သူ့ရဲ့ အဆင်ခြင်နည်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခဟာ ဖရိုဖရဲ ပရမ်းပတာ အခြေအနေအဆင့်ကို သက်ဆင်းတော့မည့် ဘေးကြုံနေရသည်။
အစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်က တခြားအစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်ကို သေမိန့်ပေးတာဟာ အတော်ကို ရှားပါးတဲ့ ဖြစ်ရပ်ပါ။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ အမေရိကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်တို့က အဲဒီအတိုင်း လုပ်ခဲ့ကြပြီး အီရန်နိုင်ငံရဲ့ အသက် ၈၆ နှစ်အရွယ်ရှိ နိုင်ငံ့အကြီးအကဲချုပ် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်ခဲ့ကြတယ်။
အီရန်အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ကြီးကို သုတ်သင်လိုက်တာဟာ “Operation Epic Fury” (ကြီးကျယ်လှတဲ့ ဒေါသမာန် စစ်ဆင်ရေး) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အောင်မြင်မှုအမျိုးမျိုးကို ထင်ဟပ်ဖော်ပြပါတယ်။ မစ္စတာခါမေနီရဲ့ နေရာကို သုံးဦးတွဲဖက် အုပ်ချုပ်ရေးအဖွဲ့က ချက်ချင်းပဲ အစားထိုး နေရာယူလိုက်ပါတယ်။ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံပြီးနောက် တက်လာမယ့် ထိပ်ဆုံးခေါင်းဆောင်ကြီးရဲ့ အမည်ကိုတော့ မကြာမီ ကြေညာဖို့ ရှိပါတယ်။ ဖြစ်နိုင်တာက သတ်ဖြတ်တာမခံရရင်တော့ သူ့သားပါပဲ။ အဲဒီ အတိတ်နိမိတ်တွေက ပိုပြီး သိမ်မွေ့ပြီး ပူပင်စရာတွေပဲ ဖြစ်တယ်။ အဲဒါကတော့ ဒီစစ်ဆင်ရေးဟာ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။

မစ္စတာထရမ့်ကို ထောက်ခံအားပေးပြီး လက်ခုပ်ဩဘာပေးနေသူတွေ ပြောသလိုမျိုး မစ္စတာခါမေနီဟာ အင်မတန် ကောက်ကျစ်ယုတ်မာသူ လူစဉ်းလဲဖြစ်တယ် (သူဟာ တကယ်လည်း ကောက်ကျစ်တဲ့သူပါ) လို့ ပြောရုံသက်သက်ဆိုရင် ပြောတိုင်းယုံအဆင့်ပဲဖြစ်ပြီး ဘယ်လိုစစ်ပွဲမျိုးကမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလိုမျိုး သေစေနိုင်တဲ့ စွမ်းပကားကြီးပြီး အပြတ်အသတ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စစ်တပ်ကြီးအပြင် ဒီစစ်ဆင်ရေးမှာ တိုက်ပွဲအတွေ့အကြုံများပြီး တိုက်ပွဲဒဏ်ခံနိုင်ရည်ရှိတဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းထားတဲ့ အင်အားစုကြီးကို ကွပ်ကဲရသူတစ်ဦးဟာ ကိုယ်တိုင်က ဘာကို အောင်မြင်ချင်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခွဲခြားခြား သတ်မှတ်ဖော်ပြဖို့ အထူးတာဝန်ရှိပါတယ်။
အဲဒီအချက်ဟာ ကိုယ်ကျင့်တရားဆိုင်ရာ လိုအပ်ချက်တစ်ခုအဆင့်မကပါဘူး။ တကယ်ကို လက်တွေ့ကျတဲ့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကသာ စစ်ဆင်ရေးကို လမ်းညွှန်ပေးနိုင်တာဖြစ်သလိုပဲ နိုင်ငံတော်က ကိုယ့်ရဲ့ပြည်သူတွေနဲ့ ရန်သူတွေအပေါ် ဘယ်လောက် စွန့်လွှတ်အနစ်နာခံခိုင်းမလဲဆိုတာကိုပါ သတ်မှတ်ပေးပါတယ်။ ဒါ့အပြင် တိုက်ပွဲကို ဘယ်အချိန်မှာ ရပ်နားမလဲဆိုတာကလည်း အဲဒီရည်မှန်းချက်တွေကပဲ အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။
ဒီစစ်ပွဲမှာ အစ္စရေးရဲ့ ရည်မှန်းချက်ကတော့ ရှင်းတယ်။ အီရန်အစိုးရက ဖန်တီးတဲ့ အန္တရာယ်မှန်သမျှကို လုံးဝဥဿုံ ပျက်ပြားသွားအောင် ချေဖျက်ပစ်ဖို့ပါပဲ။ ဒါပေမဲ့ အမေရိကန်ကတော့ အဲဒီလို မဟုတ်ပါဘူး။ မစ္စတာထရမ့်နဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ကတော့ ရှေ့နောက်မညီ၊ တစ်သမတ်တည်းလည်း မရှိဘဲ ခဏခဏ ပြောင်းနေတဲ့ ပြောဆိုချက်တွေနဲ့ ရှုပ်ထွေးနေတာမျိုးကိုပဲ ဖော်ပြပါတယ်။ အီရန်ရဲ့ ဒုံးကျည်တွေကြောင့် လိုလို၊ နျူကလီးယား လက်နက်တွေကြောင့်လိုလို၊ အစိုးရပြောင်းပစ်ဖို့ပဲလား၊ အစ္စရေးပြောစကား နောက် သံယောင်လိုက်ပြီး ဆယ်စုနှစ်တွေနဲ့ချီ ကြာအောင် အမြစ်တွယ်နေခဲ့တဲ့ ရန်ငြိုးရန်ကြွေးကို ပြန်ဆပ်ဖို့နဲ့ လက်စားချေဖို့ အီရန်က တိုက်ခိုက်တော့မယ့် အခြေအနေကို ရောက်နေပြီလို့ ပြောလို့ တစ်မျိုး အမျိုးမျိုး ရှေ့နောက်မညီဘဲ အကြောင်းပြနေတယ်။
နိုင်ငံရေးအရဆိုရင်လည်း တိတိကျကျမရှိဘဲ ဝေဝေဝါးဝါး ဖြစ်နေတာက သမ္မတထရမ့်အတွက် သူ့စိတ်ကြိုက် လိုသလိုကစားပြီး လှည့်ပတ်ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းကို ဖန်တီး ပေးလိုက်တာပါပဲ။ မဟာဗျူဟာအရဆိုရင်တော့ Epic Fury စစ်ဆင်ရေးဟာ ဘာအတွက်လဲဆိုတာကို ထရမ့်က ရှင်းရှင်းလင်းလင်း မပြောနိုင်တာကိုက သူ့ရဲ့ အကြီးမားဆုံး ဟာကွက် ပျော့ကွက်ကြီးပါပဲ။
ရလဒ်ကတော့ ဒီစစ်ပွဲဟာ ရည်မှန်းချက်အမျိုးမျိုးနဲ့ ရှေ့နောက်မညီတဲ့ ဆန့်ကျင်ဘက် အခြေအနေတွေ ကြုံနေရတဲ့ ဝိရောဓိစစ်ပွဲ (Split personality war) တစ်ခုပဲ ဖြစ်လာတယ်။ ဒီစစ်ပွဲရဲ့ မျက်နှာစာ တစ်ဖက်ကတော့ စစ်ဆင်ရေးပါ။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံရဲ့ ရေတပ်ကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ပြီး လေတပ်ကိုလည်း လေယာဉ်တွေ ပျံမတက်နိုင်အောင် လေကြောင်းအသာစီးရယူပြီး ထိန်းထားနိုင်ခဲ့တယ်။ သူတို့ဟာ အီရန်ရဲ့ ဒုံးကျည်စွမ်းဆောင်ရည်တွေနဲ့ သူ့နိုင်ငံက လက်နက် စက်ရုံတွေကို ဖျက်ဆီးပစ်ခဲ့ပြီး အစိုးရအဖွဲ့နဲ့ ကြမ်းကြုတ်ရက်စက်တဲ့ အုပ်စုတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်။ လေကြောင်းအသာစီးယူပြီး လွှမ်းမိုးထားနိုင်တာက အမေရိကန်နဲ့ အစ္စရေးဟာ သူတို့စိတ်တိုင်းကျ တိုက်ခိုက်နိုင်စေပါတယ်။
အဲဒီအတောအတွင်းမှာ အီရန်နိုင်ငံဟာ ကုန်ခဲ့တဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတုန်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထက် ပိုများတဲ့ ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတဲ့တိုင်၊ ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေမှာရှိတဲ့ မြို့ကြီးတွေနဲ့ စစ်အခြေခံစခန်းတွေကို ကာကွယ်ပေးနေပါတယ်။ အနည်းဆုံး အခုအချိန်အထိကတော့ ဆက်လက်ပြီး အကာအကွယ်ပေး တိုက်ခိုက်ဖို့ ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တွေ အလုံအလောက် ရှိပါတယ်။
ဒီစစ်ပွဲရဲ့ တခြားတစ်ဖက် မျက်နှာစာကတော့ နိုင်ငံရေးဖြစ်ပါတယ်။ အဲဒါက အီရန်ရဲ့ သံသယနဲ့ ဝေခွဲလို့မနိုင်တဲ့ ရှုပ်ထွေးမှုတွေကို မျိုးစေ့ချပေးတဲ့ မဟာဗျူဟာကနေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဆက်လက်ရှင်သန် ရပ်တည်ဖို့အရေးကသာ အီရန်အစိုးရရဲ့ အောင်ပွဲလို့ တွက်ထားပုံရတယ်။ အခုအချိန်အထိကတော့ အောင်မြင်နေသေးတယ်လို့ ဆိုရမှာပါ။ အီရန်နိုင်ငံဟာ ပြိုကွဲ ပျက်စီးသွားရမယ့် အစား ပဋိပက္ခကို အလျားလိုက် အရှိန်မြှင့်ဖို့ ကမန်းကတန်းပဲ ကြိုးပမ်းနေတယ်။ နားထောင်ကောင်းအောင် ပြောရရင်တော့ အရပ်မျက်နှာအနှံ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန် တိုက်ခိုက်နေတယ်။ အဲဒီအချက်က နောက်ဆက်တွဲ အကျိုးဆက်တွေကို ပေါ်ပေါက်စေခဲ့တယ်။
အကျိုးဆက်တစ်ခုကတော့ တခြားနိုင်ငံတွေလည်း ပဋိပက္ခထဲကို ဆွဲသွင်းခံခဲ့ရတာပါပဲ။ အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသကြီးရဲ့ ဝရုန်းသုံးကား ပရမ်းပတာဖြစ်နေရတဲ့ အခြေအနေတွေကနေ ကင်းလွတ်ပြီး သူတို့နိုင်ငံတွေရဲ့ အနာဂတ်ကို သုခဘုံဖြစ်အောင် တည်ဆောက်ဖို့ ကြိုးပမ်းနေကြတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်ခဲ့တယ်။ အစ္စရေးက အီရန်နိုင်ငံရဲ့ အဓိက မဟာမိတ် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ဟစ်ဇဘိုလာအဖွဲ့ကို တိုက်ခိုက်ချေမှုန်းနေတာမို့ အဲဒီ တိုက်ပွဲတွေဟာ လက်ဘနွန်နိုင်ငံထဲအထိ ပျံ့နှံ့ဖြစ်ပွားလာခဲ့တယ်။ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း သူတို့ရဲ့ စစ်အခြေခံစခန်းတွေကို အီရန်အတိုက်မခံရအောင် ကာကွယ်သွားကြပါလိမ့်မယ်။ မတ်လ ၄ ရက်နေ့တုန်းက မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က တူရကီနိုင်ငံဘက်ကို သွားတဲ့ အီရန်ရဲ့ ဒုံးကျည်တွေကို ပစ်ချခဲ့တယ်။
တခြားအကျိုးဆက်ကတော့ စီးပွားရေးပါပဲ။ အီရန်နိုင်ငံဟာ ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ် လိုက်ပြီး ကမ္ဘာ့ရေနံရောင်းချမှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ဖြတ်တောက်လျှော့ချပစ်ဖို့ ကြိုးပမ်းခဲ့တယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဓာတ်ငွေ့ရည်ထုတ်တဲ့ စက်ရုံကြီးနဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံကြီးတွေ အပါအဝင် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ တွေကိုလည်း တိုက်ခိုက် ခဲ့တယ်။ ဖေဖော်ဝါရီ ၂၇ ရက်နောက်ပိုင်းမှာ ဘရန့်ရေနံစိမ်း ဈေးနှုန်းဟာ ၁၄ ရာခိုင်နှုန်း တက်သွားပြီး တစ်စည်ကို ၈၃ ဒေါ်လာအထိ ဈေးတက်ခဲ့တယ်။ ဥရောပတိုက်မှာ သဘာဝဓာတ်ငွေ့ ဈေးနှုန်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကထက် ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး မီဂါဝပ်နာရီ တစ်နာရီကို ယူရိုငွေ ၅၄ (အမေရိကန်ဒေါ်လာ ၆၃) အထိ တက်လာတယ်။ အာရှတိုက်က ရေနံဝယ်သုံးရတဲ့ နိုင်ငံတွေဟာ ရေနံမပြတ်အောင် အလုအယက် ကြိုးပမ်းနေကြတာမို့ ရေနံဈေးက ပိုပြီး မြင့်တက်လာနိုင်တယ်။ ကမ္ဘာ့စီးပွားရေး တစ်ရပ်လုံး ဒီဒဏ်ကို ခံစားရတယ်။ ရေနံစိမ်း ဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ ရောက်ခဲ့ရင် GDP (ပြည်တွင်းထွက်ကုန်တန်ဖိုး) တိုးနှုန်းဟာ ၀.၄ အမှတ်အထိ ကျလာနိုင်ပြီး ငွေကြေးဖောင်းပွမှုကတော့ ၁.၂ မှတ်အထိ မြင့်တက်လာမှာ ဖြစ်ပါတယ်။

တတိယ အလားအလာရှိတဲ့ အကျိုးဆက်ကတော့ အီရန်နိုင်ငံအတွင်း ပရမ်းပတာ အခြေအနေ ဆိုက်သွားမယ့် ကိစ္စပါပဲ။ အီရန်နိုင်ငံရဲ့ လူဦးရေ သန်း ၉၀ အနက် အကြမ်းအားဖြင့် ၄၀ ရာခိုင်နှုန်း လောက်ဟာ အာရပ်၊ အဇာရီ၊ ဘလူချီ၊ ကာ့ဒ်နဲ့ လားစ် စတဲ့ တိုင်းရင်းသားလူနည်းစုတွေပဲ ဖြစ်တယ်။ အာရပ်နွေဦး တော်လှန်ရေးတုန်းက နိုင်ငံတွေ ဘယ်လို ပြိုကွဲနိုင်သလဲဆိုတာကို ဖော်ပြခဲ့တယ်။ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေက ကာ့ဒ်သူပုန်တွေကို ထောက်ခံအားပေးပြီး အီရန်အစိုးရကို ဖိအားပေးနေတယ်။ အဲဒါဟာ အဆင်ခြင်မဲ့တဲ့ အတွေးအခေါ် သဘောတရားတစ်ခုဖြစ်ပြီး ပါရှန်းမျိုးချစ်ဝါဒကို မြင့်တက်စေတာ ဒါမှမဟုတ် ပြည်တွင်းစစ်တစ်ရပ် ဖြစ်ပွားပေါ်ပေါက်လာမှာနဲ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်။ မစ္စတာထရမ့်ကတော့ အဲဒီကိစ္စနဲ့ စပ်လျဉ်းလို့ ဂရုစိုက်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ သူဟာ အီရန်နယ်နိမိတ်ကို ကျော်ပြီး ပင်လယ်ကွေ့နိုင်ငံတွေ၊ အီရတ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေအထိ ပျံ့နှံ့ကူးစက်သွားမယ့် အကျိုးသက်ရောက်မှုတွေကိုတော့ လျစ်လျူရှူနိုင်မှာ မဟုတ်ပါဘူး။
မစ္စတာထရမ့် အငမ်းမရ လိုလားတောင့်တနေတဲ့ လူထုရဲ့ တခဲနက် ထောက်ခံချီးကျူးမှုကို ဈေးကွက်တွေနဲ့ လူဆန္ဒသဘောထားတွေက ငြင်းပယ်နေသမျှ ကာလပတ်လုံး သူ အရဲစွန့်ရမယ့်ဒဏ်ကို သူ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချက်ကလည်း အီရန်နိုင်ငံက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ရံဖန်ရံခါ ပစ်ခတ်တိုက်ခိုက်နေသမျှ ကြာကောင်းကြာနေဦးမှာ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်မှာ အမေရိကန် ပြည်သူလူထု သုံးပုံတစ်ပုံလောက်ကပဲ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို လိုလားကြတာပါ။ (၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန်ကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်တုန်းကဆိုရင် အမေရိကန် ပြည်သူလူထု ၉၀ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြတယ်)။ အမေရိကန်ဟာ စွမ်းအင်တင်ပို့တဲ့ နိုင်ငံဖြစ်နိုင်ပေမဲ့ မဲဆန္ဒရှင် ပြည်သူလူထုကတော့ ဓာတ်ဆီဈေးနှုန်း ကြီးမြင့်တာကို အလွန် စက်ဆုပ်မုန်းတီးကြပါတယ်။
ထရမ့်ဟာ အီရန်အစိုးရယန္တရား တစ်ခုလုံး ပြိုကျပပျောက်သွားတဲ့အထိ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးပြီး အပြတ်အသတ် အနိုင်ယူချင်တဲ့ စိတ်ဆန္ဒ ရှိနိုင်တယ်။ ဒါပေမဲ့ အမေရိကန် စစ်အင်အား ဘယ်လောက်ပဲ ကြီးမားပြီး လက်သံပြောင်ပါစေဦး၊ ဒီစစ်ပွဲက အောင်မြင်ချင်မှ အောင်မြင်မှာပါ။ အဲဒီအချိန်အတော အတွင်းမှာပဲ အဲဒီအန္တရာယ်တွေ အားလုံးက ဒေသကြီးအတွင်းသာမက ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကို ဆက်ပြီးတော့ အန္တရာယ် ပေးနေဦးမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ သူ့ရဲ့ စစ်ပွဲရည်မှန်းချက်တွေကို ချုံ့လိုက်ရင် ဒါမှမဟုတ် ခပ်ကျဉ်းကျဉ်း ကန့်သတ်လိုက်ရင် အခုထက် ပိုကောင်းအောင် လုပ်နိုင်စရာ ရှိတယ်။ သူ့ရဲ့ ရည်မှန်းချက်က အီရန်နိုင်ငံရဲ့ စစ်ရေး စွမ်းပကားကို လျော့ပါးချည့်နဲ့သွားအောင် လုပ်ဖို့ပဲဖြစ်ပြီး အဲဒီအဆင့်ရောက်ရင် ရပ်တန့်လိုက်ဖို့ သင့်တယ်။ အခု အဲဒီ အခြေအနေအဆင့် ရောက်လုနီးပါး ဖြစ်နေပါပြီ။ တချို့ကတော့ ဒီလို စစ်ပွဲရည်မှန်းချက်ကို ကန့်သတ်လျှော့ချလိုက်ရင် လုပ်ငန်းက တစ်ဝက်လောက်ပဲ လုပ်ကိုင် ဆောင်ရွက်လို့ ပြီးနိုင်တယ်လို့ အငြင်းထွက်ကြပါလိမ့်မယ်။ အမှန်တော့ အီရန်အစိုးရယန္တရားကို ကျားနာတစ်ကောင်ကို အပြတ်မရှင်းဘဲ ထားသလိုမျိုး လုပ်ရင် ချည့်နဲ့သွားပေမဲ့ ပိုပြီး ကြမ်းတမ်း လာနိုင်တာမို့ အဖိနှိပ်ခံ အီရန်ပြည်သူလူထုအတွက် မျှော်လင့်ချက်တွေ ဆုံးရှုံးပြီး စိတ်နှလုံး ထိခိုက်စရာ ဖြစ်ပါလိမ့်မယ်။
မစ္စတာထရမ့်က ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင်တောင် အီရန်က အနည်းဆုံး အချိန်တစ်ချိန် လောက်တော့ ဒေါသတကြီးနဲ့ ဆက်ပြီး ရမ်းကားနိုင်သေးတယ်။ အနည်းဆုံးတော့ အမေရိကန် ဆန့်ကျင်ရေး ခုခံတွန်းလှန်မှုရဲ့ သင်္ကေတ ပြယုဂ်တစ်ခုအဖြစ် ကျေနပ်အားရပြီး သာယာနေဦးမှာ ဖြစ်ပါတယ်။ လက်ရှိရှင်သန်နေဆဲ အီရန်အစိုးရဟာ စင်စစ် မြောက်ကိုရီးယားနိုင်ငံလိုပဲ နျူကလီးယား သဘောတူညီချက်တစ်ရပ်ကိုတော့ လက်မခံဘဲ ငြင်းပယ်နိုင်ဖွယ် ရှိပါတယ်။ နျူကလီးယားဗုံးကလည်း သူ့နိုင်ငံသူ ကာကွယ်ဖို့ပဲဖြစ်တယ်လို့ ယူဆနေဦးမှာ ဖြစ်တယ်။ တကယ်လို့ အီရန်က သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ပြန်ပြီး တည်ဆောက်ရင် မစ္စတာထရမ့်ဟာ လတွေ ဒါမှမဟုတ် နှစ်တွေအတွင်းမှာ နောက်တစ်ခါ ထပ်ပြီး တိုက်ခိုက်ရနိုင်ဖွယ် ရှိပါသေးတယ်။ အဲဒါကတော့ အားရဖွယ်မရှိတဲ့ အလားအလာတစ်ရပ်ပါ။ ဒါပေမဲ့ လူထုထောက်ခံမှု မရတဲ့ စစ်ပွဲတစ်ပွဲဟာ စစ်ပန်းပြီး အင်အားကုန်ခမ်းကာ အကျိုးမဲ့ ရှုံးနိမ့်မသွားခင် အောင်ပွဲခံပြီဖြစ်ကြောင်း စောစောစီးစီး ကြေညာ လိုက်ရင် အမေရိကန်အတွက် ပိုကောင်းပါလိမ့်မယ်။
ဒေါသနဲ့ မိုက်ရူးရဲ လုပ်ရပ်တွေကို လျှော့၊ အရှည်ကို ကြည့်
အထက်က ဆိုခဲ့တာတွေအားလုံးဟာ မစ္စတာထရမ့် ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ စိတ်လိုက်မာန်ပါ လုပ်တတ်တာတွေရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။ ဒီစစ်ပွဲမစခင်မှာ အီရန်အစိုးရဟာ သူ့ရဲ့ နှစ်ပေါင်း ၄၇ နှစ်ကြာ သမိုင်းတစ်လျှောက်မှာ အင်အား အချည့်နဲ့ဆုံး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဗုံးတစ်လုံးမှ မချလိုက်ရဘဲနဲ့တောင် ပြုတ်ကျသွားနိုင်ပါတယ်။ မစ္စတာထရမ့် ကံကောင်းထောက်မနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ နောက်တက်လာတဲ့ သဘောထားတင်းမာသူအသစ် စေ့စပ်ညှိနှိုင်းနိုင်လို့ပဲ ဖြစ်ဖြစ်၊ ဒေသကြီးအတွင်း ပရမ်းပတာ အခြေအနေကြောင့်ပဲ ဖြစ်ဖြစ် စစ်ကို အဆုံးသတ်လိုက်နိုင်ရင်တော့ အခုထက်ပိုပြီး ကံကောင်းထောက်မမှာ ဖြစ်ပါတယ်။
မျက်နှာလိုမျက်နှာရနဲ့ မြှောက်ပင့်ဖားယားတတ်တဲ့သူတွေ ဝန်းရံတာကို ခံနေတဲ့ သမ္မတထရမ့်ဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းမှာတော့ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေ ပိုများပြီး ပိုခေါင်းမာ၊ မိုက်ရူးရဲ ဆန်လာပါတယ်။ အားနည်းချက်ကို မြင်တာနဲ့ အခွင့်ကောင်းယူပြီး အာဏာကို လက်ဝါးကြီးအုပ် ရယူဖို့ ကြိုးပမ်းတတ်တဲ့ သူ့ရဲ့ လုပ်ရပ်တွေဟာ အတော့်ကို အန္တရာယ် ကြီးမားပါတယ်။ ကမ္ဘာ့တခြား ဒေသတွေအတွက် မဟာဗျူဟာတွေ လိုအပ်သလိုပဲ အီရန်မှာ အမေရိကန်ဟာ မဟာဗျူဟာတစ်ရပ် လိုအပ်ပါတယ်လို့ The Economist စာစောင် ဆောင်းပါးရှင်က ဝေဖန်ရေးသားထားကြောင်းပါ။
စာကိုး – The Economist Feb 7th – 13th 2026

