The Corner

The Corner

cropped-Logo_round_grey-background.png

အီရန်ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်များ

Share မယ်

အီရန်အစိုးရ၏ အလားအလာကို ခန့်မှန်းရ ပိုမိုခက်ခဲလာခြင်း 

အီရန်ခေါင်းဆောင်ပိုင်းမှ ဝါရင့်ထိပ်တန်းပုဂ္ဂိုလ်များ တဖြည်းဖြည်း လျော့နည်းလာနေသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ပထမညမှာပင် ဗိုလ်ချုပ်ကြီးအတော်များများ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံ၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီတို့ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။ ယခုရက်သတ္တပတ် အတွင်း၌လည်း အဆိုပါ ကနဦး လေကြောင်းအလုံးအရင်းနှင့် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် အီရန်နိုင်ငံကို ဦးစီးဦးကိုင်ပြုနေသူဟု ယူဆရသည့် ပုဂ္ဂိုလ်ဖြစ်သော အလီလာရီဂျာနီသည်လည်း အလားတူအခြေအနေမျိုးနှင့် ကြုံတွေ့ရပြီး သေဆုံးခဲ့ရသည်။ 

ပြည်တွင်းအတိုက်အခံများကို နှိမ်နင်းရာတွင် အသုံးချသည့် လက်နက်ကိုင်တပ်ဖွဲ့ ‘ဘာဆစ်ဂျ်’ (Basij) ကို ဦးဆောင်နေသူ ဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် ထောက်လှမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့သည်လည်း ထိုနည်းတူပင် သေဆုံးခဲ့ရသည်။ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် (ယခင်အဓိပတိကြီး၏သား) မော့ဂျ်တာဘာ ခါမေနီ သည်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ၎င်းအား တာဝန်အပ်နှင်းချိန်မှစ၍ လူထုကြားတွင် ပေါ်မလာခြင်းမှာ ပြင်းထန်သော ဒဏ်ရာရရှိထားခြင်းကြောင့် ဖြစ်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။ 

ယခုအချိန်အထိ အီရန်ခေါင်းဆောင်ပိုင်းတွင် လစ်ဟာသွားသော နေရာများအားလုံးကို ဖြည့်စွက်တာဝန်ယူမည့် ဆက်ခံသူများ အဆိုပြုခြင်း သို့မဟုတ် မည်သူက အဆုံးအဖြတ်ပေးနိုင်သည့် အာဏာရှိသည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အတောမသတ်နိုင်သော လုပ်ကြံသတ်ဖြတ်မှုများသည် အီရန်အစိုးရကို ပိုမို မခိုင်မြဲအောင်၊ ပျက်စီးလွယ်အောင် ဖန်တီးနိုင်ပုံရသော်လည်း အမေရိကန်နှင့် အစ္စရေးတို့အတွက်မူ အီရန်စစ်ပွဲကို စေ့စပ်ညှိနှိုင်းမှုတစ်မျိုးမျိုးဖြင့် အဆုံးသတ်နိုင်ရေးအတွက် ပိုမိုခက်ခဲစေနိုင်ဖွယ် ရှိသည်။ 

အီရန်နိုင်ငံမှ ဝါရင့်ခေါင်းဆောင်ကြီးများကို သတ်ဖြတ်ခြင်းမှာ အစ္စလာမစ်သမ္မတနိုင်ငံကို ဖြုတ်ချရန် သို့မဟုတ် ပြိုကွဲပျက်စီးသွားစေရန် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်ဟု အစ္စရေးတို့က ဖော်ပြသည်။ “အီရန် ပြည်သူလူထု အနေဖြင့် အဆိုပါအစိုးရကို ဖယ်ရှားနိုင်မည့် အခွင့်အလမ်းတစ်ရပ် ရရှိစေရန် ရည်ရွယ်ပြီး လက်ရှိအစိုးရ အင်အားချည့်နဲ့သွားအောင် ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု မစ္စတာလာရီဂျာနီ သေဆုံးကြောင်း ကြေညာပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟုက ပြောကြားခဲ့သည်။ စစ်ပွဲဖြစ်ပွားနေသည်မှာ ရက်သတ္တနှစ်ပတ်ကျော်လာပြီ ဖြစ်သော်လည်း အစ္စရေးနိုင်ငံသည် အီရန်ထိပ်တန်းခေါင်းဆောင်များ ရှိရာနေရာကို အလွန်တိကျသေချာသော ထောက်လှမ်းရေးသတင်းများ ရရှိထားပုံပေါ်သည်။ ၎င်းအပြင် အီရန်အစိုးရ၏ အဆင့်မြင့်ဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည့် အစ္စလာမစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်အခြေစိုက် စခန်းများကိုလည်း အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဘာဆစ်ဂျ်တပ်ဖွဲ့က ကွပ်ကဲနေသော လမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်များကိုပါ ထိမှန်အောင် တိုက်ခိုက်ခဲ့သည်။ 

အီရန်နိုင်ငံ၏ ဘသာရေး နှင့် နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်များ (Photo credit: LA Times)

ဤလုပ်ကြံသတ်ဖြတ်မှုများသည် “နိုင်ငံကို တဖြည်းဖြည်းချင်း အလုံးစုံ ပြိုကွဲပျက်စီးသွားစေရန်” ကြံစည် ဆောင်ရွက်ထားပုံ ရသည်ဟု ဗြိတိသျှ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။ သို့သော် အစ္စရေးထောက်လှမ်းရေးအဖွဲ့၏ အကဲဖြတ်ချက်အရ အီရန်အစိုးရကို လေကြောင်းဗုံးကြဲရုံမျှဖြင့် ဖြုတ်ချ၍မရနိုင်ဘဲ ပြည်တွင်းအတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်မှသာ ရနိုင်မည်ဟု ဆိုသည်။ ဗုံးများ ဆက်တိုက်ကျနေချိန်တွင် အစိုးရကို ကန့်ကွက်ဆန္ဒပြသူများသည် လွန်ခဲ့သောနှစ်လခန့်ကကဲ့သို့ အင်အားကြီးမားစွာဖြင့် လမ်းပေါ်ထွက် ဆန္ဒမပြကြတော့ခြင်းကိုလည်း ၎င်းတို့က သတိပြုမိသည်။ ဗုံးကြဲမှုများ စဲသွားသည့်အချိန်တွင် တစ်ဦးတစ်ယောက်က ဦးဆောင်ကွပ်ကဲနိုင်မှုအပေါ်၌သာ အခြေအနေမှာ မူတည်နေပါသည်။ 

မစ္စတာလာရီဂျာနီမှာမူ အခြားခေါင်းဆောင်များနှင့်မတူဘဲ ထူးခြားသူဖြစ်သည်။ ၎င်းသည် IRGC ခေါ် တော်လှန်ရေး အစောင့်တပ်၊ အစ္စလာမစ် ဘာသာရေးခေါင်းဆောင်များနှင့် ဗျူရိုကရေစီယန္တရားဟူသော အီရန်အစိုးရ၏ ပင်မထောက်တိုင်ကြီး သုံးခုအပေါ်တွင် ခွထိုင်နေရသူ ဖြစ်သည်။ ၎င်းသည် ဝါရင့်အယာတိုလာများ၏ သား၊ ညီအစ်ကိုနှင့် သမီးယောက်ဖ တော်စပ်သူလည်းဖြစ်ပြီး ဘာသာရေးကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ အီရန်-အီရတ် စစ်ပွဲကာလတွင် IRGC နှင့်အတူ တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုဝန်ကြီးနှင့် ပါလီမန်ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ 

၎င်း၏ နိုင်ငံရေးအယူအဆကို တိတိကျကျ အကဲခတ်ရန် ခက်ခဲသော်လည်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန အကြီးအကဲအဖြစ် တာဝန်ယူစဉ်က ပြုပြင်ပြောင်းလဲရေးသမားများကို မနားတမ်းနှိမ်နင်းခဲ့သူ ဖြစ်သည်။ တစ်ဖက်တွင်လည်း ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း အီရန်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ကြိုးပမ်းခဲ့သူ၊ လက်တွေ့ကျသည့် သမ္မတဟောင်း အလီအက္ကဘာ ရပ်ဖ်ဆန်ဂျာနီ နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သူဖြစ်သည်။ ၎င်းသည် ဒဿနိကဗေဒ ပါမောက္ခတစ်ဦးအဖြစ်လည်း အထူးသဖြင့် အီမန်နျူရယ်ကန့်၏ ဒဿနများကို ကျောင်းသားများအား သင်ကြားပို့ချခဲ့သည်။ 

ထို့အပြင် မစ္စတာလာရီဂျာနီသည် အာဏာစက်တည်အောင် မည်သို့အသုံးချရမည်ကို ကောင်းစွာသိသူဖြစ်သည်။ ပြည်ပတွင်လည်း အီရန်အဓိပတိကြီး၏ သံတမန်တစ်ဦးအဖြစ် တရုတ်၊ ပင်လယ်အော်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုစစ်ပွဲမဖြစ်ပွားမီ နောက်ဆုံးမိနစ်အထိ အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် သဘောတူညီချက် ရရန် ကြိုးပမ်းရာတွင် အီရန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေး မူဘောင်များကို ချမှတ်ပေးသူမှာ မစ္စတာလာရီဂျာနီပင် ဖြစ်သည်။ အချို့က ၎င်းအား ပိုမိုလက်တွေ့ကျသော “ဒုတိယမြောက် အစ္စလာမစ်သမ္မတနိုင်ငံ” အတွက် အလားအလာအကောင်းဆုံး ခေါင်းဆောင်အဖြစ် ရှုမြင်ကြသည်။ “ထိုက်တန်သည့် ရာထူးနေရာကို ရောက်တော့မည့် အလားအလာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်” ဟု ဝါရင့်နိုင်ငံရေးအတိုက်အခံတစ်ဦးက ဆိုသည်။ 

ယခုဖြစ်ပေါ်နေသည့် အခြေအနေတွင် အခြားလက်တွေ့ကျသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာနိုင်သည့် အခွင့်အလမ်း လည်း ရှိနေသည်။ IRGC တပ်မှူးဟောင်းနှင့် ပါလီမန်ဥက္ကဋ္ဌဟောင်း မိုဟာမက် ဘာကာ ကာလီဘာ့ဖ် (Mohammad Baqer Qalibaf) သို့မဟုတ် ၂ဝ၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်၏ ဗိသုကာဖြစ်သူ သမ္မတဟောင်း ဟက်စ်ဆန်ရုဟာနီ (Hassan Rouhani) တို့က အီရန်အစိုးရကို ပိုမိုပြေလည်စေရန် ဆောင်ရွက်ပေးနိုင်ဖွယ် ရှိသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ အမေရိကန်၏ ရှင်းလင်းသုတ်သင်ရမည့် ခေါင်းဆောင်စာရင်းတွင် ပါဝင်ခြင်း မရှိပေ။ 

ဝါဒစွဲသမားများ နိုးကြားနေကြခြင်း 

သို့သော် သဘောထားတင်းမာသူများသည်လည်း အခွင့်အလမ်းကို စောင့်ကြည့်နေကြသည်။ စောစောပိုင်းကလည်း ၎င်းတို့သည် မစ္စတာလာရီဂျာနီ၏ သမ္မတလောင်းအဖြစ် လျာထားမှုကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြသည်။ ၎င်းတို့သည် ဘာသာရေးသဘောတရားကို ပိုမိုအလေးထားသည့် ဆာအိဂျာလီလီကို ခန့်ထားရန် လိုလားပုံရသည်။ အကယ်၍ ၎င်းကို အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲအဖြစ် ခန့်ထားပါက အီရန်နိုင်ငံသည် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရယူရေးထက် နျူကလီးယားလက်နက် ထုတ်လုပ်ရေးကိုသာ ပိုမိုအားသန်လာမည့် သင်္ကေတဖြစ်သည်။ “၎င်းတို့သည် လာရီဂျာနီ၏နေရာတွင် အာဇာနည်အဖြစ် အသေခံလိုပြီး စစ်ပွဲကို ဆုံးခန်းတိုင် ဆက်တိုက်လိုသည့် မဆင်မခြင် ထင်ရာစိုင်းမည့် ခေါင်းဆောင်တစ်ဦးနှင့် အစားထိုးချင်ကြလိမ့်မည်” ဟု အီရန် သတင်းစာဆရာတစ်ဦးက ပြောကြားသည်။ ဘာပဲဖြစ်ဖြစ် အီရန်အစိုးရ၏ လေသံမှာ ပိုမိုတင်းမာလာသည်။ မတ်လ ၁၈ ရက်နေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာဂါချီက အီရန်ကို ဗုံးကြဲနေမှုများ ရပ်တန့်ရန်သာမက အမေရိကန်နှင့် အစ္စရေးတို့က အီရတ်၊ လက်ဘနွန်၊ ပါလက်စတိုင်းနှင့် ယီမင်နိုင်ငံတို့တွင် တိုက်ခိုက်နေမှုများကိုပါ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ 

အီရန်အစိုးရ၏ အတိုက်အခံများအတွက်လည်း ထွက်ပေါက်တစ်ခု ရှိနိုင်သည်။ တာဝန်ထမ်းဆောင်ရန် တွန့်ဆုတ် နေသော လုံခြုံရေးတပ်ဖွဲ့ဝင် အရေအတွက်မှာလည်း တဖြည်းဖြည်း တိုးလာနေသည်။ တစ်ချိန်တည်းမှာပင် ဆူပူ မငြိမ်သက်မှုများကလည်း တငွေ့ငွေ့ ဖြစ်နေသည်။ အီရန်နိုင်ငံသားများသည် ဇွန်လအတွင်းက ကနဦး ဗုံးကြဲမှုများ အပြီးတွင် အီရန်အလံအောက်တွင် စုစည်းချီတက်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုသို့ မရှိတော့ပေ။ 

အစ္စလာမစ်တော်လှန်ရေးဖြင့် ဖြုတ်ချခံလိုက်ရသော အီရန်နိုင်ငံ၏ နောက်ဆုံးဘုရင်၏သားတော် ရီဇာဖာလာဘီက မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရှေးဟောင်းပါရှားပွဲတော် (ချာဟန်ရှန်ဘီဆူရီ) တွင် ကန့်ကွက်ဆန္ဒပြရန် လှုံ့ဆော်သော်လည်း အီရန်နိုင်ငံသားအတော်များများက မသိကျိုးကျွံပြုခဲ့ကြသည်။ လက်ရှိအစိုးရ ယန္တရားမှာမူ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပုံရသည်။ 

အကယ်၍ လက်ရှိအစိုးရ ပြိုလဲသွားပါက ရလဒ်အနေဖြင့် ပရမ်းပတာဖြစ်မှုများနှင့် သွေးချောင်းစီး သတ်ဖြတ်မှုများ ပေါ်ပေါက်လာနိုင်သည်။ IRGC အဖွဲ့ဝင်ဟောင်းတစ်ဦး၏ အဆိုအရ ကွပ်ကဲမှုဌာနချုပ် ပြိုကွဲသွားပါက လုံခြုံရေး တပ်ဖွဲ့ဝင် ငါးဦးစီပါဝင်သော တပ်စုပေါင်း ၃၀,၀၀၀ ခန့်အထိ ဖြန့်ကျက်ထားမည့် အစီအစဉ်ရှိသည်ဟု သိရသည်။ ပဋိပက္ခသက်တမ်း ကြာရှည်လာသည်နှင့်အမျှ အီရန်၏ နိုင်ငံရေးတည်ငြိမ်မှု ပျက်စီးရန် ပိုမိုလွယ်ကူလာပြီး နိုင်ငံတော်သည်လည်း ခန့်မှန်းရခက်သော နောက်ဆက်တွဲရလဒ်များနှင့်အတူ အကွဲကွဲအပြားပြား ဖြစ်သွားနိုင်သည့် အန္တရာယ်ကြီးမားလာကြောင်း ‘အီကော်နော်မစ်’ (The Economist) မဂ္ဂဇင်းပါ ဆောင်းပါးကို ကိုးကား၍ တင်ပြလိုက်ရပါသည်။ 

ရည်ညွှန်း – The Economist, March 21st, 2026. 

Click to rate this post!
[Total: 2 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *