တီမောလက်စ်တေ နိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN)၏ ၁၁ နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင် ဖြစ်လာတော့မည်။

အရှေ့တီမော သို့မဟုတ် တီမောလက်စ်တေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ၁၁ နိုင်ငံ မြောက် အာဆီယံ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့် ရရှိရန် အသင့် အနေအထားဖြင့် အားတင်းကာ စောင့်စားလျက်ရှိသည်။ အရှေ့တောင်အာရှ ဒေသအတွင်း၌ ‘တီမောလက်စ်တေ’ နိုင်ငံသည် သက်တမ်းအငယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရန် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။ ၂၀၁၁ မှ ၂၀၂၂ ခုနှစ်အထိ လေ့လာသူအဖြစ်ဖြင့် စောင့်ဆိုင်းခဲ့ရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ရက်နှင့် ၁၁ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ၌ ကျင်းပခဲ့သည့် အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများအတွင်း အာဆီယံ ခေါင်းဆောင်များက တီမောလက်စ်တေနိုင်ငံကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် အဖြစ် လက်ခံရန် မူအားဖြင့် သဘောတူ ခဲ့ကြသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) ၏ (၄၇) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးတွင် ‘တီမောလက်စ်တေ’ နိုင်ငံကို အမြဲတမ်း တင်းပြည့်အဖွဲ့ဝင် နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုရန်ရှိ သဖြင့် အာဆီယံအဖွဲ့ဝင် ဖြစ်လာရန် အသင့်အနေအထားဖြင့် တက်ကြွစွာ စောင့်စား လျက်ရှိ သည်ဟု ဆိုသည်။
တီမော်လက်စတေ (အရှေ့တီမော) သည် ယခင်က ပေါ်တူဂီ ကိုလိုနီ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အင်ဒိုနီးရှား၏ အုပ်ချုပ်ရေးအောက်သို့ ရောက်ခဲ့ပြီး လူဦးရေ (၁ ဒသမ ၅ သန်း) ခန့်ရှိသည့် ဤနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ တရားဝင်အားဖြင့် ‘တီမောလက်စ်တေ’ ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိ သည့် နိုင်ငံတစ်ခုဖြစ်သည်။ တီမောကျွန်း၏ အရှေ့ဘက်အပိုင်းတွင် တည်ရှိကာ အချုပ်အခြာအာဏာပိုင် ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံအပိုင် ‘အနောက်တီမော’ တည်ရှိသည်။ တောင်ဘက်တွင် တီမောပင်လယ် ဖြင့် ပိုင်းခြားထားလျက် ဩစတြေးလျနိုင်ငံ ဒါဝင်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ ခန့် အကွာ၌ တည်ရှိသည်။ ‘အရှေ့တီမောနိုင်ငံ’သည် စတုရန်း ကီလိုမီတာ ပေါင်း ၁၅,၀၀၇ (၅,၄၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး နိုင်ငံ၏ မြို့တော်မှာ ဒီလီမြို့ (Dili) ဖြစ်သည်။ ဒုတိယ အကြီးဆုံး မြို့သည် ‘ဘာကောမြို့’ (Baucau) ဖြစ်သည်။
“တီမော်-လက်စတေနိုင်ငံသည် အာဆီယံ၏ အခြေခံ စည်းမျဉ်းစည်းကမ်းများနှင့် စံနှုန်းကို တိကျစွာ လိုက်နာခြင်း၊ ခိုင်မာသည့် စွမ်းဆောင်ရည်ရှိမှု နှင့် လေးနက်စွာ စီစဉ်ပြင်ဆင်နိုင်သည့် စွမ်းအားတို့ကို ထုတ်ဖော် ပြသထားပြီးဖြစ်သည်” ဟူ၍ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်ဟွန်း (Dr. Kao Kim Hourn) က ၂၀၂၅ ခုနှစ် ဩဂုတ် လတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအဖွဲ့ရုံးချုပ်၌ ပြောကြားခဲ့သည်။
“မကြာမီ အာဆီယံ အသင်းဝင်ဖြစ်လာတော့မည့် ဤနိုင်ငံသည် အာဆီယံအသိုက်အဝန်းကို သာမန်အားဖြင့်သာမက ပိုမိုကြွယ်ဝစေမည့်အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ပေါင်းစည်းပါဝင်မှုရှိသော ဖွံ့ဖြိုး တိုးတက်မှုဆီသို့ အပြန်အလှန်မျှဝေတာဝန်ယူရန် ကတိသစ္စာပြုမှုကိုလည်း ပိုမိုအားကောင်းလာစေမည် ဖြစ်သည်” ဟု ဒေါက်တာ ကာအို ကင်ဟွန်းက မှတ်ချက်ပြုခဲ့သည်။

၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် နိုင်ငံ ငါးနိုင်ငံ တို့လက်တွဲကာ အာဆီယံ ကို တည်ထောင်ခဲ့သည်။ နောက်ပိုင်း၌ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်လာခဲ့ကြသည်။ အစိုးရအဆင့် အဖွဲ့အစည်းဖြစ်သည့် အာဆီယံသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ နှင့် ပညာရေးကဏ္ဍများတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ကိုလည်း တိုးတက်မှုဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိသည်။
အာဆီယံအဖွဲ့အနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများထဲတွင် မြန်မာနိုင်ငံ အရေး၊ ထို့ပြင် ကမ္ဘာ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလည်းဖြစ်၍ သယံဇာတကြွယ်ဝ သည့် တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွား မှုများကို ဖြေရှင်းရန် ကိစ္စများ ပါဝင်သည်။
တိမောလက်စတေ၏ နိုင်ငံတော်သမ္မတ ‘ဟိုဆေး ရာမို့စ်-ဟို့တာ’(Jose Ramos-Horta) သည် ၎င်း၏ နိုင်ငံကို အာဆီယံ အဖွဲ့တွင် တရားဝင် ဝင်ရောက်ခွင့်ရရှိသည့်အချိန်တွင် ဖွံ့ဖြိုးတိုးတက်မှု အသစ်တစ်ခုစတင်နိုင်မည်ဟု မျှော်လင့် ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကျွန်တော်တို့က အသစ်လွင်ဆုံး အဖွဲ့ဝင်နိုင်ငံဖြစ်၍ ဖွံ့ဖြိုးမှုနည်းဆုံးနိုင်ငံ ဖြစ်ပေမယ့် စီးပွားရေးကဏ္ဍမှာ အလွန့် အလွန် မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်မယ့် ဖြစ်နိုင်ခြေအလားအလာ ကြီးကြီးမားမား ရှိပါတယ်” ဟု ၎င်းက ၂၀၂၅ သြဂုတ် လတွင် ဂျပန်အများပြည်သူ့ရုပ်မြင်သံကြားအစီအစဉ် NHK အင်တာဗျူး၌ Ramos-Horta က ပြောကြား ခဲ့သည်။
“အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ စီးပွားရေးအရ ASEAN အဖွဲ့ဝင် ဖြစ်နေခြင်းကြောင့် ဒေသအတွင်းနဲ့ ဒေသအပြင်ဘက်မှ ပိုမို တိုးတက်များပြားလာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွား ဆက်စပ် လာနိုင်တဲ့ အလားအလာတွေကိုလည်း လက်တွေ့ မြင်နေရပါတယ်” ဟု Ramos-Horta က ထပ်မံ ပြောကြားခဲ့သည်။
“ယနေ့ ကျွန်တော်တို့သည် စိန်ခေါ်မှုကိုရင်ဆိုင်ရန်နှင့် လက်တွေ့ကျသော အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရန် အဖွဲ့အတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ နည်းပညာပိုင်းကျွမ်းကျင်မှုကို လေးနက်စွာ ယုံကြည်မှုဖြင့် ကျွန်တော်တို့၏ တပ်ဖွဲ့များအပေါ် ယုံကြည်မှု တည်ဆောက်ပေးမည့် ခက်ခဲပြီး အတွင်းကျကျလက်တွဲဆောင်ရွက်ရမည့် အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါသည်” ဟု တီမောလက်စ်တေ ဗိုလ်မှူးချုပ် ဟိုဆေး ဒါ ကော့စတာ ဆွာရက်စ်(Gen. José da Costa Soares) က ဩဂုတ်လကုန်ပိုင်းတွင် ကျင်းပခဲ့သည့် အခမ်းအနားဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
“ယခု လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်က ရှင်းလင်းပါတယ်။ တိကျသော စံချိန်စံညွှန်းနှင့်အညီ လက်တွေ့ကျတဲ့ လေ့ကျင့်ခန်းများမှ တစ်ဆင့် သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေအတွက် လက်တွေ့လောကအတွင်း ထမ်းဆောင်ရမယ့် လုပ်ငန်း တာဝန်တွေကို ကျွန်တော်တို့ တပ်ဖွဲ့တွေ တာဝန်ယူနိုင်အောင် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးချုပ် ဆွာရက်စ်က ဆိုသည်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်ဟွန်း က တီမော-လက်စ်တေ၏ ASEAN အတွက် လိုအပ်သလို ပံ့ပိုးကူညီနိုင်သည့် အဆင်သင့် ဖြစ်မှုကို အသိအမှတ်ပြုခဲ့သည်။ “ပိုမို ရှုပ်ထွေးပြီး သေချာမှုမရှိတဲ့ ကမ္ဘာမှာ တီမော-လက်စ်တေနိုင်ငံရဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဆက်သွားရမယ့် ခရီးစဉ်ဟာ ငြိမ်းချမ်းရေး၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး နဲ့ ဒေသအတွင်းစည်းလုံးညီညွတ်ရေး အစရှိတဲ့ ပဓာနတန်ဖိုးတွေကို ရေရှည် ထိန်းသိမ်း ထားရင်းနဲ့ အာဆီယံ ကို တိုးတက်ပြောင်းလဲစေနိုင်ကြောင်း ထင်ဟပ်နေတယ်” ဟု ဒေါက်တာ ကာအို ကင်ဟွန်း က ပြောကြားခဲ့သည်ဟု ဆိုသည်။
အရှေ့တီမောနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး
နိုင်ငံခြားဆက်ဆံရေးကောင်းမွန်မှုသည် အရှေ့တီမောနိုင်ငံအတွက် လွန်စွာ အရေးကြီးသည်။ ရေနံအခွန်များမှ အဓိက ဘဏ္ဍာငွေ မရရှိခင်က နိုင်ငံခြားမှ ထောက်ပံ့လှူဒါန်းမှုများသည် တိုင်းပြည်ဘဏ္ဍာငွေ၏ (၈၀) ရာခိုင်နှုန်းဖြစ်သည်။ လုံခြုံရေးအတွက်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့များမှ ထောက်ပံ့ပေးထားရသည်။
အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်လာရန်အတွက် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်။ ၂၀၁၁ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်တိုင် စောင့်ခဲ့ရသည်။ ပစိဖိတ်နိုင်ငံများနှင့် ယဉ်ကျေးမှုချင်းနီးစပ်သော်လည်း အာဆီယံ သို့သာ အဖွဲ့ဝင်နိုင်ရန် စိတ်ဝင်စားခဲ့သည်။ အာဆီယံသို့ ဝင်ရောက်လိုခြင်းမှာ အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေး ကောင်းလာစေရန် ရည်ရွယ်ပုံရသော်လည်း လက်တွေ့တွင် အဖွဲ့ဝင်ဖြစ်ရန်အတွက် အချို့ အာဆီယံ နိုင်ငံများက မထောက်ခံ၍ လည်းဖြစ်သည်။ ထို့ကြောင့် ပစိဖိတ်ဒေသမှ ကျွန်းနိုင်ငံများနှင့် ဩစတြေးလျတို့၏ ပစိဖိတ်ကျွန်းများ ဖိုရမ်တွင် လေ့လာသူ ဖြစ်လာခဲ့သည်။
အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် အင်ဒိုနီးရှား နှင့် ဩစတြေးလျ တို့အား သံတမန်ကောင်း အဖြစ် ဆက်ဆံနိုင်ရေး သည် တီမောအစိုးရ၏ ရည်မှန်းချက် တစ်ခုဖြစ်သည်။ ယခင်သမိုင်းကြောင်းတွင် ဆယ်စုနှစ်များက တင်းမာမှုများရှိခဲ့သော် လည်း လက်ရှိကာလတွင် ဆက်ဆံကောင်းမွန်ခြင်းသည် အရှေ့တီမောအတွက် အကျိုးရှိပေသည်။ ထိုနိုင်ငံများသည် အဓိက စီးပွားရေးမိတ်ဖက်များလည်းဖြစ်၍ နိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး အချိတ်အဆက် အတွက် အဓိက နေရာမှ ကူညီနေကြောင်း သိရသည်။ အရှေ့တီမောနိုင်ငံသည် နိုင်ငံပေါင်း ၁၂၂ နိုင်ငံ နှင့် သံတမန်အဆက်အသွယ်ရှိပေသည်။
ကိုးကား။
Timor-Leste slated to join ASEAN, IPDefenseForum.com, Indo-Pacific Defense FORUM magazine, September 22, 2025
– Timor-Leste, From Wikipedia, the free Encyclopaedia


