The Corner

The Corner

cropped-Logo_round_grey-background.png

ညီမလေးရယ် စိုးရိမ်မိတယ်

Share မယ်

ထိုင်းနိုင်ငံ ပါလီမန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ ဖြူထိုင်းပါတီက သက်ဆင်ရဲ့နှမထွေးလေး ယင်းလတ်ရှင်နာဝပ်ထရကို ခေါင်းပေါ်တင်ပြီး ယှဉ်ပြိုင်အနိုင်ရခဲ့ကြလို့ ယင်းလတ်ဟာ မကြာခင်မှာပဲ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာတော့မယ်ဗျ။ ယင်းလတ်ဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်လို့ နိုင်ငံရေးသမား ဆိုရင်တော့ လုပ်လို့ ကိုင်လို့ အကောင်းဆုံး အသက်အရွယ်လို့ ဆိုနိုင်ပါတယ်။

အဘီဆစ်က ဝါရှိတယ်

အခု ဆင်းပေးရတော့မယ့် လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်က ၄၆ နှစ်။ အဘီဆစ်က နိုင်ငံရေး ‘ဝါ” ရှိတယ်။ အရည်အချင်းလည်း ရှိတယ်။ သူနဲ့ ယှဉ်ရင် ယင်းလတ်ဟာ မိုးပေါ်က ကျလာတဲ့ ရွှေကြာပင် နိုင်ငံရေးသမား၊ လူသစ်တန်း အဆင့်လို့ပဲ ပြောစရာ ရှိတယ်။ သူ့အစ်ကို သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီ အာဏာရစဉ်က အစိုးရငွေတွေကို ရေလိုသုံးပြီး တောသူတောင်သားတွေကို နားလှည့် ပါးလှည့်လုပ်ကာ စည်းရုံး သိမ်းသွင်းခဲ့တဲ့ အရှိန်အဝါကြောင့် သာသာလေးနဲ့ နိုင်ခဲ့တာ ဖြစ်တယ်။

အကွီနိုတို့နဲ့ ယှဉ်လို့မရ

ယင်းလတ်ဟာ ရွေးကောက်ပွဲမတိုင်မီ သီတင်း ၆ ပတ်လောက်ကမှ ကောက်ခါငင်ကာ နိုင်ငံရေးနယ်ထဲ ဝင်လာခဲ့တာပါ။ မိန့်ခွန်းတောင် ပီပီပြင်ပြင် မပြောတတ်ဘဲ စာရွက် ကြည့်ဖတ်နေရတဲ့ အဆင့်ပဲရှိတဲ့ အမျိုးသမီးတစ်ယောက်က နိုင်ငံရေး နတ်ရေကန် ပစ်ချလိုက်သလို ချက်ချင်းကြီး ဝန်ကြီးချုပ်ဖြစ်တော့မယ်ဆိုတော့ တစ်မျိုးကြီးပဲပေါ့ဗျ ဖိလစ်ပိုင်မှာ ခင်ပွန်းသည် အကွီနို လုပ်ကြံခံရပြီးတဲ့နောက် သမ္မတ ရွေးကောက်ပွဲဝင်လို အနိုင်ရခဲ့တဲ့ ကိုရာဇန်အကွီနို၊ အင်ဒိုနီးရှားက ဆူကာနိသမီး မေဃဝတီ၊ ပါကစ္စတန်က အလီဘူတိုသမီး ဘီနာဇီယာဘူတို ဘင်္ဂလားဒေ့ရှ်က နှိပ်မှဂျစ်သမီး ဟာဆီနာတို့လည်း ခေါင်းဆောင်တွေ ဖြစ်ခဲ့တာပဲ မဟုတ်လားလို့ ပြောချင်သူတွေရှိနိုင်ပါတယ်။ သို့ သူတို့တွေက ရှိခဲ့ကြတယ်။ နိုင်ငံရေးပါရမီ ဖြည့်ခဲ့ကြတယ်. ယင်းလတ်ရှင်နာဝပ်ထရလောက် အစိမ်းသက်သက် မဟုတ်ကြဘူး။ မနူးမနပ် ညီမလေး ယင်းလတ်ရဲ့ ရှေ့ခရီးအတွက် အစ်ကိုကြီး သက်ဆင်ကတော့ စိုးရိမ်နေမှာပဲဗျ။

နိုင်ငံရေးယဉ်ကျေးမှု

ထိုင်းနိုင်ငံကို အနှေးနဲ့အမြန် ဦးဆောင်မှု ပေးသွားတော့မယ့် ယင်းလတ်ရဲ့ ရှေ့ခရီးဟာ အလွန် စိတ်ဝင်စားစရာ ဖြစ်မှာကလည်း သေချာတယ်ဗျာ။ သူ့အတွက် စိတ်ချမ်းသာ စရာကတော့ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်က နိုင်ငံရေးယဉ်ကျေးမှု အပြည့်ဖြင့် ယင်းလတ်ရဲ့ အောင်နိုင်မှုကို အသိအမှတ်ပြုတယ်။ သူတို့အနေနဲ့ အတိုက်အခံ ကောင်းများအဖြစ် ဆက်လက် တာဝန် ထမ်းဆောင် သွားမယ်လို့ ကတိပြုလိုက်တာဟာ လေးစားဖွယ် အတိပါပဲဗျာ။ ဒါတင်မက ထိုင်း တပ်မတော် အကြီးအကဲကလည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို နာခံသွားမယ်လို့ ကြေညာတယ်ဗျာ။

နီကာရာဂွါနမူနာတစ်ခု

သည်နေရာမှာ တောင်အမေရိကတိုက် နီကာရာဂွါနိုင်ငံက အဖြစ်အပျက်တစ်ခုကို ပြေး သတိရလိုက်မိတယ်။ ၁၉၇၉ ခုနှစ်မှာ ဆန်ဒီနစ္စတာသူပုန်တွေ လက်နက်ကိုင် တော်လှန်ရေးနဲ့ အာဏာရခဲ့ကြ၊ ဆန်ဒီနစ္စတာ ခေါင်းဆောင် ဒယ်နီယယ်အော်တေဂါက ဆယ်နှစ်ဆယ်မိုး အုပ်ချုပ်ခဲ့၊ သူ၏ညီ ဟမ်ဘာတို အော်တေဂါက ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့၊ ၁၉၈၉ ကျတော့ ကမ္ဘာ့ဒီမိုကရေစီ လှိုင်းဂယက်ကြီးထဲ နီကာရာဂွါလည်း မရှောင်မလွှဲသာ ပါလာပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးရတော့ ဆန်ဒီနစ္စတာ အစိုးရပြုတ်ကျကာ ဒီမိုကရေစီ အစိုးရတက်လာတယ်။ မစ္စက်ကမ်မရိုဆိုတဲ့ သတင်းစာလုပ်ငန်းရှင် အမျိုးသမီးကြီး သမ္မတ ဖြစ်လာတယ်။ အတိုက်အခံဖြစ်သွားတဲ့ ဆန်ဒီနစ္စတာတွေက ဒီမိုကရေစီအစိုးရကို အကြမ်းဖက် ဆန္ဒပြပွဲတွေနဲ့ အားစမ်းတယ်။ အဲဒီအခါ သမ္မတ မစ္စက်ကမ်မရိုက အကြမ်းဖက် ဆန္ဒပြသူတွေကို အင်အားသုံးပြောချင်လွန်းလို့နှိမ်နင်းဖို့ အမိန့်ပေးတယ်။ အကောင်အထည်ဖော်ရသူက ဘယ်သူလဲဆိုတော့ မကြာခင်ကမှ ပြုတ်ကျသွားတဲ့ ဒယ်နီယယ်အော်တေဂါရဲ့ ညီအရင်း စစ်ဦးစီးချုပ် ဟမ်ဘာကိုအော်တေဂါပဲပေါ့။ အမေရိကန် နယူးစ်ဝိခ်မဂ္ဂဇင်းက အင်တာဗျူးလုပ်တော့ ဟမ်ဘာတိုက ပြန်ဖြေတဲ့အဖြေကို ကျွန်တော် မှတ်မိနေတယ်။ “နီကာရာဂွါ ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတရဲ့ အမိန့်ကို ကျွန်တော် နာခံရမှာပေါ့” တဲ့ဗျာ။

(စာကြွင်းအနေနဲ့ ဆက်ပြောစရာ ရှိတာက သမ္မတဟောင်း ဒယ်နီယယ် အော်တေဂါဟာ အတိုက်အခံ ဘဝမှာ ၁ဝ နှစ် ကြာခဲ့တယ်။ သူဟာ အကြမ်းဖက် ဆန့်ကျင်မှုတွေကို စွန့်လွှတ်လိုက်ပြီး ဆန်ဒီနစ္စတာအဖွဲ့ကို လူထုနဲ့ တစ်သားတည်း ဖြစ်အောင် စည်းရုံးနိုင်ခဲ့လို့ ၁၉၉၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင် ရရှိခဲ့ပါတယ်။)

ဒီမိုကရေစီ ဆက်ရှင်သန်ဖို့

မှတ်လောက်သားလောက် နိုင်ငံရေး ယဉ်ကျေးမှု နမူနာလေးတွေကို ကျွန်တော် လိုက်လံ စုဆောင်း မှတ်သားခဲ့တဲ့အထဲက ယခု ဖော်ပြလိုက်တဲ့ နီကာရာဂွါ အတွေ့ အကြုံမျိုးဟာ လူတွေ ကျယ်ကျယ်ပြန့်ပြန့် သိသင့်တဲ့ နမူနာကောင်းတစ်ခုပါ။ ထိုင်း နိုင်ငံမှာလည်း အလားတူ ကျင့်သုံးသွားရင် ဒီမိုကရေစီ ဆက်လက် ရှင်သန်နေဖို့ သူတို့ မျှော်လင့်နိုင်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ သက်ဆင် အင်အားစုကို ရွေးကောက်ပွဲဝင်ဖို့ လမ်းဖွင့် ပေးလိုက်ရင် ဘယ်သူမှမယှဉ်နိုင်ဘူးဆိုတာ အခု ပို၍ ရှင်းလင်းသဲကွဲသွားပြီ မဟုတ်လား။ ၂၀၀၁ နဲ့ ၂ဝဝ၅ ရွေးကောက်ပွဲတွေမှာ သက်ဆင်အုပ်စု ဆက်တိုက် အနိုင်ရခဲ့တယ်။ ၂၀၀၆ မှာ စစ်တပ်က အာဏာသိမ်းတဲ့နည်းနဲ့ သူတို့ကို ဖယ်ရှားခဲ့တယ်။ ပြီးတော့ သက်ဆင် တိုင်းပြည်ထဲ ပြန်မလာနိုင်အောင် ဝရမ်းထုတ်ထားချိန်မှာ ရွေးကောက်ပွဲ လုပ်ပေးတယ်။ သက်ဆင် နောက်လိုက် တပည့်တွေက ပါတီနာမည်အသစ်နဲ့ ရွေးကောက်ပွဲဝင်တယ်။ သူတို့ပဲ အနိုင်ရပြီး အစိုးရဖြစ်ခဲ့တယ်။ သက်ဆင် ပြန်လာတော့ ကန့်ကွက်မှုတွေဖြစ်ရာက လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး အစိုးရပြုတ်ကျတယ်။ သက်ဆင်ရဲ့ လူယုံတော် ဝန်ကြီးချုပ် ဆမတ်တောင် ထောင်ကျသွားသေးတယ်။ အဲဒီနောက်တော့ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဦးဆောင်တဲ့ အစိုးရဟာ ရွေးကောက်ပွဲ နိုင်လို့ အစိုးရဖြစ်တာ မဟုတ်ဘဲ စစ်တပ်ရဲ့ ကျောထောက် နောက်ခံနဲ့ အာဏာရခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ဖန် ရွေးကောက်ပွဲ လုပ်ပြန်တော့လည်း သက်ဆင် အင်အားစုတွေပဲ အောင်နိုင်ကြပြန်တယ်။ သည်တစ်ခါလည်း သူတို့ကို ဘယ်လို ဖယ်ရှားဦးမလဲ၊ ဖယ်ရှားဦးမှာလား။ ဘယ်တော့လဲ။ ညီမလေးအတွက် စိုးရိမ်စရာတွေပေါ့ဗျာ။

သက်ဆင်ပြန်လာရင်တော့

ယင်းလတ် အစိုးရ အာဏာလွှဲပြောင်း ယူပြီးချိန် ဝန်ကြီးချုပ်ဟောင်း သက် တိုင်းပြည်ထဲ ပြန်ဝင်လာမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သက်ဆင် ပြန်လာရင် ပြဿနာ ရှိနိုင်တယ်လို့ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်က သတိပေး တာလည်း ထည့်တွက်ရမှာပါ။ ယင်းလတ်ရဲ့ ပထမဆုံး လုပ်ဆောင်ရမယ့် တာဝန်ဟာ ဘုရင်၊ စစ်တပ်နဲ့ နိုင်ငံရေး အင်အားစု တွေအကြား အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ယိုင်နဲ့လာနေတဲ့ အမျိုးသားစီးပွားရေးကို ပြန်လည် ထူမတ်ဖို့။

မနူးမနပ် နိုင်ငံရေးသမားပေါက်စ တစ်ယောက်အနေနဲ့ ယင်းလတ်ကို ဆီးကြိုနေတဲ့ စိန်ခေါ်မှုတွေက ကြီးလေးလွန်းလှတယ်ဗျာ။ မည်သို့ရှိစေ၊ ထိုင်း နိုင်ငံရေးဟာ ကျောင်းသင် နိုင်ငံရေး သိပ္ပံပညာ သင်ရိုးညွှန်းတမ်းတွေထက် နက်နဲ သိမ်မွေ့ အတွေ့အကြုံတွေကို ပေးနေတာဖြစ်လို့ ယူတတ်ရင် ကိုယ့်အတွက် မြတ်နိုင်မည် ဖြစ်ကြောင်းပါ။

(“ညီမလေးရယ် စိုးရိမ်မိတယ်” စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ် ခေါင်းစဉ်ကို ယူသုံးပါတယ်။ မောင်ဝံသ)

ပြည်သူ့ခေတ်ဂျာနယ် (ပြောချင်လွန်းလို့ ဆောင်းပါး ကဏ္ဍ)

၆၊ ဇူလိုင်၊ ၂၀၁၁၊ တွဲ ၁၊ အမှတ် ၅၁။

Click to rate this post!
[Total: 0 Average: 0]