ဒီနေ့ အမေရိကန်နိုင်ငံမှာ iPhone 16 Pro Max လက်လီရောင်းစျေးက ဒေါ်လာ တစ်ထောင့် နှစ်ရာ ပတ်ဝန်းကျင် ရှိပါလိမ့်မည်။ သမ္မတ ထရမ့်၏ သွင်းကုန်အသစ် များ အသက်ဝင်လာမည့် အချိန် ရောက်လာ မည့်အခါ ထိုဖုန်း ကို သုံးစွဲသူများက ဒေါ်လာ နှစ်ထောင့်သုံးရာ နီးပါး ဖြင့် ဝယ်ရမည်ဖြစ်ပြီး အဆိုပါ ဖုန်းတစ်လုံး ကို အမေရိကန် နိုင်ငံတွင် အစ-အဆုံး ထုတ်လုပ်မည်ဆိုပါက ဒေါ်လာ သုံးထောင့် ငါးရာ ရောင်းစျေး ဖြစ်လာ နိုင်ခြေ ရှိမည်ဟု ဆန်းစစ်သူများက သုံးသပ်ကြသည်။

ကုန်သွယ်ရေး စစ်ပွဲကြောင့် ယခင်က ဘာသိဘာသာ နေခဲ့သော ကိစ္စတစ်ရပ်သည် ယခုအခါ အမေရိကန် ကုန်ပစ္စည်းများ၊ ကုန်အမှတ်တံဆိပ်များ၏ ထောက်ပံ့ရေး ကွင်းဆက်သည် ယခုအချိန်တွင် လုပ်ငန်းရှင် များ အတွက် ခေါင်းခဲစရာ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာနေသည်။
ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲကြောင့် ထောင်ပေါင်းများစွာသော အမေရိကန် ကုမ္ပဏီများ အတွက် အထိနာစေလျက် ရှိသည်။ ယင်းတို့တွင် အက်ပဲလ် ကုမ္ပဏီမှာ အသိသာဆုံး ဖြစ်သည်။ ဧပြီလ စောစောပိုင်းက တရုတ်နှင့် အမေရိကန်ကြား တင်းမာလာသော ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်ပြည်တွင် ထုတ်လုပ် ပြီး အမေရိကန်တွင်ရောင်းသော အက်ပဲလ် ၏ စမတ်ဖုန်းများသည် ကုန်သွယ်ခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြင့်ခြင်းနှင့် ရင်ဆိုင်ရဖွယ် ရှိလာသည်။ ထို့နောက် တရုတ်ပြည်မှ သွင်းကုန် အများစုအတွက် ကုန်သွယ်ခွန် ကို ၃၀ ရာခိုင်နှုန်း ဖြင့် ရက် (၉၀) ကြာ ဆိုင်းငံ့ထားရန် မေလ ၁၂ ရက်နေ့တွင် ကနဦး သဘောတူညီမှု ရရှိခဲ့ ကြသည်။
ယင်းနောက်တွင် ဘာတွေဆက်ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် အက်ပဲလ် ကုမ္ပဏီ ကတော့ ၎င်း၏ အိုင်ဖုန်း ထုတ်လုပ်မှု တချို့ကို တရုတ်ပြည်မှ အိန္ဒိယနိုင်ငံသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းနေ သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အက်ပဲလ် ကုမ္ပဏီ၏ အနာဂတ် ထိုသို့ မရေရာမှုများကြောင့် ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် ဒေါ်လာ ဘီလီယံ ရာချီကာ ကျဆင်း သွားခဲ့ သည်။
တကယ်တမ်း မှာတော့ တရုတ်ကို စွန့်ခွာပြီး အက်ပဲလ် ၏ အိုင်ဖုန်း တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်းများ ကို အိန္ဒိယနိုင်ငံ သို့ ရွှေ့ပြောင်းရန် စီစဥ်နေခြင်းမှာ ယခုမှ လုပ်တာမဟုတ်ဘဲ အချိန် အတန် ကြာခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ထရမ့်က သွင်းကုန်အခွန်သစ်များ ပြဋ္ဌာန်းလိုက်သည့် နောက်ပိုင်း အဆိုပါ အစီအစဥ်ကို တက်သုတ်ရိုက် စီစဥ်ခဲ့ကြပြီး လာမည့်နှစ်ဆန်းမှ စတင်၍ အမေရိကန် သို့ ရောင်းချသွား မည့် အိုင်ဖုန်းများကို အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သွားကြရန် စီစဥ်ခဲ့ကြပါသည်။
အိုင်ဖုန်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ရတဲ့ အကြောင်းကတော့ လုပ်ခလစာ သက်သာတဲ့ အကြောင်း တစ်ခုထည်းကြောင့်လားဆိုတာ မဟုတ်ပါဘူး
တရုတ်နိုင်ငံအနေနှင့်ကတော့ အက်ပဲလ် အိန္ဒိယသို့ ပြောင်းလဲထုတ်လုပ်သွားမည့် အရေး ရတက်မအေး ဖြစ်နေသည့် အလျောက် အက်ပဲလ်ကို တရုတ်နိုင်ငံတွင် ဆက်လက် တည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက် ရှိနေပါသည်။
၂၀၂၄ ခုနှစ် တစ်ခုလုံး ထုတ်လုပ်ခဲ့သည့် အိုင်ဖုန်း အလုံးရေပေါင်း ၂၃၂ သန်းတွင် အမေရိကန်သို့ ရောင်းချ ရန် ၂၈ ရာခိုင်နှုန်း ပါဝင်သည်ဟု အပြည်ပြည်ဆိုင်ရာ အချက်အလက် ကော်ပိုရေးရှင်း အရ သိရပါ သည်။ အဆိုပါ အချက်အလက်ကို ထောက်ရှုခြင်းအားဖြင့် အက်ပဲလ်အနေဖြင့် အမေရိကန် နိုင်ငံတွက် အိုင်ဖုန်း အလုံးရေ သန်း ၈၀ ကို အိန္ဒိယတွင် ထုတ်လုပ်သွားမည့်ဟု ခန့်မှန်းနိုင်ပါသည်။
အက်ပဲလ်အနေဖြင့် သူတို့၏ အိုင်ဖုန်း တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်းများကို တရုတ်နိုင်ငံ တစ်နိုင်ငံ တည်းတွင် မထားတော့ပဲ သူတို့နှင့် စင်ပြိုင်ဖြစ်လာမည့် လုပ်ရပ်ကို တရုတ်အနေဖြင့် မည်သည့်နည်းနဲ့မျှ လက်ခံလိမ့်မည် မဟုတ်ချေ။ တရုတ် အာဏာပိုင်များအနေနှင့် အိုင်ဖုန်း ထုတ်လုပ်ရေး နှင့် ဆက်စပ်ပစ္စည်းများ ပြောင်းရွှေ့ခွင့်ပြုမိန့်ကို ခိုင်မာသော အကြောင်းပြချက် မရှိဘဲနှင့် နှောင့်နှေးအောင် လုပ်ဆောင်နေကြသည်ဟု သတင်းများအရ သိရသည်။ ပုံမှန် တရုတ်မှ အိန္ဒိယသို့ ပစ္စည်းများ သယ်ဆောင် ခွင့်ပြုခြင်းများအတွက် ၁၄ ရက်သာ ကြာခဲ့သော်လည်း ယခုအခါ လေးလအထိ ကြာမြင့်အောင် စောင့်ရလေသည်။ တစ်ခါတွင် မတော့ အိုင်ဖုန်း ၁၇ မော်ဒယ်အတွက် စမ်းသပ်ရန် လိုအပ်သည့် ပစ္စည်းများကို အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ခြင်းကို တရုတ် အာဏာပိုင်များက လုံးဝ ပယ်ချခဲ့လေသည်။
အက်ပဲ၏ ရှယ်ယာစျေးသည် မေလ ၁၃ ရက်တွင် ယခုနှစ် အစပိုင်းထက် ၁၃ ရာခိုင်နှုန်း ကျဆင်းနေဆဲ ဖြစ်သည်။ တရုတ်ပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ချက်သည် အက်ပဲလ် ၏ စီအီးအို တင်မ်ကွက်ခ် အတွက် လွယ်ကူ သော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ Financial Times သတင်းစာ၏ ဂျာနယ်လစ် တစ်ဦးဖြစ်သော ပက်ထရစ် မက်ဂီး ရေးသားသော စာအုပ်တွင် အက်ပဲလ် သည် ဘာကြောင့် တရုတ်ပြည်နှင့် မခွဲခွာနိုင်ကြောင်း၊ ယခု ဖြစ်လာမည့် ကမ္ဘာ့ကုန်သွယ်ရေး အကွဲအပြဲသည် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သော အက်ပဲလ် အတွက် မည်သို့ အကျိုးသက် ရောက်နိုင်ကြောင်း ရေးသားထားသည်။ (အက်ပဲလ် ဘက်ကတော့ ထိုစာအုပ်တွင် မတိကျမှု များစွာ ပါဝင်နေကြောင်း ပြောဆိုထားပြီး ယင်းစာအုပ်တွင် ဖော်ပြထားသော အချက်အလက်များကို ငြင်းဆန် ထားသည်။)
ထုတ်ကုန်များကို မည်သူက မည်သည့်နေရာတွင် ထုတ်လုပ်မည်ဆိုသော အငြင်းအခုံသည် ၁၉၇၀ ပြည့်နှစ်များတွင် အက်ပဲလ် ကုမ္ပဏီ စတင်တည်ထောင်စဥ်ကတည်းက ရှိခဲ့ပြီး ဖြစ်သည်။ ထုတ်လုပ်သော စက်ယန္တရားများ အသာထားဦး အစိတ်အပိုင်းတချို့ကို အက်ပဲလ် ကုမ္ပဏီ၏ မျက်စိအောက် တွင်မဟုတ်ဘဲ အမေရိကန်နိုင်ငံ ပြင်ပတွင် ထုတ်လုပ်ရန် စိတ်ကူးသည် အစောပိုင်း နည်းပညာ ကုမ္ပဏီများအတွက် အထူး အဆန်း ဖြစ်၍ နေပါသည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းတွင် ထိုဗျူဟာကို စွန့်လွှတ်ခဲ့ပြီး ၎င်း၏ ထုတ်ကုန်များကို စာချုပ်ဖြင့် ထုတ်လုပ်ပေးသော ကုမ္ပဏီတွင် အပ်နှံကာ အမေရိကန်နိုင်ငံ ပြင်ပတွင် ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အက်ပဲလ် က အိုင်ဖုန်း ထုတ်လုပ်ရေးကို အမေရိကန်ကို ပြန်ရွှေ့မှာလားဆိုတဲ့ မေးခွန်းအား စီအီးအို တင်မ်ကွတ်ခ်က “အိုင်ဖုန်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ရတဲ့ အကြောင်းကတော့ လုပ်ခလစာ သက်သာတဲ့ အကြောင်း တစ်ခုထည်းကြောင့်လားဆိုတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အင်ဂျင်နီယာတွေဟာ ပစ္စည်း ကိရိယာတွေကို ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တွယ် အသုံးပြုနိုင်ကြတယ်၊ နောက်ပြီး အဆင့်မြင့် တပ်ဆင် ထုတ်လုပ်ရေး ကျွမ်းကျင်သူတွေကလည်း တစ်ပုံကြီးပဲ ဒါ့အပြင် တရုတ် နိုင်ငံဟာ အသေးစိတ် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ စိတ်ချနိုင်တာ၊ လုပ်ငန်းကျွမ်းကျင်သူတွေ များပြားတာကိုက အမေရိကန်နဲ့ မယှဥ်နိုင် ပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သည်။ အဆိုပါ အပြောကို ထောက်ရှုခြင်းအားဖြင့် လတ်တလော အခြေအနေ မှာတော့ အက်ပဲလ်အနေနဲ့ အိုင်ဖုန်း ထုတ်လုပ်မှုတွေကို အမေရိကန်ဘက်ဆီကို မြန်မြန်ဆန်ဆန် ပြောင်းဖို့ ဆိုတာ မဖြစ်နိုင် သေးဟု ယူဆ၍ ရပါသည်။
အစ ပထမပိုင်းတွင် တရုတ်ပြည်သည် အနေအထားကောင်း တစ်ခုတွင် ရှိနေသည်။ စာချုပ်ဖြင့် ထုတ်ကုန်များ ထုတ်လုပ်ပေးသော တရုတ်(တိုင်ပေ) အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် ဖောက်စ် ကွန်း (Foxconn) သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်မှ လုပ်ငန်းကျွမ်းကျင်မှု မရှိသေးသော များပြား လှသည့် တရုတ်အလုပ်သမားများကို လေ့ကျင့်ပေးကာ ထုတ်လုပ်မှုများ လုပ်ကိုင်လျှက် ရှိသည်။ ဖောက်စ် ကွန်း ကိုတည်ထောင်သူ တယ်ရီ ဂေါင် သည် တရုတ်ပြည် အစိုးရကို ၎င်း၏ ကုမ္ပဏီ အတွက် ထောက်ပံ့ကြေး များ ကြီးကြီးမားမားပေးရန် ဆွဲဆောင်နိုင်သူအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ ထို့ကြောင့် ဖောက်စ် ကွန်း သည် ကမ္ဘာ့အကောင်းဆုံး စက်ယန္တရားများကို တရုတ်ပြည်တွင် ရှိသော သူ၏ စက်ရုံများအတွက် ဝယ်ယူနိုင်သဖြင့် ပြိုင်ဘက်ကုမ္ပဏီများထက် အသာစီးရခဲ့သည်။
အက်ပဲလ်က သူ၏ သီချင်း သီးသန့်ဖွင့်စက် အိုင်ပေါ့ (iPod) ထုတ်လုပ်မှုကို ဖောက်စ် ကွန်း သို့ လွှဲပြောင်းပေးလိုက်သောခါ အိုင်ပေါ့၏ ရောင်းအားသည် ၂၀၀၃ ခုနှစ်တွင် တစ်သန်း လျော့လျော့သာ ရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၂၂ သန်းကျော်အထိ မြင့်တက်လာခဲ့သည်။ ထိုအောင်မြင်မှုကြောင့် အက်ပဲလ် သည် ၂၀၀၇ ခုနှစ်တွင် အိုင်ဖုန်း ကိုပါ ဖောက်စ် ကွန်း နှင့် အများအပြား စတင်ထုတ်လုပ်လာခဲ့သည်။ ဝေဖန်သူများကတော့ ဖောက်စ် ကွန်း လုပ်ငန်းခွင်တွင် လူမဆန်စွာ ခိုင်းစေမှုများရှိကြောင်း အလုပ် သမား အတော်များများ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆိုသည်။ သို့သော် ကုန်ကျစရိတ် သက်သာမှုကြောင့် အခြား လျှပ်စစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများလည်း တရုတ်ပြည်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ထို့နောက်တွင်တော့ လျှပ်စစ် ပစ္စည်းများကို တရုတ်ပြည် မှလွဲ၍ တခြားနေရာတွင် မထုတ်လုပ်နိုင်သည်အထိ ဖြစ်လာသည်။
၂၀၁၅ ခုနှစ်တွင် အက်ပဲလ် သည် တရုတ်ပြည်တွင် တစ်နှစ်လျှင် ဒေါ်လာ ၅၅ ဘီလီယံအထိ ရင်းနှီး မြှုပ်နှံလာခဲ့သည်။ အမေရိကားမှ အင်ဂျင်နီယာ ထောင်ပေါင်းများစွာသည်လည်း တရုတ်ပြည်မှ ထောက်ပံ့ရေး ကွင်းဆက်များအတွက် သွားရောက်လေ့ကျင့်ပေးခဲ့ကြသည်။ သို့သော် အက်ပဲလ်၏ အာဏာရှင် အစိုးရ တစ်ရပ်ကို ထိုမျှ မှီခိုနေရမှုသည် မကြာသေးမီနှစ်များအတွင်း ဆင်ခြင်တုံတရား မရှိသလို ဖြစ်လာလေသည်။ ရှီကျင်ပင်း အုပ်ချုပ်မှုအောက်တွင် တရုတ်အရာရှိများသည် အက်ပဲလ် ထံမှ ပို၍ တောင်းဆို လာကြသည်။ ၎င်းမှာ နည်းပညာ လွှဲပြောင်းပေး ရယူလိုကြ ခြင်းဖြစ်သည်။ မစ္စတာ ရှီသည် တရုတ် ပြည်သူများ ကို နိုင်ငံခြား အမှတ်တံဆိပ်များထက် တရုတ်ပြည်လုပ် ဟွာဝေး မှ ထုတ်လုပ်သော စမတ်ဖုန်းကဲ့သို့ ပြည်တွင်း ထုတ် များကိုသာ ဝယ်ယူစေလိုသည်။ ထို့ပြင် အစိုးရ ဝန်ထမ်းများကိုလည်း အိုင်ဖုန်း များကို မဝယ်ကြရန် တွန်းအား ပေးခဲ့သည်။ ထို့ကြောင့် အက်ပဲလ် ၏ စမတ်ဖုန်း ရောင်းအားသည် တရုတ်ပြည်တွင် သိသာစွာ ကျဆင်း သွားသည်။

မစ္စတာ မက်ဂီး၏ ထောက်ပံ့ရေး ကွင်းဆက်များအကြောင်း အသေးစိတ် ပြောပြချက်သည် ကောင်းပါ သည်။ သို့သော် သူ၏ တချို့သော နိုင်ငံရေး သုံးသပ်ချက်များကိုမူ အများက သဘောမတူ ခဲ့ကြပေ။ ဥပမာ အက်ပဲလ်ကို နိုင်ငံပိုင် မီဒီယာက တိုက်ခိုက်မှုတွင် မစ္စတာ ရှီ ကိုယ်တိုင် ပါဝင် ပတ်သက် နေသည်ဟူသော ပြောဆို ချက်မျိုး ဖြစ်သည်။ သို့သော် သူ၏ အချိန်ကိုက် ထွက်ရှိလာသော စာအုပ်ကြောင့် ရင်းနှီးမြှုပ်နှံ သူများရော မူဝါဒ ချမှတ်သူများအတွက်ပါ မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ အက်ပဲလ် သည် တရုတ် မပါဝင်ဘဲ ဆက်လက် ရှင်သန်နိုင်မည်လော ဖြစ်သည်။ အဖြေက မရှင်သန်နိုင်ဘူး ဆိုပါက ကုန်သွယ်ရေး စစ်ပွဲကို မရပ်တန့်နိုင်လျှင် အက်ပဲလ် သည် ကမ္ဘာ့စီပွားရေး အထိနာသည်ထက် အဆပေါင်များစွာ ထိခိုက် နိုင်ဖွယ် ရှိနေပါသည်။
ကိုးကားစာရင်း
1) India Times: How China is trying to stop Apple’s ‘big’ Iphone move to China
2) Forbes: Could Tech Manufacturing be brought back to the U.S?
3) The Economist: Can Apple extricate itself from China?

