မကြာခင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြမည်ဟု ဆိုသည်။ အမေရိကန် နှင့် တရုတ် ပထမဆုံး သမ္မတအဆင့် ခရီးစဉ်မှာ ၁၉၇၂ခုနှစ် တွင် သမ္မတ နစ်ဆင် နှင့် မော်စီတုန်း၊ ချူအင်လိုင်း တို့ လက်ထက်တွင် ဖြစ်၏။ အောက်ပါ ဆောင်းပါးမှာ တရုတ်ပြည်သို့ ပထမဆုံးခရီးစဉ်တွင် မော်စီတုန်း၊ ချူအင်လိုင်း တို့နှင့် တွေ့ဆုံခဲ့ရသည်တို့ကို သမ္မတ (ဟောင်း) နစ်ဆင်က သူ၏ ကိုယ်တိုင်ရေးမှတ်တမ်း In The Arena စာအုပ်တွင် ဖော်ပြထားသည်ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။
KIDD
ဘာသာပြန်သူ
~~~~~~~~~~~~~~~
၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်၊ ဘေဂျင်း
လေဆိပ်မှ အစိုးရဧည့်ဂေဟာသို့ အသွားလမ်းမှာ ရင်ဖိုစရာ ဖြစ်သည်။ ဒု သမ္မတ သက်တမ်းနှင့် သမ္မတ သက်တမ်း အတွင်း ဗာတီကန်၊ ကရင်မလင်၊ ဂျပန်ဘုရင့်နန်းတော်၊ ဗာဆေးနန်းတော်၊ ဝက်စ်မင်နစ်စတား စသည့် နေရာများသို့ ကျွန်တော်ရောက်ဖူးသည်။ သို့သော် ယခု ခရီးစဉ်ကား မည်သည့် ခရီးစဉ်နှင့်မှ မတူ။ ယခု ခရီးစဉ်က အမေရိကန် ပြည်ထောင်စု သမ္မတ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးစဉ် ဖြစ်သည်။ ၁၉၆၄ ခုနှစ်မှာ ပါကစ္စတန် သမ္မတ အာယွတ်ခန် နှင့် ကရာချိ၌တွေ့ဆုံစဉ် သူက ကျွန်တော့်ကို တရုတ်ပြည်သို့ သွားလည်ရန် တိုက်တွန်းသည်။ သူက တရုတ်ပြည်မှ ပြန်လာသည်မှာ မကြာသေး။ ကျွန်တော်က သူ့ကို မေးကြည့်သည်၊
“ တရုတ်ပြည်မှာ ခင်ဗျား ရင်သပ်ရှုမော အဖြစ်ရဆုံးက ဘာလဲ”
သူက “ လူတွေဗျ၊ သန်းပေါင်းများစွာသော လူတွေ၊ လမ်းဘေးမှာ လက်ခုပ် တီး၊ ကြွေးကြော်သံ တွေအော်၊ တရုတ်နဲ့ ပါကစ္စတန် အလံတွေ ဝှေ့ယမ်းနေကြတာ”
တရုတ်အစိုးရ ဇိမ်ခံကား ပြတင်းလိုက်ကာတွေက ချထားသည်။ သို့သော် လိုက်ကာကြား ကျဉ်းကျဉ်းလေးမှ မြင်ရ သည်က ကိုက်အတော်ခြားပြီး ချထားသည့် လုံခြုံရေးများမှ လွဲ၍ တစ်လမ်းလုံး လူသူဆိတ်သုဉ်းလျက် ရှိလေ သည်။

လေဆိပ်ကြိုဆိုပွဲအခမ်းအနားကတော့လိုလေသေးမရှိပါ။ အားလုံးပြည့်စုံသည်။ အလွန်အေး သည့် ရာသီမှာ အပေါ်ကုတ်အင်္ကျီရှည်ကို ဝတ်ထားသော်လည်း ဦးထုပ်ဆောင်းမထားသည့် ချူအင်လိုင်း က ကျွန်တော်နှင့် ကျွန်တော့် ဇနီး လေယာဉ်လှေကားပေါ်က ဆင်းလာသည်နှင့် လက်ခုပ် စ တီးသည်။ ၁၉၅၉ ခုနှစ် မော်စကို ခရီးစဉ် သွားအပြီးတွင် လက်ခုပ်တီးခြင်းမှာ ကွန်မြူနစ်တို့၏ ယဉ်ကျေးမှု ဖြစ်ကြောင်း သိထားသည့် ကျွန်တော်နှင့် ကျွန်တော့် ဇနီးကလည်း လက်ခုပ်ပြန်တီးကြသည်။ လက်ဆွဲနှုတ်ဆက်ဖို့ ကျွန်တော့်လက်ကို ကမ်းလိုက်သည်။ ကမ်းလိုက်သည့် လက်မှာ ချူအင်လိုင်း အတွက် မည်မျှ အဓိပ္ပာယ်ရှိသည်ကို နောင်မှ ကျွန်တော် သိရသည်။ ဂုဏ်ပြု တပ်ဖွဲ့မှာ လက်ဖျားခါ လောက်ပါ၏။ ချူအင်လိုင်းက တစ်ဦးချင်းကို ရွေးထားသည် ဟု နောင်မှ သိရသည်။ အားလုံးမှာ အရပ်ရှည်ရှည်၊ တောင့်တောင့်ဖြောင့်ဖြောင့်၊ အသေအချာ မွေးမြူထားပုံ ရသည်။ တရုတ်တပ်နီတော် ဘင်ခရာအဖွဲ့က အမေရိကန် နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။ အခြားနိုင်ငံများသို့ အလည်သွား ရောက်စဉ် ဤ အင်္ဂလိပ်ပုံစံ သီချင်းမှာ တီးမှုတ်ရန် ခက်ခဲပြီး အချို. နိုင်ငံများတွင် ကျွန်တော် မှတ်ပင် မမှတ်မိပါ။ တရုတ်များ တီးသွားသည်က ကောင်းလှပါသည်။
ကျွန်တော့် အိမ်ရှင်ထံက ဘာတွေ ရမလဲ ကျွန်တော် မခန့်မှန်းတတ်။ နိုင်ငံခေါင်းဆောင်များ၏ အရည် အသွေးကို အကဲဖြတ်ရာတွင် စံ မြင့်လွန်းသည့် ဟင်နရီကစ်ဆင်းဂျားက ရှားရှားပါးပါး တွေ့ရသည့် နိုင်ငံ ခေါင်းဆောင်အဖြစ် ဒီဂေါနှင့် ချူအင်လိုင်းကို တစ်တန်းတည်းထားသည်။ တစ်ချိန်တည်းမှာပင် အခွင့်အရေးရလျှင် ဆတ်ခနဲ ထပေါက်မည့် ငြိမ်နေသည့် မြွေပွေးအဖြစ် ရှုမြင်သည်။ အိုင်ဆင်ဟောင်ဝါ၏ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး ဝေါ်လတာ ရော်ဘင်ဆင် က ကျွန်တော့်ကို ပြောဖူးသည်။ “သူက ချစ်စရာကောင်းသလိုပဲ တစ်ခါ တလေ လူတစ်ယောက်ကို သူ့လက်နဲ့ သတ်ပြီး စီးကရက်လေးနဲ့ အေးအေးဆေးဆေး ထွက်သွားတာ”။ အဆင့်မြင့် နိုင်ငံခြား သံတမန်တစ်ဦးက ပြောဖူးသည်။ “ သူ့ဆီမှာ တစ်စက်ကလေးတောင် အစစ်အမှန်မပါဘူး။ အားလုံး အိုက်တင် တွေချည်ပဲ။ ကျွန်တော် မြင်ဖူးသမျှ သရုပ်ဆောင်တွေထဲမှာ အတော်ဆုံးပဲ။ အခုငို၊ အခုရယ်၊ တခြားလူတွေကိုလဲ သူ့လိုပဲ ငိုလိုက် ရယ်လိုက် ဖြစ်အောင်လုပ်တာ။ အားလုံးက သရုပ်ဆောင်နေတာချည်းပဲ။”
သမ္ဘာရင့် သံတမန်ကြီး ပီပီ ကျွန်တော့်ကို ချူအင်လိုင်းက သက်သောင့်သက်သာ ဖြစ်စေသည်။ လေဆိပ်မှ အထွက်တွင် သူက စ ပြောသည်။
“ခင်ဗျားကမ်းပေးတဲ့လက်က ၂၅ နှစ်လုံးလုံး အဆက်အသွယ်ပြတ်နေတဲ့ အကြီးဆုံး သမုဒ္ဒရာကြီးကို ဖြတ်သန်း လာတာပါ။” ကျွန်တော့်စာအုပ် “Six Crises” မှ တစ်ဆင့် ကျွန်တော့်ကို သိနားလည်နေသည် ဟု သူက ဆိုသည်တွင် ကျွန်တော့်မှာ အံ့ဩသွားမိသည်။ စာအုပ်ကို တရုတ်ဘာသာသို့ ပြန်ခိုင်းပြီးပြီဟု ဆိုသည်။ ကျွန်တော့် ခရီးစဉ်အတွင်း သူ အကြိမ်ကြိမ်ပြောခဲ့သည့် မှတ်ချက်တစ်ခုရှိသည်။ သူက ကျွန်တော့် နိုင်ငံရေးခရီးလမ်းမှာ ကြီးမား သည့် အောင်မြင်မှု များ၊ ကျဆုံးမှုများဖြင့် ပြည့်နေပြီး ကျွန်တော် ပြခဲ့သည့် ကျွန်တော့် အရည်အချင်းမှာ အမြဲတမ်း ပြန်”တက်” လာနိုင်ခြင်း ဟု သူက ဆိုသည်။ တရုတ်ပြည်တွင်း ခရီးစဉ်အတွင်း လေယာဉ်ပေါ် တွင် သူက “အခက်အခဲများ မှာ ဆရာကောင်းများ ဖြစ်ပြီး တစ်သက်လုံးချောမွေ့နေသည့် လမ်းပေါ်တွင် လျှောက်ခဲ့ သူများသည် ခိုင်မာတောင့်တင်းမှုကို မရနိုင်” ဟု ဆိုသည်။ ခရီးရှည်ချီတက်ပွဲကြီးကို ဆင်နွှဲခဲ့သူတစ်ယောက်ထံမှ ကြားရသည့် ယင်း မှတ်ချက်မှာ မကြုံစဖူး တန်ဖိုး ရှိလှသည့် မှတ်ချက်ဖြစ်ပါသည်။
မဟာတံတိုင်း၊ တားမြစ်မြို့တော် နှင့် အခြား စိတ်ဝင်စားဖွယ်ရာ နေရာများသို့ လည်ပတ်သည့် ခရီးစဉ်များ က လူ သန်းတစ်ထောင်နှင့် နှစ်ပေါင်း လေးထောင်ကြာ ရာဇဝင်ရှိသည့် နိုင်ငံတွင် မည်သည့်အရာများ ကျန်ရှိ နေသေး သည်ကို တွေ့မြင်နိုင်သည်။ လော့ဒ်ကာဇွန်၏ အဆိုအရ တရုတ်နိုင်ငံဆိုသည်မှာ ပညာသင်တစ်ဦး ဘယ်တော့မှ ဘွဲ့ မရနိုင်သည့် တက္ကသိုလ်ကြီး တစ်ခုဖြစ်ပါသည်တဲ့။
“လှပပေစွ အမေရိက” သီချင်းနှင့် အခြားသီချင်းကောင်းများကို တပ်နီတော်တီးဝိုင်းက တီးမှုတ်သည့် နိုင်ငံတော် ညစာစားပွဲကို ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်ရာ မမေ့နိုင်စရာ ဖြစ်ပါသည်။ ချူအင်လိုင်းမှာ အလွန် ဧည့်ဝတ်ကျေပွန် သူဖြစ်ပြီး တူဖြင့် ကျွန်တော်တို့ကို ဟင်းများထည့်ပေးသည်။ စားပွဲထိပ်များမှ ထိုင်နေသူ လူငါးဆယ် ထက်မနည်းက မော်ထိုင်းအရက်တစ်အောင်စဝင် တစ်ခွက်ဖြင့် ဆုတောင်းသည်ကို ကျွန်တော်နှင့်အတူ လိုက်သောက် ပေးသည်။ မီးတောက် မော်ထိုင်းအရက်က ရောဂါအားလုံးပျောက်သည်ဟု ချူအင်လိုင်းက ဆိုသည်။

အမှတ်တရအဖြစ်ဆုံးမှာ ချူ နှင့် မော် တို့နှင့် တွေ့ဆုံခဲ့ရခြင်းများ ဖြစ်ပါသည်။ တရုတ်ပြည်သူလူထု မသိပဲ ကျွန်တော်တို့ သိလာရသည်မှာ မော် သည် လေဖျန်းဝေဒနာ ခံစားနေရခြင်း ဖြစ်သည်။ မော်၏ ကိုယ်ရံတော်များ၊ ဝန်ထမ်းများ က သူ့ကို တရိုတသေ ဆက်ဆံနေဆဲဖြစ်ပြီး သူ့ အာ၀ဇ္ဇန်းမှာ လည်း ရွှင်လျက်ပါ။ အန်ဒရေးမော်လျဲ ကို ညစာကျွေးစဉ်က မော့် ထံမှ ဘာကိုတွေ့ရမလဲဟု မေးစဉ် သူက ပြောသည်။ “ခင်ဗျားသွားတွေ့မှာ ဧရာမကြီး ဗျ၊ ဒါပေမယ့် သေခါနီး ဧရာမကြီး၊ သူ ခင်ဗျားကို တွေ့တာနဲ့ ဘယ်လိုစဉ်းစားမလဲ သိလား၊ ငါ့ထက် တော်တော် ငယ်တာပဲ လို့ စဉ်းစားလိမ့်မယ်။ ခင်ဗျားသွားတွေ့မယ် သူကြီးမှာ ထူးခြားဆန်းပြားတဲ့ ကံအကျိုးပေးရှိပြီးတော့ သူ့ဘ၀ရဲ့ နောက်ဆုံးအခန်းကို သရုပ်ဆောင်နေတယ်လို့ သူ့ဟာသူ ယုံကြည်နေသူကြီးဗျ။ သူနဲ့တွေ့ရင် ခင်ဗျားကို ပြောနေတာ လို့ ခင်ဗျားထင်လိမ့်မယ်၊ တကယ်တော့ သူက သေခြင်းတရားကို ပြောနေတာ”၊ ကျွန်တော့်ဘက် ရုတ်တရက်လှည့်ပြီး အင်ဒရေမော်လျဲက “သမ္မတကြီး၊ ခင်ဗျားက ဆင်ခြင်တုံတရားနယ်ပယ်ထဲက အလုပ်လုပ်တာ ၊ မော်က အဲလို မဟုတ်ဘူး၊ သူ့စိတ်အတွင်းထဲမှာ မှော်ဆရာလိုမျိုး ရှိတယ်။ စိတ်ကူးအမြင်တွေပြည့်နေတဲ့သူ၊ အဲဒီ အမြင်တွေ “စီး” နေတဲ့သူ။

စတာလင် ကဲ့သို့ပင် မော် သည်လည်း စာအလွန်ဖတ်သူဖြစ်၏။ သူ့အခန်းမှာ စာအုပ်များအပြည့်ဖြစ်ပြီး ရှိုးပြရန် မဟုတ်၊ တကယ်ဖတ်ရန် ဖြစ်သည်။ ချူအင်လိုင်းနှင့် အလားတူ သူလည်း Six Crises စာအုပ်ကို ဖတ်ပြီးပြီ ဖြစ်ပြီး မဆိုးပါဘူးဟု ဆိုသည်။ နိုင်ငံရေးအမြင် စူးရှမှုတွင် သူလည်း ချူအင်လိုင်းနှင့် အတူတူပင်။ သူက “ရွေးကောက် ပွဲ တုန်းက ခင်ဗျားကို ကျွန်တော် မဲ ပေးတာ” ကျွန်တော်က “ဥက္ကဋ္ဌကြီး ကျွန်တော့်ကို မဲပေးတယ်ဆိုတာ မကောင်း ဆိုးဝါး နှစ်ကောင်ထဲက အဆိုးနည်းတဲ့သူကို ရွေးတာထင်ပါရဲ့” ဟု ကျွန်တော်က တုံ့ပြန်သည်။ သူက ချက်ချင်းပင် “ကျွန်တော်က လက်ယာဝါဒီတွေကို ကြိုက်တယ်။ သူတို့ အာဏာရလာတာ အနည်းနဲ့အများ ကျွန်တော် ဝမ်းသာတယ်” ဟု ဆိုသည်။ ကျွန်တော့်တုံ့ပြန်ချက်မှာ “အမေရိကမှာ အရေးကြီးဆုံးမှတ်ထားဘို့အချက်က အနည်းဆုံး အခုအချိန်မှာ ပေါ့လေ၊ လက်ဝဲသမားတွေ ပြောရုံပဲ တတ်နိုင်တဲ့ အလုပ်တွေကို လက်ယာသမား တွေက လက်တွေ့ လုပ်နိုင်တာပဲ”။
ခရီးစဉ်အတွင်း စိတ်ပျက်စရာ မှတ်ချက်ကို ပေးသူမှာ ကျွန်တော်တို့ကို The Red Detachment Women ပြဇာတ်ဖြင့် ဧည့်ခံသူ မော် ၏ ဇနီး ဖြစ်ပါ၏။ သူ့နဖူးပေါ်မှာ ချွေးတွေသီးနေလေရာကျွန်တော်က နေများ မကောင်း ဘူးလားဟု ထင်လိုက်မိသည်။ အမှန်မှာ စိတ်ဖိစီးမှုဖြစ်၏။ ခရီးစဉ်ကို သူမ နှစ်သက်ပုံမရ။ ကျွန်တော့်ကို ရန်လုပ်သည့် လေသံဖြင့် မေးသည်။ “ရှင်တို့က အရင်တုန်းကတော့ တရုတ်ပြည်ကို ဘာလို့ မလာကြတာတုံး”။
ထိရောက်မှုရှိပြီး စိတ်ဝင်စားစရာအကောင်းဆုံးများမှာ ချူအင်လိုင်းကိုယ်တိုင်နှင့် တမေ့တမော ညှိနှိုင်းစေ့စပ် ရသော အစည်း အဝေးများ ဖြစ်လေသည်။ သူလည်း ကျွန်တော့်လိုပင် မှတ်စုမကိုင်၊ လက်ထောက် များကို မေးမြန်း ခြင်း မရှိဘဲ အချက်အလက်များကို ပြောနိုင်သည်။ တရုတ်-အမေရိကန် အရေးသာ မကဘဲ နိုင်ငံတကာ အရေးများအ ပေါ် သူ၏ နားလည်နိုင်စွမ်းက ကျယ်ပြောလှပါသည်။ ကျွန်တော်တို့အကြား အဓိကခြားနားချက်များကို ကြာရှည် လေးမြင့် ကျွန်တော်တို့ ဆွေးနွေးကြသည်။ ကျွန်တော်တို့က တောင်ဗီယက်နမ် ကို ကူညီသည်၊ သူတို့က မြောက်ဗီ ယက်နမ်ကို ကူညီသည်၊ ကျွန်တော်တို့က တောင်ကိုရီးယား၊ သူတို့က မြောက်ကိုရီးယား၊ ကျွန်တော်တို့မှာ ဂျပန် နိုင်ငံနှင့် စစ်ရေးပူးပေါင်းမှု ရှိသည်၊ သူတို့က ဒါကို ကန့်ကွက်သည်။ ကျွန်တော်တို့က တတိယကမ္ဘာမှာ ကွန်မြူနစ် မဟုတ်သည့် နိုင်ငံများကို ကူညီသည်၊ သူတို့က ဆန့်ကျင်သည်။ ကျွန်တော်တို့က ထိုင်ဝမ်ကို လက်နက်ရောင်းချ ခြင်းအား ရပ်တန့်ရန် သူတို့က တောင်းဆိုသည်၊ ကျွန်တော်တို့က ပယ်ချသည်။
ဤကဲ့သို့ ညှိနှိုင်းမရနိုင်သော ကွဲလွဲမှုများအကြား ကျွန်တော်တို့ ဘယ်အရာကြောင့် အတူလာရှိနေကြတာလဲ၊ အမေရိကရှိ တရုတ်အရေးကျွမ်းကျင်သူ တစ်ဦးက “မော်စီတုန်း ပထမဆုံးမေးမယ့် မေးခွန်းက ကမ္ဘာ့အချမ်းသာ ဆုံး နိုင်ငံကြီးအနေနဲ့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကို ကူညီဖို့ ဘယ်လိုများပြင်ဆင်ထားလဲလို့ ဖြစ်လိမ့်မယ်” ဟု ဆိုဖူးသည်။ သူ့အဆို မှားပါသည်။ နာရီများစွာဆွေးနွေးပွဲ တစ်လျှောက်လုံး ဤသို့သော စီးပွားရေးခေါင်းစဉ် တစ်ကြိမ်ပင် ထွက်ပေါ် လာခြင်း မရှိခဲ့။ ကျွန်တော်တို့ကို အတူရှိနေစေသည့် အရာမှာ ဘုံအကျိုးစီးပွားပင် ဖြစ်ပါသည်။
အကြောင်းရင်းမှန်မှာ အာရှတိုက်တွင် ဆိုဗီယက်ပြည်ထောင်စု လွှမ်းမိုးမှုကို ဆန့်ကျင်တိုက်ဖျက်ရန် ဖြစ်၏။ ဆိုဗီယက် ပြည်ထောင်စုကဲ့သို့ပင် တရုတ်ပြည်သည်လည်း ကွန်မြူနစ်နိုင်ငံဖြစ်သည်။ အမေရိကန်ပြည်ထောင်စု မှာ အရင်းရှင်စနစ်ကျင့်သုံးသည်။ ကျွန်တော်တို့က ဆိုဗီယက်တို့ကို မခြိမ်းခြောက်သော်လည်း သူတို့က ကျွန်တော်တို့ကို ခြိမ်းခြောက်သည်။ ဤကိစ္စမှာ နိုင်ငံလုံခြုံရေးအကျိုးစီးပွား၏ ပဓာနကျသော မူဝါဒအတွက် ရှေးရိုး စဉ်လာ ကိစ္စပင် ဖြစ်သည်။ ခရီးစဉ် အဆုံးတွင် ကစ်ဆင်ဂျားနှင့် ချူအင်လိုင်းတို့က ရှန်ဟဲဒေသအတွက် အစီအစဉ်ကောင်း တစ်ခုကို အတူထုတ်ပြန်နိုင်ခဲ့ကြသည်။ အကဲပိုလွန်းသည့် ကိစ္စများ၊ အဓိပ္ပါယ်မဲ့ ကိစ္စများ၊ သံခင်းတမန်ခင်း ကိန်းကြီး ခန်းကြီး များကို ရှောင်လွှဲ၍ မိမိတို့သဘောထားမတူညီသည့် ကိစ္စများအပေါ် မိမိတို့ ရပ်တည်ချက် ကို ဖော်ထုတ်ခဲ့ကြသည်။ ခေါင်းကိုက်စရာ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ပြည်မ ရှိ တရုတ်လူမျိုးများနှင့် ထိုင်ဝမ် ရှိ တရုတ်လူမျိုးများသည် တရုတ်တစ်ပြည်တည်း မူဝါဒကို သဘောတူကြောင်း ကျွန်တော်တို့ဘက်က တင်ပြသည်။ ကျွန် တော်တို့၏ ရပ်တည်မှုမှာ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့အကြား မတူညီမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ဖြစ်သည်။ ဤသမိုင်းဝင် တရုတ်နှင့် အမေရိကန် ပြန်ပေါင်းထုပ်ပွဲကို ပေါ်ပေါက်စေခဲ့သည့် အဓိက အရေးကိစ္စနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် “အာရှ – ပစိဖိတ်ဒေသအတွင်း မည်သည့်နိုင်ငံမျှ ဗိုလ်ကျစိုးမိုးခွင့်မရှိ၊ ဗိုလ်ကျ စိုးမိုးလို သည့် အခြားနိုင်ငံများ၊ နိုင်ငံအစုအဖွဲ့များကိုလည်း နိုင်ငံတိုင်းက ဆန့်ကျင်သည်”ဟု ဖော်ပြသည်။
ကြေညာချက်မှာ အချိန်ကာလစမ်းသပ်ချက်ကို ကျော်လွှားနိုင်ခဲ့ပြီး မူဝါဒများကို ယခုထက်တိုင် နှစ်နိုင်ငံ စလုံးက လိုက်နာဆဲဖြစ်၏။
ကြေညာချက်ပါ အသေးစိတ်များအပေါ် သဘောတူညီမှုများရရန် အကျဉ်းအကျပ်များကို ကျော်လွန် ပြီးနောက် ကျွန်တော်တို့ အတူတကွ အောင်မြင်ခဲ့သည်များကို ချူအင်လိုင်းက ဆက်ပြောသည်။ သူက မော်စီတုန်း၏ ကဗျာ တစ်ပုဒ်ကို ကိုးကားသည်။ “အလှတွေဟာ တောင်ထိပ်ပေါ်မှာသာ ရှိတယ်”။ အခြား တရုတ်ကဗျာတစ်ပုဒ်မှာ “အဆုံးမရှိ လှမျိုးစုံများ ဆုံစည်းလေရာ တောင်ထိပ်မှာ”။ ကျွန်တော်တို့သည် တောင်ထိပ်ကို ရောက်နေကြောင်း ကျွန်တော် မှတ်ချက်ချ မိသည်။
နောက်ကဗျာတစ်ပုဒ်ကို သူကိုးကားပြန်သည်။ “ဆီးပန်းပွင့်သို့ တေးချင်း”၊ ပန်းများအစွမ်းကုန်ပွင့်လန်း သည့်အချိန် သည် ကြွေကျပျက်စီးရမည့်အချိန်ပင် ဟု ကဗျာ၏ အဓိပ္ပာယ်ကို ချူအင်လိုင်းက ရှင်းပြသည်။ သူက ဆက်၍ “စတဲ့သူ က ခင်ဗျားပါ။ ဒါပေမဲ့ အောင်မြင်လာတာတွေကို မြင်ရမယ့်နေရာမှာ ခင်ဗျားရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ ခင်ဗျားပြန်လာမှာကို အမြဲ ကြိုဆိုပါတယ်။”
ဖေဖော်ဝါရီ ၇ ရက်နေ့ နိုင်ငံတော်ညစာစားပွဲအပြီး ကျွန်တော့် ဆုတောင်းမိန့်ခွန်းတွင် “မိုင်ပေါင်း တစ်သောင်း ခြောက်ထောင် ကွာဝေးမှုနဲ့ ကျွန်တော်တို့ကို ခွဲခြားထားခဲ့တဲ့ နှစ်ပေါင်း ၂၂ ကြာ ရန်လိုမှုတို့ကို ပေါင်းကူးဆက်စပ်ပေးဖို့ လာမယ့်နှစ်တွေအတွင်း ကျွန်တော်တို့ လုပ်ဆောင်ကြမှာတွေနဲ့ ယှဉ်လိုက်ရင် ဒီကြေညာချက်က အသေးအမွှားပါ” ဟု ကျွန်တော်ပြောခဲ့သည်။ ဖန်ခွက်ကို မြှောက်ရင်း “ကျွန်တော်တို့ ဒီကိုရောက်နေတာ တစ်ပတ်ရှိပါပြီ။ ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ ရက်သတ္တပတ်ပါ”။
ပိုလွန်းသည်ဟု တချို့က ဆိုပါလိမ့်မည်။ သို့သော် ချူအင်လိုင်း ရော ကျွန်တော်ပါ ဤအခိုက်အတန့်ကို တန်ဖိုးထားမိသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးမှာ ချိုင့်နက်ကြီးများထဲသို့ ကျဖူးသူများဖြစ်သည်။ ယခုအချိန်မှာ တောင်ထိပ်ပေါ်တွင် ဖြစ်ကြောင်း ကျွန်တော်တို့ နှစ်ယောက်စလုံးသိသည်။ ကျွန်တော်တို့ မသိသည်မှာ နောင် လေး နှစ်အကြာ ကျွန်တော် တရုတ်ပြည်သို့ ပြန်လာလျှင် ကျွန်တော်က နုတ်ထွက်ပြီး ဖြစ်ကာ ချူအင်လိုင်းက ကင်ဆာရောဂါ ဖြင့် သေအံ့မူးမူးဖြစ်နေမည် ဆိုခြင်းကိုပါ။ ဒီဂေါလ် ပြောသလို ပင် “ပျံတက် ကာနီးမှာ အတောင်တွေကို ခေါက်သိမ်း ထားတယ်”။

