The Corner

The Corner

cropped-Logo_round_grey-background.png

တောင်ရှည်ပုဆိုး 

Share မယ်

တောင်ရှည်ပုဆိုး ဝေါဟာရနှင့် အသုံး

တောင်ရှည်ပုဆိုး ဆိုသည်မှာ တောင်ရှည်နှင့် ပုဆိုး ဟူသော ဝေါဟာရ နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ 

တောင်ရှည် ဆိုသည်မှာ အလျား ၁၀ တောင်အထိ ရှည်လျားသောကြောင့် တောင်ရှည်ဟု ခေါ်ဆိုခြင်း ဖြစ်မည်ဟု ယူဆရပေသည်။ တောင်ရှည်ဟူသော ဝေါဟာရကို မည်သည့် ခေတ်တွင် စတင် အသုံးပြုသည်ကို လေ့လာကြည့်ရာ ကိုလိုနီခေတ်လယ်သို့ ရောက်ရှိမှသာ စတင်တွေ့ရှိ ရပါသည်။ ထိုခေတ်ကာလတွင် မြန်မာလူငယ် အမျိုးသားများသည် အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားဘဝမှ လေးတောင်ဝတ်ဘဝသို့ ဝတ်စားဆင်ယင်မှု စတင်ကူးပြောင်းသွားကြပါသည်။  အလျား လေးတောင် ရှိသော ဖျင်စကို လုံခြုံစွာ ကွင်းချုပ်လုပ် ဝတ်ဆင် လာကြသည်။ ထို့ကြောင့် “လုံချည်”၊ “ကွင်းလုံချည်”၊ “လုံကွင်း”၊ “ကွင်းပုဆိုး”၊ “ပုဆိုးကွင်း” စသည်ဖြင့် ခေါ်ဆို လာကြသည်။ ၁၀ တောင်ရှည်လျားသော ပတ်၍ဝတ်ဆင်ရသည့် ပြန့်ပုဆိုးကိုမူ ကွင်းပုဆိုးနှင့် ကွဲပြားစေရန် “တောင်ရှည်”၊ “တောင်ရှည်ပုဆိုး” ဟု ခွဲခြားခေါ်ဆိုလာကြရာမှ ကိုလိုနီခေတ်လယ်တွင် တောင်ရှည်ပုဆိုး ဟူသော ဝတ်စားဆင်ယင်မှုဆိုင်ရာ ဝေါဟာရတစ်ရပ် ပေါ်ထွန်းလာပေသည်။ 

ပုဆိုး ဟူသော ဝေါဟာရကို လေ့လာရာ အစောဆုံးသော စာပေမှတ်တမ်း အထောက်အထားများ အရ ပုဂံခေတ်တွင် ရေးထိုးခဲ့သည့် ကျောက်စာများတွင် စတင်တွေ့ရှိရပါသည်။ မြန်မာသက္ကရာဇ် ၅၀၀ ခန့်က ရေးထိုး ခဲ့သည့် လေးမျက်နှာဘုရားကျောက်စာ၊ ကြောင်းရေ ၁၃ တွင် – “ . . . အထွတ်အောက် ရွှေကာ ပုဆိုး ခုနစ် ထပ် လွှမ်း၏။ ပုဆိုးထက်ကား ရွှေကျက်တငိုခတ်၏ . . .” ဟု ရေးထိုးထားရာ ဘုရားစေတီ၏ အထွတ်အောက်တွင် ခုနစ် ထပ်မျှ ရစ်ပတ်နိုင်သော အလျားရှည်သည့် ဖျင်စကို ပုဆိုးဟု ခေါ်ခြင်းဖြစ်ကြောင်း ထင်ရှားစေပါသည်။ မြန်မာ သက္ကရာဇ် ၅၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ စနေနေ့ နေ့စွဲပါ သင်ငနှစ်လိုသင်ကျောက်စာ၊ ကြောင်းရေ ၂၀ တွင် – “. . . အယင်တို့ ဝတ်သော ပုဆိုး ရွှေ ငွေ တန်ဆာ . . .” ဟုလည်းကောင်း၊ မြန်မာသက္ကရာဇ် ၆၁၀ ပြည့်နှစ်၊ ပြာသိုလဆန်း ၁၁ ရက် နေ့စွဲပါ မင်းသမီးအစောကြွမ်းဘုရားကျောက်စာ၊ ကြောင်းရေ ၄၀တွင် – “. . . အပေါင်ကြီး ခွက် ၈ ပိဿာ၊ အပေါင်ကြီး ပုဆိုး ၆၈ ထည်၊ အပေါင်ကြီး စပါး ၅၄ တင်း . . .” ဟုလည်းကောင်း၊ ယင်းကျောက်စာ၊ ကြောင်းရေ ၄၂ တွင် – “ . . . ပြုသော ကျသော ခွက်ကား ၃၀၆ ပိဿာ ငွေကား ၃၉၂ ပုဆိုးကား ၄၅ ထည် . . .” ဟုလည်းကောင်း၊ ဝိနည်းဓိုရ် ဘုရားအစု၊ ဘုရားအမှတ် ၃၃၈ အတွင်း၊ တောင်စမုခ်ခုံး အောက်မျက်နှာရှိ မင်စာ စာကြောင်းရေ ၄ တွင် – “. . . ဆင်းရဲစွာသော ပုံနားသည်ကို တက်သော ပုဆိုးတထည်သောကို ဘုရား၊ တရား . . .” ဟုလည်းကောင်း ရေးထိုး ထားသည် ကို တွေ့ရသဖြင့် ပုဆိုးကို အမျိုးသားတို့ ဝတ်ဆင်သော အဝတ်အထည်အဖြစ်လည်း အသုံးပြုကြောင်း သိသာထင်ရှားစေပါသည်။ 

ငစဉ့်ကူးမင်းလက်ထက် ဆီသည်ရွာစား မောင်အောင်ကြီး စပ်ဆိုခဲ့သည့် အင်းဝမြို့ဘွဲ့ လူးတား တွင် – “ . . . လေးတိုင်တဆောင်း၊ မမြင့်တောင်းဝယ်၊ နီမောင်းပုဆိုး၊ ဖွဲ့ချီးမိုးလျက်. . .” ဟု ထည့်သွင်း ရေးစပ်ထားရာ နီညို ရောင်ဘက်သမ်းသော ပုဆိုးကို အမိုးအကာ အဖြစ်အသုံးပြုကြောင်း တွေ့ရသဖြင့် ပုဆိုး ဟူသည် အမျိုးသားတို့ ကိုယ်တွင် ဝတ်ဆင်သော အဝတ်အထည်အဖြစ်သာမက ဘက်စုံ နေရာစုံတွင် သုံးနိုင်သော အလျားရှည်သည့် ဖျင်စ ဖြစ်သည်မှာ ပို၍ ခိုင်မာစေပါသည်။ 

 အထက်ဖော်ပြပါ စာပေအထောက်အထားများအရ တောင်ရှည်ပုဆိုး ဟူသောဝေါဟာရသည် အတောင်ရှည်လျားသောကြောင့် တောင်ရှည်ပုဆိုး ဟု ခေါ်ဆိုလာခြင်း ဖြစ်နိုင်သည်ဟူသော အယူအဆ ကို ထောက်ခံနေပေသည်။

ထို့ကြောင့် မြန်မာတို့၏ ပုဆိုးဆိုသည်မှာ တောင်ရှည်ပုဆိုးကို ခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။ လုံချည်သည် လုံခြုံအောင် ကွင်းအဖြစ် ချုပ်လုပ်ဝတ်ဆင်ရသော   အဝတ်အထည်ကို ခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။ 

တောင်ရှည်ပုဆိုးသမိုင်းကြောင်း

ပျူခေတ် (၂ ရာစု ဘီစီ – အေဒီ ၉ ရာစု) သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိ ရသော သဲကျောက်ဆစ်ရုပ်တု အပိုင်းအစ တစ်ခုတွင် အချိတ်အဆင်ပါရှိသော ဒူးအထက်တွင် နံငယ်ပိုင်း တောင်ရှည်ပုဆိုးကို စွန်တောင်၊ ခါးပုံစ ထုတ်လျက် ဝတ်ဆင်ထားသည့် အစောဆုံး အထောက်အထားကို စတင်တွေ့ရှိရပါသည်။ ယင်းကို ထောက်ရှု၍ တောင်ရှည် ပုဆိုး ဝတ်ဆင်မှုသည် မြန်မာ့မူပိုင်စစ်စစ် ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။ အေဒီ ၈၀၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည့် ပျူယဉ်ကျေးမှု သံအဖွဲ့ပုံကို တရုတ်ထန်မင်းဆက်ရာဇဝင် မှတ်တမ်းများ၌ ရေးဆွဲ မှတ်တမ်းတင် ခဲ့သည့် ပန်းချီများတွင်လည်း ပျူ အနုပညာရှင်များသည် ဒူးအထက်တွင် နံငယ်ပိုင်း တောင်ရှည် ပုဆိုးကို ခါးပုံထုတ်လျက် ဝတ်ဆင်ထား သည်ကို တွေ့နိုင်ပေသည်။

ပျူယဉ်ကျေးမှုနှင့်အတူ ထွန်းကားခဲ့သော တောင်ရှည်ပုဆိုးဝတ်ဆင်သည့် ဓလေ့သည်လည်း ပုဂံခေတ်တွင် ဆက်လက် ရှင်သန်ခဲ့ကြောင်းကို ပုဂံခေတ်ထိုး စာပေမှတ်တမ်းများ ဖြစ်သည့် ကျောက်စာ များတွင် “ပုချည်”၊ “ပုဆိုဝ်”၊ “ခဆီ” ဟူသော အဝတ်အထည်ဆိုင်ရာ အသုံးအနှုန်းများကို သုံးစွဲနေကြ သည်ကို ထောက်ရှု၍ တောင်ရှည် ပုဆိုးများကို ဆက်လက် ဝတ်ဆင်ခဲ့မည်ဖြစ်ကြောင်း ယူဆရပါသည်။ ပုဂံခေတ် နံရံဆေးရေး ပန်းချီများ တွင်လည်း ခါးတွင် တောင်ရှည် ပုဆိုးကို ခါးတောင်းကျိုက်၍ လည်းကောင်း၊ ခါးပုံရှေ့ချ ဒူးအထက် နံငယ်ပိုင်း တောင်ရှည်ပုဆိုး အဖြစ် လည်းကောင်း ဝတ်ဆင်ခဲ့ကြ ကြောင်း တွေ့ရှိရပါသည်။

တောင်ရှည်ပုဆိုးကို အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်၊ ရတနာပုံခေတ် အစဉ်အဆက် တွင်လည်း ဝတ်ဆင်ခဲ့ကြသည်ကို နံရံဆေးရေးပန်းချီ၊ စာပေမှတ်တမ်းများအရ တွေ့ရှိရပါသည်။ တောင်ရှည်ပုဆိုးကို ခါးတောင်း ကျိုက် ၍လည်းကောင်း၊ ခါးပုံရှေ့ချ ဒူးအထက် နံငယ်ပိုင်းတောင်ရှည် အဖြစ်လည်းကောင်း၊  ခါးပုံရှေ့ချ နှစ်နံစပ် တောင်ရှည် အဖြစ်လည်းကောင်း၊ နှစ်နံစပ်တောင်ရှည်၏ ခါးပုံစ ကို ကိုယ်တွင်ရစ်ပတ်၍ ပခုံးတင်အဖြစ် လည်းကောင်း အမျိုးမျိုး ဝတ်ဆင်ခဲ့ကြသည်ကို လေ့လာတွေ့ရှိ ရပါသည်။

ကိုလိုနီခေတ်တွင်မူ နှစ်နံစပ်တောင်ရှည်များ မဟုတ်တော့ဘဲ တစ်နံတည်း ရက်လုပ်ထားသော တောင်ရှည် ပုဆိုးများကို မင်းစိုးရာဇာအသိုင်းအဝိုင်း၊ သူဌေးသူကြွယ် အသိုင်းအဝိုင်းများက ဆက်လက် ဝတ်ဆင် အသုံးပြု ကြသကဲ့သို့ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ မင်းခမ်းမင်းနားများ၊ မင်္ဂလာရှိသော အခမ်းအနားများ၊ အလှူပွဲများ တွင်လည်း တောင်ရှည်ပုဆိုးကို ဆက်လက်၍ ဝတ်ဆင်ခဲ့ကြသည့် အထောက်အထား များကို ဓာတ်ပုံ မှတ်တမ်း၊ ပန်းချီ၊ ရုပ်ရှင်မှတ်တမ်း တို့တွင် တွေ့မြင်နိုင်ပါသည်။ တောင်ရှည်ပုဆိုး ဝတ်ဆင်သည့် ဓလေ့သည် ယနေ့ထိတိုင် မြန်မာအမျိုးသားတို့၏ အမျိုးသားဝတ်စုံ အဖြစ် တည်ရှိနေပါသည်။ 

“အတောင်နှစ်ဆယ်” ရှင်းတမ်း

ရှေးက မြန်မာအမျိုးသားတို့ကို “အတောင် ၂၀ ဝတ် မင်းယောက်ျား” ဟူ၍လည်း ခေါ်ကြ ပေသည်။ အကြောင်း မှာ အတောင်၂၀ ရှိသော တောင်ရှည်ပုဆိုးများကို ဝတ်ဆင်ကြသောကြောင့် ဖြစ်ပါသည်။ အတောင် ၂၀ ပုဆိုး ဆိုသည် မှာ ၁၀ တောင်ရှည်သော ဖျင်စကို နှစ်နံစပ်၍ ချုပ်ထား သောကြောင့် အတောင် ၂၀ ပုဆိုးဟု ခေါ်ခြင်း ဖြစ်ပါသည်။ ရှေးအခါက ရက်ကန်းစင်များသည် အနံတို ရက်လုပ်သော ရက်ကန်းများသာ ဖြစ်သောကြောင့် ထွက်ရှိလာသည့် ဖျင်စမှာ အနံတို (နံငယ်ပိုင်း) ဖျင်စများသာ ဖြစ်ပါသည်။ အနံအရှည် ဝတ်ဆင်လိုပါက နှစ်နံစပ်၍ ဝတ်ကြရပါသည်။ ယောဒေသမှ ထွက်ရှိသော ယောလုံချည်များသည် အနံတို ရက်ကန်းထည်များ ဖြစ်သောကြောင့် နှစ်နံစပ်၍ ဝတ်ဆင်ရ သကဲ့သို့ ဖြစ်ပါသည်။ 

တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ အဆင့်ဆင့်

တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံမှာ ပုဆိုးအဆင်၏ လှသောဘက်ကို အပြင်ထား၍ အလျားတစ်ဖက် အစွန်စကို လက် တစ်ဖက်ဖြင့် ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် အစနှစ်စ ချည်ရာတွင် ထိစပ်မိအောင် ဝတ်ဆင်မည့်သူ၏ ကိုယ်ခန္ဓာ အရွယ်အစားအတိုင်း ကိုင်ပြီး အစွန်စ နှစ်စကို ခါးတွင် ခိုင်မြဲအောင် ချည်နှောင် ရပါသည်။ ထို့နောက် ကျန်ရှိနေသော အစကို ထိပ်ဖျားမှကိုင်ကာ အလယ်တည့်တည့် (ရှေးက နှစ်နံစပ်ပုဆိုးဖြစ်သောကြောင့် နှစ်နံစပ် သည့် နေရာတည့်တည့်) မှ ပုဆိုးအဆင်၏ လှသောဘက်ကို အပြင်ထား၍ ခေါက်လိုက်ရသည်။ ထို့နောက် ခါးပုံကို တောင်ရှည် ပုဆိုး ဝတ်ဆင်မည့်သူ၏ ခါးမှ ခြေမျက်စိအထိ အရှည်အတိုင်း အလျားလိုက် ခေါက်ချိုးရမည်။ အလယ် တွင် ပိုနေသော အစကို စွန်တောင်အဖြစ် အပေါ်သို့ ဆွဲထုတ်တင်ကာ ခါးတစ်ဖက်တွင် ထိုး၍ သပ်ရပ် အောင် ပြုလုပ် ရသည်။ ထို့နောက် ခေါက်ချိုးထားသော ခါးပုံစကို စွန်တောင်ထုတ်ထားသည့်ဘက်နှင့် ဖီလာ တစ်ဖက်တွင် ခါး၌ ထိုး၍ ဝတ်ဆင်ရပါသည်။ 

တောင်ရှည်ပုဆိုး အဆင်အမျိုးမျိုး

တောင်ရှည်ပုဆိုးကို ရှေးခေတ်က လွန်းရာကျော်အချိတ်အဆင်များဖြင့်လည်းကောင်း၊ ရွှေချည်ထိုး အဆင်များ အဖြင့် လည်းကောင်း၊ ဆေးရေးအထည်များအဖြစ်လည်းကောင်း၊ နိုင်ငံခြားဖြစ် ဘရိုကိတ်၊ ဖဲ၊ ပိုးစသည့် အဆင်များ အဖြစ် လည်းကောင်း တန်ဆာဆင်၍ ဝတ်ဆင်ကြသကဲ့သို့ အကွက်၊ အစင်း၊ ပြောင် တောင်ရှည်ပုဆိုးများလည်း ရှိပါသည်။ တောင်ရှည်ပုဆိုးများကို ချည်၊ ပိုး၊ ဖဲ တို့ဖြင့် ရက်လုပ်ထားပါသည်။

ရှေးက အမျိုးသားများ ဝတ်ဆင်ခဲ့သည့် တောင်ရှည်ပုဆိုး အဆင်များမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှ ပါသည်။ ဗလာပုဆိုး၊ အချိတ်ပုဆိုး၊ ကိုက်ပုဆိုး၊ စပ်ပုဆိုး ဟူ၍ လေး မျိုး ကွဲပြားစွာ တွေ့ရှိရ ပါသည်။ ဗလာပုဆိုး ဆိုသည်မှာ အဆင်ဒီဇိုင်း မပါသော အရောင်သက်သက် ဗြောင်ပုဆိုးမျိုးကို ခေါ်ပါ သည်။ ရှေးက ဗလာပုဆိုးအဆင် ၃၇ မျိုး ရှိခဲ့သည်ဟု မှတ်သားရပါသည်။ အချို့သော အစင်းလိုင်း ပါသော အဆင်များကိုလည်း ဗလာပုဆိုးဟု ခေါ်ကြောင်း သိရပါသည်။ အချိတ်ပုဆိုး ဆိုသည်မှာ လွန်းရာကျော်အချိတ်ဒီဇိုင်း ရက်လုပ်ထားသော ပုဆိုးမျိုး ဖြစ်ပြီး အဆင် ၃၀ ကျော် ရှိသည်ဟု မှတ်သားရပါသည်။ ကိုက်ပုဆိုး ဆိုသည်မှာ ၁၈ တောင် ကိုက်ပြည့် ရက်လုပ်ထားသည့် ပုဆိုး တောင်ရှည် ဖြစ်ပြီး စပ်ပုဆိုး ဆိုသည်မှာ ၁၀ တောင် နှစ်နံ စပ်ထားသော အတောင် ၂၀ ပုဆိုးတောင်ရှည်ကို ဆိုလိုပါသည်။ 

တောင်ရှည်ပုဆိုး ဆင်မြန်းပုံဓလေ့

ယနေ့ခေတ်တွင် တောင်ရှည်ပုဆိုးကို ကိုယ်တိုင်းဖြင့် စနစ်တကျ တိတိကျကျ သတ်မှတ် ချုပ်လုပ်သဖြင့် တောင်ရှည် ပုဆိုး၏ အရှည်သည် အလျား ၁၀ တောင် မရှိတော့ချေ။ ရှေးက အလျား ၁၀ တောင် ရှည်သဖြင့် ခေါက်၍ထပ်၍ ဝတ်ဆင်ခြင်းပင် ဖြစ်သည်။ ခါးတွင် စည်းနှောင်ပြီးနောက် ပိုနေသော ခါးပုံစသည် အပေါ်ပိုင်း အင်္ကျီ ဝတ်ဆင် လေ့မရှိသော ပုခုံးထက်တွင် တင်ထားသည်ဖြစ်ရာ ရှေးမြန်မာ ကာလသားကြီးတို့၏ ခန္ဓာကိုယ် ရင်အုပ်၊ ကျောနှင့် လက်မောင်းအထက်ရှိ ထိုးကွင်းမှင်ကြောင် အရုပ်များနှင့် တောင်ရှည်တို့ ပေါင်းစပ်သော် ဝင့်ကြွားဟန် တင့်လှပေသည်။ 

ရှေးမြန်မာအမျိုးသားတို့သည်  သာမန်အချိန်တွင် ဒူးအထက် နံငယ်ပိုင်း တောင်ရှည်များကို ဝတ်ဆင်လေ့ ရှိကြပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ရက်ကန်းစင်ကျ ဖျင်စသည် အနံငယ်ဖြစ်ခြင်း၊ မြန်မာရာသီဥတု၏ ပူပြင်းမှုကြောင့် လေဝင်လေထွက်ကောင်း၍ အေးစေခြင်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသောကြောင့်  ရွှံ့ညွန် တောထဲတွင် အနံငယ်တောင်ရှည်ပုဆိုးကသာ အဆင်ပြေဆုံးဖြစ်၍ ဆင်မြန်းကြခြင်း ဖြစ်ပါသည်။ ပွဲလမ်းသဘင် အခမ်းအနားများတွင်မူ အဂါရဝ မဖြစ်စေရန် နှစ်နံစပ် တောင်ရှည်ကို သေချာစွာ စပ်ချုပ်၍ ဝတ်ဆင်ကြပါသည်။

တောင်ရှည်ပုဆိုးနှင့် ပတ်သက်၍လည်း ရတနာပုံခေတ်တွင် ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ ဆိုသကဲ့သို့ မင်းတုန်းမင်းတရားကြီးနှင့် သီပေါမင်းတို့၏ ဝတ်လဲတော်ပုဆိုးများကို ပိုးရက်ကန်းအဖြစ် ရက်လုပ် ထားပြီး လှပဆန်းပြားသော လွန်းရာကျော်အချိတ်အဆင် များအဖြစ် ပြတိုက်ကြီးများတွင် ယနေ့တိုင် ထိန်းသိမ်း ပြသထားသည်ကို တွေ့မြင်နိုင်ပေသည်။ ဤနေရာတွင် အလျဉ်းသင့်၍ မင်းတုန်းမင်း တရားကြီးသည် နံ့သာရောင် ဝတ်လဲတော် ကိုလွန်စွာနှစ်သက်ပြီး၊ သီပေါမင်းသည် ဖက်ဖူးရောင် ဝတ်လဲတော်ကို နှစ်သက်သဖြင့် ထိုခေတ်ကာလ များက မည်သူမှ ထိုအရောင်များကို တုပ ရက်လုပ် မဝတ်ဆင်ကြရချေ။ ဝတ်ဆင်မိပါက ရာဇာဝတ် တော်သင့်၍ မျက်မာန်ရှခံရသည်ဟု နန်းဓလေ့မှတ်တမ်း တွင် ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။

ရှေးမြန်မာမင်းတို့ လက်ထက်တွင် ပညာတတ် မင်းယောက်ျားတို့၏ ခါးတိုပိတ်ပါး အပေါ်အင်္ကျီ နှင့် တောင်ရှည် ပုဆိုးသည် ပညာတတ် အမျိုးကောင်းသားတို့၏ သင်္ကေတတစ်ခု ဖြစ်ပြီး အုပ်ချုပ်ရေး ဆိုင်ရာအရာရှိ၊ မင်းမှုထမ်းတို့၏ သိုရင်းနှင့် တောင်ရှည်ပုဆိုးသည် ယူနီဖောင်းပင်ဖြစ်ပေသည်။ ထိုယူနီဖောင်းအပေါ်မှ မိမိတို့နှင့် သက်ဆိုင်ရာ ရာထူးအရ စစ်ဘက်၊ နယ်ဘက်ခွဲခြားထားသော အပေါ်ဝတ် ကတ္တီပါဝတ်လုံအင်္ကျီများ၊ မျဉ်းတို၊ မျဉ်းရှည်အင်္ကျီများ၊ အဆောင်အယောင်များကို ထပ်ကာ ဆင်မြန်းကြပါသည်။

တောင်ရှည်ပုဆိုးနှင့် မြန်မာဘုရင့်တပ်မတော် 

ရှေးမြန်မာဘုရင့်တပ်မတော် စစ်ချီစစ်ထွက်ရာတွင် တိုက်ခိုက်ရေး စစ်သည်အင်အားများအပြင် ဆတ္တာသည်၊ ခဝါသည် များပါ ပါဝင်သည်ကို နိုင်ငံခြားသားများ၏ မှတ်တမ်းများအရ သိရှိရသည်။ ဘုရင့်နောင် မင်းတရားကြီး အယုဒ္ဓယ (ယိုးဒယား)ကို အောင်တော်မူပြီး ပြန်လာသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားသော ပေါ်တူဂီကုန်သည် တစ်ဦး၏ မှတ်တမ်းတွင် ခဝါသည် အင်အား နှစ်သောင်းခန့် ပါဝင်ကြောင်း ရေးသားထား လေသည်။ ဆတ္တာသည် (ဆံပင်ညှပ် မုတ်ဆိတ် ရိတ်ဆရာ) ခေါ်ရသည်ကား ယောက်ျားသားများသာ ပါရှိသော တပ်မတော်တွင် အထူးအဆန်း မဟုတ် သော်လည်း ခဝါသည်များ ပါသည်ကား ထူးဆန်းလှပေသည်။ အဘယ်ကြောင့် သူတိုကို ခေါ်ရသနည်း။ ထိုမေးခွန်း၏ အဖြေ သည်ကား တောင်ရှည်ပုဆိုးကြောင့်ပင် ဖြစ်ပါသည်။ မြန်မာဘုရင့်တပ်မတော်သားတို စစ်ချီသော် ပုဆိုးနှစ်ထည်၊ နံငယ်ပိုင်း သားရေမိုးကာ၊ လွှာဖိနပ်၊ ဘူးသီးခြောက်၊ ဆန်စလွယ်နှင့် ပလိုင်းသည် equipment အပြည့် အစုံပင်ဖြစ်သည်။ စခန်းချသော် ပုဆိုးတစ်ထည်အား မြေတွင် မြေခင်းအဖြစ်ခင်းကာ တစ်ထည်ကို ခြုံ၍ အိပ်ကြ ရပါ သည်။ ကြိုးအဖြစ် လိုသော် ပုဆိုးတစ်လွှားကို ဖြတ်ကာ ကြိုးကျစ်သည်။ အနာစည်းရန် လိုသော် ပတ်တီး အဖြစ် ပုဆိုးစဖြင့် စည်းသည်။ လူနာသယ်သော် ပုဆိုးကို ပုခက် လုပ်သည်။ ပုဆိုးသည် multipurpose (စွယ်စုံသုံး) အဖြစ် မြန်မာဘုရင့်တပ်မတော် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရှေးမြန်မာတို့တွင် ဆေးပညာအရ ဘက်တီးရီးယားပိုးမွှားကို မသိသော်လည်း သူတို့သိသည်ကား အဝတ်မသန့်သော် အနာပုပ်တတ်သည် ရောဂါထူပြောသည်ကိုကား သိကြသည်။ ထိုကြောင့် မြန်မာဘုရင့် တပ်မတော်တွင် ခဝါသည်များ သည် တောင်ရှည်ပုဆိုးများကို အစဉ်အမြဲ သန့်ရှင်း နေအောင် ပြုလုပ်ရန် ခေါ်လာခြင်း ဖြစ်သည်ဟု မှတ်ချက်ချမိလေသည်။

ပြောင်းလဲလာသော တောင်ရှည်ပုဆိုးဝတ်ဆင်ဟန်

တောင်ရှည်ပုဆိုး ဝတ်ဆင်ရာတွင် ခါးပုံချသည်မှာလည်း တစ်ကြောင်းတစ်ဂါထာ ဆိုသကဲ့သို့ အမျိုးမျိုးရှိရာ ခါးပုံဘယ်ချ၊ ခါးပုံညာချ စသည်ဖြင့် မိမိအားသန်ရာ ချ၍ ရှေးက ဝတ်ဆင်ခဲ့ကြပါသည်။ သို့ရာတွင် နောက်ပိုင်း ကာလ များ၌ စံသတ်မှတ်မှုများ ပြုလုပ်လာရာ တောင်ရှည်ညာချ၊ ခေါင်းပေါင်း ညာချ၊ ရင်ဖုံးတိုက်ပုံညာချ စသည့် သတ်မှတ်မှု များ ရှိလာပေသည်။ ဘယ်ချ၊ ညာချ မည်သည့်ဘက်ချချ မမှားကြောင်းကိုကား ခေတ်အဆက်ဆက် ရုပ်ပုံ ပန်းချီ ဓာတ်ပုံ စသော အထောက်အထား များစွာက သက်သေပြုနေပေသည်။ 

တောင်ရှည်ပုဆိုးကို ကိုလိုနီခေတ် ရောက်သည်အထိ မြန်မာတို့ ဝတ်ဆင်ခဲ့ကြပါသည်။ ခေတ် ကာလ အလျောက် ပြောင်းလဲလာသော ဝတ်စားဆင်ယင်မှုဆိုင်ရာ ယဉ်ကျေးမှု ရေစီးကြောင်းတွင် ကိုလိုနီခေတ် လယ်မှသည် လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်အထိ တောင်ရှည်ပုဆိုး နေရာတွင် လုံချည်ကွင်း များ ချုပ်လုပ် ဝတ်ဆင်လာကြသော်လည်း တောင်ရှည်ပုဆိုးဝတ်ဆင်သည့် အငွေ့အသက် လက်ကျန်အဖြစ် ခါးပုံစ ထုတ်၍ ဝတ်ဆင် ခဲ့ကြသည်ကို တွေ့မြင်နိုင်ပါသည်။ ၁၉၆၀ ပြည့် နောက်ပိုင်း ကာလများ တွင်မူ ခါးပုံစကို ကျစ်ကာ သိမ်း၍ ဝတ်ဆင် လာကြပါသည်။

တောင်ရှည်ပုဆိုး ခါးပုံစ ရှေ့တည့်တည့်ချသည့်ဟန်ကို ယနေ့ခေတ် မင်္ဂလာဆောင်များတွင် ဒီဇိုင်နာများက သတို့သားများအား ဝတ်ဆင်ပေးကြသည်ကို တွေ့မြင်လာရပါသည်။ ထို့အတူ ရဟန်းခံ၊ ရှင်ပြု ပွဲများတွင်လည်း မောင်ရှင်လောင်းများကို တောင်ရှည်ဝတ်ဆင်ပေးရာတွင် ခါးပုံစကို ရှေ့တည့် တည့်ချ၍သာ ဝတ်ဆင်လာ ကြပါသည်။ အဘယ်ကြောင့် အရှေ့တည့်တည်ချသည်မူကား မဆိုတတ်ချေ။ ဒီဇိုင်နာများ ဖန်တီးချုပ်လုပ်ထားသော တောင်ရှည် ပုဆိုး၏ အလှအပ ဖန်တီးမှုများကို ပေါ်လွင်ထင်ရှား စေလို၍ ဖြစ်နိုင်ချေသည်။ ခါးပုံစကို မည်သို့ပင် ချစေကာမူ ခေတ်အဆက်ဆက် “အရိုးပေါ်အရွက်မဖုံး” သည့် မြန်မာအမျိုးသားတို့၏ ဝတ်စားဆင်ယင်မှုအဖြစ် တည်ရှိနေသည်မှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပေသည်။

တောင်ရှည်ပုဆိုး၏ ဩဇာလွှမ်းမိုးမှု

ရှေးမြန်မာမင်းများသည် အိမ်နီးချင်းနိုင်ငံများသို့ ဘုန်းတန်ခိုးအာဏာစက် ချဲ့ထွင်နိုင်ခဲ့ရာ မြန်မာတို့၏ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုများသည်လည်း အိမ်နီးချင်း နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့ ပေသည်။ ယင်းအထောက် အထားများကို ထိုင်းနိုင်ငံ (မြောက်ပိုင်း) လန်းနားဒေသ၊ ချင်းရိုင်ခရိုင်၊ ချင်းမိုင်မြို့နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စစ်တကောင်းနယ်၊ ဗိုလ်မင်း တောင်ဒေသများတွင် ယနေ့တိုင် တွေ့နိုင်ပေသည်။

ဇာတ်သဘင်နယ်ပယ်နှင့် တောင်ရှည်ပုဆိုး

သို့ရာတွင် တောင်ရှည်ပုဆိုး ဝတ်ဆင်မှုကို မြန်မာမှုဇာတ်သဘင်များတွင် အစဉ်အဆက် ထိန်းသိမ်း၍ ဂုဏ်ယူစွာဖြင့် မပြုမပြင်ဘဲ မူလအတိုင်း ဝတ်ဆင်လာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။ သို့သော် ခါးပုံချသည့် ပုံစံမှာမူ ဇာတ်မင်းသားများ၏ ခါးပုံချဟန်၊ လူရွှင်တော်တို့၏ ခါးပုံချဟန်မှာ အနည်းငယ် ကွဲလွဲပါသည်။ ဇာတ်မင်းသား တို့သည် တောင်ရှည် ခါးပုံစကို ဘေးသို့ စောင်းကာ ချ၍ ဝတ်ဆင်ကြပါသည်။  တောင်ရှည်ပုဆိုး ခါးပုံစကို ခတ်၍ လည်းကောင်း၊ ကိုင်၍ မြှောက်၍  ယမ်း၍ နောက်သို့ပင့်၍ ခါးတောင်းကျိုက်၍ လည်းကောင်း ခါးပုံအက ကကွက်များ ကပြကြရာ တောင်ရှည်ပုဆိုး ခါးပုံစနှင့် စွန်တောင်တို့ကို အသုံးပြုကြပါသည်။ မင်းသားများ ဝတ်ဆင်သော တောင်ရှည် ပုဆိုး အဆင်များမှာ ပိုး၊ ဖဲတို့ဖြင့် ရက်လုပ်ထားသော လွန်းရာကျော် အချိတ်များ၊ ရွှေချည်ထိုးအဆင်များ၊ ဘရိုကိတ် ပွင့်ရိုက်များ၊ ဘော်ကြယ်စီးကွင့်ထိုး အဆင်များ စသည်ဖြင့် အမျိုးစုံဖြစ်ပါသည်။ 

လူရွှင်တော်များ ကမူ တောင်ရှည်ပုဆိုး ခါးပုံစကို ခါးတွင် အထပ်ထပ် ရစ်ပတ်ကာ ခါးပုံစ ခပ်တိုတိုချ၍ ကပိုကယို ဆင်မြန်းလေ့ ရှိကြပါသည်။ လူရွှင်တော်များ ဝတ်ဆင်သည့် တောင်ရှည် ပုဆိုးအဆင်များမှာ ချည်ထည် အကွက်ကျဲကျဲ အရောင်တောက်တောက် အဆင်များသာ တွေ့ရများပါသည်။ 

ဝတ်စားဆင်ယင်မှုဆိုင်ရာ ယဉ်ကျေးမှု ခေတ်ရေစီးကြောင်းများ မည်သို့ပင် ပြောင်းလဲ လာသော်လည်း အရိုးပေါ် အရွက်မဖုံးသည့် တောင်ရှည်ပုဆိုးသည်ကား မြန်မာလူမျိုးတို့၏ ဘိုးဘေးဘီဘင်များလက်ထက်မှသည် ခေတ်အဆက်ဆက် ယနေ့တိုင် ဝတ်ဆင်လာခဲ့ကြသော ရိုးရာအဝတ်အစား စစ်စစ်ဖြစ်ပြီး မြန်မာလူမျိုးတို၏ အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြသော အမျိုးသားဝတ်စုံ National Costume စစ်စစ် အဖြစ်တည်ရှိနေပါသည်။ 

ကျမ်းကိုးစာရင်း

၁။ပုဆိုးကြမ်း၊ မောင်ရှေးခေတ် မြန်မာ့အဝတ်အထည်များ စာပေဗိမာန်၊ ၁၉၈၄
၂။ရွှေကိုင်းသားဆင်ယင်ထုံးဖွဲ့မှုကြီးပွားရေး၊ ၂၀၀၅
၃။ငြိမ်းမောင်၊ ဦးတိုင်းရင်းမြန်မာကျောက်စာများ၊ အတွဲ ၁ရှေးဟောင်းသုတေသန
၄။တင်လတ်ယု၊ ဦးအခမ်းအနားတက် မြန်မာအမျိုးသားဝတ်စုံ 
ခေါင်းပေါင်း၊ တိုက်ပုံနှင့်တောင်ရှည်ပုဆိုးစာတမ်း
၂၀၀၉ ခုနှစ်
၅။တင်လတ်ယု၊ ဦးကိုလိုနီခေတ်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုစာတမ်း၂၀၁၀ ပြည့်နှစ်

မှီငြမ်း: ခေတ်အဆက်ဆက် နံရံဆေးရေးပန်းချီ၊  ပုရပိုက်ပန်းချီ၊ ရုပ်တုရုပ်ကြွနှင့် ဓာတ်ပုံမှတ်တမ်းများ

ပျူခေတ်က နံငယ်ပိုင်း တောင်ရှည်ပုဆိုးကို ခါးပုံချ၊ စွန်တောင်ထုတ်၍ ဝတ်ဆင်ထားပုံ ကျောက်ဆစ်ရုပ်ကြွ (ဓာတ်ပုံ – စာရေးသူ)
ပုဂံခေတ်တွင် နံငယ်ပိုင်း တောင်ရှည်ပုဆိုးကို ရှေ့တွင်ခါးပုံချ၍  ခါးဆီး စည်းနှောင်ကာ ဘေးတွင်ချ၍ ဝတ်ဆင်ထားပုံ နံရံဆေးရေးပန်းချီ (ဓာတ်ပုံ – စာရေးသူ)
အင်းဝခေတ်၏ တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ နံရံဆေးရေးပန်းချီ (ဓာတ်ပုံ – စာရေးသူ)
အမရပူရခေတ် တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ နံရံဆေးရေးပန်းချီ (ဓာတ်ပုံ – စာရေးသူ)
ကုန်းဘောင်ခေတ် တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ နံရံဆေးရေးပန်းချီ (ဓာတ်ပုံ – စာရေးသူ)
ရတနာပုံခေတ် တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ ပုရပိုက်ပန်းချီ (ဓာတ်ပုံ – စာရေးသူ)
ကိုလိုနီခေတ် တောင်ရှည်ပုဆိုး ဝတ်ဆင်ပုံ ဓာတ်ပုံမှတ်တမ်း (ဓာတ်ပုံ – စာရေးသူ)
ယနေ့ခေတ် ဇာတ်မင်းသား၊ လူရွှင်တော်နှင့် သတို့သားတို့၏ တောင်ရှည်ဝတ်ဆင်ပုံ အမျိုးမျိုး (ဓာတ်ပုံ – စာရေးသူ)
Click to rate this post!
[Total: 0 Average: 0]