The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။
စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books) တွေကို မဖတ် ဖြစ်တော့တာပါ။ အများနားလည်တဲ့ ” စာဖတ်ခြင်း” ဆိုတာ စာအုပ် တစ်အုပ်အုပ်ကို ဖတ်ရှုတာလို့ သဘောပေါက်ထားတယ်။ စာအုပ်တစ်အုပ်အုပ်ကို ဖတ်မှ စာဖတ်တယ်လို့ သတ်မှတ်မယ်ဆိုရင်တော့ စာမဖတ်ဖြစ်တာ ကြာပြီ။
တကယ်တော့ စာဖတ်တတ်စ ကျောင်းသားအရွယ်ကတည်းက စာကို အငမ်းမရ ဖတ်ခဲ့တာပါ။ ၁၉၇၀ ကျော်ကာလက ဗိုလ်တထောင်တို့၊ ကြေးမုံတို့ဆိုတာ လက်နှစ်ဖက် ဆန့်တန်းပြီး ဖတ်ရအောင် အရွယ်ကြီး ဆိုက်ကြီး။ ဒီသတင်းစာကြီးတွေကို ကျောင်းက ပြန်လာတာနဲ့ အငမ်းမရ ဖတ်တော့တာပဲ။ ဆရာသိန်းဖေမြင့်ရဲ့ “ကျွန်တော်တို့ မွန်မြန်မာ” “ဝိသေသတိုင်း သမိုင်းအစ” လို ခရီးသွားဆောင်းပါးတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးတာ အမှတ်ရနေတယ်။ သတင်းစာထဲမှာ နိုင်ံငံရေးသတင်းတွေ၊ နိုင်ငံတကာ သတင်းတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ နယ်သတင်းတွေ အစုံပါသလို နောက်ကျောဘက်က ရုံတင် ရုပ်ရှင် ဇာတ်ကား ကြော်ငြာတွေကလည်း ဘယ်ကားတွေ ပြနေပြီ။ ဘယ်ရုံမှာ သိရသလို ဒီဇိုင်းတွေကလည်း ဆွဲဆောင်မှု ရှိတယ်။ ကျောင်းသားဘဝ မှာ အစွဲလမ်းဆုံးက တေဇရုပ်စုံ။ ဆရာ ဦးဘကြည်ရဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ရောင်စုံ ဗုဒ္ဓဝင်ရုပ်ပြတွေ ဖတ်ခဲ့ရတာ မှတ်မိနေတယ်။
အလယ်တန်းကျောင်းသားဘဝ၊ အထက်တန်းကျောင်းသားဘဝ မြန်မာစာမှာ ပြဋ္ဌာန်းခဲ့တဲ့ “မြန်မာစကားပြေလက်ရွေးစင်” ဆိုတာ မြန်မာစာအတွက် မြန်မာစာရေးဆရာကြီးများရဲ့ စံပြအရေးအသားတွေကို ကောက်နုတ်ထားတဲ့ စာပေရတနာတွေ ဖြစ်တယ်။ ဂျိမ်းစ်လှကျော်၊ သိပ္ပံမောင်ဝ၊ ရွှေဥဒေါင်း၊ ဦးဘသောင်း၊ ဦးဖိုးကျား၊မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ တက်တိုး၊ ဆန်းထွန်း၊ မြကေတု၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ သိန်းဖေမြင့်၊ အောင်သင်း၊မင်းယုဝေ၊ တင်မိုး အစရှိတဲ့ မြန်မာ စာရေးဆရာကြီး များရဲ့ စာပေတွေကို ကျောင်းသားဘဝမှာ ခုံခုံမင်မင် မြည်းစမ်းခွင့် ရခဲ့တယ်။ သိပ္ပံမောင်ဝ ရဲ့ အညာဘုရားပွဲ၊ ရွှေဥဒေါင်းရဲ့ ဇော်ဟိတ်နဲ့ တိုင်းလုံးကျော်တို့ လက်ဝှေ့ပွဲ၊ ဇော်ဂျီ ရဲ့ ပုဂံဈေး၊ မောင်ထင်ရဲ့ ငဘ၊ သိန်းဖေမြင့်ရဲ့ အမေ၊ အောင်သင်းရဲ့ ချိုတကူး နဲ့ ဂုဏ်ရည်မတူ၊ တင်မိုးရဲ့ သင်္ချိုင်းကုန်းမှာ အစရှိတဲ့ မြန်မာစကားပြေ အညွန့်အဖူးတွေ၊ အက်ဆေးတွေကို ဖတ်ရှု ခံစားခွင့်ရခဲ့တယ်။

ကျောင်းမှာ စာကြည့်တိုက်ဖွင့်တော့ ပျော်လိုက်တဲ့ဖြစ်ခြင်း။ စာအုပ်ပုံတွေထဲမှာ ခေါင်းဝှေ့။ မဂ္ဂဇင်းမျိုးစုံ၊ ဝတ္ထုစာအုပ် မျိုးစုံကို အဲဒီတော့မှ ထိတွေ့ခွင့်ရခဲ့တယ်။ ကိုယ်တွေရဲ့ ငယ်ဘဝဟာ ရေဒီယို နဲ့ သတင်းစာပဲ ရှိတယ်။ ရုပ်မြင်သံကြား မပေါ်သေးဘူး။ ရေဒီယိုက လွှင့်တဲ့ အသံလွှင့်ဇာတ်လမ်းတို့၊ ဇာတ်လမ်းပမာ နားဆင်စရာတို့ကို ဧည့်ခန်းထဲ စုဝေးနားထောင်ရတဲ့ ခေတ်အခါပေါ့။ မြန်မာရုပ်ရှင်ကားတွေက အဖြူအမည်း။ ဝင်းဦး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ဇော်ဝမ်း နာမည်ကြီးခါစ။ တစ်ပတ်တစ်ခါ သောကြာနေ့တိုင်း ရုပ်ရှင်ကားသစ်ရုံတင်ပြီး ဆူးလေ နဲ့ ဗိုလ်ချုပ်လမ်းဟာ တိုးမပေါက်ဘူး။ ဖျော်ဖြေရေးက ဒီတစ်ခုတည်း ရှိတာမဟုတ်လား။ သမ္မတတို့ ပပဝင်းတို့မှာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်အပြိုင်တင်တယ်။ လက်တစ်ဖက် ပြတ်သိုင်းသမား ဟောင်ကောင်ရုပ်ရှင်ကားကို တစ်ကျပ်ခွဲတန်းက အရှည်ကြီးတန်းစီပြီး တိုးကြည့်ခဲ့ရတဲ့ ကျောင်းသားဘဝ။ ဂုဏ်ရုံမှာ Take me away။ ရဲရင့်ရုံမှာ အာရာဒါးနား။ မဆလ ခေတ်မှာ ဗိုက်ပူဘတ်စ်ကားကြီးတွေကို တွယ်စီးရတယ်။ ဘတ်စ်ကားတွေအားလုံး ငါးပိသိပ် ငါးချဉ်သိပ် တိုးတိုးဝှေ့ဝှေ့။ အပန်းဖြေစရာ ရုပ်ရှင်နဲ့ စာအုပ်ပဲ ရှိတယ်။ ကက်ဆက်တွေ ပေါ်လာတော့ လက်ဖက်ရည်ဆိုင်မှာ စတီရီယိုသီချင်းတွေ နားထောင်ရတယ်။ စာအုပ်အငှားဆိုင်တွေ ပေါ်လာပြီ။ ညနေစောင်းရင် အငှားဆိုင်မှာ စာအုပ်ငှားဖတ်ကြမယ့်သူတွေ တိုးဝှေ့နေကြပြီ။ “စာဖတ်ပါ” လို့ ဘယ်သူမှ တကူးတက တိုက်တွန်းစရာမလိုဘဲ စာဖတ်ကြတယ်။ ဖတ်သူအဆင့်အတန်းလိုက် အမျိုးမျိုးပေါ့။ ကလေးတွေက ကာတွန်းဖတ်မယ်။ မောင်စူပါ၊ ဒီလုံး၊ ပြာဂလောင်၊ ပြာလချောင်။ နည်းနည်းအရွယ်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေက ငြိမ်းကျော်၊နွမ်ဂျာသိုင်းပေါ့။ မင်းသိင်္ခ၊ လမင်းမိုမို၊ စုလှဖြူ အပျော်ဖတ်အချစ်ဝတ္တုတွေ လူကြိုက်များကြတယ်။ လူတွေ စာတအားဖတ်ကြတဲ့အချိန်ပေါ့။ (စာဖတ်တာကို ပြောတာ နော်၊ စာကောင်းပေကောင်းကို မဆိုလိုဘူး)။ နေလင်းအောင်၊ မိုးကျော်သူတို့လို သိုင်းစာအုပ်အတွဲတွေလည်း ဖတ်ကြ တာပဲ။ မီလာရှီကာ စိုင်းဗေဒါတို့ မြိုင်ရာဇာတွတ်ပီတို့လည်း နောက်ပိုင်းနာမည်ကြီးလာတယ်။ လူတွေက စာအုပ်ကို ပိုက်ဆံပေးပြီး ဖတ်ကြတာ။
မဂ္ဂဇင်းခေတ်ဆိုတော့ လစဉ်ထုတ်မဂ္ဂဇင်းတွေလည်း လူကြိုက်များတယ်။ လူငယ်တွေကြားထဲမှာ သပြေတေးမဂ္ဂဇင်း အတော်အောင်မြင်ခဲ့တယ်။ စာသမားတွေကတော့ မိုးဝေ၊ရှုမဝပေါ့။ သွေးသောက်က သက်တမ်းရှည်မဂ္ဂဇင်း။ ဝင်းဦးထုတ်ခဲ့တဲ့ စန္ဒာလည်း သက်တမ်းရှည်ခဲ့တယ်။ မြဝတီ၊ ငွေတာရီကတော့ ဖတ်စရာလေးတွေပါပေမယ့် မဆလအာဘော် ပေါ်လစီတွေ ပါတယ်။ ရုပ်ရှင်မျက်မှန်၊ ဂီတပဒေသာ၊ ရုပ်ရှင်အောင်လံတို့လို ရုပ်ရှင်မင်းသား မင်းသမီးပုံ ဒီဇိုင်းတွေနဲ့ မဂ္ဂဇင်းတွေလည်း စာအုပ်ဆိုင်ပေါ်မှာ အပြိုင်းအရိုင်း တင်ရောင်းကြတဲ့ခေတ်။ ဂျာနယ်တွေ မပေါ်သေးဘူး။ သုံးကြောင်းကဗျာလေးတွေ ဖော်ပြတဲ့ သစ်ဆန်းတို့ တံခွန်တို့တော့ထွက်နေတယ်။ ရုပ်ရှင်က အဖြူ၊အမည်းဖြစ်ပြီး စာပေက ခဲစာလုံးကို စာစီပြီး ပုံနှိပ်တဲ့ခေတ်။ စိုးပိုင်၊ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ကိုင်ဇာ၊ မေခလာခေတ်။ “မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် နို့စို့မယ်။ ဖေဖေလာရင်အုန်းသီးခွဲစားမယ်” “သူငယ်ချင်းရေ ခြောက်နာရီတောင်ထိုးပြီးပါပကောလေ၊ လာကြဟော လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ”
ကမ္ဘာကြီးဟာ Analog ထဲမှာ ရှိနေသေးပြီး Digital ကို မကူးပြောင်းသေးတဲ့ကာလ။ နောက်တော့ တိပ်ခွေတွေဟာ ဓာတ်ပြားဖြစ်လာတယ်။ ကင်မရာတွေမှာ ဖလင်မပါတော့ဘူး။ တယ်လီဖုန်းတွေမှာ ကြိုးမပါတော့ဘူး။
ခေတ်ကြီး တစ်လျှောက်လုံး စာတွေ ဖတ်ခဲ့တယ်။ စာမဖတ်တဲ့နေ့ မရှိ။ ဒဂုန်တာရာ၊ မြသန်းတင့်၊ နတ်နွယ်၊ ကျော်အောင်၊ လူထုဒေါ်အမာ၊ မိုးမိုး (အင်းလျား)၊ မောင်သာရ၊ မစန္ဒာ၊ ငြိမ်းကျော်၊ နုနုရည်-အင်းဝ၊ ညီပုလေး။ လစဉ်ထုတ်မဂ္ဂဇင်းတွေကတော့ လွယ်နေကျ လွယ်အိတ်ထဲ တစ်အုပ်မဟုတ် တစ်အုပ်ပါလေ့ရှိတယ်။ ရှုမဝ၊ မိုးဝေ၊ ဒဂုန်၊ ပေဖူးလွှာ၊ ချယ်ရီ။ လက်ဖက်ရည်ဆိုင်မှာ ဖတ်၊ အိမ်မှာဖတ်။ သတင်းတွေကို စိတ်ဝင်စားတော့ တိုင်းမ်တို့၊ နယူးစ်ဝိခ်တို့လည်း လွယ်အိတ်ထဲ အမြဲပါ။ ကြုံရာနေရာမှာ ကြိုးစားဖတ်။ ဝေါဟာရတစ်ခုတိုးလည်း တစ်ခုအမြတ်။ နိုင်ငံတကာပြတင်းပေါက်က အင်္ဂလိပ်စာအုပ်တွေပဲ ရှိတော့ မောင်ထော်လေးလမ်းမှာ ဟာရိုးရော်ဘင်တို့၊ ဆစ်ဒနီရှယ်လ်ဒန်တို့ ငှားဖတ်။

ဂျာနယ်ခေတ်ရောက်လာ၊ အင်တာနက်တွေ စ ပေါ်လာတော့ ကိုယ်တိုင်ထုတ်ဝေသူ၊ အယ်ဒီတာအနေနဲ့ စာတွေ ပိုဖတ်ရ။ updates တွေကို အမြဲလေ့လာရ။ နောက်ဆုံးသတင်းတွေကို စောင့်ကြည့်ရ။ စာ မဖတ်ဖြစ်တဲ့ နေ့ မရှိခဲ့သလို မဂ္ဂဇင်းပုံကြားထဲ စာမူတွေဖတ်ခဲ့ရတဲ့ နေ့တွေ ညတွေ အများကြီး ကျော်ဖြတ်ခဲ့ရတယ်။
ဟော…။ ခေတ်ကြီးက ရုတ်ချည်း ချိုးကွေ့သွားတယ်။ တယ်လီဖုန်းတွေမှာ ကြိုးမပါတော့ဘူး။ ခြင်းထဲ ထည့်ထားပြီး ကြိုးမပါတဲ့ တယ်လီဖုန်းလေး တွေကို အခပေးပြီး ပီစီအို ဆိုင်တွေမှာ ဆက်ကြရတယ်။ တခြားနိုင်ငံတွေလို မပေါများဘူး။ ဆယ်လူလာဖုန်း ခါးချိတ်ထားသူက သူဌေး။ ကြိုးမပါတဲ့ ဖုန်းတွေမှာ နှိပ်စရာ keypad ပဲ ပါပြီး ကြည့်စရာ စကရင် ကြီးကြီး မရှိသေးဘူး။ ဆယ်လူလာဖုန်းတွေ နောက်ကျသလို အင်တာနက်လည်း နောက်ကျခဲ့တယ်။ ၂၀၀၀ပြည့်လွန်မှာ ပုဂံဆိုင်ဘာတက် ဆိုပြီး စသုံးခွင့်ရတယ်။ တထစ်ထစ်နဲ့ပေါ့။ နောက်တော့ အိမ်နီးချင်းနိုင်ငံတွေလိုပဲ အင်တာနက်ကဖေးတွေ ပေါ်လာတယ်။ အင်တာနက်ကဖေးမှာ အင်တာနက်သုံးလို့ရလာတယ်။ ဂျီမေးလ်တွေ၊ ဂျီတော့တွေ ခေတ်စားလာ။ Gtalk နဲ့ ဆက်သွယ်ကြ။ စကားပြောကြ။
ဒီအချိန်ထိ ” စာအုပ်” တွေ ကောင်ကောင်းကြီး ရှင်သန်နေသလို စာအုပ်ဆိုင်ကြီးတွေလည်းအောင်မြင်နေတယ်။ စာအုပ် ငှားဖတ်တဲ့ ခေတ်မကုန်သေးသလို စာအုပ်တွေက ဖျော်ဖြေရေး ဖြစ်နေသေးတယ်။ အပြင်မှာ ရွေးချယ်စရာတွေတော့ များလာပြီ။ ဗီဒီယိုအခွေတွေ၊ စီဒီတွေနဲ့ ရုပ်ရှင်ကားတွေကြည့်၊ သီချင်းတွေနားထောင်နေကြပြီ။
ဒစ်ဂျစ်တယ်ခေတ်ကို သိသိသာသာ ပြောင်းလဲသွားတာက ၂၀၁၀ နောက်ပိုင်း။ အင်တာနက်တွေ ပေါ်လာတော့ သတင်း ဝက်ဘ်ဆိုက်တွေ၊ ကိုယ်ပိုင် Blogspot တွေလည်း ပေါ်လာတယ်။ ကိုယ်ရေးတင်ချင်တာတင်။ သူများရေးထားတာတွေ ပြန်ဖော် ပြ။ ဘလော့စပေါ့တွေက ခုခေတ် Facebook page လို သတင်းတွေ သိရတယ်။ အင်တာနက်ပေါ်မှာ ဖတ်စရာတစ်ခု တိုးလာ တယ်။
အိုင်ဖုန်းမပေါ်ခင် ၂၀၀၇ ခုနှစ်အထိ touchscreens ဖုန်းတွေ မရှိသေးဘူး။ Nokia တို့ BlackBerry တို့က Keypad တွေနဲ့ အသုံးပြုရတယ်။ Smart phone လောကကို iPhone ကစပြီး touchscreens ပုံစံနဲ့ အင်တာနက် အသုံးပြုလို့ရအောင် ဦးဆောင်လိုက်ချိန်ကစပြီး မိုဘိုင်းဖုန်းလောက ပြောင်းလဲသွားတယ်။ iPhone ရဲ့ ဦးဆောင်မှုနောက်က Samsung က လိုက်လာတယ်။ ၂၀၀၈ ကစပြီး အိုင်ဖုန်းကို ကွန်ပျူတာတစ်လုံးလို အသုံးပြုလာနိုင်တယ်။
မိုဘိုင်း စမတ်ဖုန်းလောက တစ်ခေတ်ဆန်းသွားသလို သတင်းတွေ၊ စာတွေ၊ အရုပ်အသံတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ၊ တီဗီစီးရီးတွေ၊ livestreamတွေ အားလုံး တစ်နေရာတည်းမှာ ကြည့်လို့ ဖတ်လို့ ရလာတယ်။
ဒီပြောင်းလဲမှုဟာ ၂၀၂၀ ကျော်လွန်လာတဲ့အခါ အရှိန်အဟုန် ပိုကောင်းလာပြီး ဒီနေ့ တစ်ကမ္ဘာလုံး စမတ်ဖုန်း မျက်နှာပြင်ကို တကြည့်ကြည့်နဲ့ အချိန်တွေ ကုန်နေကြတယ်။ ဟိုတစ်ပတ်က မန်ယူတိုက်စစ်မှူး ဂါနာချို ချယ်လ်ဆီးကို ပြောင်းသွားတယ်။ မန်ယူ-ချဲလ်ဆီးပွဲစဉ်မှာ ပွဲကြည့်စင်ပေါ် လာကြည့်တဲ့ ဂါနာချိုကို ရိုက်ပြတယ်။ ကွင်းထဲကို မကြည့်ဘဲ ဂါနာချို ဖုန်းပွတ်နေတာ တွေ့ရတယ်။ ဂါနာချိုမှ မဟုတ်ဘူး။ နာမည်ကျော် ဆယ်လီတွေလည်း အားရင် အားသလို ဖုန်းလေးတပွတ်ပွတ်၊ တကြည့်ကြည့် လုပ်နေတတ်တယ်။
စင်္ကာပူ အမ်အာတီ ရထားပေါ်တက်ကြည့်လိုက်။ ခုံတန်းပေါ်ထိုင်နေတဲ့ လူငယ်တချို့ရော၊ မတ်တတ်ရပ် လိုက်လာသူ တချို့ပါ လက်ထဲက ဖုန်းပေါ် မျက်နှာရောက်နေကြတယ်။ စင်္ကာပူ၊ ထိုင်း ဘယ်နေရာ ဘယ်အရပ်မှာပဲကြည့်ကြည့် လူငယ်တွေရဲ့ မျက်နှာဟာ ဖုန်းစကရင်ပေါ်မှာ။ ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်ထဲ ဝင်သွားတဲ့အခါ စားပွဲဝိုင်းတိုင်းက လူတွေဟာ ဖုန်းကိုယ်စီနဲ့ scroll လုပ်နေကြတယ်။ လက်ညှိုးလေးတွေနဲ့ ပွတ်ပြီး စာ ဖတ်နေကြတယ်။ ဆိုရှယ်မီဒီယာပေါ်က အကြောင်းအရာ တွေကို ဖတ်နေတာဖြစ်နိုင်သလို ဗီဒီယိုအတိုတခုကြည့်နေတာလည်းဖြစ်နိုင်တယ်။ သတင်းဌာနတစ်ခုက ရုပ်သံသတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်နေတာဖြစ်နိုင်သလို မိတ်ဆွေတယောက်ယောက်ဆီ message ပို့နေတာလည်း ဖြစ်နိုင်တယ်။ စုံလင် များပြားတဲ့ ဆိုရှယ်မီဒီယာတွေပေါ်က အရုပ်အသံ၊ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေ၊ ဖျော်ဖြေရေးတွေ၊ နောက်ဆုံး ဂိမ်းတွေက လူတွေကို ဖမ်းစားထားကြတယ်။ ကမ္ဘာကြီးဟာ ၂၀၁၀ နောက်ပိုင်းမှာ လုံးဝပြောင်းလဲသွားခဲ့တယ်။
သတင်းစာတွေ ရပ်သွားပြီ။ ဂျာနယ်တွေ မထွက်တော့ဘူး။ မဂ္ဂဇင်းတွေလည်း အွန်လိုင်းဗားရှင်း ပြောင်းသွားကြပြီ။ ဟိုအရင်က အပတ်စဉ်မှာယူ ဖတ်နေကျ Times, Newsweek, Economist တို့ ကိုင်မဖတ်ရတာ ကြာပြီ။ Reader’s Digest လည်း မတွေ့တော့။ တချို့က အွန်လိုင်းပြောင်းပြီး Limited edition ဖြစ်သွားပုံရတယ်။
ဒီတော့ ပုံနှိပ်ခေတ် သေဆုံးပြီး စာအုပ်ခေတ် ကုန်ဆုံးပြီလို့ ဆိုမလား။ ထိတွေ့ကိုင်တွယ်ဖတ်ရှုရတဲ့ physical ပုံနှိပ်သတင်း မီဒီယာတွေအားလုံး Online ပေါ် ရောက်သွားတယ်။ အလွယ်တကူ ထုတ်လွှင့်နိုင်တဲ့ Tiktok လို ဆိုရှယ်မီဒီယာတွေ၊ Telegram တွေ၊ အင်စတာဂရမ်၊ဖေ့စ်ဘွတ်ခ်၊ X ရွေးချယ်စရာတွေ များသွားပြီ။
လူတွေက စာမဖတ်ကြတော့တာမဟုတ်ဘူး။ စာဖတ်တဲ့ ပလက်ဖောင်း ပြောင်းသွားတာ။ ၂၀၁၂ နောက်ပိုင်း မြန်မာပြည်မှာ သတင်းစာလွတ်လပ်ခွင့် ရသွားတော့ သတင်းစာ၊ ဂျာနယ်တွေ အပြိုင်းအရိုင်း ထွက်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုနဲ့ စာဖတ် အားလည်း ကောင်းကြတော့ နာမည်ကြီးတဲ့ သတင်းစာ၊ ဂျာနယ် စောင်ရေ သိန်းချီခဲ့တယ်။ မနက်မိုးလင်းတဲ့အချိန် လက်ဖက်ရည် ဆိုင် တစ်ဆိုင်ထဲ ဝင်သွားရင် လက်ထဲ ဂျာနယ်ကိုယ်စီကိုင်ပြီး ဖတ်ရှုနေကြတဲ့ လူတွေ တွေ့ကြရမယ်။ အခုတော့ ပုံစံပြောင်း သွားပြီ။ လူတိုင်းရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းကိုယ်စီနဲ့ စကရင်ပေါ် မျက်နှာမခွာ ကြည့်နေကြတယ်။ ဂျာနယ်တွေ၊ သတင်းစာတွေ နေရာမှာ လက်ကိုင်ဖုန်း (smart phone) က အစားထိုးနေရာယူသွားပြီ။
စာအုပ်တွေရဲ့ အခန်းကဏ္ဍကတော့ Digital platform တွေနဲ့အတူ ဆက်လက်ရှင်သန်နေဦးမယ်လို့ စစ်တမ်းတွေက ဆိုတယ်။ Digital format တွေဖြစ်တဲ့ e-book တွေ၊ audiobook တွေ နဲ့အတူ ပုံနှိပ်စာအုပ်တွေက လာမယ့်ဆယ်စုနှစ်တွေအထိ အတူ ဆက်လက်ရှင်သန်နေမယ်လို့ ဆိုတယ်။
ပုံနှိပ်ခေတ် ကုန်ဆုံးပြီ၊ စာအုပ်တွေ ပျောက်ဆုံးတော့မယ်လို့ ဟောကိန်းထုတ်နေကြတဲ့ကြားထဲက အမေရိကမှာ အခု ဆယ်စုနှစ်အတွင်း စာအုပ်တွေရဲ့ ရောင်းအား ၂၃% တက်လာတယ်လို့ဆိုတယ်။ e-book, audiobook နဲ့ Digital publishing platforms တွေရဲ့ ဈေးကွက်က ကြီးမားလာသလိုပဲ ပုံနှိပ်စာအုပ်တွေရဲ့ ဝယ်လိုအားကလည်း ထင်သလောက် ကျဆင်း မသွားသေးဘူး။
လူတွေရဲ့ စာဖတ်တဲ့ အလေ့အထ ပုံသဏ္ဌန် Online ပေါ် ရောက်ပြီး ပြောင်းလဲသွားပေမယ့် ပုံနှိပ်စာအုပ်တွေကတော့ ပျောက်ကွယ်မသွားဘဲ အတူဆက်ရှိနေဦးမယ်လို့ စစ်တမ်းတွေက ဖော်ပြတယ်။
စာဖတ်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုစာမျိုးဖတ်သလဲ ဆိုတာလည်း မေးစရာတစ်ခုပါ။
အခု လူတွေက စာမဖတ်ကြတာမဟုတ်ဘူး။ စာဖတ်တဲ့ ပုံစံပြောင်းသွားတာဖြစ်တယ်။ အရင်က စာရွက်တွေလှန်ပြီး သတင်းစာ၊ ဂျာနယ်၊မဂ္ဂဇင်းတွေ ဖတ်ကြတယ်။ အခုတော့ လက်ကိုင်ဖုန်း စကရင်ပေါ်မှာ တွေ့ရတဲ့ စာတွေကို ဖတ်ကြတယ်။ သတင်းတွေကို ကြည့်ကြတယ်။ ဆောင်းပါးတွေဖတ်ကြတယ်။ စာမျိုးစုံ ( ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး) အကြောင်းအရာ မျိုးစုံ ဖတ်ကြတယ်။ ဖတ်ပြီး ကိုယ်တိုင် participate လုပ်ကြတယ်။ interactive လုပ်ကြတယ်။
အွန်လိုင်းပေါ်မှာ ရွေးချယ်စရာများသလို ဖတ်စရာတွေလည်း စုံလှတယ်။ ကိုယ် ဘာကို စိတ်ဝင်စားပြီး ဘာအကြောင်း အရာ ဖတ်မလဲဆိုတာသာ အဓိကပါ။ လူတွေရဲ့ စာဖတ်ခြင်းဓလေ့ကတော့ ပျောက်ဆုံးသွားစရာ အကြောင်းမရှိကြောင်းပါ။
