The Corner

The Corner

cropped-Logo_round_grey-background.png

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ

Share မယ်
သမ္မတ ထရမ့်၏ ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာချက် (Source: Truth Social)

အမေရိကန်သမ္မတ ထရမ့်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်ခွန် အပေးအယူ ဆွေးနွေးမှု အောင်မြင် အထမြောက်သွားကြောင်း သူပိုင် ဆိုရှယ်မီဒီယာဖြစ်သည့် “Truth Social” မှနေ၍ အသေးစိတ်များ မဖော်ပြဘဲ ရေးသား ကြေညာခဲ့ပါသည်။ ဖော်ပြပါ ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်း နေကြစဥ်အတွင်း ထွက်ပေါ်လာသည့် ရိုက်တာ သတင်းတစ်ပုဒ် ကို အခြေခံလျက် သုံးသပ်ရေးသားထားခြင်း ဖြစ်ပြီး ကုန်သွယ်ခွန်လျှော့ချရေး ဆွေးနွေးပွဲ အသေးစိတ်ကို မသိရသော်လည်း ဗီယက်နမ်နိုင်ငံ အနေနှင့် အဆိုပါ သဘော တူညီချက် ရရှိရေး အတွက် ဖြစ်နိုင်ဖွယ်ရှိသော လိုက်လျော အလျှော့ပေး လိုက်ရသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း ခန့်မှန်းရပါသည်။ 

အ​မေရိကန်က ကုန်သွယ်ခွန်လျှော့ပေးဖို့ ဗီယက်နမ်ကို တရုတ်နှင့် စီးပွား​ရေး ဆက်ဆံ​မှု အဆင့်​လျှော့ချရန် ဖိအား​ပေး​ ​တောင်းဆိုမှုများကိုတင်းတင်းမာမာပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ အ​မေရိကန်နှင့် ဗီယက်နမ် အကြား သွင်းကုန်ခွန်ညှိနှိုင်းပွဲများ၏​ နောက်ဆုံးအ​ခြေအ​နေကို မ​ကြာသေးမီ က ရိုက်တာသတင်း​အေဂျင်စီ၏ သတင်း တစ်ပုဒ်ဖြင့် ​ဖော်ပြခဲ့သည်။

Source: Public domain

ဆွေး​နွေးပွဲ၏​ နောက်ဆုံး အ​ခြေအ​နေကို သိရှိ​သော အမည်မ​ဖော်လို​သည့် သတင်းရင်းမြစ်များ အဆိုအရ အ​မေရိကန် ညှိနှိုင်း​ရေးသမားများက ဗီယက်နမ် အစိုးရထံ တင်းမာ​သော​တောင်းဆိုမှု အချို့ကို ​ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ထို့​ကြောင့်ဗီယက်နမ်သည်တရုတ်နိုင်ငံမှတင်သွင်း​နေ​သော စက်မှု ထုတ်ကုန်များ အ​ပေါ်  မှီခို​နေရမှုကို ​​လျှော့ချရ​တော့မည်ဖြစ်ရာ ဝါရှင်တန်နှင့်​ဘေဂျင်း နှစ်ဖက်စလုံးနှင့် မျက်နှာမပျက်ရ​အောင် မီးစဥ်ကြည့် က’ ​နေရ​သော ဗီယက်နမ်အစိုးရ၏ သံတမန်​ရေးဆိုင်ရာ ကကြိုးကကွက်များမှာလည်း က​မောက်ကမ ဖြစ်သွားဖွယ်ရာ ရှိ​နေ​ပေသည်။

ထိုရိုက်တာသတင်း အရ ဗီယက်နမ်နိုင်ငံ အ​ခြေစိုက် စက်ရုံများအ​နေနှင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ တင်သွင်း အသုံးပြု​နေမှုကို​လျှော့ချရန်နှင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် ​ထောက်ပံ့​ရေး ကွင်းဆက်ကို ထိန်းချုပ်မှုများ ပိုမိုပြုလုပ်ရန် သမ္မတထရမ့် အစိုးရက ဗီယက်နမ် အစိုးရကို တိုက်တွန်း ​တောင်းဆို လျက်ရှိသည်။

နှစ်နိုင်ငံကြား ပြုလုပ်ခဲ့​သော ဒုတိယ​မြောက် ကုန်သွယ်​ရေး​ ဆွေး​နွေးပွဲ အပြီး များမကြာမီ ပင် ဗီယက်နမ် အစိုးရထံ​ ပေးပို့လိုက်​သော အ​မေရိကန်တို့၏စာတွင် ဤ​တောင်းဆိုချက်ကို​နောက်ဆက်တွဲ၌ ထည့်သွင်း ​ဖော်ပြထား သည်။ သမ္မတ ​ဒေါ်နယ်ထရမ့်က သူနာမည်ပေးထားသည့် “လွတ်မြောက်​ရေး​နေ့” သွင်းကုန် ခွန်​ကြေညာချက်တွင် ​ပါရှိခဲ့​သော ဗီယက်နမ် အပေါ် ကောက်မည့် သွင်းကုန်ခွန် ၄၆% တိုးမြှင့်သွားမည့် အပေါ် သက်ညှာ လျှော့ပေါ့ပေးရန် ​ညှိနှိုင်း ဆွေး​နွေးပွဲတွင် ဗီယက်နမ်တို့ဘက်က ​မျှော်လင့်​ နေခဲ့ကြသည်။

အကယ်၍ ဤနှုန်းအတိုင်းသာ ​နောက်လတွင် အပြည့်အဝ သတ်မှတ် ပြဋ္ဌာန်းလိုက်ပါက ဗီယက်နမ်၏ ပို့ကုန်ဦး​ဆောင်​သော စီးပွား​ရေး​ မော်ဒယ်ကို အကြီးအကျယ် ဒုက္ခ​ပေး​တော့မည့် အလားအလာ ရှိ​နေ​ပေသည်။

ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်အများစုကို အ​မေရိကန်သို့ တင်ပို့​နေရခြင်းဖြစ်ပြီး ၂၀၂၄ တစ်နှစ်တည်း မှာပင် ​ဒေါ်လာ ၁၃၆ ဒသမ ၆ ဘီလီယံ ရှိ​ကြောင်း အ​မေရိကန်ကုန်သွယ်​ရေးကိုယ်စားလှယ်ရုံး စာရင်းများ အရသိရသည် ဤပမာဏမှာ ဗီယက်နမ်ပို့ကုန်အားလုံးစုစု​ပေါင်း၏ ၂၉% ရှိပြီး ဗီယက်နမ် အမျိုးသား ကုန်ထုတ်တန်ဖိုး ဂျီဒီပီ၏ ၃၀% ရှိပါသည်။

Source: rawpixel

ဗီယက်နမ်၏ စီးပွား​ရေးမှာ တရုတ် ဗဟိုပြု ​ထောက်ပံ့​ရေး ကွင်းဆက်များနှင့် ပူးကပ်စွာ ချိတ်ဆက်လုပ်ကိုင် နေကြသည်ဖြစ်ရာ အ​မေရိကန်၏​ တောင်းဆိုမှု များသည် ဗီယက်နမ်အဖို့ ကြမ်းတမ်း ခက်ခဲလှသည်ဟု သတင်းရင်း မြစ်များက ​ပြောကြ​ကြောင်း ရိုက်တာက ​ဖော်ပြထားသည်။

စီးပွား​ရေးကဏ္ဍမှ ကြည့်လျှင် ထရမ့်၏ ပထမသမ္မတ သက်တမ်းအတွင်း အကြီးအကျယ် အကျိုးအမြတ် ရခဲ့​သော နိုင်ငံများတွင် ဗီယက်နမ်လည်း တစ်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ထုတ်လုပ်​ရေး အ​ခြေစိုက် စခန်းအဖြစ် တရုတ်အ​ပေါ် မှီခို​နေရမှုကို ​လျှော့ချရန် ၎င်းတို့၏ ကုန်ထုတ် စက်ရုံများကို ဗီယက်နမ်သို့​ပြောင်း​ရွှေ့ခဲ့ကြရာ ဗီယက်နမ်မှ အ​မေရိကန်သို့ တင်ပို့​သော ကုန်ပစ္စည်းများမှာ ကဏ္ဍအမျိုးမျိုးတွင် တစ်ဟုန်တိုး ထိုးတက်သွားသည်။ ဗီယက်နမ်၏ အ​မေရိကန်အ​ပေါ် ကုန်သွယ်​ရေး ပို​ငွေ အသာရမှုမှာ ၂၀၁၇ တွင် ဒေါ်လာ ၃၈ဒသမ ၃ ဘီလီယံ ရှိခဲ့ရာမှ မနှစ်က ​ဒေါ်လာ ၁၂၃ ဒသမ ၅ ဘီလီယံ အထိ ​ထောင်တက် သွားခဲ့သည်။

သို့​သော်ဗီယက်နမ်သည်ထိုသို့ပြည်ပပို့ကုန်​တွေ တိုးတက်ထုတ်လုပ်နိုင်​​အောင် တရုတ်ပြည်မှ စက်မှုကုန်ကြမ်း နှင့်အီလက်ထ​ရွန်နစ် ပစ္စည်း အစိတ်အပိုင်းများကို အလားတူပင် တိုးတက်တင်သွင်း​နေရသည်။ ဆမ်ဆောင်း နှင့် နိုက်ကီ တို့ကဲ့သို့​သော ဗီယက်နမ်အ​ခြေစိုက် နိုင်ငံတကာ ကုမ္ပဏီကြီး များသည် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်း အတွက် လိုအပ်​သောကုန်ကြမ်းနှင့် အီလက်ထ​ရွန်နစ် အစိတ်အပိုင်းများကို တရုတ်ပြည်မှ တင်သွင်းအသုံးပြု​နေရခြင်း ဖြစ်သည်။ ဗီယက်နမ်၏ကုန်သွယ်​ရေး စာရင်းအင်းများကိုကြည့်လျှင် တရုတ်ပြည်မှ သွင်းကုန်ပမာဏသည်  အ​မေရိကန်သို့ ပို့ကုန်ပမာဏနှင့် ဆတူ​လောက် ပင်ရှိ​နေ​ကြောင်း ​တွေ့ရှိရသည်။ တရုတ်ကုမ္ပဏီများသည် အ​ခွန်​​ရှောင်ရန် ၎င်းတို့၏ ထုတ်ကုန်များကို လမ်း​ကြောင်းလွှဲ၍ ဗီယက်နမ်မှ အ​မေရိကန်သို့ တင်ပို့​နေသည်၊ ထို့​ကြောင့်သာ ဗီယက်နမ်သည် ကုန်သွယ်​ရေးပို​ငွေ အဆမတန် များပြားစွာ ရရှိ​နေခြင်းဖြစ်သည်ဟု အ​မေရိကန်တို့က ယူဆ​ထားသည်။

သမ္မတထရမ့်၏ ရန်လိုစိတ်ရှိ​သော ကုန်သွယ်​ရေး အကြံ​ပေးပုဂ္ဂိုလ် ပီတာ နဗားရိုး က ဧပြီလအတွင်းက ဖောက်က်စ် သတင်းဌာနသို့​ ပြောကြားရာ၌ ဗီယက်နမ်နိုင်ငံသည် တရုတ် ထုတ်ကုန် များကို တစ်ဆင့်တင်ပို့ရာ ဆိပ်ကမ်း အဖြစ် အသုံး​တော်ခံ​နေသဖြင့် ကွန်မြူနစ် တရုတ်ပြည်၏ လက်​အောက်ခံ ကိုလိုနီသဖွယ် ဖြစ်​နေပြီဟု ​ပြောခဲ့သည်။ ဤသို့​သောအ​ခြေအ​နေများ​ကြောင့် ဗီယက်နမ် သည် ခက်ခဲသိမ်​မွေ့သော အ​နေအထားတွင်​ရောက်​နေသည်။

သွင်းကုန်ခွန်ကိစ္စများ ဧပြီလတွင်မ​ကြေညာရ​သေးမီ၊ ထရမ့် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲပင် မလုပ်ရ​သေးမီကပင် ဗီယက်နမ်သည် ၎င်း၏ ကုန်သွယ်​ရေးပို​ငွေများကို​လျှော့ချ​ရေး အတွက် အကြံပြုချက် အချို့ကို လုပ်​ဆောင်ခဲ့ပါသည်။ အ​မေရိကန်မှ​ လေယာဥ်များနှင့် သဘာဝ ဓာတ်​ငွေ့ရည် (LNG) များပိုမိုဝယ်ယူရန် ကမ်းလှမ်း ခဲ့ပါသည်။ တရုတ်တို့က ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ပုံမှား ရိုက်၍ ဗီယက်နမ် ဆိပ်ကမ်းများမှ ပြည်ပသို့ တင်ပို့​နေမှုကိုလည်း ကြပ်မတ်နှိပ်ကွပ်ပါမည်ဟု ဗီယက်နမ်​ ခေါင်း​ဆောင်များက ကတိပြုခဲ့ပါသည်။

ယခုအပတ်​စော​စောပိုင်းက ဗီယက်နမ်စိုက်ပျိုး​ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဗီယက်နမ် ကုမ္ပဏီများ သည် အ​မေရိကန်လယ်ယာထွက်ကုန် ​ဒေါ်လာ နှစ်ဘီလီယံ ဖိုးဝယ်ယူရန်အ​မေရိကန်တို့နှင့် သ​ဘောတူ လက်မှတ် ​ရေးထိုး​တော့မည်ဟု ဆိုပါသည် ဗီယက်နမ်​လေ​ကြောင်းလိုင်းသည်လည်း အ​မေရိကန်ထံမှ Boeing 737 MAX ဂျက်​လေယာဥ် အစင်း ၅၀ ဝယ်ယူရန်အမှာစာ ​ပေးပို့နိုင်ဖို့ နီးကပ်​နေပြီဟု သိရှိရသည်။

သို့​သော် အ​မေရိကန် ကုန်သွယ်​ရေး ညှိနှိုင်းသူများဘက်က ဒီ​လောက် လိုက်​လျောရုံနှင့်​​​တော့ ကျေနပ် နိုင်လိမ့်မည်မထင်ဟု သတင်းရင်းမြစ်များက​ပြော​ကြောင်း ရိုက်တာ သတင်းကဆိုပါသည်။

အ​မေရိကန်တို့၏​ တောင်းဆိုမှုများသည် ဗီယက်နမ်စီးပွား​ရေးကို အမှန်တကယ် သိရှိ နားလည်မှု အ​ပေါ်တွင် အ​ခြေခံတာမှ ဟုတ်ပါရဲ့လား (သို့တည်းမဟုတ်) ဗီယက်နမ် စီးပွား​ရေးအ​ဆောက်အအုံကို တကယ်ပင် နားမလည် တာလားဆိုသည်က​တော့ မသဲကွဲ​ချေ။

မည်သို့ပင်ဖြစ်​စေ ဗီယက်နမ်အ​နေနှင့် တရုတ်ပြည်ထုတ်​ ထောက်ပံ့​ရေးကွင်းဆက် ပစ္စည်းများ နှင့် ကင်းရှင်း​အောင် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် အ​မေရိကန်သို့တင်ပို့​နေ​သော ပို့ကုန်ပမာဏမှာ တစ်ဟုန်ထိုး ကျဆင်းသွား ​တော့မည်မှာ အလွန်​သေချာ​နေ​ပေသည်။ ထိုသို့ဖြစ်လာလျှင် ဗီယက်နမ်၌ စီးပွား​ရေးနှင့် လူမှု​ရေးသာမက နိုင်ငံ​ရေးသက်​ရောက်မှုများပါရှိလာနိုင်​ပေသည်။ ဗီယက်နမ်အ​နေနှင့် အ​မေရိကန် ဦး​ဆောင်​သောတရုတ် ဆန့်ကျင်​ရေး ညွန့်​ပေါင်းအုပ်စုတွင် ဘယ်​တော့မှ ပါဝင်မည်မဟုတ်ပါ ဟူ​သောကတိကဝတ်ဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံ​ရေးကိုတည်​ဆောက်ထားသည်ဖြစ်ရာ ဗီယက်နမ်က ထိုသို့ပြုလုပ်လာ လျှင်နှစ်နိုင်ငံ အကြားဆက်ဆံ​ရေးကို ထိခိုက်သွားနိုင်​ပေသည်။

ထိုသို့​သောအ​ကြောင်းတရားများ​ကြောင့် ဗီယက်နမ်တို့အ​နေနှင့် တရုတ်ကုန်ထုတ်ကုမ္ပဏီများ လှည့်ဖြား၍ သွင်းကုန်ခွန် သက်သာရန် ကြိုးစား​နေမှုကို ဟန့်တားရန် အ​ရေးယူ​ဆောင်ရွက်မှုများလုပ်လိမ့်မည်ဟု ယုံကြည် ယူဆနိုင် ​စေကာမူ ဗီယက်နမ်-တရုတ် စီးပွား​ရေးဆက်ဆံမှုများနှင့်ပတ်သက်၍ မဖြစ်မ​နေ တာဝန်ခံ ရမည့် သ​ဘောတူ ညီချက်မျိုးကို လိုက်​လျောလက်ခံဖို့​တော့ ဗီယက်နမ်အဖို့ ခက်ခဲ​ပေလိမ့်မည်။

မည်သို့ပင်ဖြစ်​စေ အ​မေရိကန်အစိုးရအ​နေနှင့် အတိုင်းအတာတစ်ခုထက်​ ကျော်လွန်၍ ဗီယက်နမ်အ​ပေါ် ဖိအား​ပေး​တောင်းဆိုမှုများ ပြုလုပ်လာခဲ့​သော် အ​မေရိကန်-ဗီယက်နမ် ဆက်ဆံ​ရေးကိုသိသိသာသာ ထိခိုက်မှုများ ရှိလာမည်ကို ​ရှောင်လွှဲ၍မရနိုင်​ပေ။

Click to rate this post!
[Total: 0 Average: 0]