အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို အကာအကွယ်ပေးထားတဲ့ အခြေခံ ဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် နဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုကို အမိန့်ချမှတ်ခဲ့ပါတယ်။ ထိုအမိန့် ကတော့ အေပီ (Associated Press)သတင်း ဌာနကို သမ္မတနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ရယူဖို့အတွက် အပြည့်အဝ လမ်းဖွင့်ပေးဖို့ပါပဲ။ အင်္ဂါနေ့က ထိုအမိန့်ကို ချမှတ်ရာမှာ အစိုးရအနေနဲ့ သတင်းဌာနတစ်ခုကို ၎င်းရဲ့ မိန့်ခွန်းမှာပါတဲ့ အကြောင်းအရာ တစ်ခုအတွက် ပြစ်ဒဏ် မခတ်သင့်ဘူးဆိုတဲ့ မှတ်ချက်ကိုလည်း ဖော်ပြထားပါတယ်။

သမ္မတထရမ့်က ခန့်အပ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခရိုင်တရားသူကြီး ထရီဗာအင်(န်) မက်ဖက်ဒင်က”မက္ကဆီကို ပင်လယ်ကွေ့ကို အမည် ပြန်လည် ပေးဖို့ဆိုတဲ့ သမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေး အမိန့်ကို အေပီ (AP) အနေနဲ့ လိုက်နာခြင်း မပြုဖို့ ဆုံးဖြတ်တာကို အစိုးရအနေနဲ့ လက်တုံ့မပြန်နိုင်ဘူး” လို့ ထိုအမိန့်မှာ ဖော်ပြထားပါတယ်။
ထရမ့်ဟာ သမ္မတ ရာထူးကို ပြန်လည်ရရှိခဲ့ချိန်ကစပြီး စစ်မျက်နှာ အများအပြားမှာ မီဒီယာတွေကို ရန်စွယ်ငေါငေါနဲ့ တိုက်ခိုက်ခဲ့တယ်။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်ဟာ ABC, CBS, နဲ့ NBC သတင်းဌာနတွေကို တရားစွဲဆိုမှုတွေ ပြုခဲ့တယ်။ ဒါ့အပြင် ထရမ့်အစိုးရဟာ ဗွီအိုအေ (Voice of America) လို အစိုးရလည်ပတ်နေတဲ့ သတင်းဌာနတွေကို ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့နည်းလမ်း ရှာဖွေခဲ့တယ်။ ဒါ့အပြင် လူထုအသံလွှင့်ဌာနတွေဖြစ်တဲ့ PBS နဲ့NPR တို့ကိုလည်း ”သတင်းတွေ ဖော်ပြရာမှာ သိပ်ကို လစ်ဘရယ်ဆန်တယ်၊ လွတ်လပ်မှုကို ဦးစားပေးလွန်းတယ်”လို့ ပြောဆိုကာ ရန်ပုံငွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
သမ္မတအိမ်ဖြူတော်က အဆင့်ဆင့်သော ပုံနှိပ်လုပ်ငန်းတွေကို စိန်ခေါ်နေတဲ့အချိန်မှာ ထိုအမိန့် ချမှတ်မှုဟာ အေပီအတွက် အဓိကကျတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ တရားသူကြီး မက်ဖက်ဒင်က ”အကယ်၍ အစိုးရအနေနဲ့ အခြေခံ ဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် အောက်မှာ ဂျာနယ်လစ် အချို့အတွက် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၊ အရှေ့ဘက်ခန်းမ သို့မဟုတ် အခြားဌာနတွေသို့ ဝင်ထွက်ခွင့်တံခါးတွေ ဖွင့်ပေးခဲ့ရင် အခြား ဂျာနယ်လစ်တွေအတွက် ထိုတံခါးတွေကို သူတို့ရဲ့ အမြင်တွေကြောင့် မပိတ်သင့်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တစ်ပြေးညီ ဖြစ်ရမယ်”လို့ ရေးခဲ့ပါတယ်။
သို့ပေမယ့် အိမ်ဖြူတော်အနေနဲ့ မက်ဖက်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းသက်ရောက်စေမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မက်ဖက်ဒင်ဟာ အစိုးရကို တုံ့ပြန်ဖို့ သို့မဟုတ် အယူခံလွှာတင်ဖို့ အချိန်ပေးတဲ့အနေနဲ့ သူ့ရဲ့ အမိန့်ကို အကောင်အထည်ဖော်ဖို့ ရက်သတ္တတစ်ပတ် အချိန် ပေးထားပါတယ်။
အေပီဟာ အခြားသော စာနယ်ဇင်းသမား အစုငယ်လေးတွေအကြားမှာ ထရမ့်ရဲ့ ဘဲဥပုံရုံးခန်းမှာ ဖြစ်စေ၊ Air Fore One သမ္မတလေယာဉ်ပေါ်မှာဖြစ်စေ သို့မဟုတ် အရှေ့ဘက်ခန်းမမှာ ရံဖန်ရံခါပြုလုပ်တဲ့ ပွဲတွေမှာဖြစ်စေ သတင်းယူခွင့်ကို ဖေဖော်ဝါရီလ (၁၁)ရက်ကစပြီး ပိတ်ပင်ခံခဲ့ရပါတယ်။
အေပီသတင်းဌာနက ထရမ့်ဟာ သူသဘောမတူတဲ့ စကားလုံးတွေကို ဂျာနယ်လစ်တွေက သုံးစွဲခဲ့ တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖောက်ဖျက်ပြီး မိမိတို့ကို အရေးယူခဲ့တာ ဖြစ်တယ်လို့ မက်ဖက်ဒင်ကို တင်ပြပြီး တရားစွဲဆိုခဲ့တာပါ။ စောစောပိုင်းတုန်းကတော့ အေပီက သမ္မတထရမ့်ကို သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး တားဝရမ်းထုတ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် ထရမ့်က အလေးမမူခဲ့ပါဘူး။
ထရမ့်ပြောပြီ
မတ်လ ၂၇ ရက်က ကျင်းပခဲ့တဲ့ ထရမ့်က အေပီသတင်းဌာနကို ဘာကြောင့် ပြန်လည် တုံ့ပြန်ခဲ့တာလဲဆိုတာနဲ့ပတ်သက်တဲ့ တရားရုံးကြားနာမှုမှာ အငြင်းပွားမှုအနည်းငယ် ရှိခဲ့ပါတယ်။ အစိုးရက ”အိမ်ဖြူတော်သတင်းထောက်တွေဖြစ်စေ၊ သို့မဟုတ် ကာလရှည်ကြာစွာကတည်းက ရှိခဲ့တဲ့ အစဉ်အလာအရ ဖြစ်စေ သမ္မတကို ဘယ်အချိန်မှာ ဘယ်သူက မေးခွန်းမေးရမယ်လို၌ ဆုံးဖြတ်တာမျိုး မရှိဘူး”လို့ ပြောခဲ့ပါတယ်။
အေပီသတင်းဌာနနဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး သမ္မတအိမ်ဖြူတော်ဟာ အရေးမကြီးတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သမ္မတကို ဘယ်သတင်းသမားက တွေ့ဆုံခွင့်ရှိမယ်ဆိုတဲ့ကိစ္စအပါ အဝင် သတင်းပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ် ပြုလုပ်တဲ့ ရှင်းလင်းပွဲတွေမှာ သတင်းသမားတွေအနေနဲ့ ဘယ်နေရာမှာ ထိုင်ရမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထိန်းချုပ်လာပါတယ်။ ”ထိုသို့ လုပ်ဆောင်တာတွေဟာလည်း ပြည်သူတွေအနေနဲ့ သတင်းတွေရရှိဖို့အတွက် ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ လိုအပ်လို့ပဲ ဖြစ်တယ်”လို့ ပြောဆိုပါတယ်။
ဘယ်လို ဝေါဟာရ အခေါ်အဝေါ်တွေကို သုံးစွဲရမယ်ဆိုတဲ့ အေပီရဲ့ဆုံးဖြတ်ချက်တွေကို ကမ္ဘာ တစ်ဝန်းမှာရှိတဲ့ ဂျာနယ်လစ်တွေနဲ့ အခြားစာရေးဆရာတွေက ၎င်းရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ အသုံးအနှုန်းပုံစံတွေကို လိုက်နာကြပါတယ်။ အေပီဟာ ထရမ့်က “မက္ကဆီကို ပင်လယ်ကွေ့” ဆိုတဲ့ အမည်ကို ”အမေရိကန် ပင်လယ်ကွေ့”လို့ ပြောင်းပြီး အမည်ပေးတာကို မှတ်သားခဲ့ပါတယ်။ သို့ပေမယ့် နှစ်ရာပေါင်းများစွာကတည်းက ”မက္ကဆီကို ပင်လယ်ကွေ့”လို့ ခေါ်ခဲ့တဲ့ ထိုပင်လယ်ရေပြင်ကို အမည်ဟောင်း အတိုင်းပဲ ဆက်လက် ခေါ်ဆိုမယ် လို့ အေပီက ပြောခဲ့ပါတယ်။
မတူကွဲပြားတဲ့ စာနယ်ဇင်းအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးတို့ကလည်း ထိုရေပြင်ကျယ်ကို မတူ ကွဲပြားတဲ့ ချဉ်းကပ်မှုအမျိုးမျိုးကို သုံးစွဲခဲ့ကြတယ်။ အချို့ကတော့ ထိုနေရာကို ”ပင်လယ်ကွေ့”လို့ပဲ ခေါ်ကြပါတယ်။
အေပီရဲ့ အမှုဆောင် အယ်ဒီတာ ဂျူလီပေ့စ်ကတော့ အေပီ (The Associated Press) က သမ္မတ ထရမ့်ရဲ့ အိမ်ဖြူတော်ကို တရားစွဲဆိုတာဟာ ရေပြင် ပမာဏတစ်ခုရဲ့ အမည်နဲ့ ပတ်သက်တယ်လို့ တွေးထင်သူတွေအနေနဲ့ ဒီထက်ပိုပြီး ကြီးကြီးမားမား စဉ်းစားကြပါလို့ ဝေါစထရိ ဂျာနယ်ရဲ့ သတင်းနဲ့ဝေဖန် သုံးသပ်ချက်အခန်းမှာ ရေးခဲ့ပါ တယ်။ ”တကယ်တော့ ဒီကိစ္စဟာ သင့်တင့်တဲ့ ပြောစကားကို အစိုးရက ထိန်းချုပ်ခွင့် ရှိသလားဆိုတဲ့ ပြဿနာ ပါပဲ”လို့ ဂျူလီပေ့စ်က ဆက်ပြောပါတယ်။
ထရမ့်ဟာ ၁၈၄၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အေပီသတင်းဌာကို ”အစွန်းရောက် လက်ဝဲသမားအရူးတွေ”လို့ ရှုတ်ချခဲ့တယ်။ ဒါ့အပြင် ”ဒါဟာ အမေရိက ပင်လယ်ကွေ့ ဖြစ်တယ်ဆိုတာကို သူတို့ သဘောတူလာတဲ့အထိ သူတို့ကို (သတင်းစာရှင်းလင်းပွဲ) ပြင်ပမှာပဲ နေစေရမယ်”လို့ ပြောဆိုပါ တယ်။

အေပီရဲ့သတင်းယူမှုကိုတားမြစ်
အေပီသတင်းဌာနက မိမိရဲ့ အိမ်ဖြူတော်သတင်းထောက်နဲ့ ဓာတ်ပုံဆရာတို့ကို တရားသူကြီး မက်ဖက်ဒင်ရဲ့ ရှေ့မှောက်မှာ ထွက်ဆိုစေခဲ့ရာမှာ သတင်းအချို့ကို အချိန်မီမရရှိခဲ့တဲ့အတွက် ၎င်းအနေနဲ့ စကားလုံးတွေနဲ့ပုံတွေကို တစ်ဆင့်ပေးပို့ရာမှာ ကြန့်ကြာခဲ့ရတယ်လို့ ပြောဆိုခဲ့တယ်။ ဆက်လက်ပြီးတော့လည်း ”သတင်းဌာနတစ်ခုအတွက် အဓိကကျတဲ့ ရောင်းအားဟာ သတင်းတွေရဲ့ မြန်နှုန်းအပေါ်မှာ မူတည်တယ်”လို့လည်း ပြောဆိုခဲ့ပါတယ်။
အေပီရဲ့ရှေ့နေဖြစ်သူ ချားလ်(စ)ကိုဘင်ကလည်း ”တားမြစ်ပိတ်ပင်ခံရမှုကြောင့် မိမိတို့ရဲ့ သတင်း ဌာနဟာ ကြော်ငြာဖောက်သည်တစ်ဦးထံမှ ကြော်ငြာခငွေ ဒေါ်လာ ၁၅၀,၀၀၀ ဆုံးရှုံးခဲ့ရတယ်”လို့ ပြောဆို ခဲ့ပါတယ်။
သို့ပေမယ့် အစိုးရရှေ့နေဖြစ်တဲ့ ဘရိုင်ယန်ဟူဒက်ကတော့ အေပီသတင်းဌာနဟာ သတင်းတွေ ရရှိဖို့အတွက် အခြားအေဂျင်စီတွေထံမှ တိုက်ရိုက်ထုတ်လွှင့်တဲ့သတင်းတွေ၊ ဓာတ်ပုံတွေကိုလည်း အသုံးပြုနိုင်ခဲ့ပါတယ်လို့ ပြောဆိုခဲ့တယ်။ ဆက်လက်ပြီးတော့လည်း ဘရိုင်ယန်ဟူဒက်က ”အေပီဟာ လီဗစ် (အိမ်ဖြူတော် သတင်း ပြန်ကြားရေး အတွင်းဝန်) ရဲ့ နေ့စဉ်သတင်းထုတ်ပြန်တဲ့ အစီအစဉ်တွေကိုလည်း တက်ရောက်နေတာပဲ”လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော သတင်းစာတွေ၊ သတင်း ဝက်ဘ်ဆိုက် တွေနဲ့ အသံလွှင့်ဌာနတွေထံ သတင်းတွေဖြန့်ဝေနေတဲ့ အေပီဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ ပါတီနှစ်ရပ်ရဲ့ သမ္မတရဲ့ သတင်းတွေကို ရယူခဲ့တဲ့သတင်းတွေနဲ့ ဓာတ်ပုံစုစုပေါင်းလုပ်ငန်းကြီးရဲ့ အစိတ်အပိုင်းငယ်ကလေးပဲ ဖြစ်ပါတယ်။
အစိုးရဟာ သတင်းထုတ်ပြန်မှုတွေကို ပိုမိုဦးစားပေးဖို့ ကြိုးပမ်းလျက်ရှိပြီး အထူးသဖြင့် ထရမ့်နဲ့ အဆင်ပြေတဲ့ သတင်းဌာနတွေအတွက် ထိုသို့ဆောင်ရွက်နေပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတော့ အေပီသတင်းဌာနဟာ ကာရိုလိုင်းလီဗစ်နဲ့ အိမ်ဖြူတော်ရုံး အရာရှိချုပ် စူစီ ဝိုင်းလ်(စ)၊ ဒုတိယအရာရှိချုပ် တေလာဘူဒိုဝစ်ချ်တို့ကို တရားစွဲဆိုခဲ့ပါတယ်။
ထရမ့်ဟာ သမ္မတ ရာထူးကို ပြန်လည်ရရှိခဲ့ချိန်ကစပြီး စစ်မျက်နှာ အများအပြားမှာ မီဒီယာတွေကို ရန်စွယ်ငေါငေါနဲ့ တိုက်ခိုက်ခဲ့တယ်။ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်ဟာ ABC, CBS, နဲ့ NBC သတင်းဌာနတွေကို တရားစွဲဆိုမှုတွေ ပြုခဲ့တယ်။ ဒါ့အပြင် ထရမ့်အစိုးရဟာ ဗွီအိုအေ (Voice of America) လို အစိုးရလည်ပတ်နေတဲ့ သတင်းဌာနတွေကို ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့နည်းလမ်း ရှာဖွေခဲ့တယ်။ ဒါ့အပြင် လူထုအသံလွှင့်ဌာနတွေဖြစ်တဲ့ PBS နဲ့NPR တို့ကိုလည်း ”သတင်းတွေ ဖော်ပြရာမှာ သိပ်ကို လစ်ဘရယ်ဆန်တယ်၊ လွတ်လပ်မှုကို ဦးစားပေးလွန်းတယ်”လို့ ပြောဆိုကာ ရန်ပုံငွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
သမ္မတထရမ့်အပြင် သူ့ရဲ့ နောက်လိုက် နောက်ပါတွေနဲ့ ဂျာနယ်လစ်တွေ၊ စာနယ်ဇင်းသမားတွေရဲ့ ရန်ပွဲတွေ ဟာ တစ်ပွဲပြီးတစ်ပွဲ ဆက်လျက်ရှိနေပါတယ်။ မကြာသေးခင် ကပဲ ABC သတင်းဌာနဟာ ၎င်းရဲ့ အကြီးတန်း သတင်းထောက် တစ်ဦးဖြစ်တဲ့ တယ်ရီမိုရန်ကို ထရမ့်နဲ့ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တို့ကို ကမ္ဘာ့ အဆင့် မုန်းတီးရေးသမားတွေလို့ ပြောကြားခဲ့တဲ့အတွက် ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။
များမကြာမီက ဒေါ်နယ်ထရမ့်နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ တယ်ရီမိုရန်က ”သမ္မတနဲ့ သူ့ရဲ့ အိမ်ဖြူတော် ဒုတိယအရာရှိချုပ် စတီဖင် မစ်လာတို့ နှစ်ဦးစလုံးဟာ ကမ္ဘာ့အဆင့် မုန်းတီးရေး ဝါဒီတွေဖြစ်တယ်” လို့ အေဘီစီ သတင်းဌာနရဲ့ ပို့စ်မှာ တင်ခဲ့ပါတယ်။
ဒါ့အပြင် မိုရန်က ”မီလာဟာ ထရမ့်ဝါဒရဲ့ နောက်ကွယ်မှ ဉာဏ်ကြီးရှင်တစ်ယောက် မဟုတ်ဘူး၊ လှုပ်ရှားမှုမှ ရုတ်တရက် ပေါ်ပေါက်လာတဲ့ သူ့ရဲ့ဆန္ဒတွေကို ပေါ်လစီအဖြစ် အကောင်အထည်ဖော်ပေး တာဟာ သူ့ရဲ့ ဦးနှောက် မဟုတ်ဘူး၊ ဦးနှောက်ထဲက အမျက်ဒေါသတွေပဲ ဖြစ်တယ်”လို့ ရေးခဲ့တယ်။ ဆက်လက် ပြီးတော့လည်း သူ့ရဲ့ မုန်းတီးမှုတွေဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အာဟာရဓာတ်ပဲ ဖြစ်တယ်၊ သူက အဲဒီ သူ့ရဲ့ မုန်းတီးစိတ်တွေကို စားသုံးနေတာ”လို့ ရေးခဲ့ပါတယ်။
ဒီနောက်မှာ တယ်ရီမိုရန်ဟာ ထရမ့်နဲ့ပတ်သက်ပြီးတော့လည်း ရေးခဲ့ပါတယ်။ ထရမ့်ဟာ ကမ္ဘာ့ အဆင့် မုန်းတီးရေး ဝါဒီပါ။ ဒါပေမဲ့ သူ့ရဲ့မုန်းတီးမှုမှာ ရည်ရွယ်ချက် ပန်းတိုင်ရှိတယ်။ ထိုပန်းတိုင်ကတော့ သူ့ရဲ့ နာမည်ဂုဏ် သတင်းကြီးမှုပဲ ဖြစ်တယ်”လို့ ရေးခဲ့ပါတယ်။
မိုရန်ရဲ့ အဆိုပါရေးသားမှုတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ရာမှာ စတီဖင်မီလာက ”တယ်ရီရဲ့ အများ ပြည်သူတွေ အကြားမှာ ပွဲဆူအောင်လုပ်တဲ့လုပ်ရပ်ရဲ့ အရေးအကြီးဆုံးအချက်က အမေရိကန်နိုင်ငံမှာရှိတဲ့ ကော်ပိုရိတ် စာနယ်ဇင်းလုပ်ငန်းရဲ့ သဘောသဘာ၀ကို ပြသလိုက်တာပဲဖြစ်မယ်”လို့ ပြောဆိုခဲ့တယ်။ ဆက်လက်ပြီး ပြောဆိုရာမှာ မီလာက ”ဆယ်စုနှစ်ပေါင်းများစွာကြာမျှ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ဝင်ပေါက်ထွက်ပေါက် တံခါးကို စောင့်ကြည့်ခြင်းနဲ့ ဇာတ်ကြောင်းစုံကို ပြောပြနေတဲ့ အခွင့်ထူးခံ သတင်းတင်ဆက်သူတွေနဲ့ သတင်းထောက်တွေဟာ ဂျာနယ်လစ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ အစွန်းရောက်တာတွေရှိတယ်။ တယ်ရီဟာ သူ့ရဲ့ မျက်နှာဖုံးကို ချွတ်ပြလိုက်တာပါပဲ”လို့ ပြောဆိုခဲ့တယ်။
အိမ်ဖြူတော်ရဲ့ သတင်းပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်ကလည်း မိုရန်ရဲ့ လေလုံးထွားမှုဟာ လက်မခံနိုင်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်တယ်၊ ကျွန်မထင်တာကတော့ ဒီပြောစကား တွေဟာ အမေရိကန်ပြည်သူတွေ နှစ်ပေါင်းများစွာ အမွေဆက်ခံရရှိထားတဲ့ မီဒီယာအပေါ် မယုံကြည်တဲ့ သဘောပဲလို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျေဒီဗန့်(စ)ကတော့ ”တယ်ရီမိုရန်တင်ခဲ့တဲ့ သတင်းဟာ တကယ့်ကို မသတီ စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ခြောက်လတုန်းကလည်း ABC ရဲ့ ရေဒီယိုရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ဂျော့ စတီဖင် နိုပေါလော့(စ)က ABC ရဲ့ ယခု ရက်သတ္တပတ် အစီအစဉ်မှာ ပင်တိုင်ဆောင်းပါးရှင် အီ၊ ဂျင်းကာရိုးလ်က ထရမ့်အပေါ် တရားစွဲဆိုထားတဲ့အမှုမှာ ထရမ့်ဟာ မုဒိမ်းမှု ကျူးလွန်ဖွယ်ရှိတယ်လို့ ထပ်ကာတလဲလဲ ပြောဆိုခဲ့တဲ့အတွက် ထရမ့်က အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်။ ထို့နောက်မှာတော့ ABC ဟာ ထရမ့်ရဲ့ ပရဟိတဖောင်ဒေးရှင်း သို့မဟုတ် ပြတိုက်အတွက် ဒေါ်လာ ၁၅ သန်းပေးဖို့ သဘောတူခဲ့ရပါတယ်။
အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် ခြောက်လအကြာမှာ ABC အကြီးတန်းသတင်းထောက် တယ်ရီ မိုရန်ရဲ့ ပြဿနာဖြစ်ခဲ့တာပါ။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ABC သတင်းဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ”မိုရန်ကို ရာထူး တာဝန်မှ ရပ်ဆိုင်းပြီး နောက်ထပ် သတင်းဝေဖန်သုံးသပ်မှုတွေ ပြုလုပ်ခြင်းကိုလည်း ဆိုင်းငံ့ထားတယ်”လို့ ပြောဆိုတယ်။ ဒါ့အပြင် အဆိုပါပြောရေးဆိုခွင့်ရှိသူက ”ABC သတင်းဌာနဟာ သတင်းတွေကို ဖော်ပြရာမှာ အခြား လူတွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ခွင့်လွှတ်မှာ မဟုတ် ဘူး၊ မိမိတို့ဟာ သတင်းတွေကို ဖော်ပြရာမှာ ယထာဘူတ ကျပြီး ဘက်မလိုက်တဲ့ မူပေါ်မှာ ရပ်တည်ပါတယ်။ တယ်ရီမိုရန် တင်ဆက်ခဲ့တဲ့ အကြောင်းအရာဟာ မိမိတို့ရဲ့ စံနှုန်းတွေကို ချိုးဖောက်တာဖြစ်ပြီး ABC သတင်းဌာနရဲ့အမြင်ကို ရောင်ပြန်ဟပ်ခြင်းမရှိဘူး”လို့ ရေးခဲ့ပါတယ်။
ယခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ABC သတင်းထောက် တယ်ရီမိုရန်က သမ္မတထရမ့်နဲ့ သူ့ရဲ့ လက် ထောက်တွေကို ကမ္ဘာ့အဆင့် မုန်းတီးမှုဝါဒီတွေလို့ တိုက်ခိုက်ပြောဆိုမှုကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ပင်မ မီဒီယာ အဖွဲ့အစည်း တွေဟာ အခြေခံအားဖြင့် ဘက်လိုက်မှုရှိနေပြီး ထရမ့်အစိုးရကို တိုက်ခိုက်နေ ကြတာလားဆိုတဲ့ သံသယတွေကို ပိုမိုနက်ရှိုင်းလာစေပါတယ်။

