အီရန်မှာ စနေနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅,၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီ အစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကို ဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစွန်းရောက် အာဏာရှင်အစိုးရ လက်အောက်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေဟာ ဖမ်းဆီးခံရနိုင်ရုံမက အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်လို့ ဖြစ်ပါတယ်။
စနေနေ့က တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ အီရန်တက္ကသိုလ်ကျောင်းသားများရဲ့ ဆန္ဒပြပွဲတွေဟာ တီဟီရန်မြို့က တက္ကသိုလ် (၈) ခုမှာ ပြုလုပ်ခဲ့ကြတာပါ။ ရုပ်သံဗီဒီယိုများအရ တီဟီရန် ရှာရစ်စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို ဆန္ဒပြကျောင်းသားများနဲ့ လုံခြုံရေးရဲများ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတဲ့ မြင်ကွင်းတွေကိုလည်း တွေ့မြင်ကြရပါတယ်။
အီရန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက်မှာ ခါမေနီအစိုးရက ဇန်နဝါရီ (၄) ရက်နေ့မှာ တက္ကသိုလ်ကျောင်းတွေ အားလုံးကို ပိတ်ထားလိုက်ပါတယ်။ အအေးလွန် ရာသီဥတုကြောင့် ကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့ ကြေညာခဲ့ပေမဲ့ အဓိက အကြောင်းရင်းကတော့ နောက်ထပ် ဆူပူမှုမဖြစ်ပေါ်အောင် တားဆီးလိုက်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ (၂၁) ရက်မှာ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆန္ဒပြပွဲ ရက် (၄၀) ပြည့် အထိမ်းအမှတ်နဲ့ သေဆုံးသွားသူများအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရင်း ဆန္ဒပြပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။ အီရန်အစိုးရကတော့ ကျောင်းသားဆန္ဒပြပွဲတွေဟာ လက်တစ်ဆုပ်စာ ကျောင်းသားအနည်းစုက ပြုလုပ်တာဖြစ်ပြီး ကျောင်းသားအများစု ပါဝင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။ ကျောင်းသားဆန္ဒပြပွဲတွေကို တန်ပြန်တဲ့အနေနဲ့ အစိုးရလိုလားတဲ့ ကျောင်းသားများရဲ့ ဆန္ဒပြပွဲကိုလည်း အချိန်ကိုက် ပြုလုပ်ခဲ့ပါတယ်။
တီဟီရန်မြောက်ပိုင်းက အယ်ဇာရာ အမျိုးသမီးသီးသန့် တက္ကသိုလ်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ တက္ကသိုလ်ကျောင်းသူ တစ်စုဟာ ခါမေနီအစိုးရ ဖြုတ်ချရေး ကြွေးကြော်သံကို ကြွေးကြော်ခဲ့ကြပြီး ၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေးကတည်းက အသုံးပြုခဲ့တဲ့ အီရန်အလံတွေကို မီးရှို့ခဲ့ကြပါတယ်။ အခြားဆန္ဒပြပွဲတစ်ခုမှာတော့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ ဒီကြွေးကြော်သံဟာ ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး သေဆုံးသွားခဲ့ရတဲ့ အီရန်အမျိုးသမီး မာဆာ အာမီနီကို အကြောင်းပြုပြီး ၂၀၂၂ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတုန်းက ကြွေးကြော်သံ ဖြစ်ပါတယ်။
အီရန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေဟာ အစ္စလာမ် အစွန်းရောက် ခါမေနီအစိုးရ ဖြုတ်ချရေး တောင်းဆိုကြသလို အချို့ဆန္ဒပြပွဲတွေမှာ ကွယ်လွန်သူ ရှားဘုရင်ရဲ့ အဝေးရောက်သား ရေဇာ ပါလာဗီကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
လက်ရှိ အီရန်အခြေအနေဟာ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲကြီး ဖြစ်ပေါ်နေစဉ် ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြပြည်သူတွေဘက်က ကူညီပေးမယ်လို့ ကတိပေးထားခဲ့ပါတယ်။ တစ်ဖက်ကလည်း ခါမေနီအစိုးရကို ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း မပြုဖို့ ဟန့်တားခဲ့ပါတယ်။ မလိုက်နာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူမယ်လို့ သတိပေးပြီး နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ငြိမ်သက်သွားခဲ့ပြီး ဒေါ်နယ်ထရမ့်ကလည်း အီရန်ရဲ့ နျူကလီးယား အစီအစဉ် ရပ်ဆိုင်းဖို့ ခေါင်းစဉ်ပြောင်းသွားပါတယ်။ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီတို့ အိုမန်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် ထိပ်တိုက်တွေ့ဆုံတော့မယ့် အနေအထားက ခဏတဖြုတ် ရှောင်ရှားနိုင်ခဲ့ပါတယ်။

သံတမန်ရေး တွေ့ဆုံစကားပြောနေချိန်မှာပဲ အမေရိကန်က အီရန်အနီးတစ်ဝိုက်မှာ စစ်အင်အား ဖြည့်တင်းမှု အကြီးအကျယ် ပြုလုပ်နေခဲ့ပါတယ်။ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး အေဗရာဟမ် လင်ကွန်းနဲ့ ဖျက်သင်္ဘောတွေ၊ တိုက်ခိုက်ရေးသင်္ဘောတွေ၊ ဖိုက်တာဂျက်တွေဟာ အာရေဗျပင်လယ်ထဲ ရောက်ရှိလာပြီး အသင့်အနေအထားနဲ့ ကျောက်ချရပ်နားနေပါတယ်။ အလားတူ နောက်ထပ် အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ဂျာရယ် ဖို့ဒ်ကလည်း ပူးပေါင်းဖို့ ထွက်ခွာလာနေပြီး မကြာခင် ရက်ပိုင်းအတွင်း အာရေဗျပင်လယ်ကို ရောက်ရှိလာတော့မှာပါ။
အမေရိကန်ရဲ့ အီရန်အနီးတစ်ဝိုက် စစ်ရေးပြင်ဆင်မှုနဲ့ စစ်အင်အား တိုးချဲ့နေမှုက မကြာခင် အချိန်အတွင်း အီရန်မှာ စစ်ပွဲကြီးတစ်ခု မြင်တွေ့ရတော့မယ့် အနေအထားကို ရောက်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကလည်း အီရန်က သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို မစွန့်လွှတ်ရင်၊ စွန့်လွှတ်ဖို့ လက်မခံဘူးဆိုရင် လာမယ့် (၁၀) ရက်အတွင်း အီရန်ကို အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်တိုက်မယ်လို့ ဆိုပါတယ်။ အီရန်ဘက်က ကျေနပ်လောက်စရာ တုံ့ပြန်မှု မရရှိခဲ့ရင် အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ထရမ့်က ပြောဆိုလိုက်ပါတယ်။
ဒီရက်အတွင်း လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က အမေရိကန်သံရုံး ဝန်ထမ်းအချို့ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံဖို့ အစ္စရေးကို သွားရောက်မယ်လို့ ဆိုပါတယ်။ အမေရိကန်-အီရန် စစ်ရေးတင်းမာနေမှုဟာ အီရန်ဘက်က သံတမန်ရေး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပြီး ဘယ်အချိန် ထပေါက်ကွဲမယ်ဆိုတာ မှန်းဆမရနိုင်သေးပါဘူး။ ထရမ့်ဘက်ကတော့ ရာဇသံလိုလို၊ ခြိမ်းခြောက်တာလိုလိုနဲ့ လာမယ့်ရက်ပိုင်းအတွင်း အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မယ်လို့ ဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ အစ္စရေး-အီရန် (၁၂) ရက်ကြာ စစ်ပွဲတုန်းကတော့ နှစ်ပတ်အတွင်း အီရန်ကို ဝင်တိုက်မယ်လို့ ပြောပြီး တစ်ရက်အကြာမှာ အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ဝင်တိုက်ခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ထရမ့်ပေးထားတဲ့ (၁၀) ရက်အချိန်က မကြာခင် ကျော်လွန်တော့မှာ ဖြစ်လို့ အရှေ့အလယ်ပိုင်းက မကြာခင် ပေါက်ကွဲလာတော့မယ့် စစ်ပွဲတစ်ခုကို ကမ္ဘာက အထိတ်တလန့်နဲ့ စောင့်ကြည့်နေကြပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဒီလောက် စစ်အင်အားတွေ တိုးမြှင့်ချထားနေတာတောင် အီရန်က အလျှော့မပေး (လက်နက်မချသေး) တာကို ထရမ့်က အံ့ဩနေတယ်လို့ အမေရိကန်ရဲ့ အီရန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ဖောက်စ်သတင်းဌာနကို မကြာခင်က ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ (၁၇) ရက်က အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေ အီရန်ရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကတော့ အငြင်းပွားမှုတွေကို နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့်နည်းအရ သံတမန်ရေးနဲ့ ဖြေရှင်းဖို့ အခွင့်အရေးတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ “လာမယ့် ရက်ပိုင်းအတွင်း သဘောတူညီချက် မူကြမ်းကို စတိဗ် ဝစ်ကော့ဖ် လက်ထဲ ထည့်ပေးလိုက်မှာပါ” လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေကတော့ ဖေဖော်ဝါရီ (၂၂) ရက်နေ့အထိ အရှေ့အလယ်ပိုင်းမှာ စစ်ပြင်နေတဲ့ အမေရိကန်နဲ့ အီရန်ရဲ့ နောက်ဆုံး အနေအထားပါ။ တစ်ဖက်က သံတမန်ရေး စကားပြောနေစဉ် တစ်ဖက်က စစ်ရေးပြင်ဆင်မှုတွေရဲ့ နောက်ဆုံးမှာ ကန့်သတ်စစ်ပွဲတစ်ခု အရှေ့အလယ်ပိုင်း အီရန်မှာ မြင်တွေ့ရတော့မလား။ အမေရိကန်ရဲ့ စစ်ရေးပြင်ဆင်မှုဟာ ပေါက်ကွဲလာတော့မယ့် စစ်ပွဲအကြို လှုပ်ရှားမှုတွေ ဖြစ်သလို အီရန်ဘက်ကလည်း တိုက်ခိုက်လာမယ့် အမေရိကန်နဲ့ အစ္စရေးတို့ကို ဘယ်လို လက်တုံ့ပြန်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက အမေရိကန်က အီရန်ကို ဝင်တိုက်လာခဲ့ရင် အရှေ့အလယ်ပိုင်းက အမေရိကန် စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ပြီး ခုခံဖို့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်နေတာ တွေ့ကြရပါတယ်။ စစ်ပွဲတစ်ခု ဖြစ်မလာသေးပေမဲ့ နှစ်ဖက်စလုံးကတော့ အသေအချာ စစ်ပြင်ဆင်နေကြတဲ့ အနေအထားမှာ ရှိနေပါတယ်။

ထရမ့်က အီရန်ရဲ့ နျူကလီးယား အစီအစဉ် မစွန့်လွှတ်ရင် ဆိုးရွားတဲ့ အကျိုးဆက် ခံစားရမယ်လို့ ဆိုပါတယ်။ အီရန်ဘက်ကတော့ နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်။ ယူရေနီယမ် သန့်စင်ရေး အပါအဝင် နျူကလီးယား အကောင်အထည်ဖော် ပိုင်ခွင့်ရှိတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဘယ်သူမှ တားဆီးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အမေရိကန်က အီရန် နျူကလီးယားလက်နက် ပိုင်ဆိုင်သွားမှာကို မလိုလားဘူး။ အထူးသဖြင့် အစ္စရေးက မလိုလားဘူး။ အီရန်က တင်းမာနေတဲ့ အခြေအနေကို သံတမန်ရေး စကားပြောပြီး အချိန်ဆွဲထားတယ်။ တစ်ဖက်ကလည်း နိုင်ငံတွင်းမှာ ခါမေနီအစိုးရကို ဆန့်ကျင်သူတွေ တိုးပွားလာနေတယ်။ အီရန်မှာ အစိုးရအပြောင်းအလဲ လုပ်ဖို့ လိုအပ်ပေမဲ့ ကျယ်ပြန့်သွားနိုင်တဲ့ စစ်ပွဲအနေအထားကို တွက်ဆပြီး ထရမ့်က ချိန်ဆနေပုံရပါတယ်။ လတ်တလော အခြေအနေမှာတော့ အီရန်နဲ့ အနီးပတ်ဝန်းကျင်မှာ အကြီးအကျယ် စစ်အင်အား တိုးချဲ့နေပုံအရ အမေရိကန်က အီရန်ကို အကန့်အသတ်နဲ့ စစ်ရေးအရ ဝင်တိုက်ဖို့က နီးနေပြီလို့ ဆိုရပါမယ်။
ref: Anti-government student protests spread to more Iranian universities. Trump curious why Iran has not ‘capitulated’, US envoy Witkoff says. BBC World.


