လက်ရှိ ဖြစ်ပေါ်နေတဲ့ အမေရိကန်-အီရန်စစ်ပွဲဟာ မတ်လကုန်ရင် တစ်လပြည့်မှာဖြစ်တယ်။ အခု ရက်သုံးဆယ် မပြည့်ခင်မှာပဲ စစ်ရပ်စဲရေး ကြိုးပမ်းမှုမှန်သမျှ သဲထဲရေသွန်ဖြစ်နေတာ တွေ့ရတယ်။ တကယ်တော့ ဒီစစ်ပွဲဟာ ရှောင်ရှားနိုင်ပါလျက်နဲ့ အမေရိကန်နဲ့ အစ္စရေးခေါင်းဆောင်တွေရဲ့ အာဃာတတွေ၊ မာနတွေကြောင့် ဖြစ်ပွားခဲ့ရတယ်လို့ ဆိုနိုင်တယ်။ စစ်ပွဲကို ဖန်တီးသူတွေက နိုင်ငံခေါင်းဆောင်ဆိုတဲ့ လူကြီးတွေ ဖြစ်ပေမဲ့ တကယ်တမ်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက် သေဆုံးကြရသူတွေက အိပ်မက်တွေ ကိုယ်စီရှိကြတဲ့ လူငယ်တွေ ဖြစ်နေတယ်။ ဒီအပြင် နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ အဟောသိကံ ဖြစ်ကြရတယ်။ လတ်တလော ရက်သုံးဆယ် မပြည့်ခင်မှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ စစ်ပွဲရဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ခံနေကြရပြီဖြစ်ရုံမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့ ဆိုးကျိုးသက်ရောက်မှုဒဏ် ခံနေကြရပြီဖြစ်တယ်။ ရေနံပြဿနာကြောင့် စစ်ပွဲကြာလာတာနဲ့အမျှ နိုင်ငံတကာ စီးပွားရေးကျဆင်းမှုနဲ့အတူ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ ကြုံလာဖွယ်ရှိနေတယ်။
သမ္မတထရမ့်က စစ်ပွဲဖြစ်ပေါ်လာမှုနဲ့ ပတ်သက်လို့ သူ့မှာတာဝန်မရှိဘူးလို့ဆိုတယ်
အီရန်စစ်ပွဲပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တယ်။ စစ်ပွဲကို မရပ်စဲနိုင်တဲ့အတွက် ထရမ့်အစိုးရရဲ့ အမာခံမဲဆန္ဒရှင်တွေဖြစ်တဲ့ Make America Great Again (MAGA) အုပ်စုအကြားမှာတောင် သဘောကွဲလွဲမှုတွေ ပိုပြီး ထင်ရှားလာနေတယ်လို့ အမေရိကန် သတင်း မီဒီယာတွေက ဖော်ပြနေကြတယ်။ MAGA အမာခံတွေထဲမှာတောင် ပြည်ပ ပဋိပက္ခတွေမှာ အမေရိကန် ပြည်ထောင်စုက နက်နက်ရှိုင်းရှိုင်း ကြားဝင်နေတဲ့အတွက် စိုးရိမ်နေကြတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း စစ်ပွဲရွှံ့နွံထဲနစ်မြုပ်သွားမှာကို စိုးရိမ်နေကြတယ်။ အမေရိကန် ကွန်ဆာဗေးတစ် နိုင်ငံရေး သတင်း သုံးသပ်သူ၊ Fox News ရဲ့ ယခင်သတင်းတင်ဆက်သူ Tucker Carlson က “အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်မှုဟာ လုံးဝ လက်မခံနိုင်စရာ ဆိုးသွမ်းတဲ့ လုပ်ရပ် ဖြစ်ပြီး ရွံရှာဖွယ်ဖြစ်တယ်” လို့ လူသိရှင်ကြား ပြစ်တင်ရှုတ်ချခဲ့တာ တွေ့ရတယ်။
ကမ္ဘာနဲ့အဝှမ်းမှာ စစ်ပွဲဖန်တီးသူတွေကို ပြစ်တင်ရှုတ်ချလာချိန်မှာ သမ္မတထရမ့်က စစ်ပွဲဖြစ်ပေါ်လာမှုနဲ့ ပတ်သက်လို့ သူ့မှာတာဝန်မရှိဘူးလို့ဆိုပြီး ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ မှာတာဝန်ရှိတယ်လို့ မီဒီယာတွေကို ပြောခဲ့ပုံ ကလည်း အတော်ဟာသမြောက်သလို စိတ်ပျက်စရာလည်း ကောင်းလှတယ်။ အီရန်ပြဿနာဟာ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးမှု အခြေအနေ တိုးတက်နေခိုက်မှာ အစ္စရေးနဲ့ အမေရိကန်တို့ အတိုင်အဖောက်ညီညီနဲ့ စစ်မီး စမွှေးလိုက်တာ ဖြစ်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ခဲ့ကြတယ်။ အဓိက တာဝန်ရှိသူတွေကတော့ အမေရိကန်သမ္မတ ‘ဒေါ်နယ် ထရမ့်’ နဲ့ အစ္စရေးဝန်ကြီးချုပ် ‘ဘန်ဂျမင် နေတာယာဟု’ တို့ဖြစ်တယ်လို့ ဆိုတယ်။ ‘ဒေါ်နယ် ထရမ့်’ အနေနဲ့ ‘နေတာယာဟု’ ရဲ့ အစ္စရေးနိုင်ငံအတွက် စစ်တိုက်ပေးမှု မလုပ်သင့်ဘူးဆိုပြီး အမေရိကန် နိုင်ငံအတွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုအချို့လည်း ဖြစ်ပေါ်ခဲ့တာတွေ့ရတယ်။

ဒေါ်နယ် ထရမ့် ရဲ့ ၁၅-ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာ ဘာလဲ?
ဒီအတောအတွင်းမှာပဲ အီရန်စစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ၁၅-ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို အီရန်ဘက်သို့ ပေးပို့ခဲ့တယ်လို့ သတင်းပေါ်ထွက်လာတယ်။ ထရမ့်ရဲ့ စစ်ပွဲ အဆုံးသတ်ရေး/ငြိမ်းချမ်းရေးအစီအစဉ်မှာ အချက် (၁၅) ချက် ပါတယ်လို့ ဆိုတယ်။ အစ္စရေး ချန်နယ် (၁၂) သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်ဘက်က တောင်းဆိုချက်တွေ စီမံချက်ပါ အချက်အလက်တွေကို အောက်ပါအတိုင်း တွေ့ရတယ်။
အကြမ်းအားဖြင့် – အီရန်ဘက်က လက်ရှိနျူကလီးယားစွမ်းအင်စီမံကိန်းတွေ ဖျက်သိမ်းပေးရမယ်လို့ ဆိုတယ်။ “နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုး” မှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းရမယ်။ နောက် အီရန် အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ရေး လုံးဝ လုပ်ဆောင်မှုမပြုကြောင်း ကတိပေးရမယ်လို့ ဆိုတယ်။ ဒီ့ပြင် အီရန်မှာ နျူကလီးယားပစ္စည်းတွေကို ကြွယ်ဝစေတာမျိုး ထပ်မရှိစေဘဲ နျူကလီးယား နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရှိရင်လည်း IAEA ထံ လွှဲပြောင်းပေးရမယ်။
အီရန်အနေနဲ့ ညှိနှိုင်းသဘောတူညီချက်အရ ပေါ်ထွက်လာမယ့် သတ်မှတ်အချိန်ဇယားနဲ့အညီ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီး ယူရေနီယမ် ၄၅၀ ကီလိုဂရမ်ခန့်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ထံ လွှဲပြောင်း ပေးရမှာဖြစ်တယ်လို့ ဆိုတယ်။ လက်ရှိအီရန်ပိုင်နျူကလီးယားစက်ရုံတွေကို ဖျက်သိမ်းပေးရမယ် အစရှိတဲ့ အချက်တွေတွေ့ရတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အနေနဲ့ အီရန်နိုင်ငံ အတွင်း လွတ်လွတ်လပ်လပ် ဝင်ရောက် ကြီးကြပ်ကွပ်ကဲမှု ပြုလုပ်ခွင့် ရှိရမယ်။
ဒီ့ပြင် အီရန်အနေနဲ့ ဒေသတွင်း ကိုယ်စားပြုအဖွဲ့အစည်းတွေထားရှိတဲ့ မူဝါဒကို စွန့်လွှတ်ရမှာလည်း ဖြစ်တယ်။ အီရန်အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ငွေကြေး/လက်နက် ထောက်ပံ့ခြင်းနဲ့ လမ်းညွှန်ချက်တွေ ချမှတ်ပေးခြင်း တို့ကိုလည်း မလုပ်ရလို့ဆိုတယ်။ ဟော်မုဇ်ရေလက်ကြားကို လွတ်လပ်တဲ့ ရေကြောင်းလမ်း အဖြစ် ဖွင့်ပေးရမယ်။ အီရန်ရဲ့ ဒုံးကျည်အသုံးပြုမှုကို မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် အကန့်အသတ် မူဘောင်တွေ အတွင်းမှာသာ ထားရှိရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ အပြန်အလှန်အနေနဲ့ အီရန် အပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု အားလုံးအပြည့်အဝ ရုပ်သိမ်း၊ ဖယ်ရှားပေးမှာဖြစ်တယ်လို့ ဖော်ပြထားတယ်။ အမေရိကန်အနေနဲ့ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပါအဝင် အရပ်ဘက် နျူကလီးယား အစီအစဉ်ကို မြှင့်တင်ရေးအတွက် ကူညီပေးမယ်။
အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် အပေါ် အီရန်ကလည်း တန်ပြန်ကမ်းလှမ်းချက် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။ အီရန်-အမေရိကန်စစ်ရပ်ရေး စေ့စပ်ညှိနှိုင်းရေးသမားတွေအနေနဲ့ ထရမ့်ကိုယ်စားလှယ်အဖွဲ့ ထံ စစ်ပွဲ ပြီးဆုံးရေး အတွက် အီရန်ဘက်က တောင်းဆိုချက်တွေကို ထုတ်ပြန်ပြောဆိုထားတယ်။ အမေရိကန် အနေနဲ့ ပင်လယ်ကွေ့ဒေသရှိ စစ်ရေးအခြေစိုက်စခန်းအားလုံးကို ပိတ်သိမ်းရမယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က တောင်းဆို ထားတယ်။ အီရန်ကို ကျူးကျော် တိုက်ခိုက်ခဲ့မှုတွေအတွက် လျော်ကြေးငွေ ပေးရမယ်လို့လည်း တောင်းဆိုထားတာ တွေ့ရတယ်။ ဒီ့ပြင် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေထံက အခွန်အခ ငွေကြေး ကောက်ခံခွင့် အီရန်ကို ပေးရမယ်။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်ရမယ်။ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအားလုံး ရုပ်သိမ်း ပေးရမယ်။ အီရန်ရဲ့ ဒုံးကျည် စီမံကိန်းအပေါ် ကန့်သတ်ချက် မလုပ်ရလို့ဆိုထားကြောင်း သတင်းတွေအရ ယေဘုယျသိရတယ်။ အီရန်ရဲ့ တောင်းဆိုချက်တွေဟာ လက်တွေ့အခြေအနေနဲ့ မကိုက်ညီဘူးလို့ အမေရိကန်ဘက်က ဆိုကြောင်း ဝေါလ်စထရိတ် ဂျာနယ်က ဖော်ပြကြောင်းသိရတယ်။
အမေရိကန်ဘက်က (၁၅) ချက်ကလည်း ပထမကမ္ဘာစစ်တုန်းက ‘ဗာဆိုင်းစာချုပ်’ ရဲ့ သဘောထားမျိုးဖြစ်နေတယ်။ အီရန်ဘက်ကလည်း သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ လူမျိုးအနေနဲ့ မာနမချနိုင်တဲ့ သဘောထား ရှိနေတာ တွေ့ရတယ်။ ဒီအခြေအနေအတိုင်း နှစ်ဦးနှစ်ဖက်အပြန်အလှန် အလွန်အကျွံတောင်းဆိုနေကြတဲ့ အတွက် ဒီစစ်ပွဲ လွယ်လွယ်နဲ့ ပြီးဖို့မမြင်ဘူးလို့ သုံးသပ်ကြတယ်။
ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ‘ရေဇာအမ်မီရီ မော့ဂါဒန်’
တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ စေ့စပ် ညှိနှိုင်းမှု လုပ်ခဲ့တာမရှိဘူးလို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ‘ရေဇာအမ်မီရီ မော့ဂါဒန်’ က အီရန် နိုင်ငံပိုင်မီဒီယာ IRNA မှာ ပြောကြားထားတယ်လို့ ဘီဘီစီသတင်းအရသိရတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အီရန်ဘက်က သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေတယ်ဆိုတဲ့အချက်အပြင် အီရန်ဘက်က သဘောတူညီချက် တစ်စုံတစ်ရာရဖို့ အရမ်းလိုလားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပြီးမှာပဲ အီရန်သံအမတ်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ကြောင်း သိရတယ်။ အလားတူ အီရန်စစ်တပ် ပြောရေးဆိုခွင့် ရှိသူကလည်း အမေရိကန်ဟာ “သူနဲ့ သူကိုယ်သူ တစ်ဦးတည်း ညှိနှိုင်းနေတယ်” လို့ တုံ့ပြန်ထားတယ်။
အီရန်နိုင်ငံက အမေရိကန်ရဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်တစ်ရပ်ကို ပါကစ္စတန်မှတစ်ဆင့် လက်ခံရရှိ ခဲ့ကြောင်း အီရန်အဆင့်မြင့် သတင်းရင်းမြစ်တစ်ဦးက မတ်လ (၁၈) ရက်နေ့မှာ Reuters သတင်းသို့ ပြောကြားခဲ့တယ်လို့ဆိုတယ်။ အစီအစဉ်အရ အပစ်အခတ်ရပ်စဲရေးလမ်းဖွင့်ဖို့ ရည်ရွယ်ထားပေမယ့် ဆွေးနွေးမယ့် နေရာ ကို မဆုံးဖြတ်ရသေးဘူးလို့ ဆိုတယ်။ ဒါပေမယ့် အီရန်အစိုးရက အမေရိကန်နဲ့ ဆွေးနွေးမှု စတင်ပြီဆိုတဲ့အချက်ကို လူသိရှင်ကြား ငြင်းဆို ထားတာတွေ့ရပြန်တယ်။ Associated Press သို့ ပြောကြားထားတဲ့ ပါကစ္စတန်နဲ့ အီဂျစ် အရာရှိတွေရဲ့ အဆိုအရ အစီအစဉ်မှာ စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်း၊ အရပ်ဘက်သုံး နျူကလီးယားပူးပေါင်းဆောင်ရွက်မှု၊ အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေကို ကန့်သတ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အာဏာပိုင် အဖွဲ့ဖြစ်တဲ့ IAEA ရဲ့ စောင့်ကြည့်မှုကို တိုးမြှင့်ခြင်းနဲ့ Hormuz ရေလက်ကြားမှ သင်္ဘောသယ်ယူပို့ဆောင်ရေးအတွက် အာမခံချက်တွေ ပါဝင်တယ်လို့ဆိုတယ်။ အီဂျစ် အရာရှိတစ်ဦးရဲ့ အဆိုအရ “အပြည့်အစုံ သဘောတူညီမှု” လို့ ဖော်ပြပေမယ့် အဆိုပါ အစီအစဉ်ကို ဆက်လက် ဆွေးနွေးဖို့ အခြေခံမူမျှသာ ဆိုတယ်။ အရေးကြီးတဲ့အချက်က အီရန်အစိုးရဘက်က ထရမ့်အစိုးရအပေါ် “အလွန်သံသယရှိနေဆဲ” ဖြစ်တယ်လို့လည်း ဆိုထားတယ်။
အဆိုပါ သံသယရှိမှုအကြောင်း အီရန်ပြည်သူသို့ ထုတ်ပြန်တဲ့ သတင်းများမှလည်း ဖော်ပြထားတယ်။ အီရန်ရဲ့ ပါကစ္စတန်ဆိုင်ရာ သံအမတ်ကြီး ‘ရေဇာအမ်မီရီ မော့ဂါဒန်’ က အစိုးရပိုင်မီဒီယာတွေကတစ်ဆင့် ဖော်ပြချက် အရ အမေရိကန်နဲ့ တိုက်ရိုက်ဖြစ်စေ ဒါမှမဟုတ် သွယ်ဝိုက်၍ဖြစ်စေ ဆွေးနွေးခြင်း မရှိခဲ့ဘူးလို့ ငြင်းထားတယ်။ ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Esmaeil Baqaei က “မိတ်ဆွေ နိုင်ငံများ” က ဆွေးနွေးနိုင်ရန် အခြေအနေများ ဖန်တီးပေးဖို့ ကြိုးပမ်းနေကြတယ်လို့ ထည့်သွင်းပြောကြားခဲ့တာတွေ့ရတယ်။ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အမေရိကန်နဲ့ဆွေးနွေးရေးကိစ္စအပေါ် တန်ဖိုးမထား တဲ့ သဘောထားနဲ့ အမေရိကန်ရဲ့ သံတမန်ရေး ကြိုးပမ်းမှုကို လှောင်ပြောင်ပြောဆိုခဲ့ပြီး၊ အီရန်အနေနဲ့ အမေရိကန် နဲ့ ဘယ်တော့မှ “သဘောတူညီမှု မရနိုင်ဘူး” လို့ ဆိုပါတယ်။
“သင်တို့ရဲ့ ရှုံးနိမ့်မှုကို သဘောတူညီမှုလို့ မပြောပါနဲ့… သင်တို့ရဲ့ အတွင်းရေး ပဋိပက္ခတွေဟာ သင်တို့ ကိုယ်တိုင် သင်တို့နဲ့ ဆွေးနွေးရမယ့် အဆင့်သို့ ရောက်ရှိနေပြီလား? ဒေသတွင်း တည်ငြိမ်မှုကို ကျွန်ုပ်တို့ စစ်တပ် ရဲ့ ခိုင်မာမှုကသာ အာမခံချက် ပေးနိုင်သည်ကို နားလည် သဘောပေါက်မှု မရှိမချင်း သင်တို့အနေဖြင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ အရင်တုန်းကလို စွမ်းအင်နဲ့ ဆီဈေးနှုန်းများကို ပြန်လည် မတွေ့ရှိနိုင်တော့ပါ” လို့ Khatam al-Anbiya ဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာဂါရီ (Ebrahim Zolfaghari) က ပြောကြားထားတာတွေ့ရတယ်။
အီရန်-အမေရိကန် ဆွေးနွေးပွဲ သောင်မတင်ရေမကျ ဖြစ်နေဆဲ
သမ္မတ ထရမ့်က အမေရိကန်အနေနဲ့ လက်ရှိအခြေအနေမှာ အီရန်နဲ့ “ဆွေးနွေးနေဆဲ” ဖြစ်ကြောင်း၊ အီရန်ဘက်မှ သဘောတူညီမှု တစ်ရပ် ရယူလိုကြောင်း ပြောဆိုခဲ့ပြီးနောက် အခုလို သတင်းအချက်အလက် အမျိုးမျိုး ထွက်ပေါ်လာ ရခြင်းမှာ ဖြစ်တယ်။ ပါကစ္စတန်နိုင်ငံဟာ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် လူသိများလာခဲ့ပြီး ဝန်ကြီးချုပ် Shehbaz Sharif က အစ္စလာမာဘတ်အနေနဲ့ ဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့တာ တွေ့ရတယ်။ ဆော်ဒီအာရေဗျတော်ဝင် မင်းသားကလည်း ပါကစ္စတန်ရဲ့ ကြားဝင်ညှိနှိုင်းရေး ကြိုးပမ်းမှု ကိစ္စကို Shehbaz Sharif နဲ့ ဆွေးနွေးခဲ့ကြောင်း AP သတင်းက ဖော်ပြခဲ့တယ်။
ဒါပေမဲ့လည်း သံတမန်ရေး ကြိုးပမ်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေချိန်မှာပဲ စစ်ရေးအခြေအနေက ရပ်တန့်မယ့် လက္ခဏာ မတွေ့ရသေးဘူးလို့ သတင်းတွေကဆိုတယ်။ အမေရိကန်က အမှတ် (၈၂) လေကြောင်းချီ တပ်မ 82nd Airborne Division မှ စစ်သား ၁,၀၀၀ ခန့်ကို အရှေ့အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့နေပြီး ကမ်းတက် တိုက်ခိုက်ရေး တပ်ဖွဲ့ နှစ်ဖွဲ့ကိုလည်း ဖြန့်ကြက်ထားခဲ့တယ်လို့ သတင်းတွေကဆိုတယ်။
အခြား တစ်ဖက်မှာ အစ္စရေးကလည်း တိုက်ခိုက်မှုအသစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်။ အီရန်ကလည်း အစ္စရေးနဲ့ ပါရှန်ပင်လယ်ကွေ့ဒေသတစ်လျှောက် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာတွေ့ရတယ်။ အစ္စရေး အရာရှိတွေက (၁၅) ချက်ပါ အပစ်အခတ်ရပ်စဲရေး အစီအစဉ် တင်ပြလာခြင်းအပေါ် အံ့အားသင့်နေကြတယ်လို့ ဆိုတယ်။ ထရမ့်အနေဖြင့် စစ်ရေးဖိအား ဆက်လက်တိုးမြှင့်ဖို့ အစ္စရေးက တိုက်တွန်းနေတာဖြစ်တယ်။
လက်ရှိအနေအထားမှာ အီရန်ဘက်က ဘယ်သူက ဆွေးနွေးပိုင်ခွင့် ရှိသူလဲ၊ အီရန်က နောက်ဆုံးမှာ ဘယ်လို စည်းကမ်းချက်တွေကို လက်ခံမှာလဲ၊ စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း ဘယ်လိုအစီအစဉ်မျိုး မဆို တည်တံ့နိုင်မှာလား၊ အစရှိတဲ့ မေးခွန်းတွေဟာ အရေးကြီးတဲ့ မသေချာ မရေရာမှုတွေအဖြစ် ဆက်လက် တည်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။ အဲဒီ မသေချာ မရေရာမှုတွေကို ပြသတဲ့ အနေနဲ့ ရုရှားရဲ့ ‘ကရင်မလင်အစိုးရ’ က မတ်လ (၁၈) ရက်နေ့မှာ အမေရိကန်ရဲ့ (၁၅) ချက်ပါ အစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်ဘက်က “မည်သည့် သတင်းအချက်အလက်ကိုမျှ မရရှိသေးကြောင်း”၊ အဆိုပါ သတင်းစကားတွေရဲ့ ယုံကြည် စိတ်ချရမှု ကို အကဲဖြတ်လို့ မရနိုင်သေးကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်စစ်ပွဲပြဿနာ ကျားမြီးဆွဲမိနေသလို ဖြစ်နေပြီလား
စစ်ပွဲဆိုတာ ဖြေရှင်းဖို့ခက်ခဲတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနည်း တစ်ခုလို့ ဆိုလေ့ရှိပါတယ်။ လက်နက်ကိုင် စစ်ရေး ပဋိပက္ခဆိုတာက ကျားမြီးဆွဲမိသလို စမိပြီဆိုရင် လွှတ်ဖို့ဖြစ်စေ၊ ထိန်းချုပ်ဖို့ ဖြစ်စေ၊ အလွန် ခက်ခဲပါတယ်။ အခု အီရန် စစ်ပွဲကို စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံခေါင်းဆောင်တွေအနေနဲ့ တိကျရှင်းလင်းတဲ့ စစ်ရေး နိုင်ငံရေး စီးပွားရေး ရည်မှန်းချက်တွေ ရှိရဲ့လား ဒါမှမဟုတ် သူတို့ရဲ့ ပုဂ္ဂလိက အကျပ်အတည်းတွေကနေ ထွက်ပေါက် ရှာဖို့လားလို့ မေးခွန်းထုတ် စရာဖြစ်လာပါတယ်။
‘ဘန်ဂျမင် နေတာယာဟု’ က အီရန်ကို အစ္စရေးရဲ့ အန္တရာယ်အရှိဆုံး မဟာရန်သူနိုင်ငံအဖြစ် ရှုမြင်ထားတာ တွေ့ နိုင်တယ်။ သူ့အတွက်က ဒီစစ်ပွဲဟာ အီရန်အစိုးရနဲ့ အီရန် စစ်အင်အားကို နလံမထူနိုင်အောင် လုပ်ဖို့ အခွင့်အလမ်း လို့ ယူဆ ထားပုံရပါတယ်။ နောက်တစ်ခုက တိုက်ဆိုင်မှုလို့ မဆိုနိုင်တဲ့၊ ဒီနှစ်နှောင်းပိုင်းမှာ ‘နေတာယာဟု’ ယှဉ်ပြိုင်ရမယ့် အစ္စရေးရဲ့ အထွေထွေရွေးကောက်ပွဲလည်း ရှိနေပါတယ်။ ဟားမတ်စ်နဲ့ နှစ်နှစ်ကြာ စစ်ပွဲကရတဲ့ အထောက်အထားတွေ အရ အစ္စရေး နိုင်ငံ စစ်ပွဲဆင်နွှဲနေချိန်မှာ ‘နေတာယာဟု’ အတွက် နိုင်ငံရေးအရ ထောက်ခံမှု ပိုမို ခိုင်မာလာလိမ့်မယ်လို့ နေတာယာဟု က ယုံကြည်နေပုံရပါတယ်။
ဒေါ်နယ် ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲတဲ့ ရည်ရွယ်ချက်တွေကတော့ အမေရိကန်အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို ကူညီနေတဲ့နေရာမှာ ကမ္ဘာ့နံပါတ်တစ် နေရာမှာ ရှိနေတဲ့ အီရန်ကို လုံးဝ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရနိုင်အောင် လုပ်နေတာဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ Truth ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့ ဗီဒီယိုထဲမှာ ထရမ့်က အီရန်ပြည်သူတွေ လွတ်လပ်မှု မကြာခင် ရရှိတော့မယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရုံနဲ့ အစိုးရ အပြောင်း အလဲ ဖြစ်သွားတာမျိုး အရင်က မရှိခဲ့တာကြောင့် ကံသေကံမ မပြောနိုင်ပါဘူး။
စာကိုး
- US 15-point plan reaches Tehran as Iran publicly scoffs at diplomacy, March 25, 2026 https://www.iranintl.com/en/202603254350
- အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးညှိနှိုင်းတာမရှိသေးဘူးလို့ အီရန်သံအမတ်ပြော, BBC March 25, 2026.
- Trump: Deal with Iran to end war close; Israel will be happy; strikes on energy sites postponed, THE TIME OF ISRAEL, March 23 2026.


