လူကြိုက်မများတဲ့ စစ်ပွဲနဲ့ တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီစျေးနှုန်းတွေက သမ္မတဒေါ်နယ်ထရမ့်ရဲ့ နောင် အနာဂတ်ကို ကိုင်လှုပ်နေပါပြီ။
ထရမ့်က ရီပတ်ဘလစ်ကန်တွေ “ဘယ်တော့မှ မထိတ်လန့်ကြနဲ့ (NOPANICANS!)” လို့ မတ်လ ၁၄ ရက်နေ့က တွစ်တာမှာ ရေးသားခဲ့တယ်။ ဒါပေမယ့် ထိတ်လန့်တုန်လှုပ်နေတဲ့ လက္ခဏာတွေကို ရီပတ်ဘလစ်ကင်တွေမှာ မြင်တွေ့နေရဆဲပါ။
သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ “အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည် ၁၀၀% စလုံးကို ဖျက်ဆီးပစ်လိုက်ပြီ” လို့ ပြောဆိုထားပေမဲ့ ကျန်ရှိနေသေးတဲ့ ၀% ဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၁၀-၁၅% ခန့်ကို ပိတ်ဆို့ဖြတ်တောက်ပြီး ကမ္ဘာ့စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ထရန့် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဒီစစ်ပွဲဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေထက် အမေရိကန်မဲဆန္ဒရှင်တွေကြားမှာ ပိုပြီး လူကြိုက်နည်းနေပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အကြီးအကျယ် ရှုံးနိမ့်ဖို့ အခွင့်အလမ်း ပိုများ လာနေပါတယ်။ American Conservative က Curt Mills ကတော့ “ဒါဟာ တကယ့်ကို ပရမ်းပတာ အခြေအနေပဲ” လို့ ဆိုပါတယ်။
သတင်းဌာနတွေရဲ့ အဆိုးမြင်ဖော်ပြမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မစ္စတာထရမ့်က ဝေဖန်ရေးသားတဲ့ မီဒီယာတွေကို “အကျင့်ပျက်ခြစားပြီး မျိုးချစ်စိတ်ဓာတ် လုံးဝမရှိသူများ” လို့ ဖော်ပြနေပါတယ်။ “သတင်းအတု” တွေ ထုတ်လွှင့်နေတဲ့ မီဒီယာတွေရဲ့ ထုတ်လွှင့်ခွင့်လိုင်စင်တွေကို ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က ပြန်လည်သုံးသပ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းအပေါ် သူက “အရမ်းကို စိတ်လှုပ်ရှားမိတယ်” လို့ မတ်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လိုမှ ပိတ်ပင်တားဆီးလို့မရတဲ့ စိတ်ပျက်စရာ သတင်းရင်းမြစ်တစ်ခု ရှိနေပါတယ်၊ အဲဒါကတော့ ဓာတ်ဆီဆိုင်တွေက ဆိုင်းဘုတ်တွေပဲ ဖြစ်ပါတယ်။ ယာဉ်မောင်းတွေဟာ လောင်စာဆီ ဈေးနှုန်းတွေ အရင်ကထက် မြင့်တက်လာတယ်ဆိုတာကို နေ့တိုင်း မြင်တွေ့နေရပါတယ်။ ၂၀၂၄ ခုနှစ်မှာ မစ္စတာထရန့်ကို ထောက်ခံခဲ့တဲ့ ပြည်နယ်တွေမှာတော့ ဒီဒဏ်ကို ပိုပြီးပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ ရီပတ်ဘလစ်ကန်တွေ အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ ဓာတ်ဆီအခွန်နှုန်းထား နည်းပါးလေ့ ရှိတာကြောင့် ရေနံစိမ်းဈေးတက်တဲ့အခါ ဒီမိုကရက်တစ် (အပြာရောင်) ပြည်နယ်တွေထက် ရီပတ်ဘလစ်ကန် (အနီရောင်) ပြည်နယ်တွေမှာ ဆီဈေးနှုန်း ခုန်တက်မှုက ပိုမိုသိသာနေပါတယ်။ လောင်စာဆီဈေးနှုန်း မြင့်တက်လာတဲ့အခါ မဲဆန္ဒရှင်တွေဟာ လက်ရှိသမ္မတကို ဆန့်ကျင်မဲ ပေးလေ့ရှိကြောင်း သမိုင်းကြောင်းအရ သိနိုင်ပါတယ်။ Gerald Ford၊ Jimmy Carter နဲ့ George H.W. Bush တို့အားလုံးဟာ ရေနံဈေးနှုန်းတွေ ထိုးတက်သွားပြီးနောက်မှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
ထရမ့်ဟာ စစ်ပွဲတွေကို ရှောင်ရှားမယ်၊ ကုန်ဈေးနှုန်းတွေကို ချပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ အာဏာရလာခဲ့တာပါ။ အခုတော့ အဲဒီကတိနှစ်ခုလုံးကို ချိုးဖောက်နေတာကြောင့် သူ့အပေါ် ထောက်ခံမှုတွေ လျော့နည်းလာနေပါတယ်။
ဒီစစ်ပွဲအပေါ် ထောက်ခံမှုဟာ ဒီမိုကရက်တွေကြားမှာ လုံးဝမရှိသလောက်ဖြစ်ပြီး ကြားနေဝါဒီတွေ ကြားမှာလည်း နည်းပါးပါတယ်။ ရီပတ်ဘလစ်ကန်တွေကြားမှာတော့ ထောက်ခံမှု မြင့်မားနေဆဲ ဖြစ်ပေမဲ့ အပြည့်အဝ ထောက်ခံသူအရေအတွက်ကတော့ သိသိသာသာ လျော့ကျသွားပါတယ်။ ၂၀၂၄ ခုနှစ်မှာ ထရမ့်ဘက်ကို အပြတ်အသတ် ပါဝင်ခဲ့ကြတဲ့ လူငယ်တွေနဲ့ လာတင်နို (Latino) နွယ်ဖွား တွေဟာ တခြားအမေရိကန်တွေထက် သူတို့ရဲ့ဝင်ငွေထဲက ရာခိုင်နှုန်းတော်တော်များများကို ဓာတ်ဆီဖိုးအတွက် သုံးစွဲနေကြရပါတယ်။
မိန်းပြည်နယ်၊ ဘတ်စတင် (Buxton) မြို့က ဘိလိယက်ခုံရှိတဲ့ Skip’s Lounge အရက်ဆိုင်မှာတော့ မပြောရလို့ တားမြစ်ထားတဲ့အချက် သုံးချက်ရှိတယ်။ အဲဒါတွေကတော့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လက်လှဲခြင်းတို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ ဆိုင်ကဖောက်သည်တွေကတော့ စစ်ပွဲအကြောင်း ညည်းညူနေကြပါတယ်။ “ဒါတွေအားလုံးကို မလုပ်စရာ ဘာအကြောင်းမှမရှိဘူး” လို့ ပေါလ်မစ်ချယ်ဆိုသူက ပြောတယ်။ ဒီဇယ်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ သူပိုင်ဆိုင်တဲ့ ကျေးလက်ဒေသ အဆောက်အအုံ ဆောက်လုပ်ရေးပစ္စည်း လုပ်ငန်းကို အကျပ်ရိုက်စေပါတယ်။ မြင်းမွေးမြူရေးခြံ ဖွင့်ထားတဲ့ သူ့ဇနီး Jane ကတော့ သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်တဲ့ မြေဩဇာဈေးနှုန်းတွေပါ တက်လာမှာကို စိုးရိမ်နေပါတယ်။
ဒီမိုကရက်တွေဟာ အောက်လွှတ်တော်ကို အနိုင်ရဖို့ အလားအလာရှိနေပြီး အထက်လွှတ်တော်ကို ထိန်းချုပ်နိုင် ဖို့အတွက် အမတ်နေရာ လေးနေရာပဲ လိုပါတော့တယ်။ မိန်းပြည်နယ်ဟာ အဲဒီထဲက တစ်နေရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိအမတ် Susan Collins ဟာ သဘောထားအလယ်အလတ်ရှိတဲ့ ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်ပြီး သူမရဲ့ မဲဆွယ်စည်းရုံးရေးမှာ သမ္မတအကြောင်းကို ခပ်ပါးပါးပဲ ထည့်ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ သူမဟာ ထရမ့်ကို ဆန့်ကျင်တဲ့လှိုင်းလုံးကြီးကြောင့် ရာထူးကနေ လွင့်စင်သွားနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရက်တစ် ပါတီတွင်း ရွေးကောက်ပွဲတွေမှာ မဲပေးသူဦးရေကို ကြည့်မယ်ဆိုရင် ဒီမိုကရက်တွေဟာ တက်ကြွနေကြတာကို တွေ့ရပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ စိတ်ဓာတ်ကျနေကြပါတယ်။ မိန်းပြည်နယ်၊ စကာဘာရော့ (Scarborough)မြို့က စစ်ဘက်ဆိုင်ရာ ပစ္စည်းအဟောင်းဆိုင်မှာ စစ်သားသုံး ဂျာကင်တွေကို ကြည့်နေတဲ့ စစ်မှုထမ်းဟောင်း Josh ကတော့ သူဟာ ၂၀၂၄ မှာ ထရန့်ကို မဲပေးခဲ့သူဖြစ်ပြီး ထရမ့်က အီရန်ကို အမှုန့်ချေ ပစ်လိုက်ရင်တောင် ဂရုမစိုက်ဘူးလို့ သူကဆိုတယ်။ ဒါပေမဲ့ “ဓာတ်ဆီဈေးတွေကြောင့်တော့ လူတိုင်း ဒေါသ ထွက်နေကြတယ်” လို့တော့ သူက ပြောတယ်။
စစ်ပွဲအဆုံးအဖြတ်ပေးမယ့် ပြည်နယ်အားလုံးမှာ ဆီဈေးနှုန်း ၂၀% နဲ့ အထက် မြင့်တက်နေတာကို တွေ့ရပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ အထက်လွှတ်တော်အတွက် ဒီမိုကရက်တစ် လောင်းလျာဟာ လူကြိုက် များတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး သူက စားဝတ်နေရေးစရိတ်ကို အဓိကထား မဲဆွယ်နေပါတယ်။ ရီပတ်ဘလစ်ကန် လောင်းလျာကတော့ ရေနံလော်ဘီသမားဟောင်းတစ်ဦးဖြစ်တာကြောင့် ဒီမိုကရက်တွေ အနိုင်ရဖို့ အခွက်အလမ်း ၈၀% ရှိတယ်လို့ ဆိုတယ်။
ထရမ့်က အခြေအနေကို အကောင်းမြင်ပြဖို့ ကြိုးစားနေတာဟာ လူထုအပေါ် စာနာမှုကင်းမဲ့သလို ဖြစ်နေပါတယ်။ “အမေရိကန်ဟာ ကမ္ဘာမှာ အကြီးမားဆုံး ရေနံထုတ်လုပ်သူဖြစ်လို့ ရေနံဈေးတက်ရင် ကျွန်တော်တို့ ပိုက်ဆံ အများကြီး ရမှာပါ” လို့ သူက မတ်လ ၁၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ “သူတို့က သာမန်လူတွေရဲ့ နေ့စဉ်ဘဝမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို တကယ် ဂရုစိုက်ပုံမရဘူး” လို့ နောက်ထပ် ပြည်နယ်တစ်ခုဖြစ်တဲ့ ဂျော်ဂျီယာက Uber ဒရိုင်ဘာ Theodore က ညည်းညူပါတယ်။
ဒီစစ်ပွဲက ကမ္ဘာ့စီးပွားရေးနဲ့ အမေရိကန်နိုင်ငံရေးအပေါ် ဘယ်လောက်အထိ သက်ရောက်မလဲ ဆိုတာဟာ စစ်ပွဲဘယ်လောက်ကြာမလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အစိုးရ ဘက်တော်သား လေ့လာ ဆန်းစစ်သူတွေ ကတော့ အခြေအနေကို အကောင်းဘက်က ရှုမြင်ကြပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ တိကျသေချာပြီး ပထမဆုံးနေ့မှာတင် အီရန်ရဲ့ အရေးပါဆုံးခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့သလို၊ ရေတပ်၊ ဒုံးကျည်စနစ်နဲ့ တခြား စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အီရန်အစိုးရဟာ အားနည်းသွားပါပြီ။ ဗုံးကြဲတာတွေ ရပ်လိုက်တဲ့အခါ အီရန် ပြည်သူတွေက အစိုးရကို ဖြုတ်ချနိုင်သလို၊ ဒါမှမဟုတ် ဗင်နီဇွဲလားက Delcy Rodríguez လိုမျိုး အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ဦး ပေါ်ထွက် လာနိုင်ပါတယ်။ “သူတို့သာ ပူးပေါင်းဆောင်ရွက်ရင် ဘေးကင်းမှာပါ” လို့ ထရမ့်ဘက်တော်သား Heritage Foundation က Victoria Coates က ဆိုပါတယ်။
စီးပွားရေးအရ ထိခိုက်မှုတွေ ပြင်းထန်နိုင်ပေမဲ့ စစ်ပွဲကတော့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြီးသွား လိမ့်မယ်လို့ ထောက်ခံသူတွေက ပြောပါတယ်။ အမေရိကန်က ဗုံးကြဲတာ ရပ်လိုက်ရင်တောင် အီရန်က ရေနံတင် သင်္ဘောတွေကို ဆက်ပြီး တိုက်ခိုက်နေနိုင်ပေမဲ့ နောက်ဆုံးမှာတော့ ရပ်သွားပါလိမ့်မယ်။ တစ်ကမ္ဘာလုံးကို ထာဝရ ရန်သူလုပ်ထားလို့ မရနိုင်လို့ပါ။ ရလဒ်အနေနဲ့ “အမေရိကန်နဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြီးမားဆုံး အန္တရာယ်တစ်ခု” ရဲ့ လက်နက်အစီအစဉ်တွေကို နှစ်ပေါင်းများစွာ နောက်ဆုတ်သွားစေမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Marco Rubio ရဲ့ အကြံပေးဟောင်း Matthew Kroenig က ဆိုပါတယ်။ “ဒါဟာ ရုန်းမထွက်နိုင်တဲ့ ရွှံ့နွံအိုင်ကြီး ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။
ရေတိုမှာတော့ ဒီစစ်ပွဲက ရေနံဈေးတက်စေလို့ ဗလာဒီမာ ပူတင်အတွက် အကျိုးရှိနိုင်ပေမဲ့ ရေလတ်မှာတော့ သမ္မတဟာ အင်အားသုံးဖို့ အသင့်ရှိတယ်ဆိုတာကို ပြသနိုင်တာကြောင့် အမေရိကန်ရဲ့ အာဏာကို ပိုမိုခိုင်မာစေမှာ ဖြစ်တယ်လို့ မစ္စ Coates က ဆိုပါတယ်။ နွေရာသီ ခရီးသွားရာသီ မတိုင်ခင် ရေနံဈေး ပြန်ကျသွားမယ်ဆိုရင် ရီပတ်ဘလစ်ကန်တွေရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အလားအလာဟာ သိပ်ပြီး ဆိုးရွားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ တခြား ကွန်ဆာဗေးတစ်တွေကတော့ အဲဒီလောက်အထိ အကောင်းမမြင်ကြပါဘူး။ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့ပြီးနောက်မှာ အီရန်မှာလည်း အဲဒီလိုပဲ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ဖြစ်လိမ့်မယ်လို့ ထရမ့်က ထင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းဆိုင်ရာ ကိုယ်စားလှယ်ဟောင်း Kurt Volker က ဆိုတယ်။ “မာဒူရို (Maduro) လိုပဲ သုံးနာရီလောက်ဆို ပြီးပြီ” လို့ သူက ဆိုပါတယ်။ ထရမ့်ဟာ “ဘာတွေဖြစ်နေလဲဆိုတာကို အမေရိကန်ပြည်သူတွေ နားလည်အောင် ရှင်းပြတဲ့နေရာမှာ တကယ့်ကို ဆိုးဆိုးရွားရွား ညံ့ဖျင်းခဲ့တယ်” လို့ ရီပတ်ဘလစ်ကန် အရာရှိတစ်ဦးက ပြောပါတယ်။ သူဟာ သိသာထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့မှာတော့ အီရန်က အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်လိမ့်မယ်လို့ “ဘယ်သူမှ မမျှော်လင့်ထားဘူး” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် သူဟာ ထိပ်သီးခေါင်းဆောင် ခါမေနီ (Khamenei) ရဲ့ နေရာမှာ အမေရိကန်နဲ့ အစ္စရေးက သူ့မိသားစုကို သတ်လိုက်လို့ ပိုပြီးဒေါသထွက်နေတဲ့ လူငယ်တစ်ဦးနဲ့ အစားထိုးလိုက်သလို ဖြစ်နေတာကြောင့် အီရန်ဟာ ပိုပြီး အန္တရာယ်ကင်းလာမလားဆိုတာ မသေချာပါဘူး။
ထရမ့်ဟာ အခုဆိုရင် “ဆိုးရွားတဲ့ အခြေအနေ” ကို ရောက်နေပြီလို့ နောက်ထပ် ထိပ်တန်းရီပတ်ဘလစ် ကန် တစ်ဦးက ဆိုတယ်။ အီရန်ရဲ့ ဒရုန်းတွေဟာ ထုတ်လုပ်ရတာ ဈေးသက်သာပြီး ပစ်ချရတာတော့ ဈေးကြီးပါတယ်။ အဲဒီဒရုန်းတွေ ဟာ နှေးကွေးတဲ့ ရေနံတင်သင်္ဘောတွေနဲ့ ငြိမ်နေတဲ့ ရေနံချက် စက်ရုံတွေကို ခြိမ်းခြောက်နေပါတယ်။ “သူဟာ အစိုးရအပြောင်းအလဲလုပ်မှပဲ ပြေလည်မယ့် ပြဿနာကို ဖန်တီးခဲ့တာ ဖြစ်ပေမဲ့ အဲဒီအတွက် မြေပြင်တပ်ဖွဲ့တွေကို စေလွှတ်ဖို့တော့ သူက မလိုလားဘူး” လို့ မစ္စတာ Volker က ဆိုတယ်။
ဒီစစ်ပွဲက မဟာမိတ်တွေကို ကောင်းကောင်းမဆက်ဆံခဲ့တဲ့ အကျိုးဆက်ကိုလည်း ပေါ်လွင်စေပါတယ်။ နေတိုး (NATO)ကို ကဲ့ရဲ့ရှုံ့ချခဲ့ပြီး ဒိန်းမတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုကို သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ တဲ့ ထရမ့်ဟာ စစ်မစခင်မှာ မတိုင်ပင်ခဲ့တဲ့ မဟာမိတ်တွေဆီကနေ အခု အကူအညီ တောင်းနေပါတယ်။ ငြင်းပယ်တာဟာ “နေတိုးရဲ့ အနာဂတ်အတွက် အရမ်းဆိုးလိမ့်မယ်” လို့ သူက Financial Times ကို ပြောခဲ့ပေမဲ့ သူ့ရဲ့ တောင်းဆိုမှုတွေကတော့ အရာမထင်ခဲ့ပါဘူး။ သူ့ရဲ့ “အပေးအယူဆန်လွန်းတဲ့ ဆက်ဆံရေး” ကြောင့် အမေရိကန်ကို ဟော်မုဇ် (Hormuz) ရေလက်ကြား ပြန်ဖွင့်ဖို့ ဘယ်သူမှ ကူညီချင်စိတ်မရှိတာ ဖြစ်တယ်လို့ Kori Schake က ဆိုပါတယ်။
ဒီစစ်ပွဲက အစ္စရေးနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကိုလည်း ရှုပ်ထွေးစေပါတယ်။ “အီရန်ဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘာခြိမ်းခြောက်မှုမှ မရှိသေးဘူး၊ အစ္စရေးရဲ့ ဖိအားကြောင့်သာ ဒီစစ်ပွဲကို စခဲ့တာဆိုတာ ရှင်းနေပါတယ်” လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိကြီး Joe Kent က မတ်လ ၁၇ ရက်နေ့မှာ ရာထူးကနေ နှုတ်ထွက်ရင်း ပြောကြားခဲ့ပါတယ်။ မစ္စတာထရန့်ဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်သူ ဖြစ်ပေမဲ့ MAGA လောကမှာတော့ ဒီလို အငြင်းပွားမှုတွေက ပုံမှန်လို ဖြစ်နေပါတယ်။ “ကျွန်မ ထင်တာကတော့ သူတို့ဟာ အောင်မြင်တယ်လို့ ကြော်ငြာထားသလောက် ဖြစ်မလာတဲ့အတွက် သူတို့ခေါင်းဆောင်ကလွဲလို့ တခြားတစ်ယောက်ယောက်ကို အပြစ်ပုံချဖို့ ရှာနေကြတာပါ” လို့ မစ္စ Schake က ဆိုပါတယ်။

ထရမ့်ဟာ ဒီကပ်ဘေးကြီးထဲကနေ ဂုဏ်သရေရှိရှိ ပြန်လည်ရုန်းထွက်နိုင်ပါဦးမလား။ စစ်ပွဲက တိုတောင်းပြီး ရေနံဈေးနှုန်းတွေ ပြန်ငြိမ်သွားရင်တော့ နိုဝင်ဘာလမှာ မဲဆန္ဒရှင်တွေ သိပ်ပြီး ဒေါသထွက်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဗင်နီဇွဲလား၊ အီရန်နဲ့ ကျူးဘား နိုင်ငံသုံးခုစလုံးကို ထိန်းချုပ်နိုင်ခဲ့ရင်တော့ သူ ကြွားလုံးထုတ်စရာတွေ အများကြီး ရှိလာမှာပါ။ ဒါပေမဲ့ မစ္စတာ Kent ကတော့ အခုသွားနေတဲ့ လမ်းကြောင်းဟာ “ဆုတ်ယုတ်မှုနဲ့ ပရမ်းပတာ ဖြစ်မှု” ဆီကိုသာ ဦးတည်နေတယ်ဆိုပြီး စိုးရိမ်ပူပန်နေပါတယ်။
ref: How the Iran war is hurting Donald Trump. The Economist. March 21, 2026


