စုံ-မ ပြဿနာ အဖြေရှာ
ဦးမိုး – လာဗျ လာဗျ။ ခင်ဗျား ဒီနေ့ နောက်ကျတယ်နော်။ ဘာလဲ၊ ဆီသွားတန်းစီနေတာလား။
ဦးတိုး – မဟုတ်ရပါဘူးဗျာ။ အိမ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကြာသွားလို့ပါ။
ဦးမိုး – ဪ ဟုတ်လား၊ မသိပါဘူးဗျာ။ ခေတ်မီအောင်များ ဆီသွားတန်းစီနေသလားလို့ မေးတာပါ။
ဦးတိုး – ပုံမှန်အခြေအနေမှာကတည်းက ကျွန်တော်က ကားကို ဆီအပြည့်ဖြည့်ထားလေ့ရှိတယ်။ ကားကလည်း ဟိုနားသည်နား အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း သုံးတာဆိုတော့ ခရီးဝေးဝေးလည်း မသွားဖြစ်ပါဘူးဗျာ။ သွားဖြစ်ရင်လည်း တိုင်ကီအပြည့် ပြန်ဖြည့်တဲ့အကျင့်ကို လုပ်ထားတော့ အခုအချိန်မှာ ဆီဆိုင်မှာ တန်းသွားစီရင်တောင် သူတို့ရောင်းပေးတဲ့ ၁၅ လီတာတောင် ရမှာမဟုတ်ဘူး။
ဦးမိုး – အေးဗျာ။ ခင်ဗျားလိုလူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ တစ်ရက်ခြားပဲ ကားတွေကို မောင်းခွင့်ပေးထားသေးတယ်လို့ ဆိုပြန်ရော။ ထွက်ခွင့်ရတော့လည်း နာရီနဲ့ချီပြီး တန်းစီစောင့်ကြရသေးတယ်။ ကားတွေက များလွန်းတော့ ကျွန်တော့်အိမ်ရှေ့မှာတောင် လာပိတ်နေသေးသဗျ။ မလိုအပ်ရင်တော့ တန်းမစီစေချင်ဘူး။ အမှန်တကယ် လိုအပ်သူတွေကိုလည်း အချိန်မကုန်ဘဲ ဝယ်ယူခွင့်ရစေချင်ပါတယ်။
ဦးတိုး – ဟုတ်တယ်။ ဒါပေမဲ့လည်း အစစအရာရာ ရှားပါးနေတဲ့ခေတ်ဆိုတော့ ဒီလိုအခြေအနေမျိုးဟာလည်း ငွေရပေါက်ရလမ်းတစ်ခုပဲ မဟုတ်ဘူးလားဗျ။
ဦးမိုး – အမှန်ပဲ။ အဲဒါကိုပဲ ကျွန်တော်ပြောချင်တာပါ။ ဒုက္ခရောက်ကြသူချင်းအတူတူ ကိုယ့်ထက်ခက်ခဲတဲ့သူကို စာနာပေးသင့်တယ် မဟုတ်ဘူးလားဗျာ။
ဦးတိုး – ဒီမယ်ကိုမိုး။ အခုနဲ့ မဝေးတဲ့အတိတ် တစ်ချိန်တုန်းက ကိုဗစ်ရောဂါကပ်ဆိုးကြီးကို ခင်ဗျား မှတ်မိသေးတယ်မဟုတ်လား။ နိုင်ငံအစိုးရတွေက တတ်သလောက်မှတ်သလောက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူတွေအားလုံးထံ ရောဂါမပြန့်ပွားစေဖို့ လိုက်နာရန် စည်းကမ်းချက်တွေ ချမှတ်ပေးခဲ့တဲ့အတိုင်း သက်ဆိုင်ရာနိုင်ငံတွေမှာ ဒီစည်းကမ်းချက်တွေ ပြဋ္ဌာန်းခဲ့တာကို လိုက်နာသလား မလိုက်နာသလားဆိုတာ ခင်ဗျား ကိုယ်တွေ့ပဲလေ။ အဲဒါတွေကို မလိုက်နာရုံတင်မကဘူး၊ ဝိသမလောဘသားတွေက လူတွေဒုက္ခရောက်နေတဲ့အချိန်မှာ နှာခေါင်းစည်းတွေ၊ အောက်ဆီဂျင်ဘူးတွေ၊ အောက်ဆီဂျင်စက်တွေ၊ အိုဗျာ… ဆေးဝါးတွေကအစ ဈေးပြိုင်သလိုမျိုး ပိုပေးတဲ့သူကိုပဲ ရောင်းမယ်ဆိုတဲ့ပုံစံနဲ့ လုပ်ခဲ့ကြတာ ခင်ဗျား ကြားဖူးမှာပါ။
ဦးမိုး – အေးဗျ။ ဟုတ်တယ်။ အခုဖြစ်တဲ့ လောင်စာဆီရှားပါးတဲ့ကိစ္စကလည်း ကိုယ့်နိုင်ငံတစ်ခုတည်းမှာတင် မဟုတ်ဘဲ ကမ္ဘာနဲ့ချီပြီး ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုးကိစ္စတွေ ဖြစ်လာတာနေမှာပေါ့။
ဦးတိုး – ဟုတ်တာပေါ့ဗျာ။ ပြည်သူတွေမှာ ထိတ်လန့်တကြားနဲ့ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း လုံခြုံစိတ်ချရအောင် အစီအမံတွေ လုပ်ကြတာ အဆန်းတော့ မဟုတ်ပေဘူးဗျ။ သို့သော် ဒီအခြေအနေမှာ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ တိုင်းသူပြည်သားတွေကို အနည်းငယ် စိတ်သက်သာရာရအောင်၊ အခုနလို ဝိသမလောဘသားတွေရဲ့ ကျော့ကွင်းထဲကို ရောက်မသွားရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြဖို့ လိုမယ်လို့ ထင်တယ်။ နောက်တစ်ခုက သမာသမတ်ကျတဲ့ အစီအမံတွေ၊ အားလုံး အလွယ်တကူ ပါဝင်နိုင်အောင် စဉ်းစားထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ ချမှတ်မယ်ဆိုရင် ကျရောက်လာမယ့် ဆိုးကျိုးဒဏ်ကို နည်းနည်း ခံသာမယ်။ ပြည်သူလူထုအများစုရဲ့ အားပေးလက်ခုပ်သံတွေကိုလည်း ပြန်ကြားရမယ်လို့ ထင်မိတယ်။
ဦးမိုး – ဟုတ်မယ်။ ဒီလိုမျိုး အခြေအနေတွေဆိုတာ နှစ်ပေါင်းများစွာကြာမှ တစ်ခါလောက် ဖြစ်တတ်တာဆိုတော့ ပြင်ဆင်မထားတဲ့ အစိုးရတွေရဲ့ တုံ့ပြန်မှုတွေမှာ အမှားတွေ ပါကောင်းပါပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအမှားတွေကို ချက်ချင်းဆိုသလို ဝန်ခံပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ပိုရနိုင်သပေါ့ဗျာ။ နောက်တစ်ခု ကျွန်တော့်အမြင်ကတော့ အခြေအနေအမှန်တွေကို အချိန်မီ တင်ပြပေးနိုင်ရင် ကောင်းမယ်။ မလိုလားအပ်တဲ့ Panic Buying (ထိတ်လန့်တကြား ဝယ်ယူမှု) ကိစ္စမျိုးတွေကို ရှောင်ရှားနိုင်မှာပေါ့။
ဦးတိုး – မလေးရှားနိုင်ငံမှာတော့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အရှေ့အလယ်ပိုင်းက စစ်ပွဲရိုက်ခတ်မှုကြောင့် ရေနံဈေးတွေ တက်လာလို့ သာမန်ပြည်သူတွေ မထိခိုက်စေဖို့ အစိုးရက စိုက်ထုတ်ကုန်ကျငွေ ၃ ဒသမ ၂ ဘီလီယံရင်းဂစ်အထိ ထိုးတက်သွားတယ်လို့ ရှင်းပြတယ်တဲ့။ အဲဒါဟာ အရင်က ရင်းဂစ်သန်း ၇၀၀ လောက်ပဲ ကျသင့်ခဲ့တာမို့ လေးဆကျော်လောက်ကို အစိုးရက စိုက်ထုတ်ကျခံခဲ့တာလို့ ပြောတယ်။ နောက်ပြီး မလေးရှားက ရေနံထုတ်လုပ်တယ်ဆိုပေမဲ့ ပြည်ပက တင်သွင်းရတာက ပိုများကြောင်း၊ တင်သွင်းလာတဲ့ ရေနံစိမ်းတွေကို ဈေးကွက်ထဲမှာ အဆင်သင့်သုံးနိုင်အောင် သန့်စင်ပို့ဆောင်ရတဲ့ စရိတ်စကတွေကလည်း အရင်ကထက် ပိုများလာကြောင်း၊ သူတို့ပေးရတဲ့ စရိတ်စကတွေအတိုင်း ပြည်သူတွေက ကျခံရမယ်ဆိုရင် အိမ်ထောင်စုတွေမှာ ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာမှာမို့လို့ အစိုးရက ဒီဒဏ်ကို တတ်နိုင်သမျှ စိုက်ထုတ်ထမ်းထားပေးခြင်းဖြစ်ကြောင်း ရှင်းပြသွားတယ်ဗျ။
ဦးမိုး – ကောင်းလိုက်လေဗျာ။
ဦးတိုး – ဟုတ်တယ်။ အဲဒီအထဲမှာ သူပြောသွားတာတွေထဲက မှတ်သားစရာတစ်ခုကတော့ “ဒီလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မလေးရှားနိုင်ငံသား သာမန်ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကမ္ဘာ့ကုန်ဈေးနှုန်း အကျပ်အတည်းတွေရဲ့ ဝန်ထုတ်ဝန်ပိုး တစ်စိတ်တစ်ပိုင်းကို အစိုးရကပဲ တာဝန်ယူစိုက်ထုတ်ပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောသွားသတဲ့ဗျ။
ဦးမိုး – မှန်သဗျာ။ အခွန်ထမ်းပြည်သူတစ်ဦးဦးက တစ်ချိန်မှာ “ဘာကြောင့် အခွန်ဆိုတာ ပေးရတာလဲ” ဆိုတဲ့ မေးခွန်းမျိုးကို ပိုင်ပိုင်နိုင်နိုင် ပြန်ဖြေနိုင်တဲ့ အဖြေတစ်ခုဖြစ်သလို၊ ပြည်သူကို အခွန်ပေးဆောင်ခြင်းတာဝန် ကျေပွန်အောင် အင်အားတစ်ခု ပေးလိုက်သလိုပဲဗျ။
ဦးတိုး – နောက်တစ်ခါ ဂျပန်နိုင်ငံကလည်း အစိုးရအတွက် သိုလှောင်ထားတဲ့ ရက်သုံးဆယ်စာ လောင်စာဆီတွေကို ပြည်သူတွေကို ပေးသုံးဖို့ ထုတ်ပေးလိုက်သတဲ့။
ဦးမိုး – အလို… တယ်ဟုတ်ပါလား။
ဦးတိုး – ဂျပန်ဝန်ကြီးချုပ်ကလည်း သံတမန်ရေးနည်းလမ်းတွေ အကုန်ထုတ်သုံးပြီး အခုဖြစ်ပျက်နေတဲ့ နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံသွားဖို့ ရှိတယ်။ ဒါမှသာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကျရောက်လာမယ့် မလိုလားအပ်တဲ့ကိစ္စတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမယ်လို့ သူ့အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့တဲ့ အစည်းအဝေးမှာ ပြောသွားတယ်တဲ့။
ဦးမိုး – အားရစရာ ကောင်းလိုက်တာဗျာ။
ဦးတိုး – ဒါတွေကတော့ တတ်နိုင်တဲ့ နိုင်ငံတချို့ရဲ့ ဥပမာပေါ့။ နိုင်ငံတိုင်းတော့လည်း ဒီလိုမလုပ်နိုင်ကြပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် လောင်စာဆီ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီလို့ သိရတယ်ဗျ။ သူတို့နိုင်ငံရဲ့ လက်ရှိအသုံးအရဆိုရင် ၄၅ ရက်စာပဲ လုံလောက်မှုရှိတယ်လို့ ပြောတယ်။
ဦးမိုး – သြော်… တကယ်ဆို အဲဒီလောက်က ဘာရှိမှာလဲဗျ။ အဲဒီရက်နောက်ပိုင်း ဆီရှားပါးမှု ဆက်ဖြစ်လာရင် စီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်မှာပေါ့။
ဦးတိုး – လုံးဝမရှိတာထက်စာရင်တော့ မဆိုးဘူးလို့ ပြောရမှာပေါ့ဗျာ။ ဒါပေမဲ့ ခင်ဗျားပြောတာ မှန်ပါတယ်။ စရိတ်စကတွေ တက်လာတော့ ကုန်ဈေးနှုန်းတွေလည်း မတရားတက်လာဖို့ ရှိတာပေါ့။ အစိုးရကတော့ နောက်တစ်ခါ ရေနံစည်တစ်သန်းဝယ်ဖို့ လုပ်နေတယ်လို့ ပြောပေမဲ့ နိုင်ငံတိုင်းက တိုးဝှေ့ဝယ်နေကြတဲ့အခါ ဘယ်တော့ နောက်တစ်ကြိမ် ဝယ်နိုင်မှာလဲဆိုတာ မသေချာမရေရာဘဲ ဖြစ်နေတာပေါ့။
ဦးမိုး – အေးဗျ။ ဒါမျိုးဆိုရင် ပြည်သူတွေမှာ စိုးရိမ်လွန်ကဲနေကြမှာပဲ။
ဦးတိုး – ဟုတ်တယ်။ အခုဆို မာကို့စ်ဂျူနီယာ အစိုးရရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းလို့ ဖြစ်ရတာဆိုပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတွေ၊ ခရီးသွားပြည်သူတွေနဲ့ စားသုံးသူအသင်းတွေက နှစ်ရက်ကြာ ဆန္ဒပြပွဲလုပ်ဖို့ စိုင်းပြင်းနေကြတယ်ဗျ။

ဦးမိုး – ခက်လှသဗျာ။ ဒီအကျပ်အတည်းကြီးက ဘယ်တော့များမှ လွတ်မလဲမသိတော့ဘူး။
ဦးတိုး – လတ်တလောတော့ လွတ်စရာလမ်း မမြင်သေးဘူးလို့ ပြောကြတာပဲ။ ဒီကြားထဲ ဗီယက်နမ်နိုင်ငံကတော့ လောင်စာဆီကိစ္စ ပြေလည်စေဖို့ ရုရှားနိုင်ငံကို အပြေးအလွှား သွားလေရဲ့။
ဦးမိုး – ဟုတ်လား၊ ပြောပြပါဦး။ အရှေ့အလယ်ပိုင်းပြဿနာရဲ့ ဒဏ်ကို အလူးအလဲခံရတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံလည်း ပါတယ်လို့ ပြောကြတယ်။

ဦးတိုး – ဟုတ်တယ်လေ။ သူတို့က ဒီနှစ်ဟာ စီးပွားရေးတိုးတက်မှုနှုန်း ဆယ်ဂဏန်းအထိ ရှိမယ်လို့ မှန်းထားတော့ ပိုဆိုးတာပေါ့ဗျ။ ဗီယက်နမ်ဟာ ပြဿနာစစချင်းမှာကတည်းက အရှေ့အလယ်ပိုင်းက နိုင်ငံတွေနဲ့ရော၊ ဂျပန်နိုင်ငံတို့နဲ့ပါ လောင်စာဆီ ဝယ်ယူရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သေးတယ်လို့ ထုတ်ပြောတယ်။
ဦးမိုး – ဟုတ်လား။ အဲဒီနိုင်ငံတွေကနေ မရလို့ ရုရှားဘက်ကို ခြေဦးလှည့်သွားတာများလား။
ဦးတိုး – အတိအကျတော့ ထုတ်မပြောပေမဲ့ ခင်ဗျားပြောသလိုတော့ ဖြစ်နိုင်တယ်။ အစိုးရအဖွဲ့ရဲ့အပြောအရ လက်တလောနဲ့ နောက်ပိုင်း ရေရှည်အတွက်ပါ ရုရှားနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တယ်။ လောင်စာဆီတစ်ခုတည်းတောင် မဟုတ်ဘူး။ သဘာဝဓာတ်ငွေ့၊ နေစွမ်းအင်၊ နျူကလီးယားစွမ်းအင် ကိစ္စတွေအတွက်ပါ သူတို့သွားခဲ့တဲ့ ရုရှားခရီးစဉ်က အထောက်အကူပေးမှာလို့ ပြောသဗျ။
ဦးမိုး – ကျွန်တော်တို့ ဆွေးနွေးခဲ့သလိုပဲ နိုင်ငံအစိုးရတွေက ရတဲ့နည်းလမ်းပေါင်းစုံနဲ့ ပြဿနာကို ရေရှည်ပြေလည်အောင် ဖြေရှင်းတာပဲဖြစ်ဖြစ်၊ ကျားကန်ပေးတာပဲဖြစ်ဖြစ် လုပ်နေကြသလို ပြည်သူတွေဘက်ကလည်း ဒီကာလ အကျပ်အတည်းကို ပူးပေါင်းပါဝင်သင့်တယ်လို့ ရိုးရိုးသားသား မြင်မိတာပါပဲ။
ဦးတိုး – ဟုတ်ပါတယ်ဗျာ။ ကိုယ်နိုင်တဲ့ဘက်ကပေါ့ဗျာ။ လူတိုင်းမှာတော့ နေ့စဉ်လုပ်စရာတွေ၊ အရေးကြီးကိစ္စတွေ ရှိနေကြတာပဲ။ မိသားစုအတွက် အလေးပေးချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ အကျပ်အတည်းကာလတစ်ခုမှာ အားလုံး ဝိုင်းဝန်းလိုက်ကြမယ်ဆိုရင် မကောင်းဘူးလား။
ဦးမိုး – ကောင်းတာပေါ့ဗျာ။ ကဲ… နေလည်း ပူလာပြီဗျ။ သွားကြစို့။
ဦးတိုး – သွားမယ်၊ သွားမယ်။ အိမ်ကို လမ်းလျှောက်ပြန်မယ်ဗျာ။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။
မောင်လူထွန်း


