
နေတိုး (NATO) ခေါ် မြောက်အတ္တလန္တိတ်စာချုပ်များအဖွဲ့ဝင် ၂၄ နိုင်ငံထဲမှာ အမေရိကန်ပြည်ထောင်စုဟာ ကာကွယ်ရေးအသုံးစရိတ်တွေ အများဆုံးသုံးစွဲခဲ့တဲ့ နိုင်ငံပါ။ ဒေါ်လာဘီလီယံပေါင်း ၉၆၇ ဒသမ ၇ ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်ပေမယ့် ၎င်းမှာ ပြည်ပ ကြွေးမြီတွေလည်း အများအပြား ရှိနေတာပါ။ အမေရိကန်နိုင်ငံရဲ့ ကြွေးမြီစုစုပေါင်းဟာ ဒေါ်လာ ၃၆ ဒသမ ၂ ထရီလီယံကျော် ရှိနေတယ်လို့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။
ဒါ့အပြင် ပြည်ပအစိုးရတွေဟာ အမေရိကန်ရဲ့ ကြွေးမြီတွေအနက် ဒေါ်လာ ကိုးထရီလီယံကို ပိုင်ဆိုင်ထား ကြပြီ။ ထိုနိုင်ငံတွေထဲမှာ ဂျပန်၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတွေက အများဆုံး ပိုင်ဆိုင် ထားကြ တယ်။ ထိုအခြေအနေမှာ နေတိုးအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန် အနေနဲ့ အများဆုံး ကျခံလာရတာ ကာလ ကြာမြင့်လာတဲ့အခါမှာတော့ အမေရိကန်ဟာ အသံထွက် လာပါတော့ တယ်။ ဒါ့ကြောင့် ထရမ့်ဟာ ဥရောပ နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေတိုးဖို့ ကျယ်ကျယ် လောင်လောင် ဆိုလာခဲ့တယ်။
ယခုအခါမှာတော့ နေတိုးအဖွဲ့ရဲ့ အဖွဲ့ဝင် ၃၂ နိုင်ငံဟာ ဂျီဒီပီ (ပြည်တွင်း အသားတင် ထုတ်ကုန်) စုစုပေါင်းတန်ဖိုး ရဲ့ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေပြီး ထိုအသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ရေးနဲ့ စပ်ဆက်နေတဲ့ပစ္စည်းတွေ၊ ကိစ္စရပ်တွေအတွက် သုံးစွဲနေပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းတုန်းကတော့ ဥရောပမဟာမိတ်တွေဟာ ထရမ့်ရဲ့ လုပ်ရပ် ကြောင့် အံ့အားလည်းသင့်ပြီး ဒေါသလည်း ဖြစ်ကြရပါတယ်။ ထိုစဉ်က ထရမ့်ဟာ ရုရှားနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ခဲ့တာကြောင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို အရှက်ရစေခဲ့တဲ့အပြင် အမေရိ ကန် အနေနဲ့ ဥရောပရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အစဉ်အလာ ဦးဆောင်တာဝန်ယူမှုကို မလုပ် တော့ဘူးလို့ ပြောခဲ့ပါတယ်။
အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးကတော့ ”အမေရိကန်တပ်ဖွဲ့ အများအပြားကို ဥရောပမှ ရုပ်သိမ်းမှာ လားဆိုတဲ့ စိုးရိမ်မှုတွေဟာ တကယ့်အခြေအနေထက် လွန်ကဲနေပါတယ်”လို့ ပြောဆိုခဲ့ ပါတယ်။ ၎င်းက ဆက်လက်ပြီး အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတွေကို လိုအပ်ရင် ပစိဖိတ် သမုဒ္ဒရာထဲကို လျင်မြန်စွာ ပို့ပေးနိုင်တယ်လို့ ပြောဆိုပါတယ်။
သို့ပေမယ့်လည်း ဥရောပမဟာမိတ်တွေဟာ သူတို့အနေနဲ့ အမေရိကန်ရဲ့ စွမ်းဆောင်မှု တွေအပေါ် မှာ ထာ၀စဉ်ထည့်သွင်းတွက်ချက်လို့တော့ မဖြစ်ဘူးဆိုတာကို ပို၍ပို၍ အသိအမှတ် ပြုလာတယ်။ ဒီနောက် ဥရောပ အရာရှိတစ်ယောက်က ”ကျွန်တော်တို့အနေနဲ့ အဆိုပါ အသွင် ကူးပြောင်းမှုကို လုပ်ဖို့ ဆယ်နှစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အနည်းဆုံးတော့ ခုနစ်နှစ် အချိန်ယူ ရပါမယ်”လို့ ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အမေရိကန်မဟုတ်တဲ့ ဥရောပမှ နေတိုးအဖွဲ့ဝင် နိုင်ငံ တွေနဲ့ ကနေဒါ၊ တူရကီနိုင်ငံတို့ဟာ သူတို့ရဲ့ စစ်လက်နက်ပစ္စည်း အသုံးစရိတ်တွေကို နှစ်ဆတိုးမြှင့်ခဲ့ တယ်။ ထိုကာလအတွင်းမှာ အမေရိကန်ရဲ့ အသုံးစရိတ်ကတော့ ၅ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရဲ့ နေတိုးမှာပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ ၂၀၁၀ ခုနှစ်မှာ ၈၃ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်မှာ ၆၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
ထိုအခြင်းအရာတွေကတော့ နေတိုးထိပ်သီး အစည်းအဝေးမတိုင်မီမှာ ရှိခဲ့တဲ့ အခြေအနေအချို့ ပါ။
သမ္မတ ထရမ့်ဟာ ဇွန် ၂၄ ရက်မှာ သည်ဟိတ်ခ်မြို့မှာကျင်းပတဲ့ နေတိုး ထိပ်သီး အစည်း အဝေးကို သွားရောက် စဉ် လေယာဉ် ပေါ်ကနေပြီး ဆိုရှယ် မီဒီယာပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ထိုပို့စ်မှာ ”အစ္စရေးနဲ့ အီရန်တို့ဟာ ကလေးတွေလိုပါပဲ”လို့ ဖော်ပြခဲ့ပါတယ်။ ထိုသတင်းစကားမှာ ဖော်ပြထားတဲ့ လေသံကတော့ တကယ့်ကို မိဘ အုပ်ထိန်းသူတစ်ဦးက လမ်းလျှောက်တတ်ခါစ ကလေးငယ်ကို ချီးကျူး ဝမ်းမြောက်ကြောင်း ပြောနေတဲ့ လေသံပါ။
ထိုမက်ဆေ့ချ်နဲ့ ပတ်သက်ပြီး မြောက်အန္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူး ဖြစ်သူ မာ့ခ်ရူတီက အမေရိကန်သမ္မတထံ စာရိုက်ပြီး သတင်းစကားပါးရာမှာ ”ဒေါ်နယ်ထရမ့်ရေ…. ခင်ဗျားဟာ ကျွန်တော်တို့ကို အမေရိက၊ ဥရောပနဲ့ ကမ္ဘာကြီးအတွက် တကယ့်ကို အရေးကြီးတဲ့ အခါသမယဆီကို ပို့ပေးခဲ့ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ”ဥရောပဟာ သူတို့ ပေးသင့်တာကို ကြီးမားစွာ ပေးရပေလိမ့်မယ်။ အဲဒါဟာ သင့်ရဲ့ အောင်မြင်မှု ပါပဲ”လို့လည်း ရေးခဲ့တယ်။ မစ္စတာထရမ့်က ဇွန်လ ၂၄ ရက်က သည်ဟိတ်ခ်မြို့မှာ ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကိုသွားစဉ် လေယာဉ်ပေါ်ကနေ အဆိုပါသတင်းစကား (message) လှုံ့ဆော်တဲ့ သဘောနဲ့ ဓာတ်ပုံရိုက်ကာ တင်ခဲ့ပါတယ်။ အခြားသော ဥရောပ ခေါင်းဆောင် တွေဟာ အဆိုပါ မက်ဆေ့ချ်ကို တွေ့ရတဲ့အခါမှာတော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြပါတယ်။
နောက်ရက်မှာတော့ မစ္စတာရူတီဟာ မစ္စတာထရမ့်က အစ္စရေးနဲ့ အီရန်ကို ကလေးတွေလို့ ဖော်ပြခဲ့တာကို တုံ့ပြန်ခဲ့ပါတယ်။ သမ္မတထရမ့်ကိုလည်း ‘ဒယ်ဒီကြီး’လို့ ဖော်ပြခဲ့ပါတယ်။ မစ္စတာရူတီရဲ့ မဟာဗျူဟာက ထရမ့်ကို သိက္ခာချချင်တာလား၊ သို့မဟုတ် တကယ်ပဲ လေးစား အထင်ကြီး တာလား ဆိုတာနဲ့ ပတ်သက်ပြီး ထိပ်သီး ဆွေးနွေးပွဲ ကို တက်ရောက်လာသူတွေအကြားမှာ အယူအဆနှစ်မျိုး စကွဲ ခဲ့ကြတယ်။
မကြာသေးမီကာလအတွင်းမှာ ထုတ်ပြန်ခဲ့ဖူးတဲ့ ကြေညာစာတမ်းတွေထဲမှာ အတိုဆုံးဖြစ်တဲ့ ကြေညာ စာတမ်းကို ဇွန် ၂၅ ရက်မှာ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့ပါတယ်။ ထိုစာတမ်းထဲမှာ မဟာမိတ်နိုင်ငံတွေရဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ရည်မှန်းချက်အသစ်တွေကို ဖော်ပြထား ပါတယ်။
ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး ဂျီဒီပီ ရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းကို နောက်ထပ် ၁ ဒသမ ၅ ရာခိုင်နှုန်း ပေါင်းကာ အထိအရှမခံတဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်း၊ ဆိုက်ဘာ (Cyber) ကာကွယ်ရေး လုပ်ငန်း၊ အရပ်ဘက် ပြင်ဆင်မှု လုပ်ငန်းနဲ့ ကာကွယ်ရေးစက်ရုံလုပ်ငန်းတွေကို ကာကွယ်ရေးနဲ့ ဆက်နွှယ်တဲ့ အသုံးစရိတ်တွေကို သုံးစွဲမှာ ဖြစ်တယ်။ ၃ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲရေးကတော့ ယူကရိန်းကို ရုရှက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်မှာ နေတိုး အဖွဲ့က တွက်ချက် ခဲ့တဲ့ မဟာမိတ်တွေရဲ့ ဒေသဆိုင်ရာ ကာကွယ်ရေး စီမံကိန်းတွေ အတွက် လိုအပ်ချက်အပေါ် အခြေခံတာဖြစ်တယ်။
အရာရှိတစ်ဦးကတော့ ”လက်ရှိအချိန်မှာတော့ ထိုစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ကိစ္စ ဟာ အရဲ စွန့်ရမှုအန္တရာယ်အချို့ရှိနေပြီး ထိုထက်ပိုမိုတဲ့ ငွေကြေးပမာဏကသာ အဆိုပါ အရဲစွန့် ရမှုတွေကို လျှော့ချ နိုင်မှာ ဖြစ်တယ်”လို့ ပြောဆိုပါတယ်။ ပေါင်းစပ်ထားတဲ့ ကိန်းဂဏန်းဖြစ်တဲ့ ၅ ရာခိုင်နှုန်းဟာ မစ္စတာထရမ့်ကို ကျေနပ်အောင် ဖျောင်းဖျနိုင်မယ့် ငွေပမာဏပါ။ သို့ပေမယ့် ယင်းမှာလည်း အဆင်မပြေမှုတွေကတော့ ရှိနေပါတယ်။
ထိပ်သီး အစည်းအဝေး အကြိုကာလတုန်းက စပိန်နိုင်ငံဟာ သုံးစွဲဖို့ လျာထားချမှတ်ထားတဲ့ ငွေပမာဏအပေါ် ဆန့်ကျင်တဲ့ တစ်ခုတည်းသောနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့တယ်။ စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်(ဇ်)ဟာ ပြည်တွင်းမှာ သူ့ရဲ့လက်ထောက်တွေဟာ အကျင့်ပျက်လာဘ်စားနေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ရင်ဆိုင်နေရသလို ဘတ်ဂျက် ကိုလည်း အတည်မပြုနိုင်ဘဲ ရှိနေပါတယ်။ (ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး) ၅ ရာခိုင်နှုန်း သုံးစွဲဖို့ ဆိုတာဟာ အချိုးအစား မမျှသလို လိုလည်း မလိုအပ်ပါဘူးလို့ ဇွန် ၂၂ ရက်က ဆန်းချက်(ဇ်)က ပြောခဲ့ပါတယ်။
ထိုပြဿနာနဲ့ပတ်သက်တဲ့ ဖြေရှင်းနည်းကတော့ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ၂၀၃၂ ခုနှစ်ကို ရည်မှန်း ချက်ထားပြီး ထိုနှစ်အထိ ကာကွယ်ရေးအသုံးစရိတ်တွေကို နှစ်စဉ်တိုးသွားဖို့ ဖြစ်ပါတယ်။ ထို အဆိုပြုချက်ကတော့ နိုင်ငံအများစုရဲ့ သဘောထားပါ။ နောက်တစ်ခုကတော့ ငွေကြေးဖိအားတွေ ကြီးမားနေတဲ့အတွက် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုကို ၁၉၃၅ ခုနှစ်အထိ ရွှေ့ဆိုင်းဖို့ လိုလားကြ တယ်။ စပိန်အပါအဝင် ထိုအုပ်စုက အနိုင်ရ ခဲ့ပါတယ်။
သို့ပေမယ့် မဟာမိတ်နိုင်ငံတွေက ရည်မှန်းချက်ကို ရောက်ရှိတဲ့အထိ ယုံကြည်စိတ်ချရပြီး နှစ်စဉ် တိုးမြှင့် သွားမယ့် နှစ်အလိုက် စီမံကိန်းတွေကို တင်ပြရမှာ ဖြစ်တယ်။
ပြဿနာကတော့ ရုရှားနိုင်ငံဟာ သူ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို မဟာမိတ်တွေ ယခင်က ထင်မြင်တာ ထက်ပိုပြီး လျင်မြန်စွာတည်ဆောက်နေတာကြောင့်ပါပဲ။ မဟာမိတ်တွေအနေနဲ့ မူလက တော့ ယူကရိန်းစစ်ပွဲမှာ အပစ်အခတ် ရပ်စဲမှုတစ်ခုခု ပေါ်ပေါက်ပြီးနောက်မှာ ရုရှားဟာ နေတိုး (NATO) အဖွဲ့ကို ရင်ဆိုင် ယှဉ်ပြိုင်နိုင်ဖို့ အတွက် အနည်းဆုံး ခုနစ်နှစ်လောက် အချိန်ယူ ရလိမ့်မယ်လို့ ယူဆခဲ့ကြတာပါ။
ယခုအခါမှာတော့ နေတိုးအဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ”ယေဘုယျသုံးသပ်ချက်အနေနဲ့ ကတော့ ငါးနှစ်ကြာလိမ့်မယ်လို့ ခန့်မှန်းကြတယ်”လို့ ပြောပါတယ်။ လစ်သူယေးနီးယားနိုင်ငံ ကာကွယ် ရေးဝန်ကြီး ဒိုဗိုင်းလ် ဆာကေးလီနီက ”ကျုပ်တို့တွေ ကိုယ့်ကိုယ်ကိုယ် သူငယ်နှပ်စားတွေအဖြစ်မခံပါနဲ့၊ အသုံးစရိတ်တွေ မတိုးမြှင့် ခင်မှာဘဲ ရုရှားက တိုက်ခိုက်နိုင်တယ်။ ၂၀၃၅ ဆိုတာက နောက်ထပ် စစ်ပွဲတစ် ပွဲပြီး နောက်ကာလပါ”လို့ ပြောခဲ့တယ်။
ဒုတိယအချက်ကတော့ ကြေညာစာတမ်းထဲမှာ မဟာမိတ်နိုင်ငံအားလုံး ရည်မှန်းချက်အသစ် တွေကို ဖြည့်ဆည်း ရမယ်ဆိုတဲ့ ဖော်ပြချက်မှာ အားလုံးဆိုတဲ့ စကားလုံးကို ချန်လှပ်ထားခြင်းနဲ့ ပတ်သက်ပြီး မဟာမိတ်တွေ အကြားမှာ ဘယ်လို ချည်နှောင်မလဲဆိုပြီး သို့လောသို့လောနဲ့ ထွေပြား နေကြပါတယ်။ နေတိုးမဟာမိတ်နိုင်ငံတွေထဲမှာ အခြားနိုင်ငံတွေက သူတို့ရဲ့ ကတိပြုမှုတွေကို ရှောင်တိမ်း ဖို့အတွက် ထိုပျော့ကွက်ကို အသုံးချမှာကို စိုးရိမ်နေကြတယ်။
ဥပမာ ဇွန် ၂၃ ရက်ကပဲ စလိုဗေးကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ”သူ့ရဲ့နိုင်ငံဟာ လာမယ့် နှစ်တွေမှာ လက်နက်တပ်ဆင်မှုထက် အခြားဦးစားပေးအလုပ်တွေရှိနေတယ်”လို့ ပြောနေပါပြီ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ”စပိန်ကို နားလည်မှုနဲ့ ခြွင်းချက် ထားရမယ်ဆိုရင်တော့ ကြီးမားတဲ့ပြဿနာ ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး တော့လည်း သူက ”စပိန်နဲ့ရရှိတဲ့ သဘောတူညီချက်ဟာလည်း ရေရှည်ခံ မှာမဟုတ်ဘူး”လို့ ပြောခဲ့တယ်။
စပိန်ကိစ္စကလွဲပြီး အစီအစဉ်အများစုဟာ ကြိုတင်သဘောတူပြီး ဖြစ်ပါတယ်။ ခေါင်းဆောင် တွေ အနေနဲ့ ရော်ဘာတံဆိပ်တုံးရိုက်ဖို့သာ ကျန်ပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ ကြတဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ အစည်းအဝေးမှ ထွက်ခွာသွားကြတဲ့အတွက် ထိုအစည်းအဝေးဟာ ပိုပြီး ဒေသစွဲဆန်ခဲ့တယ်။ ဇွန် ၂၄ ရက်က ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးဟာလည်း တစ်စုံ တစ်ရာကို သဘောမကျတဲ့ပုံစံနဲ့ နောက်နေ့မှာ အစည်းအဝေးမှ ထွက်ခွာ သွားခဲ့တယ်။
ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ကြေညာစာတမ်း ကိုလည်း မစ္စတာ ထရမ့် ကျေနပ်စေဖို့အတွက် ရုရှားနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ လေသံကို လျှော့ပေါ့ခဲ့တယ်။ ယမန်နှစ်က ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးတုန်းက ရုရှားနိုင်ငံရဲ့အမည်ကို ၄၃ ကြိမ် ဖော်ပြခဲ့တယ်။ ယခုနှစ် ထိပ်သီး အစည်းအဝေး ကြေညာချက် မှာတော့ တစ်ကြိမ်သာ ဖော်ပြခဲ့ပါတယ်။
ဗြိတိန်ကလည်း နေတိုးအဖွဲ့ရဲ့ နျူကလီးယားမျှဝေမှုလုပ်ငန်းတာဝန်မှာ ပါဝင်မယ်လို့ ကြေညာခဲ့ တယ်။ အမေရိကန်ရဲ့ နျူကလီးယားဗုံးတွေကို မိမိတို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ သယ်ဆောင်ကာ လေ့ကျင့်တဲ့ ထိုလုပ်ငန်းမှာ ဥရောနိုင်ငံအများအပြားလည်း ပါဝင်ကြပါတယ်။ ဗြိတိန်ဟာ ထိုနျူကလီးယား ဗုံးတွေကို သယ်ဆောင်နိုင်တဲ့ F-35 A ဂျက်လေယာဉ်တွေကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း မဟာမိတ်တွေအကြားမှာ ယခုလုပ်ဆောင်မှုဟာ အကြီးမား ဆုံးသောအရွေ့ပဲ ဖြစ်တယ်။ ဗြိတိသျှတော်ဝင်လေတပ်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်ကတည်းက နျူကလီးယား ဗုံးတွေကို စွန့်ပစ်ခဲ့ ပါတယ်။
သည်ဟိတ်ခ် အစည်းအဝေးမှာ အကြီးမားဆုံးသော မသေချာမရေရာမှု ဇာစ်မြစ်ကတော့ မစ္စတာ ထရမ့် ကိုယ်တိုင်ပဲ ဖြစ်တယ်။ ထိပ်သီးအစည်းအဝေးကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ သူဟာ စပိန် နိုင်ငံရဲ့ ကစားကွက်ကို အပြစ်တင်ခဲ့တယ်။ စပိန်ရဲ့လုပ်ရပ်ဟာ အခြား နေတိုး နိုင်ငံတွေ အပေါ် သိပ်ကို မတရားလုပ်တဲ့ လုပ်ရပ်ပဲလို့ (မှန်ကန်စွာ) ဝေဖန်ခဲ့တယ်။ မစ္စတာထရမ့်ဟာ နေတိုးအဖွဲ့ရဲ့ အပြန်အလှန် ကာကွယ်ရေးစာပိုဒ်ဖြစ်တဲ့ ပိုဒ်ခွဲ-၅ နဲ့ပတ်သက်ပြီး နောက်တစ်ကြိမ် မေးခွန်းထုတ်ခဲ့တယ်။
”ဒါဟာ ခင်ဗျားတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှာ မူတည်တယ်”လို့ ပြောခဲ့တယ်။ ဆက်လက် ပြီးတော့လည်း ”အဆိုပါစာသားနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် အများအပြားရှိတယ်။ ကျုပ် အဲဒီကို ရောက်ရင် တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပေးမယ်”လို့ ပြောခဲ့ပါတယ်။ (သို့ပေမယ့် သူ မပေးခဲ့ပါဘူး) သို့ပေမယ့် နောက်ဆုံးမှာတော့ မစ္စတာထရမ့်ဟာ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဟန်ချက်ပျက် အောင် မလုပ်ခဲ့ပါဘူး။ ထိုသို့မလုပ်ရုံမကဘဲ သူတို့ရဲ့ပိုမိုမြင့်မားတဲ့ ကာကွယ်ရေး အသုံးစရိတ် ထည့်ဝင်မှု တွေအတွက် ချီးကျူးစကားတွေပဲ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကွန်ဖရင့်ပိတ်ပွဲ၊ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ”နေတိုးဟာ သူတစ်ပါး နှပ်ချခံရမယ့် အဖွဲ့ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ မြောက်အန္တလန္တိတ်အဖွဲရဲ့ ထရမ့်အကြောင်း တီးတိုးပြောမှုမှာ မစ္စတာရူတီက “ကျွန်တော့် အတွက်ကတော့ အမေရိကန်ပြည်ထောင်စုဟာ နေတိုးအတွက် လုံး၀ပေးဆပ်သူ ဖြစ်တယ်၊ စာပိုဒ်-၅ ကိုလည်း လုံးဝတာဝန်ခံတဲ့သူဖြစ်တယ်။ ဒီတော့ အားလုံးအဆင်ပြေပြီပေါ့”လို့ ပြောခဲ့ပါတယ်။

