၈၀ ခုနှစ် အလွန်နှစ်များမှာ ရော့ခ်ဂီတကို စတင်ထိတွေ့ နားထောင်ဖူးသူတစ်ဦးဆိုရင်တော့ အချိန်ကောင်းလို့ ပြောလို့ရမယ်ထင်ပါတယ်။ ကမ္ဘာမှာ ရော့ခ်တေးဂီတ အထွတ်အထိပ်ဟာ ၁၉၆၀ ခုနှစ်များကနေ ၁၉၈၀ ခုနှစ်တွေအထိလို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာဟာ ကမ္ဘာနဲ့ အခုခေတ်လို အဆက်မပြတ် ချိတ်ဆက်နေတာမဟုတ်တော့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ သီချင်းတွေဟာ လနဲ့ချီ၊ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးတော့မှ မြန်မာပြည်ကို ရောက်လာတာ။ ရောက်လာတယ်ဆိုတာကလည်း ဒီအတိုင်း သက်သက်နားထောင်ရတာမဟုတ်။ နာမည်ကျော် အဆိုရှင်တစ်ဦးဦးက နာမည်ကြီး ရော့ခ်သီချင်းများကို မြန်မာစာသားထည့် သီဆိုရင်းက ‘ပေါက်’ သွားပြီး နားယဉ်သွားကြတာ များပါတယ်။
မူရင်းသီချင်းကိုမှ နားထောင်ချင်တယ်ဆိုရင် ဘားလမ်း (အခု မဟာဗန္ဒုလပန်းခြံလမ်း) ထဲက ယင်းမာ၊ KISS အစရှိတဲ့ တေးသံသွင်းများမှာ စိတ်ကြိုက် C60 ကတ်ဆက်ခွေ တစ်ခွေစာပြည့်အောင် ရွေးသွင်း၊ အခွေလွတ်နဲ့သွားအပ်၊ တစ်ပတ်လောက်နေတော့ သွားယူ၊ တစ်ခါတစ်ရံ သွားရွေးတဲ့နေ့မှ ကတ်ဆက်ခွေရဲ့ ကာဗာပေါ်မှာ အင်္ဂလိပ်စာလုံး လှလှလေးတွေနဲ့ သီချင်းနာမည်နဲ့ မူရင်းတေးဆိုသူ/တီးဝိုင်းအမည်ကို ရေးပေးနေတာကို တစ်ဝကြီး ထိုင်ကြည့်ပြီး ကိုယ့်စိတ်ကြိုက် ရွေးထားတဲ့ သီချင်းခွေလေးကို တမြတ်တနိုးနဲ့ ပိုင်ဆိုင်ရတဲ့ အရသာကို ကြုံဖူးသူတွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ သီချင်းစာသားလိုချင်ရင်တော့ သီချင်းစာအုပ် အထူကြီးကို ဝယ်ဖို့ကလည်း ကိုယ်တိုင်က ကျောင်းသားပဲဆိုတော့ မတတ်နိုင်၊ တစ်ခါတစ်လေ လမ်းထဲက ခင်တဲ့ သင်္ဘောသားအစ်ကိုကြီး၊ ဦးလေးကြီးများကို မျက်နှာငယ်ငယ်နဲ့ မှာရ ပူဆာရပါတယ်။ ဆယ်ခါမှာရင် တစ်ခါနှစ်ခါလောက် နှစ်အလိုက်ထွက်တဲ့ နိုင်ငံခြားသီချင်းစာသားတွေပါတဲ့ စာအုပ်အထူကြီးကို သယ်လာပေးတတ်ကြပေမယ့် စာအုပ်ရတဲ့နေ့ဆို ထမင်းမစား ဟင်းမစားနိုင်ဘဲ ပျော်လိုက်တာလေ။
ပိုက်ဆံလေး နည်းနည်းတတ်နိုင်လာတဲ့အချိန်၊ နိုင်ငံရပ်ခြားကို ကံကောင်းလို့ ရောက်ဖြစ်တဲ့အခါ သိပ်ကြိုက်ခဲ့ဖူးတဲ့ ရော့ခ်ဂီတဝိုင်းများရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ဖြစ်အောင် ပိုက်ဆံစုပြီး ကြည့်တတ်ပါတယ်။ ကြိုက်လွန်းလို့သာ ကြည့်ပေမယ့်လည်း သူတို့တတွေလည်း အသက်ကြီးကြပြီလေ။ ကံကောင်းလို့ သူတို့သက်ရှိထင်ရှားရှိလို့သာ ကြည့်ရပေမယ့် ကြိုက်ခဲ့တဲ့ အချို့အဆိုအတီးသမားကြီးတွေဆို လူ့လောကကတောင် အစောကြီး ထွက်ခွာသွားကြပြီ။ ကြည့်ချင်လို့တောင် မကြည့်ရတော့ပါဘူး။ နောက်ပြီး အချို့ရော့ခ်တီးဝိုင်းတွေက အာရှဘက်ကို မလာကြတာလည်းရှိတယ်။ ကိုယ်ကလည်း သူတို့သွားဖျော်ဖြေလေ့ရှိတဲ့ အနောက်နိုင်ငံတွေဆီကို သွားကြည့်ဖို့အထိ အကုန်အကျ မခံနိုင်တော့ မကြည့်ရပေဘူးပေါ့။
သူတို့ရဲ့ အကောင်းဆုံးအချိန်တွေက ဖျော်ဖြေမှုတွေကို မကြည့်ခဲ့ရတော့ ဆံရှည်ရှည် ခပ်မိုက်မိုက် ရော့ခ်အပြင်းစား အဆိုအတီးသမားတွေဟာ အခုအချိန် ပြန်ကြည့်ဖြစ်တဲ့အခါ ဆံပင်ဖြူဖြူ ခါးကိုင်းကိုင်း ဖြစ်နေကြပြီ။ သို့သော်လည်းပဲ အရည်အသွေးတွေကိုတော့ ပေးရတာနဲ့ တန်အောင် ပြန်ပေးလေ့ရှိကြပါတယ်။ ၁၉၈၀ ခုနှစ်များမှ စတင် လူကြိုက်များလာတဲ့ မြန်မာပရိသတ် တော်တော်များများနဲ့ ရင်းနှီးတဲ့ ရော့ခ်အဆိုတော် Jon Bon Jovi တောင် အခုဆို အသက် ခြောက်ဆယ်ကျော်ခဲ့ပြီ။
ဒီလို ဝါသနာတွေနဲ့ ဖြတ်သန်းလာတဲ့သူဆိုတော့ ဗေထိဆိုရင် နေမထိ ထိုင်မသာ ဖြစ်လာတတ်ပြီး Dream Theater အဖွဲ့ရဲ့ အနှစ် (၄၀) ပြည့် အထိမ်းအမှတ် အာရှနိုင်ငံစဉ် ဖျော်ဖြေပွဲတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ စမယ်လို့ သတင်းကြားလိုက်တဲ့အခါ ပွဲစဉ်တွေ ရှာလိုက်တော့ ကိုယ်နဲ့ အနီးဆုံး ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဖေဖော်ဝါရီလ (၁၈) ရက် တစ်ရက်တည်း ပွဲရှိတာ တွေ့လိုက်တယ်။ ဇနီးဖြစ်သူက သွားကြည့်ဖို့ ပြောပေမယ့် ပထမ တစ်ယောက်တည်း ဖြစ်နေတော့ နည်းနည်း ‘မူ’ လိုက်ပါသေးတယ်။ ဒီလိုနဲ့ ဝါသနာတူ စင်ကာပူက ကိုစစ်ကို လှမ်းမေးတော့ သူလည်း တစ်ယောက်တည်းပဲ စင်ကာပူမှာ လုပ်မယ့် ဖေဖော်ဝါရီ (၃) ရက် ပွဲကို ကြည့်မယ်ဆိုတာ သိလိုက်တယ်။ ရော့ခ်ပိုးက ပိုဆိုးပြီ။ ဒါပေမဲ့ အဲဒီအချိန်အထိ တစ်ယောက်တည်း သွားကြည့်ရမှာကိုတော့ နည်းနည်း အင်တင်တင် ဖြစ်နေတုန်းပဲ။ ဟုတ်တယ်၊ ဒီလိုပွဲမျိုးကြည့်တယ်ဆိုတာ ဝါသနာတူ တစ်ယောက်နဲ့သွားမှ မကြည့်ခင်၊ ကြည့်နေတုန်းနဲ့ ကြည့်အပြီးမှာ ပြန်ပြောရတာတွေက သိပ်အရသာရှိတာ။
တွေးနေတုန်း စင်ကာပူက ယောက်ဖဖြစ်သူ နောင်နောင်က အဲဒီရက်ပိုင်းမှာ ဘန်ကောက်ကို လာလည်ဖို့ ရှိတယ်။ သူလည်း ကြည့်မယ်ဆိုတာနဲ့ မူတောင် မမူတော့ဘူး။ မဆိုင်းမတွဘဲ လက်မှတ်နှစ်စောင် ကောက်ဖြတ်လိုက်တယ်။ အဲ… လက်မှတ်ဆိုလို့ ပြောပြရဦးမယ်။ ဈေးအကြီးဆုံး လက်မှတ်ဆိုတာ စင်ရဲ့ ရှေ့ဆုံးမှာ “မတ်တပ်ရပ်” ကြည့်ရမှာပါ။ အရင်တုန်းကတော့ ဒီလိုကြားရင် “ဟင် ဘယ်လိုကြီးတုန်း ဈေးကလည်းကြီးသေး ခုံနဲ့လည်း မကြည့်ရဘူး မတ်တပ်ကြီးလား” လို့ ထင်မိပေမယ့် ဝါသနာတူ မိတ်ဆွေများ ရှင်းပြတာက နိုင်ငံတကာ Show ပွဲတွေမှာ ဒီနေရာဟာ အလွန်တန်ဖိုးရှိတာဆိုပဲ။ ဟုတ်မှာပါ။ သတ္တိ နည်းနည်းများရှိရင် စင်ပေါ်ကလူကိုတောင် သွားကိုင်ကြည့်လို့ ရမယ်ထင်တယ်။
ပုံမှန်ဆိုရင်တော့ နိုင်ငံတကာ ရော့ခ်ပွဲများဟာ တစ်နာရီ တစ်နာရီခွဲလောက်သာ လုပ်တတ်ကြပေမယ့် Dream Theater Show ကတော့ သုံးနာရီနီးပါးလောက် ကြာပါတယ်။ ဒီအသက်အရွယ်နဲ့ သုံးနာရီကြာအောင် မတ်တပ်ရပ်ကြည့်ဖို့ဆိုတာတော့ အမှန်အတိုင်းပြောရရင် တော်တော်အားထည့်ရပါတယ်။ သုံးနာရီဆိုတာ အစ-အဆုံး ဖျော်ဖြေချိန်ပဲ ရှိပါသေးတယ်။ ပွဲမစခင် တစ်နာရီလောက် ပွဲခင်းထဲကို ကြိုရောက်နေရပြီး မတ်တပ်ရပ်စောင့်ရတာ မပါသေးပါဘူး။
Dream Theater ကို ‘အိပ်မက်ဇာတ်ခုံ’ လို့ ဘာသာပြန်ထားပေမယ့် မူရင်း Dream Theater လို့ပဲ ခေါ်တာ ကောင်းပါတယ်။ Dream Theater (DT) အဖွဲ့ကို ၁၉၈၅ ခုနှစ်မှာ စတင်ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ်မှာ အနှစ် ၄၀ ပြည့်ခဲ့တာ ဖြစ်မှာပါ။ ဒါပေမဲ့ ၁၉၈၅ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ Majesty ဆိုတဲ့ နာမည်နဲ့ နေခဲ့တာပါ။ ဒါကြောင့်မို့လို့ သူတို့ရဲ့ အဖွဲ့အမှတ်တံဆိပ်မှာ ခန့်ခန့်ငြားငြား Greek စာလုံး သုံးလုံးဖြစ်တဲ့ Φ (Phi), Μ (Mu) နဲ့ Λ (Lambda) ပုံစံ ထင်ထင်ရှားရှားနဲ့ အခုထိ တွေ့ရမှာပါ။

အဖွဲ့စတင်ခဲ့ချိန်ကတည်းက အခုအထိ ရှိခဲ့တဲ့ ဝိုင်းတော်သားတွေကတော့ ဂျွန်ပထရူချီ (John Petrucci) (လိဒ်ဂစ်တာ)၊ ဂျွန်မြောင် (John Myung) (ဘေ့စ်ဂစ်တာ) တို့ပဲဖြစ်ပါတယ်။ ဒရမ်သမား မိုက်ပို့တ်နွိုင်း (Mike Portnoy) ဟာ အဖွဲ့စတင်ချိန်မှာ ပါဝင်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ DT အဖွဲ့ကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ်ရောက်တော့မှ DT ကို ပြန်လည်ဝင်ရောက်လာတဲ့အတွက် သူ့ကို Founder တစ်ဦးလို့ ခေါ်နိုင်ပါတယ်။ ပထရူချီ၊ မြောင်နဲ့ ပို့တ်နွိုင်းတို့ လူငယ်သုံးဦး Berklee Music ကောလိပ်မှာ ဆုံခဲ့ကြပြီး ဝါသနာအလျောက် Majesty ဝိုင်းနဲ့ စခဲ့ကြတာပေါ့။ လက်ရှိအချိန်အထိ DT ရဲ့ ပင်တိုင်အဆိုတော် ဂျိမ်းစ်လာဘရီး (James LaBrie) ကတော့ ၁၉၉၁ ခုနှစ်မှာ အဖွဲ့ကို ဝင်ရောက် လာတာ ဖြစ်ပါတယ်။ နောက်ဆုံး ဝိုင်းတော်သားတစ်ဦးကတော့ ကီးဘုတ်တီးသူ ဂျော်ဒန်ရူ့ဒက်စ် (Jordan Rudess) ဖြစ်ပြီး DT အဖွဲ့ကို ၁၉၉၉ ခုနှစ်မှာ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ ရူ့ဒက်စ်ကို Wizard လို့လည်း လူသိများကြပြီး ကီးဘုတ်တီးတာတင်မဟုတ်ဘဲ အခြားတူရိယာတွေ နှံ့စပ်ကျွမ်းကျင်တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ဂီတဆော့ဖ်ဝဲလုပ်ငန်းတစ်ခု လုပ်ကိုင်နေတယ်။
Dream Theater အဖွဲ့က ရော့ခ်တေးဂီတဝိုင်းတစ်ဝိုင်းလို့ ပြောလို့ရပေမယ့် တိတိကျကျ ပြောမယ်ဆိုရင်တော့ “Progressive Metal” အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်ကြားနေကျ ရော့ခ်အမျိုးအစားထက် Heavy Metal ဘက်ကို ပိုရောက်တယ်။ သီချင်းတစ်ပုဒ်ထဲမှာတင် ပုံမှန်မဟုတ်တဲ့ နရီစီးချက်တွေ အများကြီး ထည့်ထားလေ့ရှိပြီး လျင်လျင်မြန်မြန်နဲ့ ခပ်ပြင်းပြင်း ခပ်ဆူဆူ ရောမွှေထားတဲ့ ဂီတတစ်မျိုးလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ သီချင်းကို အသေအချာ နားထောင်မယ်ဆိုရင် အယ်လ်ဘမ်တစ်ခု၊ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ဟာ အစပ်အဆက်ရှိပြီး သီချင်းစာသားတွေကအစ အကြောင်းအရာတစ်ခုကို ဖော်ကျူးတင်ဆက်ထားလေ့ရှိပါတယ်။ ကျွန်တော်ကြားဖူးသမျှ ပြန်ပြောရရင် DT အဖွဲ့ဟာ အလွန်စည်းကမ်းကျနပြီး တင်ဆက်ဖျော်ဖြေမှုမှာလည်း သေသပ်လွန်းလှတယ်လို့ နာမည်ကျော်ပါတယ်။
အဲဒီတော့ ဘာလိုသေးလဲ။ လိုပါတယ်… ဒီပွဲတွေကို ကြည့်မယ်ဆိုရင် အရေးအကြီးဆုံး လုပ်စရာတစ်ခုက Setlist လို့ခေါ်တဲ့ ပွဲနေ့မှာ သွားကြည့်မယ့် တီးဝိုင်းက ဘာသီချင်းတွေ ဆိုကြမလဲ၊ တီးကြမလဲဆိုတာ ရင်ခုန်စရာကောင်းတဲ့ အလုပ်တစ်ခုပါ။ နောက်တစ်ခုက သိတဲ့သီချင်းတွေဆိုရင် ဝိုင်းအော်ကြဖို့၊ မသိသေးရင်လည်း သီချင်းကျက်ဖို့ပေါ့။ ပုံမှန်အားဖြင့် ဒီလိုတီးဝိုင်းကြီးတွေဟာ ဘာတီးမယ်ဆိုတာ ပြောထားလေ့ မရှိပေမယ့် လူတွေအချင်းချင်း မှန်းဆပြီး ဒါမှမဟုတ် သူ့အရင်ပွဲတွေမှာ တီးခဲ့တာတွေကို ကြည့်ပြီး ကိုယ်ပိုင် Setlist ထုတ်ကြလေ့ရှိပါတယ်။ ကျွန်တော်ကတော့ စင်ကာပူက မိတ်ဆွေ ကိုစစ်ထံကနေ Setlist တစ်ခု ရထားပြီး သူက ကျွန်တော့်ထက် နှစ်ပတ်လောက် စောကြည့်ထားသူဆိုတော့ အဲဒီ Setlist အတိုင်း ဆိုသွားကြောင်း သတင်းကြိုရထားပါတယ်။ တစ်ခုပဲ သတိထားရမှာက DT က ဟိုးအရင်က Setlist တွေကို တစ်ပွဲနဲ့ တစ်ပွဲ မထပ်အောင် တီးလေ့ရှိတာ ကြားဖူးထားတယ်။
နောက်တစ်ခုလုပ်ကြလေ့ရှိတာက ပွဲတက်ဝတ်စုံပါ။ ဘယ်သူကမှ ကြိုတင်သတ်မှတ်ထားချက် တစ်ခု မရှိပေမယ့် ရော့ခ်ပွဲသွားမယ်ဆိုရင် ဆံပင်ရှည်ရှည်၊ ရော့ခ်တီးဝိုင်းဒီဇိုင်းပါတဲ့ အနက်ရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီတွေက မရှိမဖြစ်တွေပေါ့။ ကိုစစ်ရော နောင်နောင်ရောကတော့ ဆံပင်အရှည်တွေနဲ့ပါ။ အနက်ရောင် DT တီရှပ်တွေနဲ့ ဂျင်းဘောင်းဘီတွေလည်း ရှိကြမယ်ထင်ပါတယ်။ ပြဿနာက ကျွန်တော်။ ဆံပင်တိုတိုကပ်ကပ်မှာ အဖြူက ခပ်များများ၊ ကျိုးတိုးကျဲတဲနဲ့ ပြီးတော့ အနက်ရောင် တီရှပ်ကလည်း မရှိတော့ ဂွကျပေါ့။ အပြင်မှာ ကိစ္စမရှိပေမယ့် ပွဲခင်းထဲ ရောက်သွားတဲ့အခါ အလွန်မျက်နှာငယ်ရပါတယ်။ (ကိုယ်တွေ့…)
ပွဲက ဘန်ကောက်က Idea Live မှာ လုပ်တာ။ နောင်နောင် မလာခင်ကတည်းက အိမ်နဲ့ ဘယ်လောက်ဝေးလဲ သိရအောင် ကားတစ်ခေါက်မောင်းကြည့်ခဲ့ပါသေးတယ်။ သိပ်တော့မဝေးလှ။ ဒါပေမဲ့ ပွဲနေ့က ကြားရက်လည်း ဖြစ်နေ၊ ရုံးဆင်းချိန်လည်း ဖြစ်နေတော့ ကြိုကြိုတင်တင် စောထွက်ခဲ့ပေမယ့် ၁၅ မိနစ်လောက်ခရီးကို တစ်နာရီလောက်ကြာအောင် သွားရပါတယ်။ ဒါပေမဲ့ ဟိုရောက်တော့ အီးမေးလ်နဲ့ ဝယ်ထားတဲ့လက်မှတ်ကိုပြပြီး လက်မှတ်ထုတ်ရပါတယ်။ လက်မှတ်ဆိုတာကတော့ အခုနောက်ပိုင်းမှာ လက်ကို အကွင်းလေးနဲ့ ပတ်ပေးလိုက်တာပါ။ ည (၇) နာရီတိတိမှာ ရုံထဲသွင်းဖို့ လုပ်နေတော့ သိပ်မစောင့်လိုက်ရပါဘူး။ ခုနစ်နာရီမှာ ရုံထဲရောက်ပြီး ည ရှစ်နာရီတိတိမှာ တီးဝိုင်းစပါတယ်။

Dream Theater ရဲ့ အနှစ် (၄၀) ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲ (40th Anniversary Tour) အာရှခရီးစဉ်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို မလာခင် ယူအေအီး၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို နယ်လှည့်ခဲ့ပြီး ထိုင်းနိုင်ငံပြီးရင် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို သွားကြဦးမှာလို့ သိရတယ်။

Dream Theater ပွဲကို ကြည့်တဲ့အခါ သူတို့ရဲ့ အတိတ်ကအောင်မြင်မှုတွေကို ပြန်ပြောင်းကြည့်ရုံ သက်သက်မဟုတ်ဘဲ အစဉ်အလာ၊ ရည်မှန်းချက်နဲ့ ဖန်တီးမှုစွမ်းအားတွေရဲ့ ရော့ခ်ဂီတအစွမ်းကို ကောင်းကောင်းကြီး သက်သေထူတဲ့ ပွဲတစ်ခုဖြစ်ကြောင်း ပြခဲ့တယ်လို့ ထင်ပါတယ်။ ခေတ်သစ်ဂီတလောကမှာ Dream Theater လိုမျိုး ရော့ခ်ဂီတအပေါ် သြဇာလွှမ်းမိုးမှုရှိပြီး လျှော့တွက်လို့မရတဲ့ ဂီတမှတ်တိုင်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ တီးဝိုင်းဆိုတာ ရှားပါးနေပါပြီ။
ဒီ Live Show မှာ Dream Theater ရဲ့ ဂီတဟာ သူတို့ရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းပြသမှုထက် အဖွဲ့လိုက်ညီညွတ်ပြီး တိကျသေချာလှတဲ့ ဂီတဖန်တီးမှုတွေကနေ အံ့သြမှင်သက်ဖွယ်ရာ မြင်ကွင်းတွေအဖြစ်သို့ လည်းကောင်း၊ ကျွမ်းကျင်လှတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပိုင်နိုင်မှုတွေကနေ စစ်မှန်တဲ့ ခံစားချက်ပြင်းပြမှုတွေအဖြစ်သို့ လည်းကောင်း ကူးပြောင်းသွားခဲ့တယ်လို့ ခံစားမိပါတယ်။

ဘန်ကောက်က Idea Live ရဲ့ အခင်းအကျင်းဟာ လန်ဒန်က ဝင်ဘယ်လ်ဒန်ကွင်းလောက်၊ နယူးယောက်က မက်ဒီဆင်စကွဲရ်ဂါးဒင်းလောက် မကြီးကျယ်ပေမယ့် ဖျော်ဖြေမှုအပိုင်းမှာ သူတို့ဘက်က ဘာတစ်ခုမှ လျှော့ချခဲ့တာမျိုး မရှိပါဘူးလို့ ထင်မိပါတယ်။ စင်မြင့်ပေါ်က တင်ဆက်ထုတ်လုပ်မှု၊ အသံပမာဏနဲ့ တီးဝိုင်းရဲ့ ကိုယ်ပိုင်ဟန်ပန်တွေဟာ အပြည့်အဝရှိနေဆဲဖြစ်လို့ နားထောင်သူတွေအတွက် ကိုယ်နှစ်သက်ပြီးသား ဂီတပညာရှင်တွေရဲ့ ထိထိမိမိရှိလှတဲ့ တီးခတ်သီဆိုမှုတွေက DT ရဲ့ ဂီတတွေထဲမှာ နစ်မြောသွားစေပြီး ခဏခဏ ကြည့်ဖူးကြမယ့် ပရိသတ်တွေအတွက်တောင်မှ တစ်ခါတရံမှာ ကြက်သီးထလောက်စရာ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့ပါတယ်။ Dream Theater ဟာ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ အားပါတရရှိနေခဲ့ပြီး သူတို့ကိုယ်တိုင်လည်း ဒီအထဲမှာ စီးမြောပါပြီး နှစ်သက်စွာ သံစဉ်တွေကို ဖန်တီးနေမှန်း သိသာလှပါတယ်။

DT ရဲ့ Founder ဒရမ်သမား Mike Portnoy တစ်ကျော့ပြန် ဒရမ်ခုံနောက်ကို ရောက်ရှိလာတာကို အဆိုတော် လာဘရီးက ပရိသတ်ကို ကြေညာပေးပြီး အဲဒီညဟာ အသစ်ပြန်လည်နိုးထလာတဲ့ ရင်းနှီးချစ်ကြည်မှုတွေနဲ့ ထိုက်တန်တဲ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ ခံစားချက်မျိုးကို ဆောင်ကြဉ်းပေးခဲ့ပါသေးတယ်။ ဒရမ်သမား မိုက်ပို့တ်နွိုင်းဟာ သူ့ရဲ့ ပြည့်ဝတဲ့ပညာပြမှုနဲ့အတူ နောက်ပြောင်ကျီစယ်မှုတွေနဲ့ပါ မျှတစွာ တီးခတ်ပေးခဲ့ပြီး ပရိသတ်တွေနဲ့ မကြာခဏ ထိတွေ့မှု၊ တီးဝိုင်းအဖွဲ့ဝင်အချင်းချင်း သိနားလည်တဲ့ အကြည့်တွေဖလှယ်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ စင်ပေါ်က သူတို့အချင်းချင်း ဓာတ်ဖန်တီးမှု (Chemistry) ကတော့ ငြင်းမရအောင် ထင်ရှားနေပြီး ကြည့်ရတာလည်း ပီတိဖြစ်စရာပါ။ အချင်းချင်း ပြုံးပြကြတာတွေ၊ ရယ်စရာကောင်းတဲ့ ခေါင်းညိတ်ပြမှုတွေဟာ စင်ပေါ်မှာ သရုပ်ဆောင်သလို မဟုတ်နေခဲ့ဘဲ အချင်းချင်း ပြန်လည်ဆုံဆည်းရတာကို တကယ်ပဲ ပျော်ရွှင်နေကြတဲ့ တီးဝိုင်းတစ်ခုရဲ့ မြင်ကွင်းကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။ သူတို့တတွေဟာ ကျောင်းတုန်းက အတွင်းသိ အစင်းသိ သူငယ်ချင်းတွေ ဖြစ်ကြတာလည်း ပါမှာထင်တာပဲ။
ဂီတာသမား နှစ်ဦးဖြစ်တဲ့ ဂျွန်ပထရူချီ နဲ့ ဂျွန်မြောင် တို့ဟာ သူတို့ထုံးစံအတိုင်း စင်ရဲ့ တစ်ဖက်တစ်ချက်မှာ ကျောက်ချပြီး ခပ်ငြိမ်ငြိမ်ပဲ တီးခတ်ကြတာတွေ့တယ်။ ရော့ခ်တီးဝိုင်းတွေ ဖျော်ဖြေမှုတွေမှာလို စင်ပေါ် ဟိုပြေး ဒီပြေးနဲ့ ဂစ်တာတွေကို မြှောက်ကာ ခုန်ပေါက်ကာ တီးတာမျိုး သူတို့မလုပ်ကြဘူး။ တစ်ခါလားပဲ စင်အလယ်ခေါင် တည့်တည့်မှာ နှစ်ယောက်သား Solo တစ်ခုကို အတူတူ ယှဉ်တီးကြတာ မြင်လိုက်ရတယ်။
အဖွင့်သီချင်းဖြစ်တဲ့ ‘Metropolis Pt. 1: The Miracle and the Sleeper’ ကတော့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို အစမှာတင် အမြင့်ဆုံးအထိ ဆွဲတင်ပေးလိုက်ပါတယ်။ ဂျွန်ပထရူချီရဲ့ ဂစ်တာသံဟာ တကယ့်ကို ထုထည်ကြီးမားလွန်းလှသလို ဂျွန်မြောင်နဲ့ သူတို့နှစ်ယောက်ကြား အပေးအယူ အပြန်အလှန် တီးခတ်မှုတွေကလည်း မှင်သက်စရာကောင်းလောက်အောင် တိကျလွန်းနေပါတယ်။
ပထမပိုင်းဖျော်ဖြေမှုရဲ့ တချို့အချိန်တွေမှာတော့ ဂျွန်ပထရူချီရဲ့ ပြင်းထန်လွန်းတဲ့ ဂစ်တာသံစဉ်ထုနဲ့အတူ Kick Drum သုံးလုံး၊ Cymbal (လင်းကွင်း) အချပ်ပေါင်း နှစ်ဆယ်ကျော်လောက်ပါတဲ့ မိုက်ပို့တ်နွိုင်းရဲ့ အကြီးစား Drum Set ဟာ ဂျွန်မြောင်နဲ့ ဂျော်ဒန်ရူ့ဒက်စ်တို့ ဖန်တီးထားတဲ့ နူးညံ့လှပတဲ့ ဂီတအလွှာတွေကိုတောင် ဝါးမြိုသွားတော့မတတ် ခြိမ်းခြောက်နေခဲ့တယ်။ ဒီလိုမျိုး အသံပိုင်းဆိုင်ရာ အားပြိုင်မှုတွေဟာ ပွဲကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပြေလည်သွားပြီး ညဉ့်နက်လာတဲ့အခါမှာတော့ အားလုံးဟာ အချိုးအစားအကျဆုံး မျှတမှု အငြိမ်တစ်ခုဆီကို ရောက်ရှိသွားခဲ့ပါတယ်။
ပွဲရဲ့ ပထမပိုင်းမှာတော့ ‘Scenes From a Memory’ အယ်လ်ဘမ်ထဲက သီချင်းတွေကို အဓိကထား တီးခတ်သွားခဲ့ပြီး ‘Overture 1928’၊ ‘Strange Déjà Vu’၊ ‘Through My Words’ နဲ့ ‘Fatal Tragedy’ သီချင်းတွေဟာ ရုပ်ရှင်တစ်ကားကို ကြည့်နေရသလိုမျိုး အဆက်အစပ်မိမိနဲ့ တီးခတ်ဖျော်ဖြေသွားခဲ့ပါတယ်။ နောက်တော့ ‘The Mirror’၊ ‘The Enemy Inside’ သီချင်းတွေကို ဆက်တီးသွားပြီး ပထမပိုင်းရဲ့ အဆုံးပိတ်ကို နာမည်ကျော် ‘Peruvian Skies’ သီချင်းနဲ့ ပိတ်သွားခဲ့တယ်။
မူရင်းအယ်လ်ဘမ်ထဲက သီချင်းထက် Live Version အဲဒီသီချင်းထဲမှာ အခြားနာမည်ကျော် ရော့ခ်ဝိုင်းတွေရဲ့ သီချင်းအစိတ်အပိုင်းတွေကိုပါ ပေါင်းစပ်ထည့်သွင်း တီးခတ်သွားခဲ့ပါတယ်။ ဒါဟာ ရဲတင်းလွန်းလှသလို၊ ဂါရဝပြုမှုလည်း ပါဝင်နေပြီး ဒီလိုအရသာမျိုးဟာ Live Show မှာသာ ရတတ်လေ့ရှိတာမို့ စိတ်လှုပ်ရှားစရာလည်း ကောင်းလှပြီး ပထမပိုင်းရဲ့ စိတ်အလှုပ်ရှားရဆုံး အချိန်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ မိနစ် ၂၀ ပွဲနားချိန်ပေးပါတယ်။ နှစ်နာရီနီးပါး ညောင်းလာတာကို မခံနိုင်တော့ ပွဲခင်းကြမ်းပြင်မှာ ထိုင်ချပြီး မိနစ် ၂၀ လုံးလုံး ခြေထောက်နဲ့ ဒူးကို အနားပေးလိုက်ပါတယ်။
ဒုတိယပိုင်း ဖျော်ဖြေမှုမှာတော့ စစချင်း ‘Train of Thought’ အယ်လ်ဘမ်ထဲက ‘As I Am’ နဲ့ စဖွင့်ပါတယ်။ နောက်တော့ သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Parasomnia အယ်လ်ဘမ်ထဲက သီချင်းတွေကို ပိုပြီး အလေးပေးတီးသွားပါတယ်။ ‘In the Arms of Morpheus’၊ ‘Night Terror’၊ ‘Midnight Messiah’၊ ‘Bend the Clock’၊ နောက်တင်ဆက်တဲ့ ‘The Shadow Man Incident’ ကတော့ ရင်တထိတ်ထိတ်နဲ့ ခံစားချက်အနိမ့်အမြင့်တွေကြား ရိုလာကိုစတာ (Roller Coaster) စီးရသလိုပါပဲ။ ကောင်းလိုက်တာလို့ ပြောရုံထက် ပိုမပြောတတ်တော့ပါ။
ကီးဘုတ်သမား ဂျော်ဒန်ရူ့ဒက်စ် ကတော့ Drum Set ရဲ့ ညာဘက် LED စကရင်ကြီးရဲ့ ရှေ့က စင်ပေါ်မှာ သူ့ရဲ့ Hydraulic Keyboard စင်ကြီး ဘယ်ညာလှည့်ပြီး တီးပြသွားတာ ကြည့်သူတွေကို မိန်းမောသွားစေသလို သူ့ရဲ့ ကျွမ်းကျင်မှုကိုလည်း အထင်းသား မြင်သာစေပါတယ်။
အဲဒီနောက်မှာတော့ ‘Octavarium’ သီချင်း ရောက်ရှိလာပါတယ်။ ၂၁ မိနစ်ကြာတဲ့ ဒီသီချင်းဆိုနေတာ တီးနေကြတာကို ကြည့်ရင် ရင်သပ်ရှုမောဖွယ် ကောင်းလှသလို မှင်သက်သွားစေလောက်တဲ့ ဒီဖျော်ဖြေမှုဟာ ကျွန်တော်တွေ့ကြုံခဲ့ဖူးသမျှ Live ဖျော်ဖြေပွဲတွေထဲမှာ အထင်ကြီးစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဂီတအတွေ့အကြုံတစ်ခုအဖြစ် အမှတ်တရဖြစ်နေတော့မယ် ထင်ပါတယ်။ သာမန်ပရိသတ်တစ်ယောက်အတွက်တောင်မှ ဒီသီချင်းတစ်ပုဒ်တည်းနဲ့တင် လက်မှတ်ဖိုး တန်နေပါပြီ။ ဒီဖျော်ဖြေမှုဟာ ဖျော်ဖြေတင်ဆက်မှု အတတ်ပညာ (Showmanship) နဲ့ ထိန်းချုပ်မှု (Restraint) တို့ကို ပညာသားပါပါ ပေါင်းစပ်ပြသွားတာဖြစ်ပြီး စိတ်ကျေနပ်မှုအပြည့်ပေးနိုင်တဲ့ Solo တွေ၊ အထွတ်အထိပ်ရောက်သွားတဲ့ တီးခတ်မှုတွေ မထွက်ပေါ်လာခင်အထိ စိတ်ရှည်လက်ရှည်နဲ့ တည်ဆောက်သွားတာ ဖြစ်ပါတယ်။ သီချင်းစီးမျောသွားတာနဲ့အမျှ အချိန်တွေ ရပ်တန့်သွားသလို ခံစားရပြီး ပရိသတ်တွေအားလုံးဟာ သီချင်းရဲ့ နက်ရှိုင်းတဲ့ အတွေးကမ္ဘာထဲမှာ အတူတူ စီးမျောနေခဲ့ကြပါတယ်။ Live Show မို့လို့ နုတ်စ် (Note) တစ်ခုတလေ မှားသွားတာမျိုး၊ စာသားမေ့သွားလို့ ပရိသတ်ကို ခွင့်လွှတ်ပါဆိုတဲ့ အနုပညာရှင်တွေ နမူနာယူသင့်တဲ့ ပွဲမျိုးပါ။
အဲဒီနောက် ပရိသတ်က Encore အဖြစ် တောင်းဆိုလို့ ‘The Spirit Carries On’ နဲ့ ‘Pull Me Under’ တို့ကို တီးခတ်ပေးခဲ့တာကတော့ စိတ်ကျေနပ်မှုနဲ့ ဂုဏ်ပြုမှုကို တစ်ပြိုင်နက်တည်း ခံစားရစေပါတယ်။ အဆိုတော် လာဘရီးရဲ့ သီဆိုမှုတွေဟာ တစ်ညလုံး တိကျပြတ်သားနေခဲ့သလို စင်ပေါ်က သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံစွမ်းနဲ့ ပွဲထိန်းနိုင်စွမ်းကလည်း ကြက်သီးထစရာပါ။ သြော်… တစ်ခုသတိထားမိတာ ပြောရဦးမယ်။ DT ရဲ့ သီချင်းတွေက အဆိုပိုင်း အတီးပိုင်း သီးခြားစီ ရှိတတ်လို့ အတီး Solo ပိုင်းရောက်ပြီဆိုရင် အဆိုတော်က စင်ပေါ်မှာ ဟိုပြေးဒီပြေး ဒါမှမဟုတ် ကြောင်စီစီနဲ့ ရပ်မနေဘဲ စင်နောက်ကို ထွက်သွားပြီး ပရိသတ်က Solo အတီးသမားကို အားရပါးရ ကြည့်ခွင့်ရတာ၊ နောက်ပြီး အဆိုပိုင်းမတိုင်ခင် မိုက်ဆီကို ဖြုန်းကနဲ ပြန်ရောက်လာပြီး Timing ကျကျ အဆိုပိုင်းကို ဆက်ဆိုသွားတာတွေက အင်မတန်မှ သမ္ဘာကျလှပါတယ်။ ရော့ခ်ပွဲတိုင်းမှာ မမြင်ရနိုင်တဲ့ မြင်ကွင်းပါ။
အနှစ် (၄၀) ကြာပြီးနောက်မှာတော့ Dream Theater ဟာ သူတို့ရဲ့ အတိတ်ကို ဂုဏ်ပြုနေရုံသက်သက်၊ ဖျော်ဖြေရုံသက်သက် ပွဲတစ်ခု မဟုတ်တော့တာ အသေအချာပါ။ ဒါကို ထိုင်ဆွေးနွေးမယ်ဆိုရင်တော့ ပြီးနိုင်စရာမရှိ။ သို့ပေမဲ့ ပြောနိုင်တာကတော့ ဒီနေ့ခေတ် Heavy Rock လောကမှာ ဘာကြောင့် သူတို့ဟာ အင်အားအကောင်းဆုံးနဲ့ အဓိကအကျဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ရှိနေသေးသလဲဆိုတာကို ဒီပွဲမှာ လက်တွေ့ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ည (၈) နာရီက စလိုက်တဲ့ Dream Theater Show ပွဲဟာ (၁၁) နာရီတိတိမှ ပြီးပါတယ်။ ပွဲပြီးတော့ ကျေနပ်လို့နေပါတယ်။ အစားကောင်းကောင်းစားရရင် ချစ်ခင်တဲ့သူများကို သတိရတယ်လို့ ဆိုကြသလို Live Show ပွဲကောင်းကောင်းတစ်ပွဲ ကြည့်လိုက်ရလို့ ဝါသနာတူ ချစ်ခင်သူများကို ဖတ်ရအောင် စားမြုံ့ပြန်အတွေ့အကြုံများ ရေးလိုက်ပါတယ်။
ကိုတင်
Credit to:
- Ko Scit – for sharing Dream Theatre 40 Anniversary Show setlist and QC
- Naung – for accompanying to the Show
- About Dream Theatre – Wikipedia
- Photos by myself and DT Facebook


