မစားကောင်းတဲ့ အသီး
ဦးမိုး – ခင်ဗျား ဒီနေ့ နောက်ကျပါလားဗျ။ ဘာအလုပ်တွေများ ရှုပ်နေလို့တုန်း။
ဦးတိုး – ဟုတ်တယ်ဗျာ။ အိမ်မှာ ဟိုကိစ္စ ဒီကိစ္စ လိုရင်သုံးဖို့ ကားလေး ဝယ်ထားတာ။ ဒီကားအတွက် ဓာတ်ဆီလိုက်ဖြည့်နေတာဗျို့။ အိမ်ကကားက မ နံပါတ်ဆိုတော့ စုံရက်မှာ ထွက်လို့မရ၊ ဆီလည်း ဖြည့်လို့မရတော့ ဒီနေ့ မရက်မှာ စောစောထပြီး လုပ်စရာရှိတာတွေ လုပ်ပြီးမှ ကားပြန်ထားပြီး ထွက်လာတာ။ ဒါကြောင့် နောက်ကျနေတာပါ။
ဦးမိုး – ဟား ဟား.. ခင်ဗျားတို့ကိုကြည့်ပြီး ကားပိုင်မရှိတဲ့ ကိုယ့်ဘဝကိုယ် အားကျမိတယ်။ တယ်လည်း လွတ်လပ်ပါလားလို့။
ဦးတိုး – မထင်နဲ့ မထင်နဲ့ဗျ။ အခုခင်ဗျား ဟိုနား ဒီနားသွားရင် စီးတဲ့ တက်စီ ဈေးတွေ တက်မကုန်ဘူးလား။
ဦးမိုး – အေးဗျ တက်စီတွေ ဟိုနားဒီနားတောင် လေးထောင် ငါးထောင် တောင်းကုန်ကြပြီ။
ဦးတိုး – ဒါပေါ့ဗျာ။ ဒီကိစ္စဟာ လူတိုင်းကို ရိုက်ခတ်ကုန်တာပါဗျာ။ ကြာရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို မှီခိုအားထားရတဲ့ လုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှု မရမချင်း ကမောက်ကမတွေ ဖြစ်ကုန်မှာ မြင်ယောင်ရင်း တွေးမိရင် ရင်ထဲမှာ ကျပ်လာတယ်ဗျ။ ဒါဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်မယ့် အရိပ်အယောင်တွေ မြင်နေရပြီ။ ဒီစစ်ပွဲရေရှည်လေလေ ကျွန်တော်တို့ရဲ့ မီးဖိုချောင်တွေဆီကို တဖြည်းဖြည်း သက်ရောက်လာမှာ အသေအချာပဲဗျ။
ဦးမိုး – ဒါနဲ့ ခင်ဗျား အရင်တစ်ခေါက်တုန်းက တွက်ချက်ပြတာတော့ စစ်ပွဲ ဖြစ်နိုင်ဖို့ အလားအလာ နည်းတယ်ဆိုဗျ။

ဦးတိုး – ဟုတ်ပါတယ်။ အရာရာကို နှိုင်းဆတွက်ချက်ပြီး ချင့်ချင့်ချိန်ချိန်လုပ်မယ်ဆိုရင်တော့ ဖြစ်သင့်တဲ့ စစ်ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ အမေရိကန် အုပ်ချုပ်သူတွေ ဒီလိုပဲ စဉ်းစားတွက်ချက်ခဲ့ပြီး သူ့နေရာသူ နေခဲ့ကြတာလေ။ ထရမ့်လက်ထက်ကျတော့မှ ဘာစိတ်ကူးတယ်မသိဘူး။ စစ်ပွဲလို့လည်းမပြော၊ ဘာကြောင့်တိုက်ခိုက်ရတာဆိုတာကိုလည်း ပြည်သူကို သေသေချာချာ မရှင်းပြခဲ့၊ အီရန်ကို ဝင်တိုက်ပြီးတဲ့အထိ သမ္မတရယ်၊ သူ့ရဲ့ စစ်ရေးစစ်ရာ ဝန်ကြီးရယ်၊ နိုင်ငံခြားရေး ဝန်ကြီးရယ်က တစ်ယောက်တစ်မျိုး ပြောနေကြတာ ပိုစိတ်ပျက်စရာမကောင်းဘူးလား။
ဦးမိုး – ဒါနဲ့ နေပါဦး… ကျောင်းတော်က ရန်စက ဘယ်လို ဖြစ်ခဲ့ကြလို့လဲဗျ။
ဦးတိုး – အော်… ဦးမိုးရာ၊ ဒီကိစ္စက မနေ့တစ်နေ့ကမှ ဖြစ်တာ မဟုတ်ဘူးဗျ။ အစကတော့ အမေရိကန်နဲ့ အီရန်ဆိုတာ တော်တော် အကြောင်းအပေါင်းသင့်ခဲ့ကြတာ။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းကဆို အမေရိကန်က အီရန်ရှာ (Shah) ဘုရင်ကို ကျောထောက်နောက်ခံပေးပြီး နျူကလီးယား နည်းပညာတောင် ကူညီခဲ့သေးတာဗျ။ အဲဒီကာလမှာ အီရန်ဟာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုတဲ့ ဒုတိယမြောက် မွတ်စလင်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်ဗျ။ ဒါပေမဲ့ ၁၉၇၉ ‘အစ္စလာမ်မစ် တော်လှန်ရေး’ အပြီး အယာတိုလာ ခိုမေနီ တက်လာရော… အဲ့ဒီမှာတင် အမေရိကန်သံရုံးက လူတွေကို ဓားစာခံအဖြစ် ဖမ်းထားလိုက်ရာကနေ ရန်သူတွေ ဖြစ်ကုန်ကြတာပဲ။
ဦးမိုး – အော် ဒီလိုလား။ စိတ်ဝင်စားစရာပဲ။ နောက် အစ္စရေးနိုင်ငံကရောဗျ… သူက ဘယ်နားက ဘယ်လို အီရန်နဲ့ ရန်ညှိုးရန်စတွေ ရှိလို့လဲ။
ဦးတိုး – ၁၉၇၉ ခုနှစ်မှာ အီယာတိုလာ ခိုမေနီ ဦးဆောင်တဲ့ အစ္စလာမ္မစ် အစိုးရ တက်လာပြီးနောက် အစ္စရေးကို “မာနတ်ဆိုးလေး” လို့ သတ်မှတ်ခဲ့ပြီး ဆက်ဆံရေး အားလုံး ဖြတ်တောက်ခဲ့တယ်။ အစ္စရေးနိုင်ငံ တည်ရှိမှုကို အသိအမှတ်မပြုတော့ဘဲ ပါလက်စတိုင်းအရေးကို အပြည့်အဝ ထောက်ခံလာခဲ့ပါတယ်။ အီရန်က ဟစ်ဇဘိုလာတို့၊ ဟားမတ်စ်တို့ကို သူပုန်လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေကို လက်နက်တွေ၊ ပိုက်ဆံတွေ ထောက်ပံ့ပေးပြီး အစ္စရေးကို ဒုက္ခပေးလာတာ။ အစ္စရေးကလည်း အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေကို သူတို့အတွက် အသက်အန္တရာယ်လို့ မြင်နေတာလေ။ အခုတော့ အီရန်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်အောင် အမေရိကန်က ထရမ့်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ဆွဲခေါ်လာပြီး လေကြောင်းကနေ ဝိုင်းတိုက်နေကြတာ ခင်ဗျား အမြင်ပဲ မဟုတ်လား။
ဦးမိုး – ဟုတ်ပါ့။ သူတို့ကတော့ စွေ့ကနဲ လက်ဦးအောင် တိုက်ခိုက်ခဲ့ကြတာ။ အဲ အီရန်က သူတို့ တိုက်ခိုက်ခံလိုက်ရတော့ အစ္စရေးအပြင် အိမ်နီးနားချင်း ဘေးနားတစ်ဝိုက်က ဆော်ဒီတို့၊ ကူဝိတ်တို့၊ ယူအေအီး (UAE) တို့ကိုပါ သည်းကြီးမည်းကြီး တိုက်ခိုက်နေတာကိုတော့ နားမလည်နိုင်ဘူး။ သူတို့နဲ့ အတူတူ အစ္စလာမ်နိုင်ငံတွေပဲ မဟုတ်ဘူးလား ဘာလို့ သွားတိုက်ခိုက်ရတာလဲ။
ဦးတိုး – အဲ့ဒါက နည်းနည်းရှုပ်တယ် ကိုမိုးရဲ့။ အစ္စလာမ်နိုင်ငံချင်း တူပေမဲ့ ဂိုဏ်းဂဏကွဲပြားမှုက ရှိနေတာကိုး။ အီရန်က ‘ရှီယား’ (Shia) အများစု၊ ဆော်ဒီတို့က ‘ဆွန်နီ’ (Sunni) အများစု။ အီရန်က အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ ယီမင်နိုင်ငံတွေမှာ သူတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေကို ထောက်ပံ့ပြီး ‘ရှီယား လခြမ်းဒေသ’ (Shia Crescent) ဆိုတာကြီးကို တည်ဆောင်ဖို့ ကြိုးစားနေတာ။ အဲ့ဒါကို ဆော်ဒီတို့က သိပ်ကြောက်တာပေါ့ဗျာ။ နောက် အဲဒီအထဲက အချို့နိုင်ငံတွေနဲ့ အီရန်ဟာ စီးပွားရေးအရ ဆက်ဆံမှုမျိုးတော့ ရှိတယ်ဗျ။ ဥပမာ ယူအေအီး (UAE) လို နိုင်ငံတွေဟာ အီရန်နဲ့ စီးပွားရေးအရ ဆက်ဆံမှုရှိပေမဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ရှိနေပါတယ်။ ကာတာ (Qatar) ကတော့ အီရန်နဲ့ သဘာဝဓာတ်ငွေ့မြေပြင်ကို အတူတူ ပိုင်ဆိုင်ထားတဲ့အတွက် အီရန်နဲ့ ပိုမိုမျှတတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။
ဦးမိုး – အော်… အဲ့ဒါကြောင့် အာရပ်နိုင်ငံအချို့က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို ပြန်ခုခံတာမျိုး ရှိလာတာလား။
ဦးတိုး – အမှန်ပဲဗျ။ အဲ့ဒါကိုပဲ ‘အီဗရာဟင် သဘောတူညီချက်’ (Abraham Accords) လို့ ခေါ်တာ။ ၂၀၂၀ ပြည့်နှစ် ထရမ့် လက်ထက်မှာ UAE နဲ့ ဘာရိန်းတို့လို အာရပ်နိုင်ငံတွေက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်လိုက်ကြတာ။ သူတို့အတွက် ‘ဘုံရန်သူ’ က အီရန် ဖြစ်လာတာကိုး။ အခု ထရမ့် ပြန်တက်လာတော့ ဒီသဘောတူညီချက်ကို ပိုပြီး ကျယ်ပြန့်အောင် လုပ်ဖို့ ကြိုးစားနေတာ။
ဦးမိုး – ကျွန်တော့် အမြင်ကတော့ အမေရိကန်မှာလည်း သူ့ရည်မှန်းချက်တွေ ရှိမှာအမှန်ပဲ။ သူတို့က ကမ္ဘာပေါ်မှာ သူရဲ့ သြဇာစက်ဝန်းကို ကျယ်သထက်ကျယ်အောင် အမြဲတမ်း လုပ်နေတာမဟုတ်လား။ နောက်ပြီး ဒီလို အရေးပါတဲ့ ဒေသမှာ အစ္စရေးကို တည်ထားပြီး ထိန်းချုပ်ချင်တဲ့အတွက် အစ္စရေးကို အမြဲနောက်က ပံ့ပိုးပေးနေတယ်လို့ ထင်တယ်။
ဦးတိုး – ဒါလည်း မှန်တယ်။ ဒါ့အပြင် အမေရိကန်မှာ အခြား ရည်မှန်းချက်တွေ ရှိနိုင်သေးတယ်။ ဥပမာ ကမ္ဘာ့ ရေနံဈေးကွက်ကို ထိန်းထားဖို့အတွက် ပါရှန်းပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေးကို တာဝန်ယူမယ်ဆိုရင်လည်း ပြောလို့ရမှာ။ အမေရိကန်က အရှေ့အလယ်ပိုင်းမှာ ထိန်းမထားနိုင်ဘူးဆိုရင် ရုရှားနဲ့ တရုတ်တို့က သူတို့သြဇာကို တည်ဆောက်လာကြမယ့်ရန်ကလည်း ရှိသေးတယ်။ ဒါကြောင့် အဖိအဖော့နဲ့ အမေရိကန် အစိုးရတွေရဲ့ သက်တမ်းတစ်လျှောက်လုံး နှစ်ပေါင်းများစွာ ဒီဒေသကို ပစ်ရမှာလည်း အဆီတဝင်းဝင်း စားရမှာလဲ သဲတရှပ်ရှပ်လို အစ္စရေးနဲ့ ထောက်ပြီး ချော့တစ်ခါ ချောက်တစ်လှည့် နေလာခဲ့ကြတာလေ။
ဦးမိုး – အခု ထရမ့်ကျတော့ကောဗျ။ သူက သူ့ကိုယ်သူ ‘ညှိနှိုင်းတဲ့နေရာမှာ သိပ်တော်သူကြီး’ (Deal-maker) လို့ အမြဲပြောနေတာပဲ။ ဒီတစ်ခါရော သူက ဘာလို့ ဒီစစ်ပွဲကြီးထဲ ကျွံဝင်သွားတာလဲဗျ။
ဦးတိုး – ဒါကတော့ သူ့ပုဂ္ဂလိက ရည်မှန်းချက်လို့ ကျွန်တော်မြင်ပါတယ်။ သူမှာ အခြားသမ္မတတွေထက် ပိုပြီး ပြောင်မြောက်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ပြချင်တာရယ်။ သူ့အနားက လူတွေကလည်း သူ့လိုပဲ တစ်ကိုယ်တော် အစွန်းပြချင်စိတ်တွေများတယ်လို့ပဲ ကျွန်တော် ကောက်ချက်ချမိတယ်။ သေသေချာချာ စဉ်းစားမယ်ဆိုရင် တစ်ကမ္ဘာလုံးကို ရိုက်ခိုက်သွားစေနိုင်တဲ့ ရေနံဈေးကွက်နဲ့ ကမ္ဘာ့တည်ငြိမ်ရေးကို စဉ်းစားမယ်ဆိုရင် ဒီလို လုပ်စရာ အကြောင်းကို မရှိဘူး။
ဦးမိုး – အခုပဲကြည့်လေ။ သူ့ရဲ့ ဥရောပ မဟာမိတ်တွေက စိတ်ပါလက်ပါနဲ့ သူ့နောက်က လိုက်လာကြတာမှ မဟုတ်ဘဲ။
ဦးတိုး – မှန်တယ်။ ဝတ်ကြေတမ်းကြေလောက်ပါပဲ။ တကယ်တော့ စစ်ပွဲတစ်ပွဲ တိုက်ဖို့ဆိုတာ နည်းတဲ့ ကုန်ကျစရိတ်လားဗျ။ ငွေကြေးအပြင် လူတွေရဲ့ အသက်တွေကိုပါ ရင်းနှီးရတာ။ အကြောင်းအရာ ခိုင်ခိုင်လုံလုံမရှိဘဲ စစ်ချည်းပဲ တိုက်နေရင် ပြည်သူတွေကလည်း ငြိုငြင်ကြဦးမယ်လေ။

ဦးမိုး – အခုတော့ ရေနံနဲ့ စီးပွားရေးတွေ၊ စတော့ရှယ်ယာဈေးကွက်တွေ ကမောက်ကမ ဖြစ်ကုန်တာတော့ လက်တွေ့ပဲ။
ဦးတိုး – တကယ်လို့သာ အီရန်က ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ရင် ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ရပ်သွားမှာ။ အဲ့ဒီကျရင် အမေရိကန်တင်မကဘူး၊ တစ်ကမ္ဘာလုံးမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်ပြီး စီးပွားရေး ကပ်ဆိုက်သွားနိုင်တယ်။ ဒီထက် ပိုဆိုးသွားနိုင်သေးတယ်။
ဦးမိုး – ဟုတ်သားပဲ… အီရတ်နဲ့ အာဖဂန်တုန်းကလို နှစ်ပေါင်းများစွာ ကြာသွားရင် အမေရိကန်အတွက်လည်း အရှုံးကြီး ရှုံးမှာပေါ့။
ဦးတိုး – ဒါပေါ့။ စစ်တမ်းတွေအရတော့ အမေရိကန်လူထုကလည်း စစ်ကို ထပ်မလိုချင်တော့ဘူး။ အဲ့ဒါကြောင့် ထင်တယ် ထရမ့်က ‘စစ်ရေးလှုပ်ရှားမှုတွေ ပြီးပြည့်စုံသွားပြီ’ လို့ ပြောပြီး အခြေအနေကို ပြန်အေးအောင် လုပ်နေတာ မြင်ရတယ်။
ဦးမိုး – အင်း… ကစားကွက်ကတော့ နက်နဲသားဗျာ။ အင်အားရှိသူသာ အနိုင်ရကြေးဆိုတဲ့ တောရိုင်းဥပဒေကနေ စနစ်တကျနဲ့ လှလှပပအကွက်ရွှေ့တာတွေ မြင်ရမယ့် ခေတ်ကို ပြန်ရောက်ဖို့ ကျွန်တော်တို့ကတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဘာဆက်ဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မှာပေါ့။
ဦးတိုး – ခင်ဗျားကတော့ ကြည့်နေပါ။ ကျွန်တော်ကတော့ ဒီနေ့ကားလေးသုံးရတုန်း သွားစရာလေး လုပ်စရာလေးတွေ အပြေးအလွှားလုပ်လိုက်ဦးမယ်ဗျို့..။
ဦးမိုး – ကဲ ကဲ သွားပါဗျာ သွားပါ ကြွ ကြွ…


