(စာဖတ်ခြင်းဖြင့် တိုးတက်သော ဘဝကိုတည်ဆောက်ကြပါ)
စမ်းသပ်မှုဟာ ရိုးရှင်းလွန်းလို့ ကျောင်းသားတွေက လွယ်လွယ်လေးနဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မလွယ်ကူလှပါဘူး။ အမေရိကန် တက္ကသိုလ်နှစ်ခုက စာပေအထူးပြု ကျောင်းသားတွေကို Charles Dickens ရဲ့ “Bleak House” ဝတ္ထု ပထမဆုံး အပိုဒ်တွေကို ပေးပြီး ဖတ်စေခဲ့ပါတယ်။ ပြီးတော့ အဲဒီအပိုဒ်တွေကို ရှင်းပြခိုင်းခဲ့ပါတယ်။
၁၉ ရာစုအလယ်ပိုင်းက ရေးသားခဲ့တဲ့ အင်္ဂလိပ်စာပေကို အင်္ဂလိပ်စာပေအထူးပြု သင်ယူနေတဲ့ ကျောင်းသားတွေက ဖတ်တာ၊ ဒါ ဘယ်လောက်တောင် ခက်ခဲနိုင်မှာမို့လို့လဲလို့ တွေးမိပါလိမ့်မယ်။ (Charles Dickens ရဲ့ “Bleak House” ဝတ္ထုကို ၁၈၅၂ ခုနှစ်၊ မတ်လကနေ ၁၈၅၃ ခုနှစ်၊ စက်တင်ဘာလအထိ အခန်းဆက်ပုံစံနဲ့ ထုတ်ဝေခဲ့ပါတယ်။)
တကယ်တော့ စမ်းသပ်မှုဟာ အံ့ဩစရာကောင်းလောက်အောင် ခက်ခဲခဲ့ပါတယ်။ ဥပဒေသုံး စကားလုံးတွေကြောင့် ကျောင်းသားတွေဟာ ခေါင်းစားကုန်ကြတယ်။ ပုံဆောင်စကားတွေကလည်း သူတို့ကို လုံးဝ ရှုပ်ထွေးသွားစေခဲ့ပါတယ်။ Dickens ရဲ့ မြူတွေအကြောင်း ရေးသားထားတဲ့စာသားတွေဟာ သူတို့ရဲ့ စိတ်ကိုလည်း မြူတွေလိုပဲ မှုန်ဝါးသွားစေခဲ့ပါတယ်။ အခြေခံ ဝေါဟာရတွေကိုတောင် သူတို့ ကောင်းကောင်းနားမလည်နိုင်ကြပါဘူး။

ဥပမာအနေနဲ့ ကျောင်းသားတစ်ဦးက “whiskers” (တိရစ္ဆာန် နှုတ်ခမ်းမွေး) ဆိုတဲ့ စကားလုံးကို “တိရစ္ဆာန်တစ်ကောင် အခန်းထဲမှာ ရှိနေတာလို့ ထင်တယ်… ကြောင်ဖြစ်နိုင်ပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။
ဒီရလဒ်ကနေ သိရတာကတော့ ဒီကျောင်းသားတွေဟာ စာပေနဲ့ပတ်သက်ပြီး အားနည်းနေတာထက် စာကို ကောင်းကောင်း နားမလည်နိုင်တာက ပိုပြီး ပြဿနာကြီး ဖြစ်နေတယ် ဆိုတာပါပဲ။
စာဖတ်ခြင်းဟာ တကယ့်ကို ပြဿနာကြီးတစ်ခုလား
ယနေ့ခေတ်မှာ စာဖတ်ခြင်းဟာ တကယ့်ကို အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံအသီးသီးမှာ ပြုလုပ်ထားတဲ့ သုတေသနတွေကလည်း အချက်အလက်တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ လူကြီးတွေ စာဖတ်နည်းလာသလို ကလေးတွေလည်း နည်းလာပါတယ်။ ဆယ်ကျော်သက်တွေမှာဆိုရင် ပိုလို့တောင် ဆိုးရွားလာပါတယ်။ အသက်အရွယ် ငယ်ရွယ် သေးတဲ့ ကလေးငယ်တွေကို စာဖတ်ပြတာလည်း နည်းလာပြီး တချို့ဆို လုံးဝ မဖတ်ပြတော့ပါဘူး။ “စာဖတ်ခြင်း ကွာဟချက်” လို့ ဖြစ်စဉ်အရဆိုရင် ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ စာဖတ်နှုန်းက ပိုနည်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နေရာတိုင်း၊ လူတိုင်းနီးပါး စာဖတ်နှုန်းကျဆင်းနေတာကတော့ အမှန်ပါပဲ။
အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပျော်ရွှင်မှုအတွက် စာဖတ်သူတွေရဲ့ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ၄၀ ရာခိုင်နှုန်း လောက် ကျဆင်းသွားတယ်လို့ iScience ဂျာနယ်ရဲ့ သြဂုတ်လ ထုတ်ပြန်ချက်တစ်ခုက ဆိုပါတယ်။ ဗြိတိန်နိုင်ငံ မှာလည်း YouGov ဆိုတဲ့ စစ်တမ်းကောက်ယူရေး အဖွဲ့အစည်းတစ်ခုရဲ့ တွေ့ရှိချက်အရ ၂၀၂၄ ခုနှစ်မှာ ဗြိတိန်လူမျိုး ၄၀ ရာခိုင်နှုန်းဟာ စာအုပ်တစ်အုပ်မှ မဖတ်ခဲ့ပါဘူး။
ပျော်ရွှင်မှုမရှိဘဲ စာဖတ်ရတာက အဆင်မပြေလှပါဘူး။ “ကျောင်းသားတွေဟာ ဝတ္ထုတစ်အုပ်ကို သုံးပတ်ကြာအောင် ဖတ်ရတာတောင် ပင်ပန်းနေကြတယ်” လို့ Oxford တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခ Sir Jonathan Bate က ပြောခဲ့ပါတယ်။ ပညာတတ် လူငယ်တွေတောင် “အာရုံစိုက်ပြီး ကြိုးစား စာဖတ်တဲ့ အလေ့အကျင့် မရှိတော့ဘူး” လို့ တခြား အတွေ့အကြုံရှိ ဆရာတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
ဝါကျတွေဟာ ပိုပြီးတိုတောင်းလာ
စာအုပ်ကို တကယ်ချစ်တဲ့ သူတွေက စာအုပ်အကြောင်း တညည်းတညူ ပြောနေကြတာကို မကြာခဏဆိုသလို ကြားရတယ်။ သူတို့က စာအုပ်တွေကို ချစ်သလောက် စာဖတ်ခြင်းအကြောင်းကို မကျေမနပ်သလို ပြောရတာလည်း သဘောကျ ကြတယ်။ ဒီအကျင့်က အခုမှ ပေါ်လာတာ မဟုတ်ဘူး။ နာမည်ကြီး စာရေးဆရာ ချားလ်စ် ဒစ်ကင်းတောင် သူ့ရဲ့နာမည်ကျော် ဝတ္ထု “Bleak House” ထဲမှာ ဒီအကြောင်းကို ရေးခဲ့ဖူးတယ်။
စာဖတ်ခြင်းဆိုတာ စတင်ပေါ်ပေါက်လာချိန်ကတည်းက လူတွေက စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြပါတယ်။ ရှေးခေတ် တွေးခေါ်ပညာရှင် ဆိုခရက်တီးကတောင် စာဖတ်တာက လူတွေကို “မေ့တတ်” သွားစေမှာကို စိုးရိမ်ခဲ့တယ်။ ဓမ္မဆရာ Ecclesiastes ကလည်း “စာအုပ်တွေ အများကြီး ရေးရတာ အဆုံးမရှိတဲ့ အလုပ်ပဲ” လို့ ပြောခဲ့ဖူးတယ်။ ဓမ္မဆရာ Ecclesiastes ဆိုတာက သမ္မာကျမ်းစာထဲက “Ecclesiastes” ဆိုတဲ့ စာအုပ်ကို ရေးခဲ့တဲ့သူပါ။ ဒီစာအုပ်က ပညာရပ်ကျမ်းတစ်မျိုးဖြစ်ပြီး ဘဝရဲ့ အဓိပ္ပာယ် မရှိမှုတွေ၊ အနှစ်သာရမရှိမှုတွေကို ဆွေးနွေးထားပါတယ်။ အဲဒီထဲမှာ “နေရောင်အောက်မှာ အသစ်အဆန်းဆိုတာ ဘာမှမရှိဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေကတော့ အသစ်အဆန်းလို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ စာဖတ်တာ နည်းလာရုံတင်မကဘဲ ဖတ်တဲ့အရာတွေရဲ့ ပုံသဏ္ဌာန်ကပါ ပြောင်းလဲလာလို့ပါပဲ။ ဝါကျတွေဟာ ပိုပြီး တိုတောင်း လာသလို ပိုပြီးလည်း ရိုးရှင်းလာပါတယ်။ “New York Times” ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ် ရာပေါင်းများစွာကို ခွဲခြမ်း စိတ်ဖြာ ကြည့်တဲ့အခါမှာ ၁၉၃၀ ပြည့်လွန်နှစ်တွေကတည်းက လူကြိုက်များခဲ့တဲ့ စာအုပ်တွေထဲက ဝါကျတွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မှာ သုံးပုံတစ်ပုံနီးပါးလောက် ပိုပြီးတိုတောင်းသွားတာကို တွေ့ရပါတယ်။
ရှေးခေတ်စာအုပ်တွေနဲ့ ခေတ်သစ်စာအုပ်တွေ ဘယ်လိုကွာခြားလဲ
ဗစ်တိုးရီးယားခေတ်ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “Modern Painters” ကို ကြည့်လိုက်ရင် ပထမဆုံး ဝါကျမှာတင် စကားလုံး ၁၅၃ လုံး ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခေါင်းစဉ်ခွဲတွေမှာ စာလုံးအကြီးတွေနဲ့ ရေးသားထား တဲ့ ပုံစံက အဲဒီခေတ်ရဲ့ ရေးဟန်ကို ပြသနေပါတယ်။ ဒါပေမဲ့ အခုခေတ် Amazon ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေကို ကြည့်မယ်ဆိုရင်တော့ ပထမဆုံးဝါကျက စကားလုံး ၁၉ လုံး လောက်ပဲ ရှိပါတော့တယ်။
ဒီလိုပြောင်းလဲမှုဟာ ဒုံးပျံလွှတ်တင်တာနဲ့ ဆင်တူတယ်လို့ ပြောလို့ရတယ်။ “NASA မှာ ဒုံးပျံလွှတ်ဖို့ Countdown 5-4-3-2-1 စတင်ရေတွက်လိုက်ပြီဆိုတာနဲ့ နောက်ပြန်လှည့်ဖို့ မရှိတော့ဘူး”
ယနေ့ခေတ်မှာ လူတွေ စာဖတ်အားနည်းလာတာဟာ စမတ်ဖုန်းတွေကြောင့်လို့ အပြစ်တင်ပြောဆိုကြပါတယ်။ စမတ်ဖုန်း တွေကြောင့် လူတွေဟာ စာအုပ်စာပေတွေကို ဖတ်ရှုဖို့ အချိန်မပေးနိုင်တော့ဘဲ ဖုန်းထဲက အင်တာနက်၊ လူမှုကွန်ရက်တွေနဲ့ပဲ အချိန်ကုန်နေကြတယ်။
ပိုတိုတဲ့ ဝါကျတွေနဲ့ ပိုရိုးရှင်းတဲ့ ဘာသာစကားတွေဟာ စာဖတ်ခြင်းအလေ့အကျင့် ကျဆင်းလာတဲ့ သဘောပါပဲ။ အာရုံ ပျံ့လွင့်မှုတွေ တိုးလာတာကိုလည်း သတိပြုလာနိုင်တယ်။ ဒါပေမဲ့ စာဖတ်ခြင်းဆိုတာ အမြဲတမ်း စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။ ရှေးဟောင်း ဂရိကဗျာဆရာတစ်ဦးက စာအုပ်ကြီးတစ်အုပ်ကို ဖတ်ဖို့ ထိုင်လိုက်တဲ့အခါ နေရောင်ခြည်က ဖြာကျလာပြီး တစ်နေ့တာဟာ “ကြာလိုက်တာ” လို့ ခံစားရကြောင်း၊ နောက်ဆုံးမှာတော့ စာဖတ်သူက “မျက်လုံးတွေပွတ်” ရင်း စာအုပ်ကို “ခေါင်းအောက်မှာထားပြီး… အိပ်ပျော်သွားတယ်” လို့ မှတ်ချက်ချခဲ့ဖူးပါတယ်။ ဒီစာဖတ်သူဟာ လွန်ခဲ့တဲ့ ၄ ရာစုက ဘုန်းတော်ကြီး တစ်ပါး ဖြစ်တဲ့အတွက် သူ့မှာ Snapchat ကြောင့် အာရုံပျံ့လွင့်စရာ အကြောင်းမရှိခဲ့ပါဘူး။
Snapchat ဆိုတာကတော့ မိုဘိုင်းလ်အက်ပ်တစ်ခုဖြစ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုအတိုလေးတွေကို သူငယ်ချင်းတွေဆီ ပို့ဖို့အတွက် အဓိကထားပြီး ဖန်တီးထားတာပါ။ Snapchat ဟာ ခဏတာ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို သူငယ်ချင်းတွေနဲ့ မျှဝေဖို့ အတွက် အဓိက ရည်ရွယ်ပြီး ဖန်တီးထားတဲ့ လူမှုကွန်ရက်အက်ပ်တစ်ခု ဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အာရုံပျံ့လွင့်စရာတွေ ပိုများလာတာနဲ့အမျှ လူတွေရဲ့ စာဖတ်လိုစိတ်ဟာ တဖြည်းဖြည်း လျော့နည်းလာသလို ခံစားနေရပါတယ်။ ဒါပေမဲ့ အရင်ခေတ်တွေက လူတွေရဲ့ စာဖတ်ဝါသနာကို ပြန်ကြည့်ရင် အံ့ဩစရာပါ။
စာပေကို တန်ဖိုးထားခဲ့တဲ့ ခေတ်များ
ဗစ်တိုးရီးယားခေတ်တုန်းက ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေးအဖွဲ့အစည်းတွေဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ “The Intellectual Life of the British Working Class” ဆိုတဲ့ စာအုပ်ထဲမှာ စာရေးဆရာ Jonathan Rose က စိတ်ဝင်စားစရာ အချက်တစ်ခုကို ဖော်ပြထားပါတယ်။ စကော့တလန်က တောင်ပေါ် ဒေသတွေမှာ သိုးကျောင်းသားတွေဟာ “စာအုပ်လှည့်လည်ငှားရမ်းတဲ့ စနစ်” ကို ဖန်တီးခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီက ကိုယ်ဖတ်ပြီးသား စာအုပ်တွေကို တောင်နံရံတွေရဲ့ အက်ကွဲကြောင်းတွေထဲမှာ ထားခဲ့ပြီး အခြားသူတွေ ဆက်ဖတ်နိုင်အောင် ကူညီပေးခဲ့ကြတာပါ။
စက်ရုံတွေ အများကြီးရှိတဲ့ ဗစ်တိုးရီးယားခေတ် မြို့ကြီးတွေမှာဆိုရင်လည်း အလုပ်သမားတွေဟာ စာအုပ်ဝယ်ဖို့အတွက် အပိုဝင်ငွေတွေကို စုဆောင်းခဲ့ကြပါတယ်။
စကော့တလန်မှာ ကလေးငယ်လေးတစ်ဦးဟာ အမှိုက်ကောက်သမားတစ်ဦးက သုစစ်ဒီးဒီးစ် (Thucydides) ရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေတာ တွေ့ခဲ့ရပါတယ်။ သုစစ်ဒီးဒီးစ် (Thucydides) ဆိုတာက အေသင်မြို့က သမိုင်းပညာရှင် တစ်ယောက်ဖြစ်သလို စစ်ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ “ပေလိုပွန်နီးရှန်း စစ်ပွဲသမိုင်း” (History of the Peloponnesian War) မှာ ဘီစီငါးရာစုနှစ်က စပါတာနဲ့ အေသင်တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို ဘီစီ ၄၁၁ ခုနှစ်အထိ မှတ်တမ်းတင် ရေးသားထားပါတယ်။
နောက်ပိုင်းမှာ အမှိုက်ကောက်သမားကပဲ စာအုပ်ကို အငှားပေးခဲ့ပြီး အဲဒီကလေးငယ်လေးဟာ နောင်တစ်ချိန် ဗြိတိန်ရဲ့ ပထမဆုံး အလုပ်သမားပါတီ ဝန်ကြီးချုပ်ဖြစ်လာမယ့် Ramsay MacDonald ပါပဲ။ ဒီဖြစ်ရပ်တွေက အဲဒီခေတ်က လူတွေ စာပေကို ဘယ်လောက်တန်ဖိုးထားခဲ့တယ်ဆိုတာကို ပြသနေပါတယ်။
စာအုပ်ဈေးက အဓိကပြဿနာလား
အခုခေတ်မှာတော့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ဆိုတဲ့ စိတ်အားထက်သန်မှုတွေဟာ လျော့ကျလာတယ်လို့ ယူဆကြပါတယ်။ တချို့က စာအုပ်တွေဈေးကြီး လာတာကြောင့်စာကြည့်တိုက်တွေ ပိတ်ပစ်တာကို အပြစ်တင်ကြပေမယ့် အမှန်တကယ်တော့ စာအုပ်တွေဟာ ဘယ်တုန်းကမှ ခုလို ဈေးမပေါခဲ့ဖူးပါဘူး။ ရောမခေတ်မှာဆို စာအုပ်တစ်အုပ်ရဲ့တန်ဖိုးဟာ အလုပ်သမားတစ်ယောက်ရဲ့ တစ်ပတ်စာ ဝင်ငွေရဲ့ တစ်ဝက်နီးပါး ရှိခဲ့ပါတယ်။
၁၈ ရာစုနှောင်းပိုင်းလောက်က ကိုယ်တိုင် ပညာသင်ယူခဲ့တဲ့ စကော့တလန်သားတွေဟာ ကမ္ဘာမှာ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး လူမျိုး တမျိုး ဖြစ်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “Childe Harold’s Pilgrimage” လို ဂန္ထဝင် စာအုပ်မျိုး တွေကို Kindle မှာ အခမဲ့ ဖတ်ရှုနိုင်သလို ကော်ဖီတစ်ခွက်ထက်တောင် ဈေးသက်သာတဲ့ စာအုပ်ကောင်းတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
Kindle ကတော့ Amazon က ထုတ်လုပ်တဲ့ စာဖတ်စက် (e-reader) ဖြစ်ပြီး စာအုပ်တွေကို ဒစ်ဂျစ်တယ်ပုံစံနဲ့ ဖတ်ရှုနိုင်ပါတယ်။ မျက်နှာပြင်က စက္ကူနဲ့တူအောင် E Ink နည်းပညာကို အသုံးပြုထားတာကြောင့် မျက်စိညောင်းတာမျိုး မဖြစ်နိုင်ပါဘူး။ Kindle တစ်လုံးထဲမှာ စာအုပ်ထောင်ပေါင်းများစွာကို သိမ်းထားနိုင်ပြီး ဘက်ထရီလည်း ကြာရှည်ခံပါတယ်။
ဒါကြောင့် Kindle ဟာ ခရီးသွားတဲ့အခါ စာအုပ်အများကြီး သယ်သွားစရာမလိုဘဲ အချိန်မရွေး၊ နေရာမရွေး စာဖတ် ချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ စာဖတ်စက် သုံးနိုင်ပေမယ့်ဖတ်အားတွေ ဘာကြောင့် လျော့ကျလာတာလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
စာဖတ်ခြင်းဆိုတာ ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခုလား
စာဖတ်နှုန်းတွေကတော့ ဆက်တိုက်ကျဆင်းနေဆဲပါပဲ။ လူတွေဟာ စာဖတ်ဖို့ စိတ်ပါဝင်စားမှု မရှိ ကြတော့ပါဘူး။ ‘ကျောင်းသားတွေ စာမဖတ်ကြဘူး’ ဆိုတဲ့ ပါမောက္ခ Bate ရဲ့ မှတ်ချက်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပေမယ့် သူ့စကားတွေဟာ ‘ခေတ်နောက်ကျနေတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အမြင်’ လိုဖြစ်နေတယ်လို့ သူကိုယ်တိုင် ကလည်း ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ အခြားပါမောက္ခတွေကို စကားပြောကြည့်ရင် သူတို့ရဲ့ ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်း လာတာကို ညည်းညူနေကြတာ တွေ့ရပါတယ်။ ပါမောက္ခ Rose က သူစာစသင်တုန်းက Bleak House ဝတ္ထုကို ကျောင်းသား တွေကို ဖတ်ခိုင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ အဲဒီလို မလုပ်ရဲတော့ပါဘူး။ ကျောင်းသားတွေကို ပိုပြီးနည်းတဲ့စာတွေပဲ ပေးဖတ်ဖို့ ‘တက္ကသိုလ် အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေးမှုကြောင့်လည်း ပါသလို ‘ကျောင်းသားတွေက လုံးဝဖတ်မှာမဟုတ်ဘူး’ ဆိုတာကို သူကိုယ်တိုင်သိနေလို့လည်း ဖြစ်ပါတယ်။
စစ်တမ်း အများအပြားမှာလည်း လူငယ်တွေက စာဖတ်ခြင်းကို ‘ပျင်းစရာကောင်းတယ်’ နဲ့ ‘တာဝန်တစ်ခုလိုပဲ’ လို့ ဖော်ပြ ကြပါတယ်။ မီဒီယာကနေ ပို့လွှတ်တဲ့ မက်ဆေ့ချ် (သတင်း) တစ်ခုဟာ အခုခေတ်မှာ ပျမ်းမျှစာလုံးရေ ၂၈၀ လောက်ပဲ ရှိတတ် ပါတယ်။ (Bleak House ကတော့ စာလုံးရေ ၁ ဒသမ ၉ သန်းလောက်ရှိပါတယ်)။
စာဖတ်ခြင်းရဲ့ တန်ဖိုးရှိတဲ့ အရာတွေ
စကော့တလန်က သိုးကျောင်းသားတွေကိုသာ မေးကြည့်ပါ။ သူတို့ဟာ စာဖတ်ခြင်းရဲ့ အဓိပ္ပာယ်ကို သိပါတယ်။ ငွေကြေးတတ်နိုင်တဲ့ ကလေးတွေဟာ ပိုဖတ်နိုင်ကောင်း ဖတ်နိုင်ပေမယ့် စာဖတ်ခြင်းဟာ လူတိုင်းအတွက် တန်းတူညီမျှတဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့ ကလေးထိန်း၊ ကျူရှင်ဆရာ၊ သူငယ်ချင်း၊ ဒါမှမဟုတ် ချမ်းသာတဲ့ကျောင်းတွေကတောင် သင့်ကို စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ဖို့ အတင်းအကျပ် တိုက်တွန်းလို့ မရပါဘူး။
စာဖတ်ခြင်းဆိုတာ အသိပညာရဖို့ ကိရိယာတစ်ခုတင်မကဘဲ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုတွေထဲက တစ်ခု ဖြစ်တယ် ဆိုတာကို စာရေးဆရာ Charles Dickens က ကောင်းကောင်းသိခဲ့ပါတယ်။ သူ့ရဲ့ “Great Expectations” ဝတ္ထုထဲက ကြင်နာ တတ်တဲ့ ပန်းပဲဆရာ Joe ပြောခဲ့ဖူးသလိုပါပဲ၊ “ကျွန်တော့်ကို စာအုပ်ကောင်းကောင်းလေးတစ်အုပ်ပေးပါ… ပြီးတော့ မီးလင်းဖို ရှေ့မှာ ထိုင်ခွင့်ပေးပါ၊ ဒီထက်ပိုပြီး ဘာမှမလိုတော့ဘူး” လူတွေက ဒီအချက်ကို မေ့သွားတဲ့အခါမှာတော့ တကယ်ကို ရင်နာစရာ ကောင်းပါတယ်။

စာဖတ်ခြင်းဟာ အခုခေတ်မှာ တကယ်ကို စိန်ခေါ်မှုတစ်ခုလို ဖြစ်လာပါပြီ။ လူကြီးတွေရော၊ ကလေးတွေပါ စာဖတ် နည်းလာပြီး မီဒီယာရဲ့ လွှမ်းမိုးမှုအောက်မှာ ဝါကျတိုလေးတွေနဲ့ပဲ ကျေနပ်နေကြပါပြီ။
ဒါပေမဲ့ဒီအခြေအနေကို သေချာကြည့်လိုက်ရင် အဖိုးတန်တဲ့ သင်ခန်းစာတွေ အများကြီး ရရှိပါတယ်။
၁။ အခြေခံ ဝေါဟာရတွေနဲ့ ပုံဆောင်စကားတွေကို တန်ဖိုးထားပါ
အမေရိကန်က စာပေကျောင်းသားတွေဟာ Charles Dickens ရဲ့ စာအုပ်ကို နားမလည်ရတာဟာ သူတို့ရဲ့ စာပေ ဗဟုသုတ နည်းတာကြောင့်မဟုတ်ဘဲ အခြေခံ ဝေါဟာရတွေနဲ့ ပုံဆောင်စကားတွေကို နားမလည်တာကြောင့်လို့ ဆိုပါတယ်။ ဒါက ဘယ်အရာကိုမဆို အခြေခံကနေစပြီး ခိုင်မာအောင် တည်ဆောက်ရမယ်ဆိုတဲ့ သင်ခန်းစာကို ပေးပါတယ်။ စာဖတ်ခြင်းဆိုတာ စာလုံးတွေ ဖတ်ရုံတင်မကဘဲ အဲဒီစာတွေရဲ့ အဓိပ္ပာယ်ကိုပါ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးစားရတာပါ။ ဒီလို အလေ့အကျင့် ဟာ အနာဂတ်မှာ ဘယ်လိုပညာရပ်မျိုးကိုမဆို လေ့လာတဲ့အခါ အထောက်အကူဖြစ်စေပါတယ်။
၂။ အာရုံပျံ့လွင့်မှုကို အနိုင်ယူပါ
စာအုပ်ဖတ်တဲ့အခါ ပျင်းဖို့ကောင်းတယ်၊ အာရုံစိုက်ဖို့ ခက်ခဲတယ်လို့ ခံစားရတာဟာ သင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက လူတွေဟာ ဒီလိုခံစားခဲ့ကြရပါတယ်။ အခုခေတ်မှာတော့ ဖုန်း၊ ဂိမ်းနဲ့ ဆိုရှယ်မီဒီယာလိုမျိုး အာရုံပျံ့လွင့်စရာတွေက ပိုများလာတာ အမှန်ပါပဲ။ ဒါပေမဲ့ စာဖတ်ခြင်းကနေရရှိတဲ့ စိတ်အာရုံစူးစိုက်နိုင်မှုနဲ့ တွေးခေါ်နိုင်မှုဆိုတဲ့ အရည်အချင်းတွေကို အခြားနည်းနဲ့ အစားထိုးလို့ မရပါဘူး။ ဒါကြောင့် စာအုပ်တစ်အုပ်ကို အချိန်ပေးပြီး ပြီးအောင်ဖတ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ပါ။
၃။ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ စာဖတ်ပါ
ဗစ်တိုးရီးယားခေတ်က အလုပ်သမားတွေနဲ့ သိုးကျောင်းသားတွေဟာ ပညာတတ်ဖို့အတွက် စာအုပ်တွေကို အလွန် တန်ဖိုးထားခဲ့ ကြပါတယ်။ အဲဒီခေတ်တုန်းက စာအုပ်တစ်အုပ်ဟာ ဈေးကြီးပေမယ့် သူတို့ဟာ ပိုက်ဆံစုပြီး ဝယ်ယူခဲ့ကြပါတယ်။ ဒါဟာ စာဖတ်ခြင်းကို ကိုယ့်ကိုယ်ကိုယ် တိုးတက်စေဖို့အတွက် အဓိက လက်နက်တစ်ခုအဖြစ် မြင်ခဲ့ကြလို့ပါ။ အခုခေတ်မှာတော့ စာအုပ်တွေက အရင်ကထက် အများကြီး ဈေးချိုပြီး ebook နဲ့ audio book လို ပုံစံတွေလည်း ပေါများလာပါပြီ။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။
၄။ စာဖတ်ခြင်းဟာ လူတိုင်းအတွက် တန်းတူညီမျှပါတယ်
စာဖတ်ခြင်းဟာ လူမှုဘဝ တိုးတက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း Ramsay MacDonald ရဲ့ သာဓကကနေ သိနိုင်ပါတယ်။ အမှိုက်ကောက်သမားဆီကစာအုပ်ငှားဖတ်ရာကနေ ပညာတတ်လာပြီး နောက်ဆုံးမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ စာဖတ်ခြင်းဟာ ဘယ်လိုနောက်ခံဘဝ ကပဲလာလာ လူတိုင်း အတွက် တန်းတူအခွင့်အရေးပေးတဲ့အရာတစ်ခုပါ။ သင်ကြိုးစားရင်ကြိုးစားသလောက် တိုးတက်မှုရရှိစေနိုင်ပါတယ်။ ဘယ်သူမှ သင့်ကို အတင်းအကျပ် စာဖတ်ခိုင်းလို့မရပါဘူး။ ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒကသာ အဓိကပါပဲ။
၅။ စာဖတ်ခြင်းရဲ့ ပျော်ရွှင်မှုကို ရှာဖွေပါ
အခုခေတ်လူငယ်တွေက စာဖတ်ခြင်းကို ပျင်းဖို့ကောင်းတဲ့ အလုပ်တစ်ခုလို့ မြင်နေကြပါတယ်။ ဒါပေမဲ့ Dickens ရဲ့ စာအုပ်ထဲက Joe ဆိုတဲ့ ပန်းပဲဆရာ ပြောခဲ့သလိုပါပဲ စာအုပ်ကောင်းတစ်အုပ်ကနေရတဲ့ ခံစားမှုနဲ့ ရသဟာ အသိပညာ ရရုံတင် မကဘဲ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပျော်ရွှင်မှုကို ရှာဖွေနိုင်မယ်ဆိုရင် စာဖတ်ခြင်းဟာ သင့်ဘဝ အတွက် အဖိုးတန်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာပါလိမ့်မယ်။
SOURCE: The perils of book-spurning, The Economist, September 2025
