၂၀၁၆ ခုနှစ်လောက်မှာ ဆီလီကွန် မိန်းမအရုပ်တွေ ကြော်ငြာအားကောင်းလာချိန် တစ်ယောက်က Facebook မှာ ဒီလို ရေးပါတယ်။ “အယုတ်မတွေကို အရုပ်မတွေနဲ့ အစားထိုးကြစို့” တဲ့။ ကိုယ့်အပေါ် မကောင်းတဲ့မိန်းမနဲ့ ပေါင်းမယ့်အစား ဆီလီကွန်အရုပ် ဝယ်သုံးရင်လည်း ကိုယ်လိုချင်တာ ရတာပါပဲ လို့ဆိုလိုပုံပါ။ နိုင်ငံရဲ့ စီမံကိန်းကိစ္စတွေမှာ အကျင့်ပျက်ခြစားမှုတွေ မရှိအောင် စီမံခန့်ခွဲဖို့ AI အမျိုးသမီးစက်ရုပ်ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က အယ်ဘေးနီးယား ဝန်ကြီးချုပ်က ကြေညာပါတယ်။ ဘာသာရေးမှာလည်း AI စက်ရုပ်ကို တရားတော်တွေ program နဲ့ သွင်းပေးထားလိုက်ရင် လူပုထုဇဉ် ရဟန်းတော်များလို လောဘ၊ ဒေါသ၊ မောဟ မရှိတဲ့အတွက် သိက္ခာပုဒ်တွေ ချိုးဖောက်မှာ မစိုးရိမ်ရတော့ဘူးလို့ တချို့က ပြောဆိုလာ ကြပါတယ်။
ဒါဆိုရင် လူ အလုပ်သမားတွေရဲ့ နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးတော့မှာလား။ AI ဟာ သူတို့ဝန်ထမ်းတွေရဲ့ အလုပ်တော်တော်များများကို ပိုပြီးထိထိရောက်ရောက် စရိတ်သက်သက်သာသာနဲ့ လုပ်နိုင်တယ်ဆိုတဲ့ ယူဆချက် ကို ဆန့်ကျင် နေရင်းမှာပဲ ကုမ္ပဏီအကြီးအကဲတွေဟာ သူတို့ရဲ့ ဌာနတွေ AI ကို ဘယ်လို အမြန်ဆုံးအသုံးချလို့ ရမလဲ ဆိုတာ စူးစမ်း လာကြ ပါတယ်။ လုပ်သားအင်အားထဲက လူသားတွေကို ဖယ်ထုတ်လျှော့ချခြင်းဟာ ကုမ္ပဏီ ကြီးတွေရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ သင်္ကေတ ဖြစ်လာနိုင်ပါတယ်။ “ဆီလီကွန်တောင်ကြားက လူ့စွမ်းအား အရင်းအမြစ် အကြီးအကဲတွေအဖို့ C–suite လို့ ခေါ်ကြတဲ့ ကုမ္ပဏီ အကြီးအကဲတွေရဲ့ တာဝန်ဟာ လူလုပ်သား အင်အားကို လျှော့ချဖို့ AI ကို ပိုမြှင့်သုံးနိုင်ဘို့ပါ။ အားလုံး AI တတ်မြောက် ထားရမယ်။ ဒါ ကျွန်တော်တို့ အားလုံးရုန်းကန်နေကြရတဲ့ အခက်အခဲပါ” လို့ software ကုမ္ပဏီတစ်ခုရဲ့ HR ဌာနအကြီးအကဲ Lam က ဆိုပါ တယ်။

သို့ပေမဲ့ စောတော့စောပါသေးတယ်။ US Census Bureau ရဲ့ ဒုတိယ သုံးလပတ် အစီရင်ခံစာအရ ကုမ္ပဏီ ၁၂သိန်းမှာ ၉ ရာခိုင်နှုန်းကသာ AI ကိုသုံးပြီး ဝန်ဆောင်မှုတွေ၊ ထုတ်လုပ်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။ ဒီရာခိုင်နှုန်းဟာ ရုတ်တရက် မြင့်တက်လာတဲ့ ရာခိုင်နှုန်းပါ။ Salesforce, Amazon, JP Morgan Chase စတဲ့ ကုမ္ပ ဏီကြီးများရဲ့ အကြီးအကဲများကတော့ AI ကို သုံးခြင်းဖြင့် အလုပ်အကိုင်တွေ ဘယ်လောက်တောင် ဆုံးရှုံးပြီး ထုတ်လုပ်မှုပိုင်းမှာတော့ ဘယ်လိုတွေ တိုးတက် လာတယ် ဆိုတာကို ပိုပြီး ကျယ်ကျယ် လောင်လောင် ပြောလာကြပါတယ်။
JP Morgan Chase ကုမ္ပဏီအုပ်စုရဲ့ CEO ဖြစ်သူ Marianne Lake က “AI ရဲ့ စွမ်းဆောင်ရည်အသစ်တွေကို စွန့်စား အသုံးပြုမြှင့်တင်နေတယ်” လို့ ဆိုပါတယ်။ “လာမယ့် ငါးနှစ်မှာ လူ လုပ်သားဦးရေ ၁၀% လောက် ကျလာနိုင်ပြီး ထုတ်ကုန် ကတော့ ၂၅ ရာခိုင်နှုန်း တိုးလာနိုင်ခြေ ရှိတယ်” လို့ သူက ဖြည့်ပြောပါတယ်။ စိုးရိမ်စရာ တစ်ခုက တော့ ကုမ္ပဏီကြီးတွေရဲ့ အခြေခံဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ်ဌာနကို အချိန်မတန်ခင် လူသားအစားထိုး စက် တွေနဲ့ အစားထိုးမိမှာကို ဖြစ်ပါတယ်။
အစဉ်အလာအရ “ဝန်ထမ်းရေးရာ” (HR – Human Resources) လို့ခေါ်ခဲ့တဲ့ ဌာနဟာ ဝန်ထမ်းတွေရဲ့ ကိစ္စလေးတွေ၊ မူဝါဒလေးတွေ၊ ဝန်ထမ်းတွေ ခန့်အပ်/ဖြုတ်ထုတ်ကိစ္စတွေ၊ သက်သာချောင်ချိရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးပြီး ကုမ္ပဏီ အကြီးအကဲ တွေကို အကူအညီ ဖြစ်စေခဲ့ပါတယ်။ HR မန်နေဂျာတွေဟာ အဝေးရောက် စီမံခန့်ခွဲမှုတွေ၊ ကပ်ရောဂါအတွင်း ကိုယ် စိတ် ကျန်းမာရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင် ဖြေရှင်း လုပ်ဆောင်ခဲ့ကြပါတယ်။ HR ဌာနတွေဟာ ဝန်ထမ်းတွေ AI နဲ့ ဘယ်လို အလုပ် လုပ်ကြမလဲဆိုတာကို ပုံစံအသစ်ပြောင်းရတာတင်မက ဝန်ထမ်းတွေကို နည်းပညာအသစ်တွေကို သုံးဖို့နဲ့ အလုပ်သစ် တွေကို ပြောင်းဖို့ အတွက် သင်ကြားပေးရပါတယ်။ AI ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလိုက်တဲ့အတွက် အလုပ်နေရာ ဆုံးရှုံးမှုတွေ ရှိလာရင် ဖြေရှင်းဖို့ နည်းလမ်းရှာရပါတယ်။
၂၀၂၄ ဇန်နဝါရီလ မတိုင်ခင်အထိ HR ဌာနမှာ AI ကိုသုံးတဲ့ အဖွဲ့အစည်းတွေရဲ့ သုံးပုံ နှစ်ပုံဟာ AI ကို ဝန်ထမ်း ခန့်ထားရေး မှာ အသုံးပြုတယ်လို့ HR ပညာရှင်တွေရဲ့ ဆန်းစစ်ချက် တစ်ခုမှာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု၊ အရည်အသွေးဖွံ့ဖြိုးမှု (သင်တန်း)၊ စွမ်းဆောင်ရည်အကဲဖြတ်မှု တို့ဟာလည်း AI ကို အသုံးများတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
HR ဌာနတွေမှာ AI ကို သုံးတဲ့အခါ ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချုပ်နှောင် ခံရပါတယ်။ အချက်အလက် လုံခြုံမှုဆိုင်ရာ စည်းမျဉ်းတွေ ရှိသလို အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လုပ်သားတွေရဲ့ အသက်မွေး ဝမ်းကျောင်းနဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို ထိခိုက်နိုင်တဲ့အတွက် HR နဲ့ ပါတ်သက်တဲ့ AI စံနစ်တွေဟာ အန္တရာယ် ရှိတယ်လို့ ဥရောပသမဂ္ဂရဲ့ AI Act က ဆိုထားပါတယ်။ ကာလီဖိုးနီးယား ပြည်နယ်မှာတော့ “စက်ရုပ် အကြီးအကဲမရှိရ” (No Robo Bosses) ဥပဒေကို ပြဋ္ဌာန်းဘို့ စဉ်းစားနေကြပါပြီ။ လူသားအမြင်မပါဘဲ ဝန်ထမ်းတွေကို ရာထူးတိုးတာ၊ အပြစ်ပေးတာ၊ ဖြုတ်ပစ်တာတွေကို ကုမ္ပဏီက AI လို အလိုအလျောက်ဆုံးဖြတ်ချက်ချတဲ့ နည်းပညာ သုံးပြီး လုပ်လို့မရအောင် တားဆီးပေးမယ့် ဥပဒေ ဖြစ်ပါတယ်။

IBM ကုမ္ပဏီ HR၊ အချက်အလက်နဲ့ AI ဌာန ဒုတိယ ဥက္ကဋ္ဌ ဂျွန်လက်စတာက “HR ဌာန အကြီးအကဲတွေက AI ကို မသုံးချင်ကြဘူး။ လိုက်နာရမှာတွေရှိလို့ပေါ့။ ကျွန်တော့်အမြင်ကတော့ လိုက်နာနိင်ရင် တီထွင်မှုတွေလည်း လုပ်နိုင်တယ်။” ဟု ဆိုသည်။ နည်းလမ်းတွေ အများကြီးကို စမ်းသပ်ပြီးတဲ့နောက် စည်းမျဉ်းတွေ နဲ့ ဥပဒေတွေနဲ့ အညီဖြစ်မယ့် ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်တွေနဲ့ပတ်သက်တဲ့ ခက်ခက်ခဲခဲမေးခွန်းတွေကို ဖြေနိုင်မယ့် Granite ဆိုတဲ့ စနစ်ကို IBM က သုံးနေပါတယ်။ IBM က ကိန်းဂဏန်း တိတိကျကျ ပေးမှာ မဟုတ်ပေမယ့် HR ကဏ္ဍမှာ ၂၀၁၆ နဲ့ ယှဉ်ကြည့်ရင် ဝန်ထမ်း အများကြီး နည်းသွားပါပြီ။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း မှာ IBM ရဲ့ HR ကဏ္ဍအတွက် သုံးစွဲမှုဟာ ၄၀ ရာခိုင်နှုန်း လျော့ကျ သွားခဲ့ပါတယ်။ AI ကို စပြီးသုံးနေတဲ့ HR ဌာန အကြီးအကဲတွေ ပြောတာက AI သုံးခြင်းဟာ စရိတ်သက်သာ ရုံတင်မက သူတို့ဌာနတွေ ပေါင်းစပ်လုပ်ဆောင်မှုတွေကို ပိုတိုးတက်စေပြီး တချို့နေရာတွေမှာ ရှုပ်ထွေးတဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ဆုလာဘ်လို ဖြစ်နေတယ် လို့ဆိုပါတယ်။ IBM ရဲ့ HR ဝန်ထမ်းတစ်ဦးက “စုံစမ်းမေးမြန်းတာ တွေကို ဖြေ၊ အချက်အလက်တွေကို စိစစ် နဲ့ ကျွန်တော်အလုပ်တွေရှုပ်နေရင် ကျွန်တော့်ရဲ့ မူလအလုပ်ကို ပိုကောင်း အောင်လုပ်ဖို့ မလွယ်ဘူး” လို့ ပြောပါတယ်။ အခုဆို သူတို့ “တွေးတောစိတ်ကူးဖို့နေရာ လွတ်” ရလာပြီလို့ သူကဆိုပါတယ်။
AI ကို သုံးနေတဲ့ HR အကြီးအကဲတွေက ထုတ်လုပ်မှုနှုန်း မလျော့ကျဖို့ရာ အခြားဌာန အကြီးအကဲတွေ လိုက်နာရမယ့် အဓိကအချက်ကြီး ငါးချက်ကို အကြံပြုပါတယ်။
ပထမဆုံး အနေနဲ့ AI ကို နည်းဗျူဟာမြောက် အသုံးပြုရပါမယ်။ AI ကပေးတဲ့ အချက်အလက်တွေနဲ့ ပိုမိုကောင်းမွန် တိုးတက်စေမယ့် လုပ်ငန်းစဉ်တွေဟာ အစီအစဉ်တကျ ဖြစ်ရပါမယ်။ ဂျွန်ဆင် အင် ဂျွန်ဆင် ကုမ္ပဏီအုပ်စုဟာ သူတို့ ရဲ့ HR လုပ်ထုံး လုပ်နည်းတွေကို AI အသုံးပြုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တာ ငါးနှစ် ကြာပါ တယ်။ HR အကြီးအကဲ တစ်ဦးက “နည်းပညာနဲ့ မဆိုင်ပါဘူး၊ မှားတာက နည်းပညာကို မကောင်းတဲ့ လုပ်ထုံးလုပ် နည်း သို့မဟုတ် ပျက်စီးနေတဲ့ လုပ်ထုံးလုပ်နည်းထဲကို ထည့်လိုက်မိတာပါ” ဟု ဆိုပါတယ်။
ဒုတိယအနေနဲ့ အရိုးရှင်းဆုံး ချွေတာနိုင်မှုတွေကို အထောက်အပံ့ဌာန နဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာ ရနိုင်မှာပါ။ HR ဌာနက ဌာနတွင်း မေးမြန်းစုံစမ်းမှုတွေကို အလိုအလျောက် စနစ်တွေနဲ့ ဖြေကြား၊ ကုမ္ပဏီ တွေက ဝန်ဆောင်မှု customer service ကို ပိုပြီး ပြောဆိုဆက်သွယ်မှုလွယ်ကူအောင် AI နဲ့လုပ်၊ အဲဒီလိုနဲ့ ကုမ္ပဏီ တွေရဲ့ ပြန်ကြားရေးဌာနတွေဟာ အလိုအလျောက် လျော့ကျလာမှာပါ။
တတိယအနေနဲ့ ကုမ္ပဏီရဲ့ အဆင့်မြင့် ဝန်ထမ်းကြီးတွေဟာ ကုမ္ပဏီအတွင်း AI နည်းပညာများကို အသုံးပြုမှုမှာ မလွဲ မသွေ ပါဝင်ကြရပါမယ်။ ရာထူးမှာ “-ချုပ်” ပါတဲ့ ဝန်ထမ်းအကြီးအကဲတွေရဲ့ AI ပုံမှန်အသုံးပြုမှု အချိုးအစားဟာ အလယ် အလတ်တန်း ဝန်ထမ်းတွေ အသုံးပြုမှုထက် များတယ်လို့ တွေ့ရပါတယ်။ IBM ကုမ္ပဏီမှာ ဌာန မန်နေဂျာတွေရဲ့ ၉၈ ရာခိုင်နှုန်း နဲ့ အမှုဆောင်ချုပ်တွေရဲ့ ၉၇ ရာခိုင်နှုန်း ဟာ AskHR AI ကို သုံးကြပါတယ်။ အဲဒီထဲမှာ လူသား အတွင်းရေးမှူးတွေကို သုံးနေတဲ့ သူတွေလည်း ပါပါသတဲ့။
စတုတ္ထအနေနဲ့ AI ကြောင့် ဌာနခွဲတွေ အချင်းချင်းကြား ခွဲခြားကန့်သတ်မှုတွေကို လျော့ပါး မှုန်ဝါးသွားစေပြီး အရင်က မထင်ရှားခဲ့တဲ့ အရည်အသွေး အားနည်းချက်တွေကို မြင်လာနိုင်ပါတယ်။ ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဟာ စာရင်းအင်းနဲ့ ထုတ်လုပ်မှု မန်နေဂျာများ၊ ဘဏ္ဍာရေး ဌာနနဲ့ စျေးကွက်ရှာ ဌာနက အမှုဆောင်အရာရှိချုပ်များကို စုစည်းစေပြီး အမြင့်ဆုံး မှားယွင်းနိုင်မှု၊ အမြင့်ဆုံး ထိခိုက်နိုင်မှုနဲ့ အမြင့်ဆုံးကုန်ကျစရိတ်တွေကို ရှာဖွေ သတ်မှတ် ဖို့ရာ ဖောက်သည်တွေရဲ့ အချက်အလက်၊ ရန်ပုံငွေ၊ သုတေသနနဲ့ ထုတ်လုပ်မှုစီမံချက်တွေမှာ AI နည်းပညာဖြစ်တဲ့ Large Language Model ကို သုံးခဲ့ပါတယ်။ သာမန်ဆိုရင် ရက်ပေါင်း ၉၀ လောက်ကြာမှာကို မိနစ် ၉၀ နဲ့ ပြီးမြောက်ခဲ့ပါတယ်။
ပဥ္စမအနေနဲ့ လုပ်ငန်းလည်ပတ်ပုံကို ပြန်လည်ဒီဇိုင်းဆွဲဖို့ AI က တောင်းဆိုပါတယ်။ Moderna ကုမ္ပဏီဟာ အရင် က အနာဂတ် လုပ်သားအင်အား ဘယ်လိုရှိမယ်ဆိုတာကို ဌာနတစ်ခုချင်း နည်းပညာလိုအပ်မှုများနဲ့ သတ်သတ်စီ စီမံချက် ချပါတယ်။ အခုအခါမှာတော့ လုပ်ငန်းတာဝန်တွေ၊ သတင်းအချက်အလက်တွေနဲ့ ဆုံးဖြတ်ချက်တွေကို ပြီးမြောက်စေမယ့် လုပ်ငန်းဒီဇိုင်းကို ဆွဲဖို့ ရည်ရွယ်လာပါတယ်။ လူသားနဲ့ နည်းပညာတို့ အမြင့်ဆုံး ပေါင်းစပ်နိုင်ဘို့ ဖန်တီးလာပါတယ်။ AI ကြောင့် ဆုံးရှုံးရတဲ့ အလုပ်အကိုင် အရေအတွက်ဟာ ပါးစပ်ပြောတွေနဲ့ ယှဉ်ကြည့်ရင် အများကြီး နည်းပါသေး တယ်။ Macroeconomic ကိန်းဂဏန်း တွေအပေါ် အနည်းငယ်သာ သက်ရောက်မှု ရှိပါတယ်။ အမေရိကန် အစီရင်ခံစာတစ်ခုအရ အမေရိကန် ကုမ္ပဏီ အများစုဟာ AI ကို နေ့စဉ်လုပ်ငန်းခွင်ထဲမှာ အပြည့်အ၀ မထည့်သွင်း သေးဘူးလို့ သိရပါတယ်။
Google ရဲ့ HR အကြီးအကဲ Bock က ခုလို ခန့်မှန်းသုံးသပ်ပါတယ်။ “အဆုံးမှာတော့ HR လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်း ကို အလိုအလျောက် စနစ်တွေနဲ့ အစားထိုးကုန်မှာပါ။ ကျန်တဲ့ ၂၀% ကတော့ အမာခံအုပ်စုလေးကပဲ ကိုင်တွယ်သွား မှာပါ။ စက်တွေက မလုပ်နိုင်လို့ မဟုတ်ပါဘူး။ အချို့သော အရေးတွေမှာ လူသားတွေက လူသားတွေနဲ့ပဲ ထိတွေ့ ဆက်ဆံချင်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာပတ်ဖြေဘို့ လူသားဘုန်းကြီးဆီကို သွားကြတာပါ။ ကောင်းကင်ကို မော့ပြီး ဆုတောင်းရင်လဲ ရတာပဲ၊ ဒါပေမဲ့ စိတ်ညစ်စရာတွေကို လူသားအချင်းချင်း ပြောလိုက်ရတာက ပိုပြီး စိတ်သက်သာရာ ရစေတယ်မဟုတ်လား။”
ကိုးကား – 18 August 2025 ထုတ် Financial Times ပါ Andrew Hill နှင့် Delphine Strauss ၏ When HR no longer needs humans ဆောင်းပါးမှ ထုတ်နုတ်ပြန်ဆိုသည်။

