ကိုယ် ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ အစားအစာတစ်ခု စားလိုက်တဲ့အခါ အရင်စားခဲ့တဲ့အချိန်က သတိရစရာ တွေကို ပြန်လည် ခံစားရတတ်တာဟာ အနံ့အာရုံကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးဘဝက အမှတ်တရတွေကို အထူး အောက်မေ့ လွမ်းဆွတ်တတ်ကြပါတယ်။ အရသာတစ်ခုကို မျက်လုံးမှိတ်ပြီး အနံ့ကို ရှူရှိုက်ကြည့်တဲ့အခါ စားခဲ့ ဖူးတဲ့အချိန်တွေကို သတိရလာတတ်ပါတယ်။ ဒါကြောင့်လည်း အရသာ ဆိုတာ နှာခေါင်းနဲ့ မှတ်ဉာဏ်ပေါ်မှာ မူတည် နေတယ်လို့ ဆိုကြတာ နေမယ်။ ဒီလို အနံ့အာရုံနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွှယ်နေရတာဟာ အလွန်ရှေးကျတဲ့ ကာလတွေ ကတည်းက အနံ့အာရုံဟာ အခြား အာရုံတွေထက် ပိုပြီးစောစော ပေါ်ပေါက်ခဲ့တာကြောင့်လို့ ယူဆကြပေမယ့် သိပ္ပံနည်းကျ လေ့လာထား မှုတွေတော့ မရှိသေးပါဘူး။
ကိုယ်ဟာ အစားအသောက်တွေမှာနေတယ် ဆိုတာထက် ပျောက်ဆုံးသွားတဲ့ အရသာတွေကို ပြန်ရှာဖွေနေတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်
ကိုယ့်ရဲ့ ဒုတိယအိမ်လို့ ကိုယ်သတ်မှတ်ထားတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ မြန်မာအစား အသောက် အကုန်ရတယ်လို့ ပြောရင် အပိုတွေ ပြောတယ်လို့ တချို့က ထင်ကြပါလိမ့်မယ်။ တစ်ခါ တလေ အသိ မိတ်ဆွေတွေက မြန်မာပြည်က အစားအစာတွေလက်ဆောင်ပေးရင် ကိုယ်တို့ ဒီမှာ မြန်မာအစားအစာ မငတ်ပါ ဘူး၊ မပေးပါနဲ့လို့ ငြင်းတဲ့အခါ အားနာလို့ ငြင်းတာလားလို့ မေးတတ် ကြတယ်။ တကယ်ကတော့ ကွမ်းယာက အစ ရာသီပေါ် အစားအစာ အဆုံး ၀ယ်လို့ရတဲ့အပြင် မြန်မာပြည်က ဆေးဝါးတွေ၊ ပန်းမန်တွေပါ အချိန်မရွေး ၀ယ်လို့ ရပါတယ်။ ဒါ့အပြင် မြန်မာပြည်က အပတ်စဥ် ရောက်လာတတ်တဲ့ ဗိုလ်မြတ်ထွန်းလမ်းက ဘူးသီးကြော်စားမလား၊ ကျောက်မြောင်းက နိဂြောဓ ပုဇွန်ခွက်ကြော်သုပ်ပဲ စားမလား။ ရွှေဘဲ ဘဲကင်စားမလား၊ အကုန်မှာစားလို့ရသေးတာပါ။
ဒီကြားထဲကမှ ကိုယ်က နှစ်လတစ်ခါလောက်ကို ရန်ကုန်က ကိုယ်တို့ အထိန်းတော်ကြီးကို စားချင်တဲ့ ဟင်းတချို့ ချက်ပေးဖို့ မှာတတ်သလို ကိုယ်စားချင်တဲ့ ဆိုင်တွေက အစားအစာတွေကိုလည်း ၀ယ်ပို့ခိုင်းတတ်ပါသေးတယ်။ ကိုယ့် မောင်လေးက မေးဖူးတယ်၊ ဒီမှာ အကုန်ရနေရဲ့သားနဲ့ ဘာလို့ ရန်ကုန်က ထပ်မှာနေရတာလဲတဲ့။ တကယ်ကတော့ ကိုယ်ဟာ အစားအသောက်တွေမှာနေတယ် ဆိုတာထက် ပျောက်ဆုံးသွားတဲ့ အရသာတွေကို ပြန်ရှာဖွေနေတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
(၁)
ကိုယ်ဟာ အင်မတန် အစားရွေးတတ်သူ တစ်ယောက်ပါ။ ပြီးရင် အစားတစ်ခု ပါးစပ်ထဲ မထည့်ခင် အနံ့ခံ ကြည့်တတ်လို့ ကိုယ့်အမျိုးသားက ကြောင်ကျနေတာပဲလို့ အမြဲပြောလေ့ရှိပါတတယ်။ အနံ့ သိပ်မကောင်း ရင်၊ ကိုယ် မကြိုက်တဲ့ အနံ့ တစ်ခုခု ရရင် လုံးဝ မထိတော့ပါဘူး။ ကိုယ် မကြိုက်တဲ့ အနံ့ဆိုတာ ဘယ်လိုလဲ မေးရင် ကိုယ် မရှင်းပြတတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ အစားအသောက် ဆိုရင် တော့ မငြီးမငွေ့ နေ့စဉ် စားနိုင်ပါတယ်။ ဆိုင်တစ်ဆိုင်က အရသာ တစ်ခုခုကို ကြိုက်မိသွားရင် အဲဒီဆိုင် ရောက်တိုင်း တခြား ဘာကိုမှ မမှာတော့ပဲ ကြိုက်မိတဲ့ တစ်မျိုးကိုပဲ စွဲစွဲမြဲမြဲ စားတတ်တယ်။ အဲဒါ မေမေ့ဆီက အမွေရတယ်ထင်ပါတယ်။ ကြာလာတော့ စျေးသည် စျေးဝယ်ကြား ခင်မင်ရင်းနှီးမှုတွေ ရှိလာပြီး တချို့ဆိုင်တွေဆိုရင် မှာစရာတောင် မလိုတော့ဘူး။ ဥပမာ ကိုယ်တို့ စားနေကျ ၃၄လမ်းထဲက ကိုးသုံးလုံး ရှမ်းခေါက်ဆွဲ ဆိုင်ဆိုရင် ၀င်သွားတာနဲ့ ရှမ်းသုတ် နှစ်ပွဲဆိုပြီး စားပွဲထိုးလေးတွေက အော်မှာ ပြီးသားပဲ။ ကိုယ်တို့ကလည်း ရှမ်းပြည် ရောက်လို့ စားရတဲ့ ရှမ်းစာတွေထက် ကိုးသုံးလုံးက ရှမ်းခေါက်ဆွဲ ကိုပဲ ပိုကြိုက်ကြတယ်။ မေမေ ဆုံးပါးပြီးနောက် သူတို့ဆိုင်ကို သွားစားဖြစ်တဲ့အချိန်မှာ ဆိုင်ရှင်ရော၊ စားပွဲထိုးတွေရော ကိုယ်တို့စားပွဲကို လာပြီး အန်တီကြီးအတွက် ၀မ်းနည်းကြောင်း လာပြောတဲ့အထိ ရင်းနှီးခဲ့ကြတာ။ အခုထိလည်း ကိုးသုံးလုံးက ရှမ်းခေါက်ဆွဲ၊ တိုဟူးကြော်ကို မှာစား နေတုန်းပါ။
မှတ်မိနေသေးတဲ့ နောက်တစ်ခုကတော့ ညဘက်တွေဆို လမ်းတွေထဲမှာ လိုက်ရောင်းတတ်တဲ့ မုန့်ဖက်ထုပ်ပါ။ သကြားမုန့်ဖက်ထုပ် ပူပူလေးဆိုတဲ့ အသံကို မှတ်မိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ ကိုယ်တို့လမ်းထဲမှာ ညစဉ် လာရောင်း နေကျ မုန့်ဖက်ထုပ်သည် အဒေါ်ကြီး တစ်ယောက်နဲ့ မုန့်ဝယ် စားရင်း သူ့ကို သောက်ရေခပ်တိုက်၊ စကားပြော ကြနဲ့ နောက်ပိုင်း သူမရောင်းနိုင်တော့လို့ သူ့သမီးက အမွေဆက်ခံပြီး ရောင်းတဲ့အထိ ကိုယ်တို့နဲ့ ရင်းနှီးမှုတွေ ရှိခဲ့တယ်။ အဲဒီကမှ ညဘက်တွေမှာ မုန့်ဖက် ထုပ်သည်အယောင်ဆောင် သတင်းယူတဲ့သူတွေ ပေါ်လာပြီးနောက် ကိုယ်တို့ရဲ့ အသည်ကြီး လည်း ပျောက်၊ ကိုယ်တို့ရဲ့ ယုံကြည်မှုတွေလည်း ပျောက်၊ ကိုယ်တို့ရခဲ့ဖူးတဲ့ မုန့်ဖက်ထုပ်ရဲ့ အရသာ ချိုချိုလေး လည်း ပျောက်ခဲ့ရတော့တယ်။
နောက်တစ်မျိုးကတော့ ပူတင်းပေါင်မုန့်ပါ။ သိတဲ့အတိုင်း ပူတင်းပေါင်မုန့် တစ်ထုပ်မှာ ငါးလုံး ပါတတ်ပါတယ်။ ကိုယ်က မနက်တိုင်း ရုံးမသွားခင် ပူတင်းပေါင်မုန့် တစ်လုံး စားတာမို့ တစ်ပတ်ကို တစ်ထုပ် အမြဲဝယ်ရပါတယ်။ ကြာကြာအထားမခံတဲ့မုန့်မို့ အများကြီး ကြိုဝယ်ထားလို့လည်း မရတာ ကြောင့် မောင်လေး အကြီးက အပတ်တိုင်း ပူတင်းပေါင်မုန့် ၀ယ်တဲ့ တာဝန်ကို ယူပေးပါတယ်။ တနင်္ဂနွေညတွေဆိုရင် သူ့သူငယ်ချင်းတွေနဲ့ ဘားလမ်းက သိင်္ဂီရွှေရည် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အပြန်မှာ ၃၅လမ်းအထက်၊ အနော်ရထာလမ်းမပေါ်က (ကိုယ်တို့အခေါ်) ဆင်ဝင်ကြီး အောက်က မုန့်ဆိုင်က ပူတင်းပေါင်မုန့် တစ်ထုပ်ကို ဆွဲပြီး ပြန်လာနေကျပါ။ ကိုယ်ဘယ်လောက် နှစ်ပေါက်အောင် စားသလဲဆိုရင် အဲဒီဆိုင်က တရုတ်က မောင်လေးကို မြင်တာနဲ့ ပူတင်းပေါင်မုန့်တစ်ထုပ် ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို လှမ်းပေးတော့တာ။
(၂)
ကိုယ်တို့နေတဲ့ ၃၃လမ်းက (မေမေတို့အခေါ်ဆိုရင် လမ်းတိုကလေးပါ။ အထက်လမ်းက လမ်းရှည်၊ အလယ်လမ်းက လမ်းတိုလို့ မေမေတို့ ပြောကြတာ) လမ်းထဲမှာ ဓါတ်တိုင် သုံးတိုင်လောက် ရှိတယ်။ ကိုယ်တို့ အိမ်ရှေ့မှာ ဓာတ်တိုင် တစ်တိုင်ရှိတယ်။ အရင်တုန်းကတော့ အိမ်မီးတွေ ပျက်ပေမယ့်လည်း လမ်းမီးတွေကတော့ လာသေးတယ်။ မီးပျက် ညတွေဆိုရင် တိုက်ခန်းကျဉ်းထဲက လူတွေ လမ်းပေါ် ထွက်လာကြပြီး ဟိုအိမ် ဒီအိမ်လျှောက်လို့ စကားတွေ ပြောကြတယ်။ ကိုယ်တို့က မြေညီထပ် ဖြစ်တဲ့ အပြင် ဓာတ်တိုင်ရှေ့က အိမ်မို့ အလင်းရောင်အောက်က အုတ်ခုံမှာ လာထိုင်ကြ၊ စကားတွေ ပြောကြ ပေါ့။ ဒါ့အပြင် ဒီဓာတ်တိုင်က ကိုယ်တို့ရဲ့ အဝတ်လှန်းစင်အဖြစ်လည်း အသုံးဝင်သေးတာ။ အိမ်ရှေ့ က သံတံခါးမှာ ကြိုးတစ်ဖက်ချည်ပြီး ကျန်ကြိုးတစ်ဖက်ကို ဓါတ်တိုင်မှာ ချည်လိုက်ရင် အဝတ်လှန်းကြိုး ရပြီလေ။ အဲဒီကြိုးတောင်မှ နယ်ကို ပို့တဲ့ စာအုပ်ထုပ်လို့ ပိုတဲ့ ကြွပ်ကြွပ်ကြိုး အတိုတွေကို ဆက် ထားတဲ့ အထုံးတွေဗရပွနဲ့ ဘယ်မှာမှ ရှာမရနိုင်တဲ့ ဆရာမောင်၀ံသရဲ့ စပါယ်ရှယ် အဝတ်လှန်းကြိုး။
အဲဒီဓာတ်တိုင်အောက်မှာ မီးဖိုဗန်းကလေးဆွဲပြီး ဗယာကြော်အလုံးသေးသေးလေးတွေ ကြော်ရောင်းတဲ့ ဗယာကြော်သည် အပါအဝင် အထမ်းသည် မျိုးစုံထိုင်ရောင်းဖူးကြတယ်။ တစ်ခါတလေ သူတို့ ပန်းကန်ဆေးဖို့ အိမ်ထဲကတောင် ရေယူပေးရသေးတယ်။ သူတို့ ပစ္စည်းတွေ တစ်ခါတလေ အပ်ထားခဲ့ဖူးတယ်။ တစ်ခါတလေ မေမေက နင်တို့တွေ လေတင်ကနေ လုပ်နေကြတာ လွန်လွန်းတယ်၊ ညှော်နေတာပဲ၊ ငါ့ကို အညှော်နဲ့ တိုက်သတ်နေတာလား၊ ဟိုဘက်သွားကြ စသဖြင့် ပြောတတ်လည်း ခနပဲ နေရာရွှေ့ပြီး နောက်နေ့ သူတို့ ပြန်ရောက်လာကြတာပါပဲ။ ဟိုတလော က ကိုယ်တို့ အဲဒီ ဗယာကြော်မှာစားကြတော့ မောင်လေးကလည်း သူ့အတွက်ပါ မှာတယ်။ မှာထားတာတွေ သွားယူပြီး တခါတည်း ဖြေစားကြည့်တဲ့အခါ အချဉ်နဲ့ တို့ထားတဲ့ ဘယာကြော်ကို ပါးစပ်ထဲ ထည့်ပြီးချိန် မောင်လေး မျက်နှာတစ်ခုလုံး ပြုံးသွားပြီး သူလည်းငယ်ဘဝ အရသာထဲ က တစ်ခုကို ပြန်ရှာတွေ့သွားပုံပါ။ ကိုယ့်အနေနဲ့ကတော့ ဗယာကြော်အရသာ၊ အချဉ်အရသာတွေနဲ့အတူ ၃၃လမ်း အိမ်ရှေ့က အုတ်ခုံနဲ့ ဗယာကြော် သည် ကုလားကြီး ထိုင်ရောင်းတဲ့ ဓာတ်တိုင်လေးရဲ့ ပုံရိပ်တွေကိုပါ အတူ စားသုံးမိလိုက်ရသလိုပါပဲ။

(၃)
ဟိုတလောက ရာသီဥတု ပူလွန်းတဲ့အချိန် စိတ်ထဲမှာ ချဉ်တဲ့အရသာတွေ စားချင်စိတ် ပေါ်မိတယ်။ အဲလို တမ်းတမိတဲ့ တစ်ဆက်တည်းမှာပဲ စိတ်အာရုံတွေက ပူပြင်းလှတဲ့ နွေနေ့လယ်တွေမှာ အစ်မတွေ ချက်ကျွေးတတ်တဲ့ သနပ်ရွက် ချဉ်ရည်ဟင်းရဲ့ ချဉ်ချဉ်၊ ချွဲချွဲအရသာကို သတိရသွားခဲ့တယ်။ ကိုယ်တို့ရဲ့ ငယ်ဘဝမှာ နွေရာသီ ကျောင်းပိတ်ရက်တိုင်း ဆိုရင် မေမေ့ရဲ့ မိဘတွေရှိရာ ပဲခူးမြို့မှာ သွားနေရလေ့ ရှိတယ်။ အဘိုးအဘွားတွေနဲ့ မြေးတွေ တစ်နှစ်ကို နှစ်လလောက် အတူနေရအောင် မေမေ့ရဲ့ အစီအစဉ်ပေါ့။ အဲဒီအချိန်တွေဆိုရင် မိုးလင်းတာနဲ့ နင်တို့ဘာစားကြမလဲဆိုတာက ဘိုးဘိုး နေ့စဥ် မေးနေကျ စကားပါ။ နေ့လည်ဘက်တွေဆိုရင် အိမ်ရှေ့မှာ ဖြတ်သွားသမျှ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်စိမ်းပေါင်း၊ ထန်းသီးမုန့်၊၊ ပြောင်းဖူးပြုတ်၊ ကုလားပဲသုပ်သည်တွေဆီက စားချင်သမျှ ၀ယ်ကျွေးရုံနဲ့ အားမရပဲ ညနေခင်းတွေဆိုရင် ဘိုးဘိုးက ကိုယ်တို့ကို လက်ဆွဲပြီး ကမ်းနားလမ်းနဲ့ ကျုံးရိုး နားက မုန့်ဆိုင်တွေကို လမ်းလျှောက်ပြီး စားချင်တာတွေ ၀ယ်ကျွေးတတ်သေးတယ်။ ဘိန်းမုန့်၊ မုန့်ပေါင်း၊ မုန့်တွန်စာ၊ မုန့်ကြာခွက်၊ ခေါက်မုန့်၊ ရေမုန့်၊ မုန့်ဗိုင်းတောင့် စတဲ့ မြန်မာမုန့်မျိုးစုံကို ၀ယ်ရင်းနဲ့၊ မုန့်သည်တွေ မုန့်လုပ်နေတာတွေကို တငေးတမောထိုင်ကြည့်ပြီး သဘောတွေကျခဲ့တာ။ ကိုယ် မြန်မာမုန့်တွေကို သိပ်ကြိုက်တတ်ခဲ့တာ အဲဒီက ရခဲ့တဲ့ အမွေ ထင်ပါရဲ့။ အပြန်မှာ မုန့်လေပွေ ချပ်တွေကို နှီးကြိုးနဲ့ ချည်ပြီး အိမ်က လူတွေ အတွက် ၀ယ်လာရင် လမ်းမှာ မကျိုးမကြေအောင် သတိထား ကိုင်လာရတာကိုလည်း အမှတ်ရစရာပဲ။ ဒါ့အပြင် နေ့လယ်ဘက် အစ်မတွေ စားလေ့ရှိတဲ့ ထမင်းပူပူပေါ် မှာ ငါးပိရည်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့် ထည့်ပြီး နယ်စားတဲ့အခါ ဘေးက ပါးစပ်သွားဟပေးလိုက်၊ သူတို့က ခွံ့ပေးလိုက်နဲ့ စားခဲ့ရတာတွေ၊ ဘာမှ စားစရာမရှိရင်တောင် မန်ကျည်း သီးကို ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့် ထည့်ပြီး လုံးစားကြတာတွေ။ အခု ပြန်တွေး ကြည့်မှ ပဲခူးမှာ နေရတဲ့ နှစ်လ တာဟာ ရန်ကုန်တိုက်ခန်းကျဉ်းထဲမှာ နေထိုင် ကြီးပြင်းလာရတဲ့ ကိုယ်တို့ ကို ဘုရားရှိခိုးက အစ၊ လူကြီး သူမတွေနဲ့ ဆက်ဆံရေးက အလယ်၊ မြန်မာ့ဓလေ့ တွေ အဆုံး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ နီးစပ်အောင် တစ်နှစ် တစ်ကြိမ် (အခုခေတ် အခေါ်ဆိုရင်) နွေရာသီ ယဉ်ကျေး လိမ္မာ သင်တန်းသွားတက်ခိုင်းသလိုပါပဲ။
(၄)
မြန်မာမုန့်တွေနဲ့ ကိုယ်တို့ကို ရင်းနှီးအောင် ဘိုးဘိုးက မိတ်ဆက်ပေး တယ်ဆိုရင် နိုင်ငံခြား အစား အသောက်တွေနဲ့ မိတ်ဆက်ပေးသူကတော့ ဖေဖေလို့ ပြောရပါမယ်။ ဖေဖေက ကိုယ်တို့ ငယ်စဉ်က နိုင်ငံခြားကို အကြိမ်ကြိမ် သွားဖူးသူမို့ တိုင်းတစ်ပါး အစားအသောက်တွေနဲ့ ရင်းနှီးတဲ့သူပါ။ ဒါကြောင့် သူစားဖူးလာတဲ့ ကိုယ်တို့ ဘာမှန်းမသိတဲ့ အထူးအဆန်းတွေကို ကိုယ်တို့ကို ပြန်လုပ်ကျွေးတတ်ပါ တယ်။ အဲဒီတုန်းက ကိုယ်တို့အခေါ် မီးဖို အကြီးကြီး (အမှန်က Oven ပါ) ကို ၀ယ်လာပြီး ကြက်ကောင် လုံးကင် လုပ်ကျွေးဖူးတယ်။ ကြက်အကောင်လိုက်ကို ရင်ခွဲ၊ ကလီစာတွေ ထုတ်ပြီး အထဲမှာ ထမင်းနဲ့ တခြား ဘာတွေ ထည့်လဲတော့ ကိုယ်သေချာ မမှတ်မိပါ။ ပြီးတော့ ကြက်ရင်ပတ်ကို ပြန်စည်းပြီး ထည့်ကင်၊ မီးဖိုက ထုတ်တဲ့အချိန် ကြက်ရင်ထဲက ထမင်းကလည်း အဆီလေးနဲ့ အိနေပြီး မွှေးကြိုင်၊ ကြက်အသားလေးကလည်း နူးအိ၊ အခု ဘယ်ကြက်ကင်စားစား အဲဒီအရသာကို ပြန်မရတော့ပါ။
နောက် ပြန်မရနိုင်တော့တာ တစ်ခုကတော့ ဆူးလေဘုရားလမ်းပေါ်က ရုပ်ရှင်ရုံတွေအောက်မှာ ရှိခဲ့ဖူးတဲ့ ရွှေမြင်း မုန့်တိုက်က မုန့်တွေ၊ အဲဒီမုန့်တွေကို ကိုယ်တို့ မိသားစုပဲ သိတဲ့ နာမည်တွေ (ယပ်တောင် မုန့်တို့၊ သွပ်ပြားမုန့်တို့…စသဖြင့်) ပေးပြီး ငယ်ဘဝတစ်လျှောက် မက်မက်မောမော စားခဲ့ကြတာ။ အခုအထိ အဲဒီနာမည်တွေ ပြောလိုက်ရင် ဘာမုန့်ကို ပြောတယ်ဆိုတာ ကိုယ်တို့ အားလုံး သိကြတယ်။ ပြီးတော့ ငယ်ငယ်တုန်းက ညဘက်တွေမှာ အဲဒီဘက်ကို လမ်းလျှောက် ထွက် ကြရင် အဲဒီ မုန့်တိုက်ထဲက မှန်ပုံး အကြီးကြီးတွေနဲ့ ထည့်ထားတဲ့ မုန့်တွေကို အပြင်က လှမ်းကြည့်ရတာ သိပ်သဘော ကျတာပဲ။ ဖေဖေက သူ အမေရိကန်က ပညာတော်သင် ပြန်လာပြီးချိန်မှာ အဲဒီ မုန့်တိုက် ပိုင်ရှင်ဆီ သွားပြီး သူ စားခဲ့ဖူးတဲ့ ပီဇာကို ထည့်ရမယ့် ပစ္စည်းတွေ၊ အချိုးအစားတွေ ပြောပြပြီး ကိုယ်တို့ အတွက် အော်ဒါမှာပြီး ဖုတ်ခိုင်းခဲ့တယ်။ အဲဒီအချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကျော်လောက်က ပီဇာ ဆိုတာ မြန်မာပြည်မှာ ဘာမှန်းတောင် မသိသေးချိန်မှာ မုန့်တိုက်ပိုင်ရှင်ကလည်း လိုလိုလားလားနဲ့ သူကပါ စိတ်ပါလက်ပါနဲ့ ထူးထူးဆန်းဆန်း မုန့်ကို ဖုတ်ပေးခဲ့တာ။ ကိုယ်မမှားဘူးဆိုရင် နှစ်ခါလောက် ကိုယ်တို့အတွက် ဖေဖေ အော်ဒါမှာပေးခဲ့တယ်။ အော်ဒါရလာတဲ့ ချိစ်တွေ အပြည့်နဲ့ ပီဇာချပ်ကြီးကို မိသားတစ်စု အထူးအဆန်းနဲ့ ၀ိုင်းကြည့်ပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ရတဲ့ အရသာကို ကိုယ် အခုထိ မမေ့ဘူး။ ကိုယ်တို့ အခုအချိန် နိုင်ငံခြားတိုင်းပြည်တွေမှာ ပီဇာတွေ မျိုးစုံ စိတ်ကြိုက် ရွေးလို့ ရနေပေမယ့် အဲဒီ ပီဇာရဲ့ အရသာမျိုး ကိုယ် ပြန်ရှာမတွေ့တော့ဘူး။
နောက် မမေ့နိုင်စရာ တစ်ခုကတော့ ကိုယ်တို့ ၃၃လမ်း အိမ်ကို ရောက်ဖူးသူများ အမှတ်ရ ကြဦးမှာပါ။ အိမ်နဲ့ ကျောချင်းကပ် ဆူးလေဘုရားလမ်းမပေါ်မှာ လက်ရွေးစင် လက်ဖက်ရည် ဆိုင် ရှိပါတယ်။ အဲဒီဆိုင်မှာ လက်ဖက်ခြောက် အချိုခြောက်၊ အကြမ်းခြောက်အပြင် ကော်ဖီစေ့ကို ကြိတ်ပြီး ကော်ဖီမှုန့်ပါ ရောင်းပါတယ်။ နေ့စဉ် ရှုရှိုက်နေရလို့ နှာခေါင်းယဉ်နေတဲ့ ကိုယ်တို့အတွက် မသိသာ ပေမယ့် အိမ်ထဲဝင်လာသမျှ ဧည့်သည်တိုင်းက ကော်ဖီမှုန့်နဲ့လေး မွှေးနေတာပဲလို့ ပြောကြစမြဲပါ။ ကိုယ်တို့ငယ်စဉ်က ဆိုင်ထိုင်ပြီး စားသောက်တာ နည်းပါတယ်။ အိမ်မှာ ၀ယ်စားရင် မျှစားလို့ရတာမို့ ဘတ်ဂျက်အရကိုက်တယ်မဟုတ်လား။ လက်ဖက်ရည်ဆိုလဲ ချိုင့်ဆွဲပြီး အိမ်မှာ ၀ယ်သောက်ကြသလို အချိုခြောက်ကို အိမ်မှာနှပ်ပြီးလည်း ဖျော်သောက်ကြတတ်တယ်။ ကော်ဖီကိုတော့ ၀ယ်သောက်လေ့ သိပ်မရှိဘဲ အမှုန့်ကို ၀ယ်ပြီး ဖျော်သောက်တဲ့ အလေ့အကျင့်က ကိုယ်တို့ ငယ်ငယ်ကတည်းကပဲ။ အခုခေတ်မှ ကော်ဖီဆိုင်ထိုင်ပြီး နှပ်ကော်ဖီ သောက်တယ်တို့ ဘာတို့လုပ်နေကြတာ၊ ကိုယ်တို့က ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အိမ်မှာ နှပ်ကော်ဖီ သောက်ခဲ့တာ ကြာလှပေါ့။ လက်ဖက်ရည်၊ ကော်ဖီနဲ့ ရေနွေးကြမ်းကို ကိုယ်တို့ စွဲလမ်းခဲ့တာ အဲဒီက စခဲ့တယ်ထင်ပါတယ်။ အင်းစိန်တောရကို မသွားရဘဲ အိမ်မှာ ရှိနေတဲ့အချိန်တိုင်းမှာ ဖေဖေဟာ ကိုယ်တို့အတွက် ကော်ဖီနှပ်ဖျော် ဖျော်ပေး နေကျပါ။ မနက်မိုးလင်းလို့ ကိုယ်တို့ အိပ်ရာက နိုးလာရင် ထမင်းစားပွဲပေါ်မှာ လက်သုတ် ပဝါလေးနဲ့ ထုပ်ထားတဲ့ ဖေဖေ့ရဲ့ ကော်ဖီ ဒန်ချိုင့်ကလေးကို အမြဲတမ်း တွေ့ရစမြဲပဲ။ အပူထိန်းဘူးတွေ မပေါ်သေးခင် အချိန်ကတည်းက ဖေဖေ တီထွင်ကြံဆခဲ့တဲ့ အပူထိန်းနည်း စိတ်ကူးလေးက ချစ်စရာ ကောင်းလှတယ်။
(၅)
ဖေဖေ့လက်ရာတွေပြီးတော့ ကိုယ် မရေးရဲလို့ လက်ရှောင်နေတဲ့ အပိုင်းကို နောက်ဆုံးရေးပါမယ်။ ကိုယ်အိမ်ထမင်း အိမ်ဟင်းကို စွဲစွဲမြဲမြဲ စားဖြစ်တာ မေမေ့ကြောင့်ပါ၊ အရင်တုန်းက ကိုယ် ပြည်တွင်း ပြည်ပ ခရီး တွေက ပြန်လာရင် ကိုယ့်အတွက် မေမေ့ရဲ့ ထမင်းသုပ်ဗန်းလေးက အမြဲ ကြိုဆိုစမြဲပါ။ မေမေ့ရဲ့ ထမင်းသုပ်က ထမင်းကို ငါးပြုတ်ပြီး အသားနွှင်ထားတာနဲ့ ခရမ်းချဉ်သီး ဆန်ခါတိုက်ထားတဲ့ အနှစ်နဲ့ ဆီချက်၊ ပဲမှုန့်တို့နဲ့ ရောနယ်ပြီး လုံးထားတဲ့ ထမင်းလုံးတွေကိုမှ အာလူး၊ ငံပြာရည်စတဲ့ တခြား အဆာ ပလာတွေ ထည့်ပြီး သုပ်စားရတာမို့ အင်မတန် လက်ဝင်ပေ မယ့် ဘယ်တော့မှ မညည်းညူခဲ့တဲ့ မေမေ့ရဲ့ လက်ရာပါ။ အခုခေတ် ထမင်းသုပ်ဗန်းတွေနဲ့ ဘာမှမဆိုင်၊ မေမေ့နည်းကို အခုထိ ကိုယ် လက်ဆင့်ကမ်း ယူပြီး သုပ်စားတုန်းပေမယ့် အမေ့ မေတ္တာဆိုတဲ့ အရသာကတော့ ပျောက်သွားပြီပေါ့။

(ဓါတ်ပုံ – ကိုယ်တိုင်)
နောက်တစ်ခုကတော့ ကိုယ်နေထိုင်မကောင်းလို့ ခံတွင်းပျက် အစာမစားချင်ဘူး ဂျီကျနေရင် မေမေက ထမင်းနဲ့ ငါးအသားနွှင် ပြီး ငါးဟင်းအနှစ်၊ ခရမ်းချဉ်သီး၊ ငါးပိရည်နဲ့ နယ်ကျွေးလေ့ရှိတယ်။။ ဒါ့အပြင် ရှောက်သီးကို သနပ်လုပ်ပြီး ဆီလေး၊ နှမ်းလေး၊ ပုဇွန်ခြောက်မှုန့်လေးနဲ့ သုပ်ကျွေးတတ်တာ၊ ပြီးတော့ အသက် ခြောက်နှစ် သမီးကတည်းက မျက်မှန် တပ်ရတဲ့ ကိုယ့်အတွက် မျက်စိ အားကောင်း အောင် ဆိုပြီး မုန်လာဥနီကို ခြစ်ထိုးပြီး ပဲမှုန့်၊ ဆီချက်၊ မန်ကျည်းနှစ်၊ ငံပြာရည်တို့နဲ့ သုပ်ကျွေး တတ်တာ တွေ၊ မေမေ အဲလိုတွေ လုပ်ကျွေးခဲ့လို့ ကိုယ် အသုပ် ကြိုက်သွားတာလား၊ ကိုယ် အသုပ် ကြိုက်တတ်လို့ မေမေ အဲလို လုပ်ကျွေးခဲ့တာလားတော့ မမှတ်မိတော့ပါ။ အခုအချိန်အထိ အိမ်မှာ ဆီချက် တစ်ဘူးနဲ့ ပဲကျက်မှုန့် တစ်ထုပ် မပြတ်ရှိပြီး ဘာစားရမှန်းမသိရင် အသုပ် တစ်ခုခုသာ သုပ် ကျွေးလိုက်၊ ကိုယ့်အတွက် အဆင်ပြေသွားတတ်တယ်။
နောက် မေမေ့လက်ရာ တစ်ခုက ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးဘဲဖြူစတဲ့ ငါးမျိုးစုံကို ကြော်ပြီး ထမင်းပူပူကို ငါးကြော်ဆီလေးနဲ့ ဆားလေးဖြူးပြီး ကျွေးတတ်တာပါ။ အခုအချိန်အထိ ကိုယ့်မှာ ငါးဆို ရင် ကြော်ပြီး ငါးကြော်ဆီနဲ့ နယ်စားတတ်တဲ့ အကျင့် စွဲနေခဲ့တော့တယ်။ ပြန်တွေးကြည့်တော့ အသီးအရွက် နဲ့ ငါးဟင်းဆိုရင် လုံး၀ မကြိုက်တတ်တဲ့ ကိုယ့်အတွက် ငါးနဲ့ အသီးအရွက်တွေကိုပဲ စားချင်စဖွယ် ဖြစ်အောင် လုပ်ကျွေးတတ်တာ၊ ပြီးတော့ အထူး အဆန်း ဘာတစ်ခုမှ မပါဘဲ ရိုးရိုး ကလေးတွေနဲ့ စားကောင်းအောင် ကျွေးတတ်တာ ဘယ်လောက် ကျေးဇူးတင်စရာ ကြည်နူးစရာ ကောင်းလိုက်လဲနော်။
ငယ်ဘဝအရသာတွေ အကြောင်းသာရေးရင် တစ်ထောင့်တစ်ညရေးလို့တောင် ကုန်မယ် မထင်ပါ။ မှတ်ဉာဏ်ထဲက အနည်းအကျဉ်းလောက်ကိုပဲ တို့ထိရပါသေးတယ်။ အသက်ကြီး လာလေလေ ကိုယ့် ဘေးပတ်၀န်း ကျင်က ချစ်ခင်သူတွေ နည်းလာလေလေ ဖြစ်တတ်တာ သဘာ၀ပါပဲ။ ကိုယ့်ကို ချစ်သူ၊ ကိုယ်က ချစ်ရသူတွေ ပျောက်ဆုံးသွားတာကို ပြန်လည်မရနိုင်တော့ဘူးဆိုတာ လက်မခံချင်ပေမယ့်လည်း လက်ခံရပါတယ်။ သို့ပေမယ့် အရသာတွေ ပျောက်ဆုံးသွားတာကိုတော့ ရနိုင်သလောက် ပြန်ရှာကြည့် ချင်သေးတယ်။ အခုအချိန်မှာ မိဘ နှစ်ပါးစလုံး မရှိတော့တဲ့ အပြင် မြန်မာပြည်ရဲ့ အဝေးမှာ ရောက်နေ တဲ့ ကိုယ့်အတွက် မှတ်ဉာဏ်ရော၊ အနံ့ခံ အာရုံရော ကောင်းနေ သေးတဲ့ အချိန်မှာ ကိုယ့်ဘိုးဘွား မိဘ တွေရဲ့ လက်ရာကို ဘယ်လိုမှ မရနိုင်တော့ပါဘူး။ သို့ပေမယ့် ကိုယ်မမွေး ခင်ကတည်းက အိမ်မှာ အတူတူ နေလာပြီး ကိုယ့်မေမေရဲ့ သင်ကြားပေးမှုကို အနီးကပ် ရခဲ့တဲ့ ကိုယ်တို့ရဲ့ အထိန်း တော်ကြီးရဲ့ လက်ရာနဲ့ ကိုယ်ရန်ကုန်မှာ အလုပ်လုပ်ခဲ့စဉ် တောက်လျှောက် မနက်ခင်းတိုင်း ကိုယ့်အတွက် ထမင်းဘူး ထချက် ပေးခဲ့တဲ့ ညီမလတ်ရဲ့ လက်ရာတွေကနေ ချစ်ခင်မှု၊ နွေးထွေးမှုတွေပါတဲ့ ကိုယ့် ငယ်ဘ၀ အရသာကို ကိုယ်ရနိုင်သလောက် ပြန်ရှာဖွေ နေမိပါတယ်။
ကိုယ်ရန်ကုန်အလည်ပြန်တဲ့ အချိန်ဆိုရင်တော့ အိမ်ချက် လက်ရာတွေအပြင် စားဖူးခဲ့တဲ့ နေရာတွေကို ပြန်သွားပြီး အရသာတွေကို ပြန်ရှာလေ့ရှိတာမို့ ရတဲ့အချိန်ကနည်း၊ စားချင်တာတွေက များနဲ့ အင်မတန် ဗျာများ ရလေ့ရှိပါတယ်။ အခု နောက်ပိုင်းဆိုရင် အရင်က စားနေကျ ဆိုင်တွေ နေရာဟောင်းမှာ မရှိ တော့ဘဲ ဆိုင်အသစ်တွေနဲ့ အစားထိုးလာတာ များလာတာကိုလည်း သတိထား မိတယ်။
ဟိုးအရင်တစ်ခေါက် စင်္ကာပူမှာ ကြည့်ဖူးခဲ့တဲ့ Lost and found ဆိုပြီး ထုတ်လွှင့်နေတဲ့ တီဗီ စီးရီး တစ်ခု ရှိပါတယ်။ အဲဒီအစီအစဥ်မှာက မူလနေရာ လိပ်စာမှာ မရှိတော့တဲ့ အရင်တုန်းက နာမည် ကြီး ခဲ့တဲ့ စားသောက်ဆိုင် တွေကို တကူးတက လိုက်လံ ရှာဖွေပြီး သွားရောက် စားသောက်ကြ တာကို ရိုက်ပြထားတာ ဖြစ်တယ်။ တချို့ဆိုင်တွေဆို သားသမီးတွေ ဆက်ခံ လုပ်ကိုင်နေပြီး အရင် အရသာ အတိုင်း ထိန်းသိမ်းထားတာတွေကို ကြည်နူးစရာ တင်ဆက်ထား တာမို့ ကိုယ် ကြိုက်နှစ်သက်စွာ ကြည့်လေ့ရှိတဲ့ တီဗီအစီအစဥ်တစ်ခုပါ။
ဒါ့အပြင် ခရီးသွားလေ့ရှိသူများဆိုရင် လေဆိပ်တွေမှာ Lost and found ဆိုတဲ့ နေရာ တစ်ခု ရှိတာ သိကြ ပါလိမ့်မယ်။ လေဆိပ်မှာ တစ်ယောက်ယောက် ကျန်ခဲ့တဲ့ ပစ္စည်းကို အဲဒီနေရာမှာ သွားပို့ ထား လို့ရသလို ကိုယ့် ပစ္စည်းတစ်ခုခု ပျောက်ဆုံးခဲ့ရင်လည်း အဲဒီနေရာမှာ သွားအသိပေးပြီး စုံစမ်းလို့ ရနိုင်ပါတယ်။
ကိုယ့်အတွက်တော့ အဲလို အစီအစဉ်တွေ ရှိရင်တော့လည်း အချိန်ကုန်ခံပြီး လိုက်ရှာနေစရာ မလိုတော့တာမို့ အင်မတန် အဆင်ပြေမှာပဲလို့ တွေးမိပေမယ့် တခြားသူတွေကရော အဲလို ပျောက်ဆုံး သွားတဲ့ အရသာတွေကို ရှာဖွေဖို့ စိတ်ဝင်စားပါ့မလား မသေချာပါ။ ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့ ဘဝမှာ တော့ ပျောက်ဆုံးသွားတဲ့ အရသာတွေ ရှိကြဦးမယ်ထင်ပါတယ်။ အလွမ်းကဖီးတို့၊ အလွမ်း မှတ်တမ်း တို့၊ ခုနစ်စဥ် အလွမ်းတို့ အလွမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ခေါင်းစဥ်မျိုးစုံနဲ့ ရေးဖွဲ့တင်ပြ ကြတာတွေ ကြားဖူး၊ ဖတ်ဖူးကြမှာပါ။ အခုကတော့ ပျောက်ဆုံးသွားတဲ့ ငယ်ဘ၀ရဲ့ အရသာတွေကို လွမ်းမိတဲ့ အလွမ်းအရသာ အကြောင်းဖြစ်ပါတယ်။
ဇွန်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်

