The Corner

The Corner

cropped-Logo_round_grey-background.png

အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD

Share မယ်

မင်းတုန်းမင်းကြီးလက်ထက် မိဖုရားတွေထဲက သစ်ဆိမ့်မိဖုရားက လူပျိုတော်တစ်ယောက်နဲ့ ချိန်းတွေ့ တဲ့ အရေးအခင်း ပြီးတဲ့နောက် မင်းတရားကြီးက မိဖုရားတွေ ရဲ့အဆောင်တော်တွေကို မင်းတရားကြီး ဘယ်နေ့ ဘယ်အချိန် ကူးတယ် ဆိုတဲ့မှတ်တမ်းကို အတိအကျ ပြုစုရမယ်လို့ အမိန့်တော်မှတ်ကြောင်း ပါးစပ်ရာဇဝင်တွေက ဆိုပါတယ်။ အဲဒီ ဆောင်ကြာမြိုင်မှတ်တမ်းကို ပြုစုထိန်းသိမ်းရမယ့်သူက ပင်းတလဲ မြို့စား ဦးရွှေမောင် ပါ။ ဦးရွှေမောင်ဟာ မင်းမျိုး မင်းနွယ် မဟုတ်သော်လည်း မင်းတုန်း၊ ကနောင် ညီနောင် နှစ်ပါးလုံးက ယုံကြည်အားကိုးတော်မူတဲ့အတွက် နန်းတွင်းမှာ ဩဇာ အလွန် ညောင်းသူ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ (ပါးစပ်ရာဇဝင်ပါနော်) ညီနောင် နှစ်ပါး တစ်လှည့်စီ မြို့ပြင်ထွက်ပြီး အပျော်ရှာချင်ရင် ဦးရွှေမောင်ပဲ နောက်တော်ပါးက လိုက်ပြီး အလိုပြည့်အောင် စီမံရပါတယ်တဲ့။ ပျော်ပါးဖို့ မိန်းကလေး၊ လိုအပ်တဲ့ ဆေးဝါးများလည်း ဦးရွှေမောင်ရဲ့ တာဝန် ဖြစ်ပါသတဲ့။ ဘုရင်နဲ့ ဘုရင့်ညီတော်တို့ အလိုတော်လည်းပြည့်၊ အခြား ဘယ်သူမှလည်း မသိရအောင် စီမံခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲလို ဩဇာကြီးပေမယ့်လည်း မင်းတုန်းမင်း နတ်ရွာစံပြီးလို့ သီပေါဘုရင် နန်းတက်ချိန် အနွယ်တော်တွေကို ရှင်းလင်းတဲ့အထဲမှာ ဦးရွှေမောင်လည်း ပါသွားပြီး ကွပ်မျက်ခံရ ပါတယ်။ ၁၈၇၈ လောက်ပေါ့။

ဦးရွှေမောင်ဟာ အဲလိုကွပ်မျက်ခံရပြီး ၇၅ နှစ်အကြာ ၁၉၅၃ ခုနှစ်မှာ ဂျက်ဖရီ အစ်ပစတိန်း ဆိုတဲ့နာမည်နဲ့ အမေရိကန်နိုင်ငံ နယူးယော့မြို့မှာ ပြန်လည် ဝင်စား မွေးဖွားလာ တာများလားလို့ ထင်မိပါတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ အရင်ဘ၀က ပါရမီ တွေကြောင့် သူဟာ အခုဘ၀မှာလည်း အရင် ဘ၀က အလုပ်မျိုး နဲ့ ထူးမခြားနား အလုပ်မျိုးကို လုပ်ပါတယ်။ မိန်းကလေးငယ်ငယ်လေးတွေကို ဝယ်ယူ စည်းရုံးပြီး သူ့ရဲ့ ဂုဏ်သရေရှိ ကမ္ဘာသိ ရောင်းရင်းများနဲ့ လိင်ပျော်ပါးစေတာပါပဲ။ ကမ္ဘာသိသူ တွေမို့လို့ အားလုံးဟာ ထိပ်တန်း လျှို့ဝှက်ပေါ့။  အဲဒီအလုပ်ရဲ့ ရလဒ်ကတော့ အခု အစ်ပစတိန်း မှတ်တမ်းလို့ နာမည်ကြီးနေတဲ့ မှတ်တမ်းပါပဲ။

၁၉၇၆ မှာ ကျောင်းထုတ်ခံရပြီးနောက် အစ်ပစတိန်းဟာ ဘဏ်လုပ်ငန်းထဲကို ဝင်လာခဲ့ပါတယ်။ သူနဲ့ သူ့အပေါင်းပါ တွေဟာ မိန်းကလေးတွေနဲ့ ကလေးသူငယ်တွေ အများအပြားကို ဝယ်ယူပြီး လိင်မှု ကျူးလွန်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ် အစ်ပစတိန်း ကို ဖမ်းတဲ့အချိန်မှာ အသက် ၁၄နှစ်အောက် မိန်းမပျို ၃၆ ယောက်ကို ကျူးလွန်ခဲ့ကြတာ ဖော်ထုတ်တွေ့ရှိရပါတယ်။ သူ့ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ မှာ ထပ်ဖမ်း ပြီး ထောင်ထဲမှာ ရှိနေစဉ် ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးရခြင်း အကြောင်းကို ဖော်ပြရာမှာ ကြိုးဆွဲချသတ်သေခြင်းလို့ အမှုစစ်တွေက ဖော်ပြခဲ့ ကြပါတယ်။ အငြင်းပွား ဖွယ် သေမှုသေခင်း ဖြစ်ပါတယ်။

၂၀၁၉ မှာ ကွယ်လွန်ပြီးဖြစ်တဲ့ အစ်ပစတိန်း ရဲ့နာမည် ၂၀၂၅ မှာ ပြန်လည် ခေတ်စားလာရခြင်း အကြောင်းရင်းကတော့ အီလွန်နဲ့ ထရမ့်တို့ရဲ့ ကတ္တီပါလမ်းခွဲမဟုတ်တဲ့ မသတီစရာ လမ်းခွဲကြောင့်ပါပဲ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့  ဇွန်လ ၅ ရက်နေ့မှာ သမ္မတနဲ့ သူကြွယ်ကြီးတို့ ကိုယ်ပိုင် စင်မြင့်တွေကနေ စကားလုံးတိုက်ပွဲ ဆင်နွှဲခဲ့ ကြပါတယ်။ စစ်ပွဲစပြီး ၂၁ မိနစ်အကြာမှာ သူကြွယ်ကြီးက အဏုမြူဗုံးကြီး ဖေါက်ခွဲလိုက်ပါတယ်။ အဲဒါ ကတော့ “အစ်ပစတိန်းမှတ်တမ်းထဲမှာ ထရမ့်ပါတယ်။ လူထုကို ဖွင့်ထုတ် မပြတာ အဲဒီအကြောင်းရင်းကြောင့်ပဲ” လို့ ရေးထုတ်လိုက်ပါတယ်။ သူကြွယ်ကြီးက ဘာသက်သေ အထောက်အထားမှ ထပ်ဖွင့်မပြခဲ့ပေမယ့် ဒီသတင်းကို မှတ်ချက်မပေးဘဲ ဆက်လက်မျှဝေကြသူ အများပါပဲ။

အီလွန်မက်စ် ဖောက်ခွဲလိုက်တဲ့ အဏုမြူဗုံး တွစ်တာ ပို့စ် (Source: X)

အစ်ပစတိန်းမှတ်တမ်းဆိုတာ စစ်ဆေးသူများက အစ်ပစတိန်းနဲ့ အပေါင်းပါများကို တရားစွဲဆို ဖို့ စုဆောင်းခဲ့တဲ့ မှတ်တမ်းမှတ်ရာများကို ခေါ်ပါတယ်။ အချို့သော မှတ်တမ်းတွေ အစ်ပစတိန်းရဲ့ ဂျက် လေယာဉ် ခရီးမှတ်တမ်းတွေက အစ ပြည်သူလူထုကို ထုတ်ပြန်ခဲ့ပေမယ့် အချို့သော မှတ်တမ်းတွေကို မထုတ် ပြန်ရသေးပါဘူး။ အခုလို မထုတ်ပြန် ခြင်းဟာ အစ်ပစတိန်းရဲ့ အပေါင်းပါ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို မထိခိုက်စေချင်လို့ပါလို့ တချို့ ဝေဖန်သူ တွေက ဆိုပါတယ်။ မှတ်တမ်းထဲမှာ နာမည် ပါပေမယ့် ရာဇဝတ်မှုကျူးလွန်တာ ဟုတ်ချင်မှ ဟုတ်မယ်လို့ ဆိုပါတယ်။ ထရမ့်အာဏာ ပြန်ရတဲ့ အချိန်မှာ အစ်ပစတိန်းမှတ်တမ်း တချို့ကို ထုတ်ပြန်ပေးခဲ့ပေမယ့် အများကြီးထပ်လာဦးမယ်လို့ ပြောခဲ့ပါတယ်။ မေလထဲမှာ ရှေ့နေချုပ် ပင်ဘွန်ဒီက ထောင်နဲ့သောင်းနဲ့ချီတဲ့ အစ်ပစတိန်း မှတ်တမ်း တွေကို စစ်ဆေးနေ တယ်လို့ ပြောပါတယ်။ အက်ဖ်ဘီအိုင် ညွှန်မှူးကတော့ လာမယ့် ရက်သတ္တပတ် တွေမှာ အစ်ပစတိန်းမှတ်တမ်းတွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ထရမ့်နဲ့ အစ်ပစတိန်းတို့ မိတ်ဆွေသက်တမ်းက နှစ်၂၀လောက် ရှိပေမယ့် ထရမ့်က ရာဇဝတ်မှု တွေနဲ့ ပတ်သက်တဲ့ အထောက်အထားမျိုးမရှိပါဘူး။ ပါတီပွဲတွေနဲ့ ထရမ့်ပိုင် ဂေါက်ကလပ်တွေမှာ ရိုက်ခဲ့တဲ့ သူတို့ နှစ်ယောက်တွဲ ပုံတွေ ရှိပါတယ်။ ၁၉၉၀ နှစ်များမှာ ဖလော်ရီဒါနဲ့ နယူးယော့အကြား အစ်ပစတိန်း ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ထရမ့်က ခရီးတော်တော်များများသွားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ သမ္မတ ဖြစ်လာမယ့် ထရမ့်က “အစ်ပစတိန်းကို သိတာကြာပါပြီ။ အရမ်းမိုက်တဲ့သူပါ။ သူနဲ့ဆို သိပ်ပျော်ရတယ်” လို့ ပြောခဲ့ပါတယ်။ “ကျွန်တော့်လိုပဲ အလန်းလေးတွေကို အရမ်းကြိုက် တတ်တဲ့သူပါ။ အငယ်လေးတွေပေါ့” လို့ သူက ထပ်ပြောခဲ့ပါတယ်။ နှစ်ယောက် စလုံး နဲ့ သိတဲ့ ဖလော်ရီဒါ အခြေစိုက် စီးပွားရေးသမား ဂျော့ဟူရနေးက ထရမ့်ပိုင် ဂေါက်ကလပ်မှာ ပြက္ခဒိန် ကိုယ်ဟန်မယ် ရွေးပွဲ မတိုင်ခင် အစ်ပစတိန်းရဲ့ အငယ်လေးတွေနောက် လိုက်တာကို သတိပေး ခဲ့တယ်လို့ ဆိုပါတယ်။

အစ်ပစတိန်းရဲ့ အပေါင်းပါ လူ ၁၅၀ လောက်ရဲ့ အမည်တွေထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသမီး နှစ်ဒါဇင် လောက်က အစ်ပစတိန်းဟာ သူနဲ့ သို့မဟုတ် သူ့ဧည့်သည်တွေနဲ့ ဂျက်လေယာဉ်ပေါ်၊ သို့မဟုတ် သူပိုင်တဲ့ ဖလော်ရီဒါ၊ နယူးယော့၊ နယူးမက္ကစီကို အိမ်ကြီးတွေမှာ လိင်ပျော်ပါးဖို့ အတင်း စေခိုင်းခံရ တယ်လို့ စွပ်စွဲကြပါတယ်။ စွပ်စွဲမှုတွေကို အများဆုံးလုပ်တဲ့သူက မစ်စ်ဂူဖရေးဖြစ်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်တဲ့အထဲမှာ သူ့ကို အတင်းအကျပ် လိင်ပျော် ပါးစေသူ တွေထဲ အမေရိကန် ဘီလျံနာ တွမ် ပရစ်ဇကာလည်း ပါတယ်လို့ သူက ဆိုပါတယ်။ စွပ်စွဲချက်ကို အစပိုင်းမှာ သတင်း မဖော်ပြပါဘူး။ မှတ်ချက်ပေးဖို့ကိုလည်း ဘီလီယံနာက ငြင်းပါတယ်။ ဂူဖရေးက ထပ်ထုတ် ပြောတဲ့သူ တွေထဲမှာ အရင်က စွပ်စွဲတာ တွေကို ငြင်းခဲ့တဲ့ နာမည်ကြီး Hedge Fund ပိုင်ရှင် ဂလင်း ဒူဘင်၊ ဆီနိတ်တာဟောင်း ဂျော့မစ်ချဲ၊ နယူးမက္ကစီကို ဘုရင်ခံဟောင်း ဘီလီရစ်ချတ်ဆင် တို့ ပါဝင် ပါတယ်။ အစ်ပစတိန်း၊ ဂူဖရေးနဲ့ အစ်ပစတိန်းရဲ့ ချစ်သူ ဂစ်ဆလိန်းမက်စဝဲလ် တို့နဲ့ ဓာတ်ပုံတွဲ ရိုက်ချိန်မှာ မင်းသား အင်ဒရူးက သူမရဲ့ ရင်အုံပေါ်ကို လက် လာတင် တယ်လို့ ဂျိုဟန်နာ ဆိုယော့က စွပ်စွဲ ပြန်ပါတယ်။ တော်ဝင်အဆောင်အယောင်တွေ မရှိတော့တဲ့ မင်းသားအင်ဒရူးကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေထဲ ပါလာမယ်လို့ မျှော်မှန်းကြပါတယ်။ ဒါပေမယ့် အင်ဒရူးက ဖော်ပြမထားတဲ့ သဘောတူညီကြေးပေးပြီး ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ဂူဖရေးနဲ့ ယမန်နှစ်က ပြေငြိမ်း လိုက်ပါတယ်။

(ဘယ်) အစ်ပစတိန်း (ညာ) မင်းသား အင်ဒရုးနှင့် ဂူဖရေး၊ နောက်ကရပ်နေသူ ဂစ်ဆလိန်း မက်စဝဲလ် (Source: Heute)

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်လည်း နာမည်တွေထဲပါတယ်လို့ သတင်းတွေက ဆိုပါတယ်။ အစ်ပစတိန်းရဲ့ လေယာဉ်မှူးဟောင်းက ဘီလ်ကလင်တန်ဟာ အစ်ပစတိန်းရဲ့ လေယာဉ်နဲ့ ခရီးသွားတာ တွေ ရှိတယ်လို့ ထွက်ဆိုပါတယ်။ ဘီလ်ကလင်တန်ကတော့ မဖွယ်မရာ ပြုမှုတွေ လုပ်တယ်လို့ စွပ်စွဲမခံရဘဲ သူကတော့ အစ်ပစတိန်းရဲ့ လိင်ကိစ္စတွေကို မသိဘူးလို့ဘဲ ငြင်းနေဆဲပါ။

ဂူဖရေးက အစ်ပစတိန်းရဲ့ ချစ်သူဟောင်း မက်စဝဲလ် ကို သူမကို အသက်မပြည့်မီ လိင်ပျော်ပါး စေမှုနဲ့ တရားစွဲတဲ့အခါ လူနာမည်စာရင်းက ပိုလို့ရှည်လာပါတယ်။ မက်စဝဲလ်ဟာ အသက်မပြည့် သူတွေကို အစ်ပစတိန်း အတွက် ရှာပေးတဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ စီရင်ချက်ချခံထားရပြီး အယူခံဝင်နေဆဲ ဖြစ်ပါတယ်။

အမှုကို ကိုင်တွယ်သူ မစ် ပရစ်ကာက ဒီအမှုမှာ လူနာမည်တွေကို ဆက်လက်လျှို့ဝှက်ထားဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘူးလို့ ဆိုပါတယ်။ အစ်ပစတိန်းထံ အလုပ်လုပ် ရတဲ့အချိန်မှာ အသက်မပြည့်သေးသူတွေရဲ့ နာမည်ကိုပဲ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။

အစ်ပစတိန်းရဲ့ အမှုကြီးအရိုးတွန်လာရာမှာ ဘယ်လောက်ထိ သမ္မတ ထရမ့်ကို ထိခိုက်စေမလဲ မသိနိုင် သေးပါဘူး။ သူ့ရဲ့ ဂုဏ်သရေရှိ အပေါင်းအသင်းရောင်းရင်းတွေ တစ်ချိန်ချိန်မှာ သူတို့ လုပ်ရပ် တွေ ဖုံးဖိမရဖြစ်လာရင် သူလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူးရယ်လို့ ကြိုသိလို့များ အစ်ပစတိန်း တစ်ယောက် ၂၀၁၉ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာများလားလို့ တွေးမိကြောင်းပါ။

ကိုးကား            NDTV News

                        ABC News

                        ချစ်စိန်လွင် ရေး ဆောင်ကြာမြိုင်မှတ်တမ်း

Click to rate this post!
[Total: 1 Average: 1]