘူးဗျ”

ကျွန်တော့် လက်ပတ်နာရီကို သူက တစ်ချက်လှမ်းကြည့်သည်။ 

“ကဲ။ ခင်ဗျားလည်း အခု သွားရင်ကောင်းမယ်။ စာပို့ကားလာဖို့အချိန် ရောက်ခါနီးပြီ”

“ဟုတ်ကဲ့ပါ”

သို့သော် ကျွန်တော် မသွားနိုင်သေးပါ။ ကျွန်တော်သည် မသက်မသာ ချီတုံချတုံ ဖြစ်နေမိ၏။

“ခင်ဗျား” လူပျိုးပင်က ပြောသည်။ 

“ခင်ဗျားသိတဲ့ တစ်ယောက်ယောက် မကြာသေးခင်က လူပျိုးပင်အဖြစ် အပြောင်းမခံရလောက်ပါဘူး‌နော်။ သူတို့ လုပ်ခဲ့ကြလို့လား”

လိုရင်းကို ပြောရပေတော့မည်။ သူ့မျက်နှာကို တဒင်္ဂ ကျွန်တော် စိုက်ကြည့်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“အမှန်ပြောရရင် ကျွန်တော့်မိန်းမပဲ”

“အင်း။ ခင်ဗျားမိန်းမ။ ဟုတ်လား” တစ်ခဏတာမျှ သူသည် ကျွန်တော့်အပေါ် အတော်ကလေး စိတ်ဝင်စားသွား၏။ 

“အဲဒီလိုကိစ္စ မဟုတ်ဘဲနေမလားလို့ ကျုပ် ထင်ခဲ့သား။ အေးပေါ့။ နို့မဟုတ်ရင်လဲ ဘယ်သူက ကျုပ်ကို အဖက်လုပ်ပြီး စကားပြောမှာလဲ။ သူက ဘာလုပ်ခဲ့လို့လဲ။ ခင်ဗျားမိန်းမက”

“သူတို့အိမ်ရှင်မတွေ စုပြီး တွေ့ကြဆုံကြတဲ့ အချိန်မှာ ကုန်ဈေးနှုန်းတွေ မတရားတက်နေတာကို ပြောမိလို့တဲ့။ အဲဒါပဲဆိုရင်တော့ ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ သူက အစိုးရကို ဝေဖန်မိခဲ့တယ်။ ကျွန်တော်က စာရေးဆရာအ‌နေနဲ့ နာမည်ရခါစဗျ။ အဲဒီ စာရေးဆရာတစ်ယောက်ရဲ့ မိန်းမမှာရှိတဲ့ စိတ်ထက်သန်မှုတွေကြောင့် ဒီလိုစကားတွေ ပြောမိတာလည်း ဖြစ်မယ်။ အဲဒီမှာရှိတဲ့ မိန်းမတစ်ယောက်က သူ့ကို ချောက်ချလိုက်တာပေါ့ဗျာ။ ဘူတာရုံကနေ အစည်းအဝေးခန်းမဘက်ကို ကြည့်ရင် လမ်းမရဲ့ဘယ်ဘက်အခြမ်း၊ ကွန်ပျူတာပစ္စည်းဆိုင်ရဲ့ ဘေးမှာ သူ့ကို စိုက်ထားတယ်”

“ဩော်။ အဲဒီနေရာလား” ထိုနေရာရှိ ဆိုင်များ၊ အဆောက်အဦးများ၏ ပုံစံကို ပြန်လည်ပုံဖော်ကြည့်နေသကဲ့သို့ သူက မျက်လုံးများကို မှေးထားလိုက်သည်။ “တကယ်အေးချမ်းတဲ့ လမ်းကလေးပါပဲ။ ပိုကောင်းဖို့အတွက် မဟုတ်ဘူးလားဗျာ” သူက မျက်လုံးပြန်ဖွင့်ကာ ကျွန်တော့်ကို စူးစမ်းသလို ကြည့်၏။ “သူ့ကို ခင်ဗျားသွားမတွေ့ဘူး မဟုတ်လား။ သွားတွေ့သေးလား။ ခဏခဏ သွားမတွေ့တာက ခင်ဗျားအတွက်ရော သူ့အတွက်ပါ ပိုကောင်းလိမ့်မယ်။ အဲဒါမှ ခင်ဗျားတို့နှစ်ယောက်စလုံး မြန်မြန် မေ့နိုင်ကြမှာ”

“ကျွန်တော် သိပါတယ်” ကျွန်တော် ခေါင်းငုံ့ထားလိုက်သည်။

“ခင်ဗျားရဲ့မိန်းမ” အနည်းငယ်မျှ ဂရုဏာသက်သံ ပြောင်းသွားကာ သူက မေးသည်။

“သူ့ကို တစ်ယောက်ယောက်က တစ်ခုခု လုပ်သေးသလား”

“ဟင့်အင်း။ အခုအထိတော့ ဘာမှမလုပ်ကြပါဘူး။ သူက ဒီအတိုင်း ရပ်နေတာပါပဲ။ ဒါပေမဲ့ ဒီလိုမျိုးမှာတောင်…”

“ဟေ့”

ကျွန်တော် အာရုံစိုက်စေရန် စာတိုက်ပုံးတာဝန် ထမ်းနေသည့် လူပျိုးပင်က သူ၏မေးကို ဆတ်ပြသည်။

“လာနေပြီ။ စာပို့ကား။ ခင်ဗျားသွားရင် ကောင်းမယ်”

သူ၏အသံက ကျွန်တော့်ကို တွန်းထုတ်လိုက်သကဲ့သို့ ခြေလှမ်းအနည်းငယ် ဒယိမ်းဒယိုင် လှမ်းပြီးမှ ရပ်လိုက်ကာ ပြန်လှည့်ကြည့်မိသည်။ “ခင်ဗျား ဖြစ်စေချင်တာ တစ်ခုခုများ ရှိမလား”

ပါးစပ်ကို ပါးနှစ်ဖက်အထိ ချိတ်အောင် ပင်ပန်းစွာ ပြုံးပြီး သူက ခေါင်းခါလေသည်။

အနီရောင် စာပို့ကားက သူ၏ဘေးတွင် ဆိုက်ကပ်လာသည်။

ကျွန်တော်လည်း ဆက်လျှောက်ခဲ့ပြီး ဆေးရုံကို ဖြတ်ကျော်ခဲ့၏။ ကျွန်တော် အထူးသဘောကျသော စာအုပ်ဆိုင်ကို ဝင်ကြည့်ရန် စဉ်းစားမိကာ ဆိုင်များပြည့်နှက်နေသည့် လမ်းကလေးအတွင်းသို့ ချိုးဝင်ခဲ့သည်။ ကျွန်တော်၏ စာအုပ်အသစ်တစ်အုပ်မှာ ယခုရက်ပိုင်းအတွင်း ထွက်ရှိပေတော့မည်။ သို့သော် ထိုကဲ့သို့သောအရာက ကျွန်တော့်ကို အနည်းငယ်မျှပင် ပျော်ရွှင်မှု မဖြစ်စေတော့ပါ။

စာအုပ်ဆိုင် မရောက်ခင် ၎င်းနှင့် တတန်းတည်း ရှိနေသည်မှာ ဈေးပေါသော သကြားလုံးဆိုင်ကလေး ဖြစ်၏။ ထိုဆိုင်ကလေး၏အရှေ့ လမ်းမ၏အနား၌ လူသစ်ပင်ဖြစ်လုဆဲဆဲ လူပျိုးပင်တစ်ပင် ရှိနေသည်။ ၎င်းကို စိုက်ထားသည်မှာ တစ်နှစ်ပင် ကြာခဲ့ပြီ။ လူရွယ်တစ်ယောက် ဖြစ်၏။ မျက်နှာမှာ အစိမ်းရောင်ရောယှက်သည့် အညိုရောင်သန်းနေပြီဖြစ်ကာ မျက်လုံးများက တင်းတင်းပိတ်လျက်ရှိ၏။ ရှည်လျားသည့်ခါးက အနည်းငယ်ကိုင်းနေကာ ပျော့တိပျော့ခွေဖြင့် မဆိုစလောက် အရှေ့ဘက်သို့ ယိုင်နေသော ကိုယ်နေဟန်ထား ဖြစ်နေသည်။ မိုးလေ ထိတွေ့မှုကြောင့် စုတ်ပြဲနေသည့် အဝတ်အစားများကြားက မြင်နိုင်သော ခြေထောက်များ၊ ကိုယ် နှင့် လက်တို့မှာ အပင်ပြောင်းသွားပြီဖြစ်ပြီး ဟိုနေရာ ဒီနေရာမှ အကိုင်းအခက်များလည်း ထွက်နေ၏။ လက်များ၏အဆုံးက ထွက်လာသည့် အရွက်ဖူးများမှာ တဖျတ်ဖျတ်ခတ်နေသော တောင်ပံများသဖွယ် ပခုံးအပေါ်တွင် ရှိနေကြသည်။ ကိုယ်ခန္ဓာတစ်ခုလုံးက သစ်ပင်ဖြစ်သွားခဲ့ပြီး မျက်နှာပင်လျှင် လှုပ်ရှားမှု အလျဉ်းမရှိတော့ပါချေ။ ငြိမ်းချမ်းသော သစ်ပင်ပန်းပင်တို့၏ ကမ္ဘာလောကထဲသို့ သူ၏နှလုံးသားမှာ နစ်မြုပ်သွားခဲ့ပြီ ဖြစ်လေသည်။

ဤအခြေအနေမျိုးသို့ ကျွန်တော့်ဇနီး ဆိုက်ရောက်လာမည့် နေ့ရက်ကို တွေးမိပြီး ကျွန်တော့်နှလုံးသားက တစ်ဖန်နာကျင်ရပြန်ကာ မေ့ပျောက်ရန် ကြိုးစားနေရ၏။ မေ့‌ပျောက်ရန် ကြိုးစားခြင်းမှာလည်း ပြင်းပြသောဝေဒနာ ဖြစ်လေသည်။ သကြားလုံးဆိုင်နေရာမှ ချိုးကွေ့ကာ တည့်တည့် ဆက်သွားပါလျှင်…ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော့်ဇနီး ရပ်နေသော နေရာသို့ ကျွန်တော် ရောက်သွားလိမ့်မည်။ သို့သော် ထိုကဲ့သို့မလုပ်ရန် ကျွန်တော့်ကိုယ်ကျွန်တော် ပြောသည်။ မင်းကို ဘယ်သူမြင်သွားမလဲ မပြောနိုင်ဘူး။ မင်းမိန်းမကို ချောက်ချခဲ့တဲ့ အမျိုးသမီးက မင်းကို မေးခွန်းတွေထုတ်လာရင် ဒုက္ခတကယ်ရောက်လိမ့်မယ်။ သကြားလုံးဆိုင် ရှေ့တွင် ကျွန်တော် ရပ်လိုက်ပြီး လမ်းတလျှောက် ကျွန်တော် ချောင်းကြည့်သည်။ လူသွားလူလာက ခါတိုင်းလိုပင် အပြောင်းအလဲမရှိပါ။ အဆင်ပြေပါတယ်။ မင်း ရပ်ပြီး စကားနည်းနည်းပြောရုံနဲ့တော့ ဘယ်သူမဆို သတိထားမိဘဲ ကျော်သွားကြမှာပါ။ စကားတစ်ခွန်း နှစ်ခွန်းလောက်ပဲ မင်းပြောမှာလေ။ “မသွားနဲ့” ဟူသော ကျွန်တော့်အသိစိတ်၏ အော်သံကို အာခံပြီး ထိုလမ်းကလေးထဲ ကျွန်တော် ခပ်သွက်သွက် ဆင်းချလာခဲ့၏။

သူမ၏မျက်နှာက ဖျော့တော့နေသည်။ ကွန်ပျူတာပစ္စည်းဆိုင် အရှေ့ ကားလမ်းအစပ်တွင် ကျွန်တော့်ဇနီးက ရပ်နေသည်။ သူမ၏ ခြေထောက်များက မပြောင်းလဲသေးသဖြင့် ခြေမျက်စိအောက်ပိုင်းကို မြေကြီးထဲမြှုပ်၍ ရပ်နေသလိုသာ ထင်ရသည်။ သူမက မည်သည့်အရာကိုမျှ မမြင်ရန်၊ မခံစားနိုင်ရန် အားထုတ်နေသကဲ့သို့ အမူအရာကင်းမဲ့စွာ ရှေ့တူရူသို့ စိုက်ကြည့်နေ၏။ လွန်ခဲ့သောနှစ်ရက် မတိုင်မီကနှင့် နှိုင်းယှဉ်ပါက ပါးနှစ်ဖက်မှာ အတော်ချောင်ကျသွားသည်။ ဖြတ်သွားဖြတ်လာ စက်ရုံအလုပ်သမားနှစ်ယောက်က သူမကို ညွှန်ပြ၍ ရိုင်းရိုင်းစိုင်းစိုင်း ဟာသထုတ်ပြီး ခွက်ထိုးခွက်လန် ဟားတိုက်ရယ်ကာ ဆက်လျှောက်သွားကြသည်။ သူမဆီသို့ ကျွန်တော်သွားပြီး အသံကို မြှင့်ပြောသည်။

“မီချီကို”

သူမ၏နားထဲသို့ကပ်၍ ကျွန်တော်က အော်သည်။

ကျွန်တော့်ကို ကျွန်တော့်ဇနီးက ကြည့်ပြီးလျှင် ပါးနှစ်ဖက် သွေးရောင်လွှမ်းသွားသည်။ ရှုပ်ထွေးနေသော ဆံပင်များကို လက်တစ်ဖက်ဖြင့် သူမက သပ်လိုက်၏။

“ရှင်ထပ်လာပြန်ပြီ။ တကယ်တော့ ရှင် လာကိုမလာရဘူးလေ”

“မလာဘဲနေဖို့ ကြိုးစားတာ ဘယ်လိုမှမရဘူးကွာ”

ကွန်ပျူတာပစ္စည်းအရောင်းဆိုင်၏ အရောင်းသမက ကျွန်တော့်ကို မြင်သွားသည်။ သူမက စိတ်မဝင်စားချင်ဟန်ဆောင်၍ မျက်နှာလွှဲသွားပြီး ဆိုင်နောက်သို့ ဝင်သွားခဲ့၏။ သူမ၏ စာနာထောက်ထားမှုကို အပြည့်အဝ‌ ကျေးဇူးတင်မိကာ ကျွန်တော်က မီချီကိုထံသို့ ခြေလှမ်းအနည်းငယ်တိုးပြီး မျက်နှာချင်း ဆိုင်လိုက်သည်။

“မင်း နေသားကျနေပြီလား”

တောင့်တင်းနေသည့်မျက်နှာပေါ်၌ ရွှင်ပျသောအပြုံးတစ်ခုကို ရှိရှိသမျှခွန်အားဖြင့် သူမက ဖန်တီးပြ၏။

“အင်း။ ကျွန်မ ကျင့်သားရနေပါပြီ”

“မနေ့ညက မိုးနည်းနည်းရွာတယ်”

နက်မှောင်သော မျက်လုံးရွဲကြီးများဖြင့် ကျွန်တော့်ကို ကြည့်လျက် သူမက အသာအယာ ခေါင်းညိတ်ပြသည်။

“စိတ်မပူပါနဲ့။ ဘာကိုမှ ကျွန်မ ခံစားလို့မရသလောက် ဖြစ်နေပါပြီ”

“မင်းအကြောင်း ကိုယ်စဉ်းစားမိရင် အိပ်လို့မရဘူး” ကျွန်တော်က ခေါင်းကို စိုက်ထားကာ “ဒီနေရာမှာ မင်းက အမြဲတမ်း ရပ်နေတာ။ အဲဒါကို စဉ်းစားလိုက်ရင် အိပ်ပျော်ဖို့ မဖြစ်နိုင်ဘူး။ မနေ့ညကဆို မင်းအတွက် ထီးတစ်ချောင်း ယူလာဖို့အထိတောင် ကိုယ် စဉ်းစားမိတယ်”

“ကျေးဇူးပြုပြီး အဲဒီလိုမျိုးတွေ မလုပ်နဲ့နော်”

ကျွန်တော့်ဇနီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒီလိုမျိုး ရှင်လုပ်ခဲ့ရင် ဆိုးဆိုးရွားရွားတွေ ဖြစ်ကုန်မယ်”

ကျွန်တော့်အနောက်တွင် ကုန်တင်ကားကြီးတစ်စီး ဖြတ်သွားသည်။ ကျွန်တော့်ဇနီး၏ ဆံပင်နှင့် ပခုံးပေါ်တွင် အဖြူရောင်ဖုံမှုန့်များ ပါးလျစွာ တင်နေသော်လည်း သူမက အနှောက်အယှက်ဖြစ်ပုံ မရပါ။

“မတ်တပ်ရပ်နေရတာ တကယ်တော့ အဲဒီလောက် မဆိုးပါဘူး”

ကျွန်တော် စိတ်မပူစေရန် ကြိုးစားသည့်အနေဖြင့် သူမက တမင်သက်သက် ခပ်ပေါ့ပေါ့ လုပ်ပြောသည်။

လွန်ခဲ့သောနှစ်ရက်ကထက်စာလျှင် ကျွန်တော့်ဇနီး၏ အမူအရာနှင့် စကားပြောပုံမှာ အနည်းငယ်ပြောင်းလဲသွားသည်။ သူမခံစားမှုများ၏ အတိုင်းအတာက တစ်နည်းနည်းဖြင့် ဆုတ်ယုတ်လာပြီး စကားလုံးများကလည်း ပြေပြစ်မှုမရှိတော့သလို ထင်ရသည်။ သူမ၏ တဖြည်းဖြည်း ခံစားမှုကင်းမဲ့လာခြင်းကို ယခုကဲ့သို့ ဘေးက ကြည့်နေရသည်မှာ ဝမ်းနည်းစရာ‌ ဖြစ်တော့သည်။ ယခင်ကဆိုလျှင် တုန့်ပြန်မှုတိုင်းက စိတ်ပါလက်ပါရှိ၏။ သွက်လက်ရွှင်ပြလှသည်။ ခံစားချက်များလည်း ပြည့်ဝလွန်းသည်။ ထိုကဲ့သို့သော သူမကို တလျှောက်လုံး သိခဲ့သူအနေဖြင့် ပို၍ နာကျင်မိလေသည်။

“ဒီကလူတွေ” ကွန်ပျူတာပစ္စည်းဆိုင်ကို မျက်လုံးဝေ့ပြပြီး ကျွန်တော်က မေးသည်။

“မင်းအပေါ် ကောင်းကြရဲ့လား”

“အင်း။ ကောင်းတာပေါ့ရှင်။ သူတို့က ကြင်နာတတ်ပါတယ်။ တစ်ခါကဆို ကျွန်မဖြစ်ချင်တာ တစ်ခုခုရှိရင် ပြောဖို့ သူတို့က မေးပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် သူတို့ ဘာတစ်ခုမှ မလုပ်ပေးရသေးဘူး”

“ဗိုက်မဆာဘူးလား”

သူမက ခေါင်းရမ်းသည်။

“မစားတာက ပိုကောင်းလိမ့်မယ်”

ဒါပဲပေါ့။ လူပျိုးပင်ဘဝနှင့် နေရခြင်းကို မခံနိုင်သောကြောင့် တစ်ရက်မျှဖြစ်ဖြစ် စော၍ လူသစ်ပင်ဖြစ်သွားရန် သူမက မျှော်လင့်နေသည်။

“အဲဒီတော့ ကျေးဇူးပြုပြီး ကျွန်မဆီ စားစရာ မယူလာပါနဲ့” ကျွန်တော့်ကို သူမက စိုက်ကြည့်သည်။

“ကျေးဇူးပြုပြီး ကျွန်မကို မေ့လိုက်ပါရှင်။ အထွေအထူး မကြိုးစားဘဲနဲ့ကို ရှင့်ကို ကျွန်မက သေချာပေါက် မေ့သွားတော့မှာ။ ရှင်လာတွေ့တာကို ကျွန်မ ပျော်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကို ပိုကြာကြာ အချိန်ဆွဲထားတာပါပဲ။ ကျွန်မတို့ နှစ်ယောက်စလုံးအတွက်ပေါ့”

“အင်းပေါ့။ မင်းမှန်ပါတယ်။ ဒါပေမဲ့…

” ကိုယ့်မိန်းမအတွက် ဘာမှလုပ်မပေးနိုင်သော ကိုယ့်ကိုယ့်ကို စက်ဆုပ်ကာ ကျွန်တော် ခေါင်းငုံ့ထားလိုက်ပြန်သည်။

“ဒါပေမဲ့…မင်းကို ကိုယ် မေ့မှာမဟုတ်ဘူး” ကျွန်တော် ခေါင်းညိတ်လိုက်သည်။ မျက်ရည်များက ကျလာ၏။

“ကိုယ် မမေ့ပါဘူး။ အမြဲတမ်းမမေ့ဘူး”

ကျွန်တော်က ခေါင်းမော့ပြီး သူမကို ပြန်ကြည့်သည့်အခါ သူမက ကျွန်တော့်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သူမ၏မျက်လုံးများက ရွှန်းလဲ့မနေတော့ဘဲ မျက်နှာတစ်ခုလုံးမှာလည်း ကျောက်ဆင်းတုကဲ့သို့ ဖြစ်လျက် ရေးရေးမျှပြုံးနေလေသည်။ ထိုကဲ့သို့သော သူမ၏အပြုံးကို ကျွန်တော် ပထမဆုံး မြင်ဖူးခြင်းပင်တည်း။

အိပ်မက်ဆိုးမက်နေသလို ကျွန်တော် ခံစားမိသည်။ ဟင့်အင်း။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောသည်။ ဒါ မင်းရဲ့မိန်းမ မဟုတ်တော့ဘူး။

သူမ အဖမ်းခံရစဉ်က ဝတ်ထားခဲ့သော ဝတ်စုံမှာ အလွန်ညစ်ပတ်နေပြီဖြစ်ပြီး အတွန့်အခေါက်များ ပြည့်နေ၏။ သို့‌သော်လည်း အဝတ်အစားလဲရန် ဝတ်စုံအသစ် ယူလာခွင့် ကျွန်တော့်တွင် မရှိပါ။ သူမ၏ စကတ်ပေါ်ရှိ မည်းညစ်ညစ် အစွန်းအထေးများဆီသို့ ကျွန်တော့်မျက်စိ ရောက်သွားသည်။

“အဲဒါ သွေးတွေလား။ ဘာဖြစ်တာလဲ”

“အိုး။ ဒါလား”

ဝေခွဲမရဖြစ်ဟန်ဖြင့် သူမ၏စကတ်ကို ငုံ့ကြည့်ပြီး တုံ့ဆိုင်းတုံ့ဆိုင်း ပြောသည်။

“မနေ့ညက အမူးသမားနှစ်ယောက်က ကျွန်မကို နောက်လိုက်‌ပြောင်လိုက် လုပ်သွားကြတာ”

“အယုတ်တမာကောင်တွေ”

၎င်းတို့၏ လူမဆန်မှုအပေါ် ကျွန်တော် အမျက်ပြင်းစွာထွက်နေမိသည်။ ၎င်းတို့ကို ရင်ဆိုင်ပြောလျှင်လည်း ကျွန်တော့်ဇနီးသည် လူမဟုတ်တော့သဖြင့် သူတို့ဘာလုပ်လုပ် ကိစ္စမရှိဟု ပြန်ပြောပေလိမ့်မည်။

“ဒီလိုမျိုး သူတို့လုပ်လို့မရဘူး။ ဒါက ဥပဒေနဲ့ ဆန့်ကျင်တာပဲကွ”

“မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မက တောင်းပန်ဖို့တောင် မတတ်နိုင်ဘူးလေ”

ကျွန်တော်လည်း ရဲစခန်းသို့သွား၍ မေတ္တာရပ်ခံဖို့ မဖြစ်နိုင်ပါ။ ကျွန်တော်သွားခဲ့ပါက ပြဿနာရှာသည့်လူဟုသာ ကျွန်တော့်အပေါ် မြင်သွားကြလိမ့်မည်။

“အဲဒီ လူယုတ်တွေ။ သူတို့ ဘာလုပ်ခဲ့…”

ကျွန်တော့်နှုတ်ခမ်းကို ပြန်ကိုက်ထားလိုက်သည်။ ကျွန်တော့်နှလုံးသားမှာ ကွဲကြေလောက်အောင် နာကျင်နေ၏။

“သွေးတွေ အများကြီးထွက်လား”

“အင်း။ နည်းနည်းပါပဲ”

“နာသွားလား”

“နာတာကျင်တာ မရှိတော့ပါဘူး”

ယခုအချိန် မတိုင်ခင်ကလေးအထိ စိတ်မာန်ကြီးနေသေးသော မီချီကို၏ မျက်နှာတွင် ဝမ်းနည်းရိပ်ကလေး ပေါ်လာသည်။ သူမ၏ပြောင်းလဲမှုကြောင့် ကျွန်တော် ရုတ်တရက် တုန်လှုပ်သွားသည်။ အမျိုးသားလေးများ အမျိုးသမီးလေးများ ပါ‌သော လူတစ်အုပ် ကျွန်တော့်အနောက်က ဖြတ်သွားသည်။ သူတို့က ကျွန်တော်နှင့် ကျွန်တော့်ဇနီးကို ဖောက်ထွင်းလုမတတ် အပြန်အလှန် ယှဉ်ကြည့်သွားကြသည်။

“ရှင့်ကို မြင်သွားလိမ့်မယ်” စိတ်လှုပ်ရှားစွာ ကျွန်တော့်ဇနီးက ပြောသည်။

“ကျွန်မ တောင်းပန်ပါတယ်။ ရှင့်ကိုယ်ရှင် ဒုက္ခအရောက်မခံပါနဲ့”

“မပူပါနဲ့ကွာ” ကိုယ့်ကိုယ်ကို စက်ဆုပ်လျက် သူမကို ကျွန်တော် ခပ်ယဲ့ယဲ့ ပြုံးပြသည်။

“ကိုယ့်မှာ သတ္တိမရှိပါဘူး”

“အခု ရှင် သွားသင့်ပြီ”

“မင်း လူသစ်ပင် ဖြစ်သွားတဲ့အခါ”

ထွက်ခွာရန်ပြင်ရင်း ကျွန်တော်က ပြောသည်။

“ကိုယ်က အသနားခံစာ တင်မှာ။ ကိုယ်တို့အိမ်က ပန်းခြံထဲ မင်းကိုရွှေ့ပြီးစိုက်ပေးဖို့ သူတို့ကို ပြောမယ်”

“အဲဒီလို ရှင်လုပ်နိုင်လို့လား”

“ကိုယ်လုပ်နိုင်ရမှာပေါ့”

အကြိမ်ကြိမ် ခေါင်းညိတ်ကာ ကျွန်တော် ပြောသည်။

“ကိုယ်လုပ်နိုင်ရမှာပေါ့”

“ရှင်လုပ်နိုင်ခဲ့ရင် ကျွန်မ ပျော်မှာပေါ့ရှင်” ခံစားချက်ကင်းမဲ့စွာ ကျွန်တော့်ဇနီးက ပြော၏။

“ကောင်းပြီ။ နောက်မှတွေ့မယ်နော်”

“ရှင် နောက်ထပ်မလာခဲ့ရင် ပိုကောင်းလိမ့်မယ်” အောက်သို့ငုံ့ကြည့်လျက် သူမက ခပ်တိုးတိုး ရေရွတ်သည်။

“ကိုယ်သိပါတယ်။ အဲဒီလို ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လာရင်လာဦးမှာ”

မိနစ်အနည်းငယ်ကြာအောင် ကျွန်တော်တို့ နှုတ်ဆိတ်နေမိကြသည်။ ထို့နောက် ကျွန်တော့်ဇနီးက ရုတ်တရက် ထပြောသည်။

“နှုတ်ဆက်လိုက်တယ်နော်”

“အင်း”

ကျွန်တော် ဆက်လျှောက်လာခဲ့လေသည်။ လမ်းထောင့်သို့ ကျွန်တော် ချိုးကွေ့စဉ် လှည့်ကြည့်မိသောအခါ မီချီကို၏ မျက်လုံးများက ကျွန်တော့်ကို လိုက်ကြည့်နေကြောင်း တွေ့ရသည်။ မျက်နှာကား ကျောက်ရုပ်တုကဲ့သို့ ပြုံးနေဆဲ။

နှစ်ခြမ်းကွဲသွားတော့မတတ် ဖြစ်နေသော နှလုံးသားကို ပိုက်၍ ကျွန်တော် လျှောက်ခဲ့ရာ ဘူတာအရှေ့သို့ရောက်နေသည်ကို ရုတ်တရက် သတိထားမိသွား၏။ မသိစိတ်က ကျွန်တော် လျှောက်နေကျ လမ်းကြောင်းဆီသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်မည်။ ဘူတာရုံနှင့် မျက်နှာချင်းဆိုင်တွင် ပန့်ခ်ျဟုခေါ်သော ကျွန်တော် အမြဲသွားနေကျ ကော်ဖီဆိုင်လေး ရှိသည်။ ကျွန်တော်က ဆိုင်ထဲဝင်ပြီး ထောင့်ရှိ အကန့်တစ်ကန့်တွင် ထိုင်၍ ကော်ဖီမှာပြီး နို့နှင့်သကြားမထည့်ဘဲ သောက်လိုက်သည်။ ယခုအချိန်မတိုင်ခင်အထိ ကော်ဖီကို သကြားနှင့်သာ ကျွန်တော်က အမြဲသောက်သည်။ နို့နှင့် သကြားမပါသည့် ကော်ဖီ၏ ခါးသက်လွန်းမှုက ခန္ဓာကိုယ်တွင်းထဲအထိ စူးရှစွာဝင်သွားပြီး ထိုဆိုးရွားလှသောဝေဒနာကို ကျွန်တော်သည် တစိမ့်စိမ့်အရသာခံနေမိ၏။ ယခုအချိန်ကစပြီး ကော်ဖီကို နို့နှင့်သကြားမထည့်ဘဲ အစဉ်အမြဲ သောက်ပါတော့မည်။ ဤသည်မှာ ကျွန်တော်ချခဲ့သော သန္နိဋ္ဌာန် ဖြစ်လေ၏။

မကြာသေးမီကမှ အဖမ်းခံရပြီး လူပျိုးပင်အဖြစ် အစိုက်ခံလိုက်ရသော ဝေဖန်‌ရေးဆရာတစ်ယောက် အကြောင်းကို ကျွန်တော့်ဘေးအကန့်ရှိ ကျောင်းသားသုံးယောက်က ပြောနေကြ၏။

“ဂျင်ဇာရပ်ကွက်ရဲ့ အလယ်ခေါင်တည့်တည့်ကြီးမှာ သူ့ကို စိုက်ထားတာလို့ ငါကြားတယ်”

“သူက ကျေးလက်ကို ကြိုက်တယ်လေ။ တောမှာပဲ အမြဲတမ်း နေခဲ့တာ။ ဒါကြောင့် သူ့ကို အဲဒီလိုနေရာမှာ စိုက်ခဲ့တာပေါ့”

“ကြည့်ရတာတော့ သူတို့က သူ့ကို ဦးနှောက်ခွဲစိတ်ပြုပြင်မှု လုပ်လိုက်ပုံရတယ်”

“သူ့ကိုဖမ်းလို့ဆိုပြီး ဆန္ဒပြကြတဲ့ပွဲမှာ အကြမ်းဖက်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသားတွေ ရှိသေးတယ်။ အားလုံး အဖမ်းခံရပြီလေ။ သူတို့လည်း လူပျိုးပင် အလုပ်ခံရမှာပဲ”

“သူတို့က အယောက်သုံးဆယ်လောက်တောင် ရှိမယ် မဟုတ်လား။ အားလုံးကို ဘယ်နားသွားစိုက်မှာလဲ”

“သူတို့တက်ခဲ့တဲ့ တက္ကသိုလ်အရှေ့က ကျောင်းသားများလမ်း လို့ခေါ်တဲ့ လမ်းကလေးရဲ့ တစ်ဖက်တစ်ချက်မှာ ပြန်စိုက်မယ်တဲ့”

“ဒီအတိုင်းဆို လမ်းနာမည်ကို ပြောင်းရတော့မှာပဲ။ အကြမ်းဖက် သစ်ပင်အုပ် ဒါမှမဟုတ် တစ်ခုခုပေါ့လေ”

သုံးယောက်သား တခစ်ခစ် ရယ်နေကြသည်။

“ဟေ့။ ဒီအကြောင်း မပြောကြနဲ့တော့။ တစ်ယောက်ယောက် မကြားသွားစေချင်ပါဘူး”

သုံး‌ယောက်သား တိတ်သွားကြ၏။

ကော်ဖီဆိုင်မှ ထွက်ခဲ့ပြီး အိမ်သို့ပြန်နေစဉ် သတိထားမိသည်မှာ ကျွန်တော်ကိုယ်တိုင်ပင် လူပျိုးပင်တစ်ပင် ဖြစ်နေသကဲ့သို့ ခံစားမိလာ၏။ ခေတ်စားသော သီချင်းတစ်ပုဒ်၏ စာသားများကို ကိုယ့်ဘာသာ ခပ်တိုးတိုးရွတ်၍ ကျွန်တော် ဆက်လျှောက်ခဲ့လေသည်။

“ငါဟာ လမ်းဘေးက လူပျိုးပင်ပါ။ မင်းကလည်း လမ်းဘေးက လူပျိုးပင်ပါ။ စောက်ကျိုးနည်းတဲ့ ဒီကမ္ဘာထဲမှာ ငါတို့က နှစ်ယောက်သား။ ဘယ်တော့မှ ပန်းမပွင့်တဲ့ မြက်ပင်ခြောက်များ”

Standing Woman by Yasutaka Tsutsui

From The best Japanese Science Fiction Stories (Edited by John L. Apostolou & Martin H. Greenberg)

Click to rate this post!
[Total: 3 Average: 5]