The Corner

The Corner

cropped-Logo_round_grey-background.png

စစ်ဝဲဂယက်အတွင်းက ချားလ်စ် ဘုရင်ရဲ့ အမေရိကန် ခရီးစဥ်

Share မယ်

၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ကို ချားလ်စ် ဘုရင်နဲ့ မိဖုရား ကင်မလာတို့က ဝင်ဆာရဲတိုက်မှာ ခမ်းနားထည်ဝါစွာ ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

လာမယ့် ဧပြီလမှာ စီစဉ်ထားတဲ့ ချားလ်စ် ဘုရင် (King Charles) ရဲ့ အမေရိကန်ကို လာရောက် လည်ပတ်မယ့် နိုင်ငံတော်အဆင့် ခရီးစဉ်ကို ဖျက်သိမ်းသင့်သလား?။ ဖျက်သိမ်းသင့်တယ်လို့ ယူဆရမယ့် အကြောင်းရင်းတွေက တော်တော်လေးကို ခိုင်လုံနေပါတယ်။ လက်ရှိအခြေအနေမှာ အမေရိကန်ဟာ ခိုင်လုံတဲ့ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ အီရန်အပေါ် စစ်ပွဲဆင်နွှဲနေပြီး အပြစ်မဲ့ ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ ဒီစစ်ပွဲကြောင့် ဗြိတိန်အပါအဝင် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုတွေကလည်း အကြီးအကျယ် ဖြစ်လာနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ဘက်ကနေ စစ်ထဲ မပါဝင်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို “အရှုံးသမား” (loser) လို့ ခေါ်ဝေါ်တာ၊ “ဝင်စတန် ချာချီ (Winston Churchill) လို လူမျိုးမဟုတ်ဘူး” လို့ ပြောဆိုတာမျိုးတွေနဲ့ စော်ကားနေပါတယ်။ ဒီလိုလူမျိုး တည်ခင်းတဲ့ ဝါရှင်တန်က ဂုဏ်ပြုညစာစားပွဲကို ဘုရင်တစ်ပါးအနေနဲ့ တက်ရောက်ပြီး ဂုဏ်ပြုသင့်ရဲ့လား?

၂၀၂၅ခုနှစ် စက်တင်ဘာလက သမ္မထရမ့် ဗြိတိန် ခရီး (Photo credit> NPR)

ဒါဟာ တော်တော်လေးကို စဉ်းစားရကြပ်တဲ့ ကိစ္စပါ။ ဒီခရီးစဉ်ဟာ အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေညာပြီး တည်ထောင်ခဲ့တဲ့ ၂၅၀ ပြည့် အထိမ်းအမှတ်အတွက် ဖြစ်ပါတယ်။ တကယ်တမ်း သံတမန် ဆက်ဆံရေးအရ ပြောရရင်တော့ ဂုဏ်ပြုကျင်းပသင့်တဲ့ အခါသမယမျိုးပါ။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာ သူတို့ဘုရင်ကို အမေရိကန်ကို သွားသင့် မသွားသင့် ဗြိတိန်လူထုရဲ့ သဘောထားစစ်တမ်းကို ကောက်ယူတဲ့အခါမှာတော့ အမေရိကန်ရဲ့ အီရန်စစ်ပွဲအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ ဗြိတိန်နိုင်ငံသား အများစု (၄၆%) က ဒီခရီးစဉ်ကို ဖျက်သိမ်းစေချင်ကြပြီး ဆက်သွားသင့်တယ်လို့ ယူဆသူက ၃၆% ပဲ ရှိပါတော့တယ်။ ကျန်တဲ့ ၁၈% ကတော့ ဝေခွဲမရ ဖြစ်နေကြတဲ့ အုပ်စုတွေပေါ့။ ဒီစစ်ပွဲဟာ ထရမ့်အတွက် ကိုယ်ကျိုးစီးပွား နိုင်ငံရေးအမြတ်ထုတ်ဖို့ ဖန်တီးထားတာဖြစ်သလိုပဲ၊ ဘုရင်ရဲ့ ခရီးစဉ်ကိုလည်း သူက နိုင်ငံရေးအရ အသုံးချဦးမှာ အသေအချာပါပဲလို့ ယူနေကြပုံရပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အမှတ် (၁၀)၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ်ရုံးက အတည်ပြုဖို့ ငြင်းဆန်နေတာကို ကြည့်ရင် သူတို့လည်း ဝေခွဲမရဖြစ်နေတာကို နားလည်ပေးလို့ ရပါတယ်။ ဈေးကွက်တွေလိုပဲ အားလုံးဟာ ဒီစစ်ပွဲ ဘယ်လောက်အထိ ကြာရှည်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတာပါ။ ဒီကိစ္စကို အဖြေမပေးဘဲ ထားလိုက်ခြင်းက ဒေါ်နယ်ထရမ့်ကို အပစ်အခတ်ရပ်စဲရေး အမြန်လုပ်ဖို့ ဖိအားပေးရာ ရောက်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ပွဲစကတည်းက အခြေအနေအားလုံးကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) ကပဲ စိတ်ကြိုက်ကိုင်တွယ်နေပုံရပြီး အခုထိလည်း အဲ့ဒီအတိုင်းပါပဲ။

တစ်ဖက်က ကြည့်ရင်လည်း သေချာတာတစ်ခုကတော့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဗြိတိန်နဲ့ အမေရိကန် ဆက်ဆံရေးအတွက် အကြီးအကျယ် ထိခိုက်သွားမှာပါ။ ဗြိတိန်ဘုရင်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း မဟုတ်သလို၊ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဗြိတိန်ဘုရင်ဟာ ဗြိတိန်နိုင်ငံရဲ့ ပြယုဂ်အဖြစ် တည်ရှိနေပုံကတော့ အမေရိကန်တွေကို အမြဲတမ်းလိုလို နားမလည်နိုင်အောင်ဖြစ်စေသလို၊ တစ်ခါတစ်ရံမှာလည်း စိတ်ဝင်တစား ဖြစ်စေပါတယ်။

ဘယ်မှညာ မိဖုရား ကင်မီလာ၊ ချားလ်စ်ဘုရင်၊ သမ္မတ ဒေါ်နယ်ထရမ့် နှင့် သမ္မတကတော် မယ်လနီယာ ၂၀၂၅ စက်တင်ဘာ (Photo credit: ABC7)

ဗြိတိန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်တွေ့အုပ်ချုပ်ရေးယန္တရားမှာ မပါဝင်တဲ့ ဘုရင်ဟာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ လက္ခဏာပြယုဂ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရင်ရဲ့ ကိုယ်ပိုင်အမြင်တွေဟာ နိုင်ငံတော်မူဝါဒတွေအပေါ် သက်ရောက်မှုမရှိသလို၊ သူ မဖြစ်မနေ ကိုးကွယ်လိုက်နာရတဲ့ ပရိုတက်စတင့် ဘာသာတရားကလည်း ပေါ်လစီတွေနဲ့ မဆိုင်ပါဘူး။ တော်ဝင်မိသားစုရဲ့ အုပ်ချုပ်ရေးအာဏာဆိုတာ စာအုပ်ကြီးထဲမှာပဲ ရှိတာပါ။ ၁၆၈၉ ခုနှစ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း (Bill of Rights) စပြီး အသက်ဝင်ကတည်းက လွှတ်တော်ကသာ အချုပ်အခြာအာဏာပိုင် ဖြစ်ခဲ့တာပါ။ ဒီအချက်ကပဲ လက်ရှိ ဝန်ကြီးချုပ် စတာမာ (Starmer) အတွက် ပြဿနာကို ပိုကြီးစေပါတယ်။ ခရီးစဉ်ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဒါဟာ ပြည်တွင်းနိုင်ငံရေးကြောင့်လို့ ထင်ရစေနိုင်ပြီး၊ ပြီးခဲ့တဲ့နှစ်က ထရမ့် လန်ဒန်ကို ခြေတောင်မချနိုင်ခဲ့တဲ့အထိ ကန့်ကွက်ခံခဲ့ရတဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်ရဲ့ အငြိုးအတေးတွေကို ပိုပြီး ဆိုးသွားစေနိုင်ပါတယ်။

တကယ်တော့ ဒီခရီးစဉ်ကို တားဆီးလိုက်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအစား ဒီခရီးစဉ်ကို လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေထက် ပိုမြင့်မားတဲ့ အဆင့်တစ်ခုအထိ မြှင့်တင်လိုက်တာက ပိုကောင်းပါတယ်။ နေ့စဉ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အငြင်းပွားမှုတွေထက် နိုင်ငံနှစ်ခုကြားမှာ နှစ်ပေါင်းများစွာ ခိုင်မြဲလာခဲ့တဲ့ ဘဏ္ဍာရေး၊ သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ အိမ်ထောင်ရေးအရ တော်စပ်မှုတွေကိုပဲ အလေးထား ဂုဏ်ပြုသင့်ပါတယ်။ စကော့တလန်သွေး ပါတဲ့ ထရမ့်ကိုယ်တိုင်ကလည်း ဒီလိုချိတ်ဆက်မှုရဲ့ သက်သေတစ်ခုပါပဲ။

၁၇၈၃ ခုနှစ်မှာ အမေရိကန်ကို လွတ်လပ်ရေးပေးခဲ့တဲ့ ပါရီငြိမ်းချမ်းရေးစာချုပ် (Peace of Paris) ချုပ်ဆိုတုန်းက ပြင်သစ်ကိုယ်စားလှယ်တစ်ယောက်က ရှုံးနိမ့်သွားတဲ့ ဗြိတိန်တွေဟာ အမေရိကန်တွေအပေါ်မှာ တော်တော်လေး သဘောထားကြီးတာပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲ့ဒီအခါ ဗြိတိန်ကိုယ်စားလှယ်က ပြုံးပြီး “ဟုတ်ပါတယ် ခင်ဗျ၊ ဒါပေမဲ့ သူတို့အားလုံး အင်္ဂလိပ်စကား ပြောကြမှာလေ၊ လူတိုင်း လူတိုင်းပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။ အဲ့ဒီအဖြေကပဲ ဗြိတိန်နဲ့ အမေရိကန်ကြားမှာ ရာစုနှစ်ပေါင်းများစွာ ခိုင်မြဲတဲ့ ရင်းနှီးမှုကို ဖြစ်စေခဲ့တာပါ။ အခု ဘုရင်ရဲ့ ခရီးစဉ်မှာလည်း ဒီလိုရင်းနှီးမှုမျိုးကိုပဲ ဂုဏ်ပြုကျင်းပသင့်ပါတယ်။

ခရီးစဉ်အတွင်းမှာ ဘုရင်ကြီးက ထရမ့်နဲ့ ဘာတွေဆွေးနွေးမလဲ၊ နောက်ပြီး မိဖုရားကြီး ကာမီလာ (Camilla) နဲ့ မယ်လန်နီယာ (Melania) တို့ ဘာတွေပြောကြမလဲဆိုတာကတော့ မှန်းဆရခက်ပါတယ်။ အီရန်အရေးနဲ့ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) အရှုပ်တော်ပုံတွေကတော့ ပြောလို့မကောင်းတဲ့ အကြောင်းအရာတွေ (off limits) ဖြစ်နေတာကြောင့် ရှေးဟောင်းလက်ရာဗိသုကာပညာတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့ နောက်ဆုံးထွက် အော်စကာဆုပေးပွဲ သတင်းတွေအကြောင်းပဲ လှည့်ပတ်ပြောကြရမှာပေါ့။ ဘုရင် ချားလ်စ်ဟာ နိုင်ငံရေးစကားပြောဖို့ ဝန်မလေးတတ်သူ ဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါး လူမှုရေးစကား ဟိုဟိုသည်သည် ပြောတတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲလို့ ကြားဖူးပါတယ်။ ဒါဆိုရင် ထရမ့်က ဘုရင်ကြီးရဲ့ အပြောအဆို ချင့်ချိန်နိုင်စွမ်းကို စမ်းသပ်မယ့်သူ ဖြစ်လာနိုင်ပါတယ်။

အခုအချိန်ဟာ မိမိတို့နိုင်ငံကို ဘယ်ဦးတည်ချက်ကို ခေါ်ဆောင်သွားနေမှန်း မသေချာတဲ့ သမ္မတတစ်ဦးကို ကိုင်တွယ်နေရတဲ့ အမေရိကန်ပြည်သူတွေကို ဗြိတိန်နိုင်ငံသားတွေအနေနဲ့ အလေးထားကြောင်း ပြသရမယ့် အခါသမယပါပဲ။

အမှန်ကတော့ ဒီကိစ္စဟာ ဗြိတိန်နိုင်ငံအတွက် တကယ့်အကြပ်အတည်း တစ်ခုပါပဲ။ သံတမန်ရေးနဲ့ နိုင်ငံရေး ရောထွေးနေတာမို့လို့လည်း သတိထားကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်မှာ အသေအချာပါပဲ။ အုပ်ချုပ်တဲ့ စနစ်မတူတဲ့ နိုင်ငံနှစ်ခု ဖြစ်နေတဲ့အတွက်ကလည်း နောက်ထပ် ဦးနှောက်ခြောက်စရာ တစ်မျိုးပါ။

အချိန်ကတော့ တစ်လလောက် လိုသေးသမို့ စောင့်ကြည့်သင့်တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

ကိုးကား – The king’s visit to the US must go ahead despite Trump’s terrible military aggression, The Guardian dated 14th Mar 2026

Click to rate this post!
[Total: 0 Average: 0]