
လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် လောက်တုန်းက ဘူကီနာဖာဆို နိုင်ငံရဲ့ ကြည်းတပ်က အသက် ၃၄ နှစ် အရွယ် လောက်ပဲရှိသေးတဲ့ ဗိုလ်ကြီးတစ်ယောက်ဟာ ကုသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ရှေ့မှောက်မှာ မိန့်ခွန်းပြောကြားရင်း ကမ္ဘာ့ စနစ်သစ်တစ်ရပ် (A New World Order) ကို ဖော်ဆောင်ဖို့ တောင်းဆို ခဲ့တယ်။ အနောက် အာဖရိက တစ်ဝန်းက လူငယ်လူရွယ်တွေ အားတက်သရော စောင့်ကြည့် နားထောင်ခဲ့ကြတဲ့ ဒီမိန့်ခွန်းဟာ ” အာဖရိက တိုက်ကြီးက ချေဂွေ ဗားရား ” လို့ တင်စားခေါ်ဆို အမွှမ်း တင်ခံခဲ့ရတဲ့ တော်လှန်ရေးသမားတစ်ယောက် မွေးဖွားလာတာကို မော်ကွန်း မှတ်တမ်း တင်ခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ အောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ သောမတ်စ် ဆန်ခါရာ (Thomas Sankara) အာဏာရ လာခဲ့တယ်။ သူက တစ်မျိုးသားလုံးကိုယ့်အားကိုယ်ကိုးရေး အစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့တယ်။ တစ်နိုင်ငံလုံး စာတတ်မြောက်စေဖို့၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ တောင်သူ လယ်သမားတွေကို မြေယာတွေ ပြန်လည်ဝေခြမ်း ပေးဖို့၊ ကလေး သူငယ်ပေါင်း နှစ်သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးဖို့၊ ရထားလမ်းနဲ့ မော်တော်ကားလမ်းတွေ ဖောက်လုပ်တာတို့၊ တန်းတူညီမျှ ပညာသင် ယူခွင့်ရရှိဖို့၊ တစ်ချိန်တည်း မယားတစ်ယောက် မကယူတဲ့ ဓလေ့၊ အမျိုးသမီး တွေကို အဓမ္မ လက်ထပ်စေတဲ့ဓလေ့ နဲ့အမျိုးသမီးများ ကို လိင်အင်္ဂါဖြတ်တောက်သည့်ရိုးရာ ဓလေ့များကို ဥပဒေမဲ့ လုပ်ရပ်ပြစ်မှု ကျူး လွန်မှု အဖြစ် သတ်မှတ်တာတို့လို ရည်မှန်းချက်ကြီးတဲ့ လူမှု စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွေကို အောင်မြင် အောင် ဆောင်ရွက် ပေးခဲ့တယ်။ နိုင်ငံတကာ ဆိုင်ရာ အဆင့်အတန်း မှာလည်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရေးခဲ့သလို “ဘူကီနာဖာဆို နိုင်ငံကို တတိယကမ္ဘာရဲ့ ဦးစီး ဦးဆောင် နိုင်ငံအဖြစ် ဘိသိက်” ခံရတဲ့ အဆင့်ဖြစ်စေဖို့ ကြိုးပမ်း ခဲ့တယ်။
ဒီလို တိုင်းပြည်ကောင်းဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင် သောမတ်စ်ဆန်ခါ/ရာဟာ သုံးနှစ်ကြာပြီးတဲ့ နောက်မှာ စစ်တပ်ထဲကသူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်စုရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး သေဆုံး သွားရ ရှာတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်က ဘူကီနာဖာဆိုရဲ့ နောက်ဆုံး စစ်ဘက် အာဏာ သိမ်းခေါင်းဆောင် အီဘရာဟင် ထရာအိုရေး ဆီမှာ သွားပြီး ရှင်သန်နေပါတယ်။ သူကတော့ အသက် ၃၄နှစ် အရွယ် ၂ဝ၂၂ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ ဘူကီနာဖာဆို ကြည်းတပ်က ဗိုလ်ကြီး တစ်ဦး ဖြစ်တယ်။ ပြည်တွင်းမှာတော့ မစ္စတာ ထရာအိုရေးဟာ ဂျီဟတ်ဝါဒီတွေရဲ့ တော်လှန် ပုန်ကန်မှု ပြန့်ပွား လာတာကို ပိတ်ဆို့ဟန့်တားဖို့ ဆောင်ရွက်ရင်းနဲ့ ” တိုးတက်တဲ့ လူထုတော်လှန်ရေး” လို့ သူက ခေါ်ဆိုတဲ့ သူအားကျ ဂုဏ်ယူခဲ့ရသူ ခေါင်းဆောင်ကြီး ဆန်ခါရာ ရဲ့ ပြည်တွင်း ဖူလုံရေးနဲ့ ပြည်ပ အားကိုး နေရတဲ့ ကုန်သွယ်ရေး၊ ငွေကြေးဖလှယ်မှုနဲ့ အကူအညီ အထောက်အပံ့တွေကနေ ကင်းလွတ် တဲ့ စီးပွားရေးစနစ် ပြန်လည် ရှင်သန်စေရေးကို တစ်ဖက်ကလည်း ကြိုးပမ်း ဆောင်ရွက် နေပါတယ်။
မစ္စတာထရာအိုရေးက စစ်တပ်ထဲမှာ ရာထူးက ဖြုတ်တာ အရေးယူတာ အစားထိုးတာ စတဲ့ သန့်စင်မှုတွေ လုပ်ပြီး လုံခြုံရေးယန္တရားတစ်ခုလုံး သူ့လက်အောက်မှာ ထားကာ ကိုယ်တိုင် ကွပ်ကဲ ထိန်းချုပ် ထားတယ်။မစ္စတာထရာအိုရေးက “အနောက်အုပ်စုက ထောက်ခံအားပေး နေတဲ့သူတွေ” လို့ခေါ် တဲ့ သူ့ကို ဝေဖန်တဲ့သူ မှန်သမျှကို ထောင်ချရင်ချ၊ မချရင်ဂျီဟတ်ဝါဒီတွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ ရှေ့တန်းစစ်မျက်နှာကိုပို့လိုက်တယ်။
နိုင်ငံရပ်ခြားမှာတော့ ထရာအိုရေးဟာ အာဖရိကတိုက်က နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ ဝင်ရိုးစုံ ကမ္ဘာကြီးကို လက်ခံတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတဲ့ပြင် AES လို့ခေါ်တဲ့ ဆာဟဲ ဒေသသုံးနိုင်ငံ မဟာမိတ်အဖွဲ့ (Alliance of Shael States) ရဲ့ အရေးပါတဲ့ ကိုယ်စားပြု ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ဒီအဖွဲ့ကို မနှစ် (၂ဝ၂၄) တုန်းက အိမ်နီးချင်း မာလီနဲ့ နိုင်ဂျာနိုင်ငံတွေနဲ့ ပူးပေါင်း ဖွဲ့စည်း လိုက်တာဖြစ်ပြီး အနောက် အုပ်စု ဆန့်ကျင်ရေး ဒေသကြီးဆိုင်ရာ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်တယ်။
မစ္စတာ ထရာအိုရေးဟာ ဆာဟဲဒေသက သူရဲ့ အပေါင်းအသင်း ရောင်းရင်း စစ်ဘက် ခေါင်းဆောင်တွေလိုပဲ ပိုပြီး အရေးပါတဲ့ ဦးစားပေး လုပ်ငန်းကတော့ ဂျီဟတ်ဝါဒ ပြန့်ပွားမှုကို စစ်သွေးကြွတွေ နဲ့ ဘယ်လို စေ့စပ်ဆွေးနွေးမှုမျိုးမှ မလုပ်ဘဲ စစ်ရေးနည်းလမ်း အသုံးပြုပြီး ဟန့်တားဖို့ ပဲဖြစ်တယ်။ ဒီလုပ်ငန်းစဉ် ဘယ်လိုဆက်သွားနေသလဲ ဆိုတာကိုတော့ ပြောဖို့ ခဲယဉ်းတယ်။ နိုင်ငံရဲ့ မြို့တော် ဝါဂါဒူဂူးနဲ့ ပတ်ဝန်းကျင် ဒေသတွေကိုတော့ ဘူကီနာဖာဆို အစိုးရက ထိန်းချုပ် ထားနိုင်ပုံ ရပါတယ်။ အဲဒီနယ်မြေမှာတော့ တိုက်ခိုက်မှုက ခပ်ရှားရှားပါပဲ။ ဒါပေမဲ့ တစ်နိုင်ငံလုံး နေရာ အနှံ့အပြားမှာ ဂုဏ်ယူ ဝင့်ကြွား ရလောက်အောင် အောင်ပွဲတွေ ရနေတယ်ဆိုတဲ့ အစိုးရဘက်က ကြေညာချက်မျိုးကို အတည်ပြုဖို့ ကတော့ မဖြစ်နိုင်သလောက် နီးပါးပါပဲ။ အစိုးရ တစ်ဖွဲ့တည်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ် မထားနိုင်သေးပါဘူး။
မျက်စိဒေါက်ထောက်ကြည့်နေကြတယ်
ဒီလို မသေချာ မရေရာမှုတွေ ရှိတဲ့ အခြေအနေမျိုးမှာ မစ္စတာထရာအိုရေးက သူ့ရဲ့အာဏာကို တစ်ရွေးသားမျှ မထိမခိုက် မပွန်းမပဲ့ရအောင်လို့ အတိုက်အခံမှန်သမျှ ခွင့်မပြုဘူး။ မာလီနဲ့ နိုင်ဂျာနိုင်ငံတွေထက် အများကြီး ပိုဆိုးတာက ဘူကီနာဖာဆို စစ်ခေါင်းဆောင်က တစ်ကိုယ်တော် လူစွမ်းကောင်း လုပ်တဲ့ သူမျိုးဖြစ်တယ်။ အတိုက်အခံ လှုပ်ရှားမှုမှန်သမျှကို လုံးဝ ပိတ်ပင် တားမြစ် ထားတယ်။ ကနဦး တုန်းကတော့ သမ္မတက ၂ဝ၂၄ခုနှစ်မှာ နိုင်ငံတော်အာဏာကို အရပ်ဘက်ကို လွှဲပေးပါမယ်လို့ ကတိကဝတ် ပြုထားပေမယ့် အခုတော့ အနိမ့်ဆုံး ၂ဝ၂၉ ခုနှစ်အထိ အာဏာကို ဆက်လက် ရယူထားဖို့ အချိန် သတ်မှတ်ထား တယ်။ ၂ဝ၂၂ခုနှစ်မှာ အာဏာ သိမ်းဖို့ ကြံစည်တဲ့ ဖြစ်ရပ် ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်း နှစ်နှစ်လောက် အကြာမှာ မစ္စတာထရာအိုရေးက စစ်တပ်ထဲမှာ ရာထူးက ဖြုတ်တာ အရေးယူတာ အစားထိုးတာ စတဲ့ သန့်စင်မှုတွေ လုပ်ပြီး လုံခြုံရေးယန္တရားတစ်ခုလုံး သူ့လက်အောက်မှာ ထားကာ ကိုယ်တိုင် ကွပ်ကဲ ထိန်းချုပ် ထားတယ်။မစ္စတာထရာအိုရေးက “အနောက်အုပ်စုက ထောက်ခံအားပေး နေတဲ့သူတွေ” လို့ခေါ် တဲ့ သူ့ကို ဝေဖန်တဲ့သူ မှန်သမျှကို ထောင်ချရင်ချ၊ မချရင်ဂျီဟတ်ဝါဒီတွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့ ရှေ့တန်းစစ်မျက်နှာကိုပို့လိုက်တယ်။

သူက သူ့ရဲ့နာမည်နဲ့ ပုံရိပ်ကိုတော့ မပျက်ရအောင် ဂရုတစိုက် ထိန်းသိမ်းတယ်။မြို့တော် ဝါဂါဒူဂူး တစ်ခွင်မှာတော့ သူစက်ရုံတွေကို ဖွင့်လှစ်ပေးတာတို့၊ နိုင်ငံခြားခေါင်းဆောင်တွေ သံတမန်တွေ စတဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး အများပြည်သူ သိရှိအောင် ကြေညာထားတယ်။ အခုနှစ် ဇန်နဝါရီလတုန်းက ဂါနာနိုင်ငံ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ သူ့ရဲ့သင်္ကေတ အမှတ်လက္ခဏာ ပုံစံအတိုင်း ဘယ်ရီကက် ဦးထုပ်အနီကို ဆောင်း ပစ္စတိုသေနတ်ကို ခါးမှာချိတ်ပြီး လက်နှစ်ဖက်စလုံးမှာ စစ်ဘက်သုံး လက်အိတ်စွပ်လို့ တက်ရောက်ခဲ့တယ်။ သူ့ကို အုတ်အော်သောင်းတင်း သြဘာပေးသံတွေ နဲ့ နှုတ်ဆက် ကြိုဆို ခဲ့ကြတယ်။ သူအာဏာ ရယူပြီးတဲ့နောက် မကြာခင်မှာပဲ ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိတွေ ဝါဂါဒူဂူးမြို့တော်ကို စေလွှတ် လိုက်တယ်။ အဲဒီနိုင်ငံက ငွေကြေး အထောက်အပံ့ အကူအညီတွေလည်း တိုးပေးဖွယ် ရှိတယ်။ ရုရှားနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ The African Initiative က ဘူကီနာဖာဆို နိုင်ငံကို ဒေသအတွင်းမှာ နိုင့်ထက်စီးနင်းအပြုအမူမျိုး စစ်ရေးသြဇာအာဏာ ထက် ပါဝါပျော့ (soft-power) လို့ သုံနှုန်းကြတဲ့ အပြောင်းအလဲဖြစ်ပေါ်အောင် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု တန်ဖိုးတွေအသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ညှိနှိုင်း အဖြေရှာတဲ့ soft–power efforts တွေကို အဓိက အာရုံစိုက်အလေးထားပြီး ဆောင်ရွက်စေဖို့ ဖန်တီးခဲ့တယ်လို့ ဂျာမနီနိုင်ငံရှိ ကွန်ရဒ် အဒီနော်ဝါ ဖောင်ဒေးရှင်း ( Konard Adenaur Foundation) က ဆာဟဲဒေသကျွမ်းကျင်သူ အူလ်ဖ် လေဆင်း (Ulf Laessing) က ရှင်းလင်း ပြောကြားခဲ့တယ်။
ထရာအိုရေး လုပ်တဲ့ လုပ်ရပ် အများစုဟာ ဘူကီနာဖာဆိုမှာ အခုအချိန်အထိ ပုဂ္ဂိုလ်ရေးအရ မြတ်နိုးပြီး အလေးအမြတ် ထားတဲ့ ခေါင်းဆောင်ကြီး ဆန်ခါရာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ရေးကို ဖိတ်ခေါ် ဖို့ရည်ရွယ် ခဲ့တယ်ဆိုတာ ရှင်းလင်း သိသာပါတယ်။ “သောမတ်စ်ဆန်ခါရာက ကျွန်တော်တို့တစ်တွေကို အခုအထိ စေ့ဆော် အားပေး နေတုန်းပါပဲ ” လို့သမ္မတရဲ့ အကြံပေး အရာရှိတစ်ဦး ဖြစ်တဲ့ ဆင်မျူရယ် ကယ်လ်ကွန်းမ်ဒိုး (Samuel Kalkoumdo) ကပြောကြားခဲ့တယ်။ ထရာအိုရေးဟာ သူလေးစား မြတ်နိုးပြီး စံထားရတဲ့ ခေါင်းဆောင် ဆန်ခါရာလိုပဲ သူ့ရဲ့ သမ္မတ ရာထူးအရ ရှိတဲ့လစာငွေကို လက်မခံဘဲ ငြင်းဆိုထားပြီး စစ်ဘက် အရာရှိ ဗိုလ်ကြီးတစ်ဦး အဆင့်နဲ့ပဲ သူ့ကိုယ်သူ နှိမ့်ချမှုရှိတယ်။ ထောင်လွှား တာမျိုး မရှိဘူး။ လာမယ့်လ ကျရင် ဆန်ခါရာ သတ်ဖြတ်ခံ လိုက်ရတဲ့နေရာမှာ အာဇာနည် ဗိမာန် တည်ဆောက်ပြီး ပြီမို့ သူကိုယ်တိုင် ဖွင့်လှစ်ပေးဖို့ စီစဉ်ထားတယ်။
ဆန်ခါရာနဲ့ အပြိုင် စဉ်းစားတာက ဦးနှောက် ပုံမှန် အနေအထားမျိုး မဟုတ်ဘဲ အနေအထား လွဲနေတာထက် ပိုပြီးတော့ လွန်သွားတဲ့ သဘောရှိတယ်။ မစ္စတာ ထရာအိုရေးဟာ ဆန်ခါရာလိုပဲ စီးပွားရေးကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ပြီး ပြည်တွင်း ပြည့်စုံ ဖူလုံမှု ရှိရေးကို ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ အကျင့်ပျက် ခြစားမှု တွေကို အမြစ်ကနေ နုတ်ပစ် ဖယ်ရှားဖို့ ကြိုးပမ်းတယ်။ ၂ဝ၂၄ ခုနှစ်တုန်းက လူငယ်ခေါင်းဆောင် ထရာအိုရေးဟာ ဘူကီနာဖာဆိုရဲ့ ပထမဆုံး နိုင်ငံပိုင်ဘဏ်ကို ဖွင့်လှစ် ပေးခဲ့တယ်။ သူ့အစိုးရက သတ္တုတွင်း လုပ်ငန်းနှစ်ခုကို ပြည်သူပိုင် သိမ်းလိုက်ပြီးတော့ နိုင်ငံခြား သတ္တုလုပ်ငန်း ကုမ္ပဏီတွေကိုလည်း လုပ်ငန်း လုပ်ပိုင်ခွင့် တွေကို ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက် ခဲ့သေးတယ်။ ကနေဒါနိုင်ငံ ကုမ္ပဏီတစ်ခုကနေ ရွှေတွေကို သိမ်းဆည်းခဲ့သေးတယ်။ “စိုက်ပျိုးရေး ထိုးစစ်” လို့ နာမည်ပေးထားတဲ့ လုပ်ငန်း အဖွဲ့အစည်း တစ်ခုကို အကောင်အထည် ဖော်တယ်။ အခုနှစ် အကုန်မှာ စားနပ်ရိက္ခာ ထုတ်လုပ်မှုကို “အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေး” အောင်မြင်စေဖို့ ရည်မှန်းချက် ထားရှိတယ်။ ဆန်အပါအဝင် အဓိက စားနပ်ရိက္ခာတွေ ပြည်ပကို တင်ပို့ ရောင်းချတာ မှန်သမျှကို ပိတ်ပင် တားမြစ် လိုက်တယ်။အစိုးရက လယ်သမားတွေကို လယ်ထွန်စက် တွေ အခမဲ့ ဖြန့်ဝေ ပေးတယ်။
စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကနဦးစတင်ဆောင်ရွက်မှုဟာ ရည်မှန်းချက် ပန်းတိုင်ကို အတိုင်းအတာ တစ်ရပ်အထိ အောင်မြင်အောင် အရောက်လှမ်းနိုင်တယ်။ ဒါပေမဲ့ ရလဒ်ကောင်းတစ်ခု ထွက်အောင် ဆောင်ရွက် ပုံရတာမို့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးက ပွဲကြမ်းပြီး အတော်ကို လူသိရှင်ကြား ကျယ်ပြန့်အောင် လုပ်တာဖြစ်တယ်။ လာဘ်ပေး လာဘ်ယူမှုတွေ တဖြည်းဖြည်း လျော့ပါး လာတယ်လို့ ယုံကြည်တဲ့ အနောက်နိုင်ငံ သံတမန် တစ်ယောက် ပြောတာကတော့ မကြာသေးခင်က ဖြစ်ပွားတဲ့ အမှုတစ်ခုမှာ “စတာလင် ခေတ်က ကွန်မြူနစ်တွေရဲ့ အမှုစစ်ဆေးတဲ့ ပုံစံမျိုး နီးပါးတူတယ်” လို့ဆိုတယ်။ ဒေသတွင်းက သတင်းထောက် တစ်ယောက်ကတော့ အကျင့်ပျက် ခြစားမှုတွေ လျော့နည်းသွားခဲ့တာ မှန်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ “ဖမ်းမိသွားလို့ ရှိရင်တစ်သက်လုံး ခေါင်းမဖော်ရဲ လောက်အောင် အရှက်ခွဲ ခံရလို့ပဲဖြစ်တယ်” လို့ ပြောပါတယ်။
မစ္စတာထရာအိုရေး တကယ်တမ်းမှာ ဘယ်လောက် လူကြိုက်များသလဲ ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ လူထု ဆန္ဒသဘောထား စစ်တမ်းတစ်ခုဖြစ်တဲ့ Afrobarometer က ကိန်းဂဏန်း အချက်အလက်တွေ ကတော့ ဘူကီနာဖာဆို နိုင်ငံဟာ မာလီနိုင်ငံကလွဲလို့ ကျန်အာဖရိက နိုင်ငံ မှန်သမျှထက်၂ဝ၂၃ခုနှစ်မှာ စစ်အစိုးရ ဆန့်ကျင်သူ ဦးရေ လျော့နည်းကျဆင်း လာတာကို ဖော်ပြတယ်။ ဒါပေမယ့်လို့ အတိုက်အခံ မရှိတာနဲ့ သတင်းလွတ်လပ်မှု မရှိတာတွေကြောင့် ဒီလို ရပ်တည်ချက် သဘောထားမျိုး တွေကိုလည်း ယုံကြည်စိတ်ချရဖို့ အနိုင်နိုင်ပါပဲ။ “အခုလက်ရှိ အခြေအနေ မှာတော့ သူတို့ ဆန္ဒသဘောထား အတိုင်း လိုက်လုပ်ဖို့ပဲ၊ အဲဒီလိုမဟုတ်ရင် ခင်ဗျား ဘယ်နေရာ သွားရမလဲဆိုတာ ခင်ဗျား သိပါတယ် ” လို့ နိုင်ငံပိုင် သတင်းမီဒီယာ ဌာနတစ်ခုမှာ လုပ်နေတဲ့ သတင်းသမား တစ်ယောက် ကဆိုပါတယ်။
နောက်ဆုံး ပြောရရင်တော့ ဘူကီနာဖာဆိုက လူငယ် ခေါင်းဆောင်ရဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်နဲ့ သဘောထားတင်းမာမှုက နိုင်ငံကို လမ်းကြောင်းမှန် ပေါ်ရောက်အောင် တည့်မတ် ပေးတာထက် ပျက်စီးသွားစေတဲ့ ဘက်ရောက်အောင် ပို့နေပုံ ရတယ်။ အစိုးရကတော့ စိုက်ပျိုးရေး လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး စတင် ဆောင်ရွက်တာတွေဟာ အနောက်အုပ်စုက အထောက်အပံ့ အကူအညီတွေ ဖြတ်တောက် လိုက်လို့ ဖြစ်ပေါ်လာတဲ့ ရိက္ခာ အထောက်အပံ့တွေ လစ်ဟာမှုကို ဖြည့်ဆည်းပေး သွားပါလိမ့်မယ်။ ဒါပေမဲ့ “တကယ်လို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်ချင်တယ် ဆိုရင် အဲဒီလူဟာ မြေယာရရှိ ဖို့တော့လိုတယ်” လို့ ဝါဂါဒိုဂူးမြို့ က ထောက်ပံ့ကူညီရေး သမား တစ်ယောက်က ဆိုတယ်။ ဂျီဟတ်ဝါဒီတွေနဲ့ ဆွေးနွေး ပြောဆိုမှုကို မစ္စထရာအိုရေးဆီက သဘော တူညီမှု မရရှိတာကြောင့် အခြေအနေအနေက ပိုပြီးခဲယဉ်း လာတယ်။

သူက ဝေဖန်မှုတွေကို လက်ခံ လွယ်မယ့် ပုံမရဘူး။ အခုနှစ် ဧပြီ ၁ ရက်နေ့တုန်းက မစ္စတာ ထရာအိုရေး မာမာထန်ထန်နဲ့ ဒေါသတကြီး ပြောကြားခဲ့တဲ့ မိန့်ခွန်း တစ်ရပ်မှာ- “၈၇ ခုနှစ်က ဖြစ်ရပ်တွေ” (ဆန်ခါရာ လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်) ကို ထပ်ပြီး သတိပေး ခဲ့သေးတယ်။ ပြည်ပက အင်အားကြီး နိုင်ငံတွေဟာ သူ့ကို ဖြုတ်ချဖို့ လျှို့ဝှက် ကြံစည်တယ်။ ပြည်တွင်း ပြည်ပက သစ္စာဖောက် တွေကို အခုထက် ပိုပြီး ဖမ်းဆီး ရမိဖို့ လိုအပ်တယ်လို့ ဆိုတယ်။ ဒီစကားကတော့ ဘူကီနာဖာဆို နိုင်ငံအတွက်ရော ဒေသကြီး အတွက်ရော နိမိတ် လက္ခဏာ ကောင်းတစ်ခုတော့ မဟုတ်ပေဘူးလို့ အပတ်စဉ်ထုတ် Analysing Africa စာစောင်က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

