The Corner

The Corner

cropped-Logo_round_grey-background.png

ပါကစ္စတန်နျူကလီးယားထီးရိပ်ကိုခိုလှုံနိုင်ပြီလား

Share မယ်

ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံဟာ နှုတ်ကနေ ထုတ်ဖော်‌ပြောဆိုတာမျိုး မရှိတဲ့ အပေးအယူ ညှိုနှိုင်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ကတည်းက နှောင်ဖွဲ့ခဲ့ကြတယ်။ ဆော်ဒီ အာရေဗျ ကတော့ ငွေကြေး အမြောက်အမြားရှိပေမယ့် စစ်အင်အားကျတော့ နည်းတယ်။ ပါကစ္စတန်နိုင်ငံ ကတော့ ငွေကြေး ဆင်းရဲပေမယ့် လက်နက် ချမ်းသာ ကြွယ်ဝတယ်။ ဆော်ဒီ အာရေဗျဘုရင့်နိုင်ငံ ကပါကစ္စတန် နိုင်ငံရဲ့ ဘားတိုက်ထဲကို   ငွေကြေး အမြောက်အမြား သွန်ထည့်ပေးတယ်။ အပြန်အလှန် သဘောအရ ပါကစ္စတန်နိုင်ငံက တပ်ဖွဲ့အင် အား၊ လေ့ကျင့်ရေးနဲ့ လက်နက် တပ်ဆင်ပေးတာတွေနဲ့ အကာအကွယ် ပေးတယ်။ စက်တင်ဘာလ ၁၇ ရက် နေ့မှာ အစ္စလာမ္မစ်နှစ်နိုင်ငံဟာ ပေါ်လွင် ထင်ရှားတဲ့ စာချုပ်သစ် တစ်ရပ်နဲ့ နောက်ထပ်‌ ခြေလှမ်းသစ် လှမ်းဖို့ အစီအစဥ် တွေကို ဆောင်ရွက်ခဲ့ ကြတယ်။ “နိုင်ငံ တစ်နိုင်ငံကို ကျူးကျော်မှု မှန်သမျှကို နောက်တစ်နိုင်ငံက နှစ်နိုင်ငံစလုံးကို ကျူးကျော်တယ် လို့ပဲ သဘောထားမှာ ဖြစ်ကြောင်း” ကြေညာခဲ့တယ်။

Photo: CBC

လက်တွေ့ အခြေအနေ မှာကတော့ ဆော်ဒီအာရေဗျကို တိုက်ခိုက် လာရင်ဟန့်တားဖို့ အတွက် ပါကစ္စတန် နိုင်ငံဟာ သူ့နိုင်ငံက ခန့်မှန်းခြေအရ နျူကလီးယား ထိပ်ဖူး ၁၇ဝ လောက် တပ်ဆင်ထားတဲ့ လက်နက် တွေကို အသုံးပြု နေတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ “ပါကစ္စတန်နိုင်ငံရဲ့့နျူကလီးယား စွမ်းရည်က စမ်းသပ်မှုတွေ ဆောင်ရွက်ပြီးခဲ့တဲ့ နှစ်ကာလ အတော်ကြာချိန် ကတည်းက အခြေအတော် ခိုင်ပြီးသား ဖြစ်နေပါပြီ “လို့  ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး  ခါဝါဂျာ မိုဟာမက်အဆစ်ဖ်က စက်တင်ဘာလ ၁၈ ရက်နေ့ ကပြော ကြားလိုက်ပါတယ်။ “ကျွန်တော်တို့မှာ ရှိတာတွေ၊ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ စွမ်းဆောင်နိုင်ရည်တွေကို နှစ်နိုင်ငံ သဘောတူညီချက် အရ သူတို့ ရရှိနိုင်မှာ ဖြစ်ပါတယ် “လို့ သူက ဆိုပါတယ်။ နောက်ပိုင်းမှာ မစ္စတာအဆစ်ဖ်ကသူ့ စကားကို ပြန်ရုပ်သိမ်းပြီး နျူကလီးယား လက်နက်တွေ ကတော့ စာချုပ်မှာ အလေးထား ဖော်ပြမထားပါဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ဆော်ဒီ အရာရှိတွေကတော့ သူတို့ဟာ အဲဒီ စာချုပ် ကို နျူကလီးယား ထီးရပ်တစ်ခုလို မြင်ကြောင်းရှင်းလင်းသိသာစေခဲ့တယ်။ “ဒီ သဘောတူညီ ချက်က အတော်ကလေး ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် ဖြစ်ပါတယ်။ စစ်ရေး နည်းလမ်းတွေ အားလုံး လွှမ်းခြုံမိစေတဲ့ စာချုပ်တစ်ရပ် ဖြစ်တယ်”လို့ ဆော်ဒီ အရာရှိတစ််ဦးက ရိုက်တာ သတင်းဌာနကို ပြောကြား လိုက်ပါတယ်။ ဒီလိုဆိုရင် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (NPT)က အသိအမှတ် ပြုထားတဲ့ အင်အားကြီး ငါးနိုင်ငံရဲ့ ပြင်ပမှာရှိတဲ့ နျူကလီးယားလက်နက် နိုင်ငံတစ်နိုင်ငံက  အခြား နိုင်ငံတစ်နိုင်ငံကို သူ့ရဲ့ နျူကလီးယား လက်နက် အဟန့်အတားကို ပထမဆုံးအကြိမ် ချဲ့ ထွင် လိုက်တာပဲ ဖြစ်တယ်။

ဒီစာချုပ်ဟာ ဆယ်စုနှစ် တွေနဲ့ ကြာအောင် ပူးပေါင်း ဆောင်ရွက်ချက် တွေပေါ်မှာ တည်ဆောက် ထားတာပဲ ဖြစ်တယ်။ ၁၉၆ဝ ပြည့်လွန်နှစ်တွေ ကာလထဲမှာ ယီမင်နိုင်ငံ အတွင်း ပြည်တွင်းရေး မငြိမ်မသက်မှုတွေ ပေါ်ပေါက်နေချိန်မှာ ပါကစ္စတန် နိုင်ငံရဲ့ တပ်ဖွဲ့တွေကို ဆော်ဒီအာရေဗျနိုင်ငံနဲ့ ယီမင် နယ်စပ်မှာတပ်ချပြီး နေရာယူ ထားခဲ့တယ်။ ပါကစ္စတန် တပ်ဖွဲ့ဝင် ၂ဝဝဝ နီးပါး ဒီကနေ့ အချိန်အထိ ဆော်ဒီအာရေဗျ နိုင်ငံမှာ ရှိနေ ပါသေးတယ်။ ၁၉၉၈ခုနှစ်မှာ အိန္ဒိယနိုင်ငံက နျူကလီးယား လက်နက်တွေ စမ်းသပ်တဲ့ အချိန်မှာ ပါကစ္စတန်နိုင်ငံကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူတဲ့ အကျိုး သက်ရောက်မှုတွေကို ခံနေရချိန်မှာ အဲဒီ စမ်းသပ်မှု တွေနဲ့ လိုက်ဖက်ညီအောင် တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၅၀,၀၀၀ ကျော်ကို ဆော်ဒီ အာရေဗျက အလကား ပေးခဲ့တယ်။ နောက်တစ်နှစ်မှာ အဲဒီအချိန်တုန်းက ကာကွယ်ရေး ဝန်ကြီးတာဝန်ယူထားတဲ့ ဆော်ဒီ အိမ်ရှေ့စံ မင်းသား စူလတန်ဘင် အဗ္ဗဒူလ် အဇစ်ဟာ ပါကစ္စတန်နိုင်ငံရဲ့ သန့်စင်ပြီး ယူရေနီယံ တွေရှိရာနဲ့ ဒုံးကျည်တွေ တပ်ဆင် ထုတ်လုပ်ရာ ဌာနတွေကို သွားရောက် လေ့လာ ကြည့်ရှု ခဲ့တယ်။

“မြက်စားနေမယ်” ဆိုတဲ့  ပါကစ္စတန်နိုင်ငံ အဏုမြူဗုံး ထုတ်လုပ်မှု သမိုင်းကြောင်း (၂ဝ၁၂ ခုနှစ်က ပုံနှိပ် ထုတ်ဝေ ခဲ့တယ်) ကို ရေးသားပြုစုခဲ့တဲ့ ပါကစ္စတန် နိုင်ငံ နျူကလီးယား လုပ်ငန်းဆိုင်ရာ အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ ဖာရော့ဇ်ဟက်ဆန်ခန်က ဆော်ဒီအာရေဗျနိုင်ငံဟာ “ငွေကြေး အထောက်အပံ့တွေ ရက်ရက် ရောရော” ပေးခဲ့တယ် ဆိုတာကို အသိအမှတ်ပြု ရေးသား ထားတယ်။ ဒါပေမဲ့ နျူကလီးယားနဲ့ ဆက်နွှယ်ရာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဒါမှမဟုတ် ဆော်ဒီအာရေဗျ နိုင်ငံပေါ်မှာ နျူကလီးယား အဟန့် အတားတွေ ချဲ့ထွင် ဆောင်ရွက်ပေးဖို့ ဘယ်လို ဆွေးနွေးတာမျိုးမှ မရှိခဲ့ပါဘူးလို့ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ အနောက်အုပ်စုနိုင်ငံတွေက ထောက်လှမ်းရေး အရာရှိ အတော်များများကတော့ အဲဒီအချက်ကို ကာလ အတန်ကြာ ကတည်းက သံသယ ဝင်ခဲ့ကြတယ်။ ဆော်ဒီဘုရင့် နိုင်ငံဟာ နျူကလီးယားဗုံးအတွက် ငွေကြေး ပေးထားခဲ့ပြီးပြီလို့ အစ္စရေးနိုင်ငံ ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် အငြိမ်းစား ယူခဲ့ပြီး နောက် များမကြာခင် ၂ဝ၁၃ ခုနှစ်မှာ အေမော့စ်ယာဒလင် က ပြောကြား ခဲ့တယ်။ တကယ်လို့ အီရန်ကသာ နျူကလီးယား လက်နက်တွေ ရသွားခဲ့ပြီဆိုရင် “သူတို့က ပါကစ္စတန်နိုင်ငံကိုသွားပြီး နျူကလီးယား လက်နက်တွေ ယူလိုက်ရုံပဲ” လို့ဆိုတယ်။ အခု နောက်ဆုံး သဘောတူညီချက်ကလည်း တစ်နှစ်ကျော်ကြာ ညှိနှိုင်းပြီးမှ ရရှိခဲ့တာ ဖြစ်တဲ့အကြောင်း ဆော်ဒီနဲ့ပါကစ္စတန် အရာရှိတွေက ဆိုပါတယ်။ ဒါပေမဲ့ တလောက ဖြစ်ပွားတဲ့ အရေးအခင်းတွေကြောင့်  ပိုပြီး မြန်ဆန်လာခဲ့တာ ဖြစ်ပုံရပါတယ်။ စက်တင်ဘာလ ၉ ရက် နေ့တုန်းက ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ဟားမာ့စ် ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတုန်း အစ္စရေးက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ အဲဒီဖြစ်ရပ်ဟာ အီရန်နိင်ငံရဲ့ နျူကလီးယား စက်ရုံနေရာ ဌာနတွေကို အမေရိကန်က လေကြောင်းက တိုက်ခိုက်တာကို လက်တုံ့ ပြန်တဲ့အနေနဲ့ ဒိုဟာမှာ ရှိတဲ့ အမေရိကန်ရဲ့ လေတပ် အခြေစိုက် စခန်းတစ်ခုကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လိုက်ပြီးတဲ့နောက် လအနည်းငယ်လောက် အကြာမှာပဲ ပေါ်ပေါက်လာခဲ့တာပါ။ ဆော်ဒီအာရေဗျ နိုင်ငံအတွက်ကတော့ အခြား ပင်လယ်ကွေ့ နိုင်ငံတွေလိုပဲ သူ့နိုင်ငံ ပတ်ဝန်းကျင်မှာ ပျံသန်းနေကြတဲ့ ဒုံးကျည်တွေရဲ့ ကြိမ်နှုန်းကြောင့်  သတ္တိနဲ့ ယုံံကြည်မှု နည်း လာပြီး စိတ်ဓာတ် ကျဆင်းလာချိန်မှာ ဒီသဘောတူညီချက် စာချုပ်ဟာ ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံကို တိုက်ခိုက်တာ မှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ နည်းလမ်းတစ်ရပ် ဖြစ်ဖွယ်ရှိတယ်။ ဒီစာချုပ်ဟာ အီရန်နိုင်ငံနဲ့ “ဒေသတွင်းက တခြား ဝတ်ပြုသူတွေ” (အစ္စရေးကို ရည်ညွှန်းတာလို့ တွက် ဆရတယ်) ရဲ့ မဟာဗျူဟာ တွက်ချက်မှု အတွက်ကို အကျိုး သက်ရောက်နိုင်တယ်လို့ ပါကစ္စတန် နိုင်ငံရှိ ဆော်ဒီ အာရေဗျ သံရုံးက အရာရှိတစ်ဦး ဖြစ်တဲ့ ဂျမား အယ်လ်ဟာဘီက စကားလုံး လှလှသုံးပြီး ရေးသားခဲ့တယ်။

ပါကစ္စတန် နိုင်ငံအတွက်ကတော့ အိုင်အမ်အက်ဖ် ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ငွေ ကြေး အကျပ်အတည်း ကနေ ကယ်ဆယ်ရေး အစီအစဉ်ကိုပဲ အားကိုးအားထား ပြုခဲ့ရ ပြီးတဲ့ နောက်ပိုင်း လအနည်းငယ် အကြာမှာပဲ အစိုးရအတွက် ဆော်ဒီနိုင်ငံရဲ့ အကူအညီ အထောက်အပံ့ ပုံစံနဲ့ အကြီးအကျယ် လိုအပ်နေတဲ့ ငွေကြေးကို ဒီ သဘောတူညီချက် စာချုပ်က ဆောင်ယူလာတာ ပဲဖြစ်တယ်။ စက်တင်ဘာလ ၂၁ရက်နေ့မှာ အဲဒီနိုင်ငံရဲ့ ဗဟိုဘဏ်က လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဖွံ့ဖြိုး တိုးတက်မှုနှုန်းကို ကြိုတင် ခန့်မှန်းရာမှာ လျှော့ချခဲ့တယ်။ အကြောင်း တစ်ရပ် ကတော့ လူပေါင်း ၂ဒသမ၅ သန်းကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး ရိတ်သိမ်းပြီး ရိက္ခာသီးနှံတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ မမျှော်လင့်တဲ့ နိုင်ငံ တစ်ဝန်း ရေကြီးရေလျှံမှု သဘာဝဘေးဆိုးကြီး ကြောင့်ပဲဖြစ်တယ်။ ဒီ သဘောတူ စာချုပ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ စစ်ရေး ပဋိပက္ခ ပေါ်ပေါက်ပြီး နောက်ပိုင်း လေးလအကြာမှာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အိန္ဒိယက ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စု တွေနဲ့ နောက်ပိုင်းမှာ ပါကစ္စတန် လေတပ် အခြေစိုက်စခန်းနဲ့ စစ်ဘက်ရေးရာ ဌာနတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပါကစ္စတန်က အိန္ဒိယ ဂျက်တိုက်လေယာဉ် အတော်များများကို ပစ်ချခဲ့ ပြီး အောင်ပွဲတစ်မျိုး ရတယ်လို့ ဆိုတယ်။ နောင်အနာဂတ် ပဋိပက္ခတွေ ကျရင်တော့ ဆော်ဒီ အာရေဗျက ပါကစ္စတန်နိုင်ငံကို လက်နက် အကူအညီ ပေးတဲ့ နည်းလမ်းမျိုး နည်းနည်းပါးပါး ကမ်းလှမ်း လာနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ ဒီနိုင်ငံဟာ ငွေကြေးတွေ ပို့ပေး နိုင်တဲ့အပြင် အရှေ့အလယ်ပိုင်း ဒေသကနေ ပါကစ္စတန်နိုင်ငံ အတွက် အကူအညီတွေ တိုးမြှင့် ရရှိအောင် ဆောင်ကြဉ်း ပေးနိုင်တယ်။ ဒီစာချုပ်ဟာ သံခင်းတမန်ခင်း အရ လမ်းဖောက်ပေးနိုင်စွမ်း ရှိတဲ့ အကြောင်းရပ် တစ်ခုလည်း ဖြစ်တယ်။ များမကြာသေးတဲ့ နှစ်တွေ အတွင်းကပဲ ပင်လယ်ကွေ့ အာရပ်နိုင်ငံ အတော်များများဟာ အိန္ဒိယနိုင်ငံဘက်ကို ယိမ်းလာပြီး ပိုမို ရင်းနှီးလာခဲ့ကြတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ဆော်ဒီ အာရေဗျနိုင်ငံကို သုံးကြိမ်တိုင် သွားရောက် လည်ပတ်ခဲ့တယ်။ နောက်ဆုံး ဖြစ်ရပ်ကတော့ ဧပြီလတုန်းက သွားတဲ့ ခရီးစဉ်ပါပဲ။ဆော်ဒီ အာရေဗျ ဘုရင့်နိုင်ငံက အချုပ်အခြာ အာဏာပိုင်  ဓနဥစ္စာရန်ပုံငွေအဖွဲ့က အိန္ဒိယနိုင်ငံမှာ ဒေါ်လာ ဘီလီယံ ၁ဝဝ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မယ်လို့ ကတိ ပြုခဲ့တယ်။ “သူ့ရဲ့ စေ့စပ်ပတ်သက်မှု အရ ပါကစ္စတန်က ဆော်ဒီဆီက ရရှိခဲ့တဲ့တာက သူတို့ (ပါကစ္စတန် နိုင်ငံသားတွေ) ဟာတွေဟာ အထီးကျန် မဟုတ်ဘူးဆိုတာကို ပြလိုက်တဲ့ သင်္ကတ လက္ခဏာ ပဲဖြစ်တယ်။ သူတို့မှာ ဒေသတွင်း ကရော ကမ္ဘာလုံး ဆိုင်ရာ အရပါ ခိုင်မာတဲ့ အထောက်အပံ့စနစ် ရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပဲလို့ ဆော်ဒီ အာရေဗျ နိုင်ငံဆိုင်ရာအိန္ဒိယ သံအမတ်ကြီးဟောင်း တဲလ်မစ်ဇ်အာမက်က သတိပေးခဲ့တယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက “ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနဲ့ အမှားအယွင်း အတိမ်းအစောင်း မခံမှုမျိုးတွေကို မျက်ခြည် မပြတ်ဘဲ အမြဲ သတိထားနေဖို့ ဆော်ဒီ အာရေဗျ နိုင်ငံကို သိမ်သိမ်မွေ့မွေ့ သတိပေးခဲ့တယ်။ ဒါပေမဲ့ မစ္စတာ အယ်လ်ဟာဘီ ရဲ့ “ဒီသဘောတူညီချက်ဟာ ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရာမှာ အိန္ဒိယနိုင်ငံရဲ့ အထူးသတိချပ်မှုကို မြင့်တက်နိုင်ဖွယ် ရှိတယ်လို့ အများပြည်သူ လူထုကို သတိပေးချက် ထုတ်ပြန်လိုက်တာကို အိန္ဒိယသံတမန်တွေ အတော်ကို ရတက်မအေး ဖြစ်ကြပါလိမ့်မယ်။

ဒီနှစ်နိုင်ငံ မဟာမိတ်ဖွဲ့နိုင်ရေး လှုပ်ရှားမှုကို အိန္ဒိယနိုင်ငံနဲ့ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက် စစ်သေနာပတိချုပ်ရာထူး (Field Marshel) ကို ရရှိခဲ့တဲ့ ပါကစ္စတန် စစ်ဦးစီးချုပ် အဆင်းမူနီးရ် (Asim Munir)က ဦးဆောင်ဦးရွက် လုပ်ခဲ့တာဖြစ်ပုံရ တယ်။ ပါကစ္စတန်နိုင်ငံမှာ ရွေးချယ်တင်မြှောက်ခံ အစိုးရအဖွဲ့တစ်ရပ်ရှိပေမယ့် အရေးအကြီးဆုံး ပြဿနာရပ်တွေ ဆိုရင် သူ့နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့က ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားနိုင်တာနဲ့ အဆုံးအဖြတ် ပေးနိုင်တဲ့အခွင့် အာဏာ ရှိတယ်။ ၁၉၉၉ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အထိ ပါကစ္စတန်နိုင်ငံကို စိုးမိုး အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ပါဗက်ဇ် မူရှာရပ်ခေတ် ကတည်းက စစ်သေနာပတိချုပ် ဆိုတာ ပါကစ္စတန်ရဲ့ ဩဇာ တိက္ကမ အကြီးဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်တယ်။ အခုနှစ် ဇွန်လတုန်းက အဆင်း မူနီးကို အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်က အိမ် ဖြူတော်မှာ ဂုဏ်ပြုပြီး ဧည့်ခံ ကျွေးမွေးခဲ့တယ်။ အဲဒီ ဖြစ်ရပ်က အကောက်ခွန်ကိစ္စနဲ့ စပ်လျဉ်းပြီးအမေ ရိကန်ရဲ့ အိန္ဒိယနိုင်ံငံနဲ့ ဆက်ဆံရေး ကတောက်ကဆတ် ဖြစ်ခဲ့ရလို့ ပါကစ္စတန်က အကြီးအကျယ် အူမြူးနေချိန်မှာ ပေါ်လာတာပါ။ မစ္စတာထရမ့်က သူဟာ အိန္ဒိယနိုင်ငံကို ဒီတိုက်ပွဲတွေ မေလအတွင်းမှာ အဆုံးသတ်ဖို့ ဖိအားပေး ဆောင်ရွက်ခဲ့တယ်လို့ ရက်သတ္တတစ်ပတ် နီးပါးကြာအောင်  အမေရိကန်လူထုကို အသိပေး ကြေညာခဲ့တယ်။

စစ်သေနာပတိချုပ် မူနီးရဲ့ မစ္စတာထရမ့်ကို စည်းရုံး ပြောဆိုရာမှာ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်ခဲ့တာက အရှေ့အလယ်ပိုင်း အရေးကိစ္စတွေမှာ ပါကစ္စတန် နိုင်ငံဟာ ခိုင်ခိုင်မာမာ ပါဝင်ဆောင်ရွက် နိုင်တဲ့ နိုင်ငံ ဖြစ်ခဲ့ပြီး အဲဒီ ဒေသတွင်းမှာ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အင်တိုက်အားတိုက် ထောက်ခံ နေတဲ့ နိုင်ငံ ဖြစ်တယ်လို့ စည်းရုံး ပြောဆိုခဲ့တယ်။ ၁၉၈ဝ နဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကာလတစ်လျှောက်လုံးမှာ ပါကစ္စတန်နိုင်ငံရဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရေး အစီအစဉ်ဟာ ပါကစ္စတန်က လက်မှတ် ရေးထိုးဖို့ ငြင်းပယ်ခဲ့တဲ့ နျူကလီးယား မပြန့်ပွားရေး စာချုပ် ပြင်ပမှာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အဲဒီ အချက်ဟာ အမေရိကန်နဲ့ ပါကစ္စတန်နိုင်ငံတို့ရဲ့ တင်းမာမှုဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်တယ်။၂ဝဝဝ ပြည့်လွန် နှစ်ကာလတွေ အတွင်းမှာ ပါကစ္စတန် နိုင်ငံရဲ့ ဦးဆောင် နျူကလီးယား သိပ္ပံပညာရှင် အေ ကျူခန်က ၁၉၉၉ခုနှစ် ဆော်ဒီခရီးစဉ်မှာ အိမ်ရှေ့စံ မင်းသား စူလတန်ကို ရန်ဘက်နိုင်ငံတွေနဲ့ ဂျီဟတ်ဝါဒီ အုပ်စုတွေကို လက်နက်နည်း ပညာတွေ ရောင်းချနိုင်ဖွယ် ရှိတယ်လို့ ပြောကြားခဲ့တဲ့ အချက်ကြောင့် ရှေ့အလားအလာကို အမေရိကန် နိုင်ငံက စိုးရိမ်မှုတိုးလာခဲ့တယ်။ တကယ်လို့ ပါကစ္စတန်နိုင်ငံက အခုအချိန်မှာ သူ့ရဲ့ နျူကလီးယားဗုံးတွေကို သူ့နိုင်ငံ သံခင်းတမန်ခင်းအရ ရပ်တည်မှု အဆင့်အတန်း လျှောမကျရ စေရေးအတွက် ကျားကန်စရာ ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့မယ် ဆိုရင်တော့ အထင်နဲ့အမြင် တခြားစီ ဖြစ်သွားမှာပါ။ “ဒီအချိန်မှာ တစ်ခုခု ထင်မြင်ချက်ပြောလိုက်ရင် ဆန္ဒ စောလွန်းရာ ကျပါလိမ့်မယ်။ ဒါပေမဲ့ တခြားနိုင်ငံ တချို့ကတော့ ဒီသဘောတူညီချက် သဘောသဘာဝပုံစံကို ဝင်ရောက် လိုကြတယ်” လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး အီရှတ် ဒါးက ပြောကြားခဲ့တယ်။

 ရည်ညွှန်း – The Economist September 2025.

Click to rate this post!
[Total: 0 Average: 0]