(စစ်ပွဲအစမှာ အီရန်စစ်ပွဲက ပြီးသလောက်ဖြစ်သွားပါပြီ။ သူတို့မှာ ခေါင်းဆောင်လည်း မရှိတော့ဘူး။ ဘာမှ မကျန်တော့ဘူး၊ မကြာခင် စစ်ပွဲပြီးဆုံးတော့မယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ်ထရမ့်က အခုတော့ အီရန်စစ်ကို အဆုံးမသတ်နိုင်သေးဘဲ ဆက်တိုက်နေရတုန်းပါ။ ထရမ့် စတင်လိုက်တဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဆောင်းပါးရှင် NICHOLAS KRISTOF ရဲ့ The ‘Arrogance of Power’ Drives War in Iran ဝေဖန်ချက်ကို ဖော်ပြလိုက်ပါတယ်)
“အီရန်ကို တိုက်ခိုက်ခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်ပဲ” လို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ် ရေးပြီးတဲ့နောက်မှာတော့ ဒေသတွင်းအခြေအနေကို ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုနားလည်တဲ့ အီရန်နိုင်ငံသားတချို့ဆီကနေ ကန့်ကွက်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်။
“ဒါကို ကျွန်တော်တို့ အီရန်နိုင်ငံသားတွေ ကိုယ်တိုင်က လိုလားတာပါ” လို့ သူတို့ထဲက တစ်ယောက်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တယ်။
“ကမ္ဘာ့အရက်စက်ဆုံး အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေရတာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျားတို့ မသိပါဘူး” တဲ့။
သူတို့က တော်တော်လေး စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တာပါ။ အကယ်၍ အီရန်နိုင်ငံသားတချို့က အပြောင်းအလဲကို အရမ်းလိုချင်နေလို့ ကိုယ့်မြို့ကိုယ် ဗုံးကြဲတာကိုတောင် လမ်းပေါ်ထွက် ကြိုဆိုနေကြတယ်ဆိုရင် ကျွန်တော်တို့က ဘာလို့ ကန့်ကွက်နေဦးမှာလဲ။

အဲဒီ အီရန်နိုင်ငံသားတွေကို ကျွန်တော် စာနာနားလည်ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီရန်မှာ သတင်းသွားယူခဲ့တဲ့ နှစ်တွေတစ်လျှောက် အဲဒီဖိနှိပ်မှုတွေကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ရလို့ပါ။ ကျွန်တော် လူတွေ့မေးမြန်းနေတုန်း ရဲတွေ ဝင်ရောက်နှောင့်ယှက်တာ၊ လုံခြုံရေးလူမိုက်တွေက အမျိုးသမီးတွေကို အဝတ်အစားလုံလုံခြုံခြုံဝတ်ဖို့ အော်ဟစ်ငေါက်ငမ်းတာတွေကို မြင်ခဲ့ဖူးပါတယ်။ တစ်ခါကဆိုရင် တီဟီရန်မှာ ထောက်လှမ်းရေးအေးဂျင့်တွေက ကျွန်တော့်ကို ဖမ်းဆီးပြီး သူလျှိုလို့ စွပ်စွဲခဲ့သလို၊ အပြစ်ဝန်မခံမချင်း အကန့်အသတ်မရှိ ထောင်ချထားနိုင်တယ်လို့လည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အီရန်အာဏာရှင်စနစ်ရဲ့ ခြိမ်းခြောက်မှုကို ကိုယ်တိုင်ကြုံတွေ့ရတာဟာ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။
သဘောကတော့ အီရန်မှာ အစိုးရအပေါ် မကျေနပ်မှုတွေကို နေရာတိုင်းမှာ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ တစ်ခါကဆိုရင် အထွတ်အမြတ်ထားရာ ကွမ် (Qom) မြို့က ဂုဏ်သရေရှိ အယာတိုလာ (Grand Ayatollah) တစ်ပါးရဲ့ ရုံးခန်းထဲမှာတောင် အဲဒီလို မကျေနပ်မှုကို ကြုံခဲ့ရသေးတယ်။ စကားပြန်က ကျွန်တော့်ကို “စာတန်ကြီး (Great Satan – အမေရိကကို ရည်ညွှန်းသည့်စကား)” ဆီက လာတာပါလို့ နောက်ပြောင်ပြီး မိတ်ဆက်ပေးလိုက်တဲ့အခါ အဲဒီ အယာတိုလာရဲ့ လက်ထောက်က ရယ်မောရင်းနဲ့ ဒီလို ပြန်ဖြေခဲ့တယ် – “အမေရိကက စာတန်ပေါက်စလေးပါ။ စာတန်ကြီးကတော့ ဒီမှာပါ” တဲ့။
ဒါပေမဲ့ အီရန်မှာလည်း အုပ်စုမျိုးစုံ ရှိတာပေါ့။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အစိုးရကို ထောက်ခံသူတွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေကြားမှာတောင် ဒီစစ်ပွဲက အခြေအနေတွေကို ပိုဆိုးသွားစေမလား၊ နိုင်ငံရဲ့ တည်ရှိမှုကိုပါ ခြိမ်းခြောက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်။ အီရန်အတိုက်အခံတစ်ယောက်ကို ဒီစစ်ပွဲကနေ ဘာတွေ မျှော်လင့်ထားသလဲလို့ ကျွန်တော် မေးကြည့်တဲ့အခါ သူက တိုတိုတုတ်တုတ်ပဲ ဖြေခဲ့ပါတယ် – “ကောင်းတာ ဘာတစ်ခုမှ မရှိဘူး” တဲ့။
အီရန်နိုင်ငံသားတချို့အနေနဲ့ ဒီစစ်ပွဲက သူတို့နိုင်ငံကို လွတ်မြောက်စေပြီး အသက်ရှူချောင်ခွင့် ပေးလိမ့်မယ်လို့ မျှော်လင့်ကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အာဖဂန်နစ္စတန်စစ်ပွဲ အစောပိုင်းကာလတုန်းက ကဘူးလ်မြို့မှာ ကျွန်တော်ရှိနေခဲ့စဉ်က အာဖဂန်နစ္စတန်သားတွေက တာလီဘန်တွေ နိဂုံးချုပ်သွားတာကို မြင်ရလို့ ဘယ်လောက်တောင် ဝမ်းသာအားရဖြစ်ခဲ့ကြသလဲဆိုတာ မှတ်မိနေပါသေးတယ်။ အီရတ်နိုင်ငံ၊ ဘာစရာမြို့မှာလည်း ဆဒမ်ဟူစိန် ပြုတ်ကျသွားတာကို လမ်းပေါ်ထွက် အောင်ပွဲခံနေကြတဲ့ လူအုပ်ကြီးကို ကျွန်တော် ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့မှာလည်း အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်မှုကို လူအုပ်ကြီးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာပါ။ အတိုချုပ်ပြောရရင် အစောပိုင်းကာလက အားတက်စရာရှိမှုတွေဟာ နောက်ဆုံးမှာ အောင်မြင်မယ်ဆိုတဲ့ စိတ်ချရတဲ့ နိမိတ်လက္ခဏာတစ်ခုတော့ မဟုတ်ခဲ့ဘူး။
အခုလောလောဆယ်မှာတော့ အီရန်အစိုးရဟာ ပြိုလဲမသွားတဲ့အပြင် စစ်ပွဲကိုပါ ချဲ့ထွင်နေတယ်။ အီရန်ပြည်သူတွေဟာလည်း သူတို့အစိုးရကို ဖြုတ်ချနိုင်ခြင်း မရှိသေးသလို၊ စစ်ပွဲဟာလည်း ဒေသတွင်းကို ကူးစက်ပြန့်နှံ့နေတယ်။ အီရန်နိုင်ငံသားတွေ၊ အမေရိကန်တွေနဲ့ တခြားသူတွေ သေဆုံးနေကြရတာအပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ မြင့်တက်လာပြီး ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကတစ်ဆင့် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေလည်း ပိတ်ဆို့ခံနေရပါတယ်။ ဒီဆင်းရဲဒုက္ခတွေကို ဝေးလံတဲ့နေရာတွေမှာပါ ခံစားနေကြရပါတယ် – စစ်ပွဲဟာ လက်ဘနွန်နိုင်ငံအထိ ရောက်ရှိသွားပြီးနောက်မှာ ကလေးငယ်ပေါင်း ၁၈,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UNICEF က အစီရင်ခံထားပါတယ်။
ဒီစစ်ပွဲရဲ့ တတိယမြောက်နေ့မှာတင် ခန့်မှန်းချက်တစ်ခုအရ စစ်ပွဲကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက် ရှိသွားခဲ့ပါပြီ။ ထရမ့်အစိုးရဟာ လက်နက်ကိုင် ကာ့ဒ်ခွဲထွက်ရေးသမားတွေကို ထောက်ပံ့ပေးပြီး ဒီရှုပ်ထွေးမှုတွေကို ပိုဆိုးအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပုံရတယ်။ ဒါဟာ အီရန်ကို ပြည်တွင်းစစ်ဆီ ဦးတည်သွားစေနိုင်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ကမ္ဘာတစ်ဝန်းကို ဒုက္ခသည်သန်းပေါင်းများစွာ စီးဝင်ခဲ့ရသလိုမျိုး၊ ဆီးရီးယားထက် လူဦးရေ လေးဆလောက်ရှိတဲ့ အီရန်နိုင်ငံအတွင်းမှာ အလားတူပဋိပက္ခမျိုး ဖြစ်ပွားခဲ့မယ်ဆိုရင် ပိုမိုများပြားတဲ့ ဒုက္ခသည် လှိုင်းလုံးကြီးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် ကာ့ဒ် ဒါမှမဟုတ် ဘာလိုချီ လူမျိုးစုပဋိပက္ခတွေက အိမ်နီးချင်းနိုင်ငံတွေဆီပါ ကူးစက်သွားမယ်ဆိုရင် ပိုဆိုးသွားနိုင်ပါတယ်။
ဒါပေမဲ့… ကျွန်တော်တို့က အီရန်ရဲ့ အဓိပတိခေါင်းဆောင်ကြီးကို လုပ်ကြံလိုက်နိုင်ပြီပဲ မဟုတ်လား။
မှန်ပါတယ်၊ ဒါကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမေရိကန်တွေက အယာတိုလာ အလီ ခါမေနီကို သတ်လိုက်တာဟာ သူ့ရဲ့အုပ်ချုပ်ရေးယန္တရားကို အားပျော့သွားစေလိမ့်မယ်လို့ မြင်ကြပေမဲ့၊ ခါမေနီကိုယ်တိုင်ကတော့ သူ့ရဲ့အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေဖို့အတွက် သူ့ကိုယ်သူ အာဇာနည်တစ်ဦးအဖြစ် အသေခံသွားသလို ယူဆစရာ အကြောင်းရင်းအချို့ ရှိနေတယ်။ အမှန်တကယ်တော့ သူ့ရဲ့သားဖြစ်သူ မိုဂျတာဘာ ခါမေနီဟာ အခုဆိုရင် ခေါင်းဆောင်သစ်ဖြစ်လာပါပြီ။ ဒါဟာ သဘောထားတင်းမာသူတွေအတွက် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။
အီရန်ရဲ့ လုံခြုံရေးယန္တရား၊ အထူးသဖြင့် (ခါမေနီသားဖြစ်သူနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့) အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ နိုင်ငံအတွင်းမှာ ပိုပြီး အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ရှိပါတယ်။ ဒါဟာ နျူကလီးယားလက်နက်တွေနဲ့ ဒေသတွင်းက လက်ဝေခံ အင်အားစုတွေအပေါ် ပိုပြီး အားပေးအားမြှောက်ပြုလာတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီစစ်ပွဲရဲ့ ရလဒ်ဟာ အီရန်ဘက်က ဒရုန်းနဲ့ ဒုံးကျည်တွေ အရင်ကုန်သွားမလား၊ ဒါမှမဟုတ် အမေရိကန်ဘက်က ကြားဖြတ်ဟန့်တားရေး ဒုံးကျည် (interceptors) လက်ကျန်တွေ အရင်ပြတ်လပ်သွားမလား ဆိုတဲ့အချက်ပေါ်မှာ တစ်စိတ်တစ်ပိုင်း မူတည်နေနိုင်ပါတယ်။
ဒီလိုမလိုအပ်ဘဲ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ခဲယမ်းမီးကျောက်တွေ ပြတ်လပ်လာတာဟာ တကယ့်ပြဿနာတစ်ခုပါပဲ။ စစ်ပွဲစရိတ်နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်က ကျွမ်းကျင်သူ လင်ဒါ ဘီးလ်မ်းစ် (Linda Bilmes) ပြောပြချက်အရ – ပြီးခဲ့တဲ့နှစ် အီရန်နဲ့ ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးကို ကာကွယ်ပေးဖို့အတွက် အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူ့ရဲ့ THAAD ကြားဖြတ်ဒုံးကျည် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုခဲ့ရတယ်လို့ သိရတယ်။ ကျွန်တော်တို့မှာ THAAD၊ Patriot နဲ့ Tomahawk ဒုံးကျည်တွေ လုံလောက်တယ်ဆိုရင်တောင်မှ နောက်ထပ်ဖြစ်လာမယ့် အကျပ်အတည်းတွေအတွက် အရန်လက်နက်အင်အားကို မူလအခြေအနေအတိုင်း ပြန်ဖြစ်အောင် ဖြည့်တင်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်။
၁၉၆၆ ခုနှစ် ဗီယက်နမ်စစ်ပွဲကာလတုန်းက အမေရိကန်ရဲ့ ထင်ရှားတဲ့ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျေ ဝီလျံ ဖူးလ်ဘရိုက် (J. William Fulbright) က “အာဏာရဲ့မောက်မာမှု” (the arrogance of power) နဲ့ ပတ်သက်ပြီး ရှုတ်ချပြောဆိုခဲ့ဖူးပါတယ်။ သူက “အာဏာဟာ ကိုယ့်ကိုယ်ကိုယ် သီလရှိတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေသလို၊ အရာရာကို တတ်နိုင်တယ် (omnipotence) လို့လည်း ယူဆတတ်စေတယ်” လို့ သတိပေးခဲ့တယ်။ သူက ဒါကို ဒီလိုပုံဖော်ခဲ့တယ်။ “ကျွန်တော်တို့ဟာ လမ်းမကူးချင်တဲ့ အဘွားအိုတွေကို အတင်းဆွဲခေါ်ပြီး လမ်းကူးပေးနေတဲ့ ကင်းထောက်လေးတွေလို ပြုမူနေကြတုန်းပဲ” တဲ့။
အီရတ်နိုင်ငံမှာလည်း ကျွန်တော်တို့ရဲ့ အာဏာမာန်မာနကြောင့် စစ်ပွဲတစ်ခုကို စတင်ခဲ့မိပြီး နောက်ဆုံးမှာ လူပေါင်း သိန်းချီ (အများစုမှာ အီရတ်နိုင်ငံသားများ) သေဆုံးခဲ့ရသလို ဒေါ်လာ ၃ ထရီလီယံလောက် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးအမြတ်ကိုတော့ နောက်ဆုံးမှာ အီရန်ကပဲ ရသွားခဲ့တာပါ။ အာဖဂန်နစ္စတန်မှာလည်း ဆယ်စုနှစ် နှစ်ခုစာအတွင်း ဒေါ်လာ ၃.၄ ထရီလီယံလောက်နဲ့ လူ့အသက်ပေါင်းများစွာကို ဖြုန်းတီးခဲ့ပြီးမှ နောက်ဆုံးတော့ တာလီဘန်နေရာမှာ တာလီဘန်နဲ့ပဲ ပြန်အစားထိုးခဲ့ရပါတယ်။
ကျွန်တော်ဟာ အဲဒီစစ်ပွဲနှစ်ခုလုံးကို သတင်းယူခဲ့ဖူးသလို၊ အဲဒီမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတချို့ သေဆုံးတာနဲ့ ဒဏ်ရာရခဲ့တာတွေကိုလည်း ကြုံခဲ့ရပါတယ်။ အခု အီရတ်နဲ့ အာဖဂန်နစ္စတန်ကြားမှာရှိတဲ့ (အီရန်) မှာ ထရမ့် ထပ်မံဖန်တီးလိုက်တဲ့ စစ်ပွဲသစ်ဟာလည်း အရင်ကလိုပဲ ရုပ်ပျက်ဆင်းပျက် သေဆုံးမှုတွေနဲ့ ပျက်စီးသွားတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ အဆုံးသတ်သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်။
ဒီစစ်ပွဲကို ပုံဖော်ခဲ့ကြတဲ့ သမ္မတ ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု နှစ်ဦးစလုံးဟာ “အာဏာရဲ့ မာန်မာန” ဖုံးလွှမ်းနေပုံရပါတယ်။ ၂၀၀၂ ခုနှစ်တုန်းက အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ နေတန်ညာဟုက ဒီလိုပြောခဲ့ဖူးတယ် – “အကယ်၍ ခင်ဗျားတို့ ဆဒမ်ဟူစိန်အစိုးရကို ဖြုတ်ချလိုက်မယ်ဆိုရင် ဒါဟာ ဒေသတွင်းမှာ အလွန်ကောင်းမွန်တဲ့ ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်။ အိမ်နီးချင်း အီရန်နိုင်ငံက လူငယ်တွေနဲ့ တခြားသူတွေကလည်း အဲဒီလို အာဏာရှင်တွေရဲ့ ခေတ်ကုန်သွားပြီလို့ ပြောကြလိမ့်မယ်” တဲ့။
ထရမ့်ဟာ အက်ပ်စတိုင်း (Epstein) ဖိုင်တွဲတွေ ဒါမှမဟုတ် တခြားနိုင်ငံရေးပြဿနာတွေကနေ လူအများ အာရုံလွှဲသွားအောင် ဒီစစ်ပွဲကို စတင်ခဲ့တာလားဆိုတာ ကျွန်တော့်မှာ အထောက်အထား မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်တုန်းက ထရမ့်ဟာ “အိုဘားမားရဲ့ လူထုထောက်ခံမှုနှုန်းတွေ ကျဆင်းနေပြီဆိုတော့ သူ လစ်ဗျား ဒါမှမဟုတ် အီရန်ကို တိုက်ခိုက်တော့မှာကို စောင့်ကြည့်ထားလိုက်တော့” လို့ X (ယခင် တွစ်တာ) မှာ ရေးခဲ့ဖူးပါတယ်။
နေတန်ညာဟုက ထရမ့်ကို ဒီစစ်ပွဲထဲရောက်အောင် ဘယ်လောက်အထိ တွန်းပို့ခဲ့သလဲဆိုတာလည်း ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာကတော့ ထရမ့်နဲ့ နေတန်ညာဟုတို့ဆီမှာ “နည်းဗျူဟာပိုင်း ကျွမ်းကျင်မှု” ရှိနေပေမဲ့ သူတို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက် ဒါမှမဟုတ် စစ်ပွဲကနေ ထွက်ပေါက်ဆိုတာမျိုး မရှိပါဘူး။ အကယ်၍ စစ်ပွဲဟာ တန့်နေမယ်ဆိုရင် ထရမ့်ဟာ အီရန်ရဲ့ ရေနံအခြေစိုက်စခန်းရှိရာ ခါ့ဂ်ကျွန်း (Kharg Island) ပေါ်ကို ခြေလျင်တပ်တွေပါ စေလွှတ်ပြီး ပိုမိုပြီးနက်ရှိုင်းပြီး ရုန်းမထွက်နိုင်တဲ့ ရွှံ့နွံအိုင်ထဲ ခေါ်ဆောင်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။
သမ္မတတစ်ဦးရဲ့ ပထမဆုံးတာဝန်က ကျွန်တော်တို့ကို ဘေးကင်းပြီး လုံခြုံအောင် လုပ်ပေးဖို့ပါ။ ဒါပေမဲ့ အခုတော့ ထရမ့်ဟာ ကျွန်တော်တို့ကို မလိုအပ်တဲ့ ပဋိပက္ခတစ်ခုထဲ အတင်းတွန်းပို့နေသလိုပါပဲ။ ဒါဟာ အမေရိကန်ရော အီရန်နိုင်ငံသားတွေရဲ့ အသက်ပေါင်းများစွာကိုပါ စတေးခိုင်းနေတာဖြစ်တယ်။ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျစေသလို စီးပွားရေးကိုလည်း ထိခိုက်စေပါတယ်။ ဒီလုပ်ဆောင်ချက်တွေအားလုံးဟာ ကျွန်တော်တို့ကို အန္တရာယ်တွင်းထဲ ဆက်ပြီးတိုးဝင်သွားအောင်ပဲ တွန်းပို့နေတာနဲ့ အတူတူပါပဲ။
NICHOLAS KRISTOF – The ‘Arrogance of Power’ Drives War in Iran, New York Times.
မှတ်ချက် – ဆောင်ပါးရှင် ဆရာ Chit Win Maung ၏ Facebook စာမျက်နှာ၌ မတ်လ ၁၂ နေ့တွင် တင်ထားခဲ့သည့် post ကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

