“မညီမျှမှုတွေကို သိသိသာသာချည်း မြင်တွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူမှုရေးဆိုင်ရာ ငြိမ်းချမ်းမှုဟာ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေရတာလဲ” ဒီမေးခွန်းဟာ အတွေ့အကြုံနည်းပါးတဲ့ ကမ္ဘာ့လှည့် ခရီးသွားတွေသာ မေးတဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူး။ ယင်းမေးခွန်းဟာ အိမ်ကြီးအိမ်ကောင်းတွေ မှာ အိမ်ဖော်တွေ၊ ထမင်းချက်တွေ၊ ယာဥ်မောင်းတွေနဲ့ နေထိုင်ကြတဲ့ အဆင့်မြင့် ပညာတတ် အိန္ဒိယနိုင်ငံသားတွေ အကြားမှာလည်း မေးလေ့ မေးထရှိတဲ့ မေးခွန်း တစ်ခုပါပဲ။
ဆင်းရဲချမ်းသာ ကွာဟမှုကို အလွယ်တကူပဲ အများဆုံးမြင်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေဟာ ဘာကြောင့် ရီယိုဒီဂျနီးယိုး သို့မဟုတ် ဂျိုဟန်နက်စဘတ် မြို့တွေလောက် ကွဲပြားနေတဲ့ လူတန်းစား အမျိုးမျိုးကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခြင်း မရှိတာလဲ။ ခွစာ သတင်းစာ ဆောင်းပါးရှင် တစ်ဦးဖြစ်သူ မာနူဂျိုးဆက်ကတော့ “ဆင်းရဲသားတွေက ကျုပ်တို့ကို ဘာကြောင့်မသတ်တာလဲ” 1လို့ အမည်ပေးထားတဲ့ သူ့ရဲ့ စာအုပ်ထဲမှာ အဖြေအချို့ကို ပေးဖို့ ကြိုးစား ထားပါတယ်။ ထိုပြဿနာဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နေအိမ် ဧည့်ခန်းထဲမှာ ပြောဆိုကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။
ဂျိုးဆက်က သူ့စာအုပ်ထဲမှာ အကြောင်းပြချက်ပေါင်းများစွာကို ပေးခဲ့တယ်။ အိန္ဒိယနိုင်ငံရှိ မြို့ကြီးတွေရဲ့ အကျည်းတန်မှုက လူချမ်းသာတွေကို ကာကွယ်ပေးခဲ့တယ်။ ထိုအရာက ဆင်းရဲသားတွေကို သူတို့ဟာ နောက်မှာ ချန်ထားခြင်း မခံရဘူးဆိုတာ အာမခံချက် ပေးခဲ့တယ်။ ရဲအဖွဲ့ရဲ့ ရက်စက်မှု၊ အလွန်ဆိုးရွားလှတဲ့ အကျဥ်းထောင် စနစ်နဲ့ တရားစီရင်မှု ပြင်ပမှ သတ်ဖြတ်မှု တွေက ဆင်းရဲသားတွေကို ပျပ်ဝပ် ရိုကျိုးသွားစေပါတယ်။ နိုင်ငံရေးသမားတွေ ကလည်း ဆင်းရဲသားတွေ ငြိမ်ဝပ်နေအောင် အကောင်းဆုံး မျှော်လင့်ချက်တွေ ပေးခဲ့ပါသေးတယ်။
ဒါ့အပြင် ဆင်းရဲသားအုပ်စုထဲက လူတွေကြားထဲမှာလည်း ပညာရေးနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုတို့အပေါ် ယုံကြည်မှု ကလည်း မိမိတို့ ဘဝအတွက် ပိုမိုကောင်းမွန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပေးနေပါတယ်။ ချမ်းသာသူ တွေရဲ့ တောက်တောက်ပြောင်ပြောင် ခမ်းခမ်းနားနား နေထိုင်တာတွေကို မြင်တွေ့နေရတဲ့ အဖြစ်တွေကပင် ဆင်းရဲသား တွေကို သူတို့ ဘဝတွေအတွက် မျှော်လင့်စရာတွေအဖြစ် မက်လုံးပေးလျက် ရှိပါတယ်။ ထို့နောက်မှာတော့ “စိတ်မချမ်း သာစရာ တွေလို့ မိမိတို့ တွေးထင်ခဲ့တာတွေဟာ တကယ်တော့ စိတ်မချမ်းမြေ့စရာတွေ မဟုတ်ပါလား”လို့ မြင်လာ ကြပါတယ်။
ဂျိုးဆက်ဟာ အဲဒါတွေကတစ်ဆင့် သူ့အယူအဆတွေကို ချဲ့ထွင်တင်ပြခဲ့တယ်။ သူဟာ စဥ်ဆက်မပြတ် ပြောပြနေခဲ့ပြီး အခါအားလျော်စွာလည်း ထိုးထွင်းသိမြင်သလို တင်ပြခဲ့ပါတယ်။ သို့ပေမဲ့ မကြာခဏဆိုသလိုလည်း ဗလုံးဗထွေးနဲ့ ဖြစ်ကုန်တတ်ပါတယ်။ တကယ်လို့များ သူ့စာအုပ်ဟာ အိန္ဒိယနိုင်ငံအတွင်း ဆူဆူညံညံလုပ်ပြီး စကားအမျှင်မပြတ် ပြောတတ်ကြတဲ့ လူတန်းစား အကြားမှာ ရေပန်းစားလာမယ်ဆိုရင်တော့ “သူတို့အပေါ်ကျရောက်တဲ့ အဆိုးရွားဆုံး အပြစ်တွေဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိလာဖို့ မျှသာဖြစ်တယ်” ဆိုတာကို ဆင်းရဲသားပြည်သူတွေ လက်ခံယုံကြည်လာအောင် လုပ်ဆောင်ပေးလို့ပဲ ဖြစ်ပါလိမ့်မယ်။
သူ့စာအုပ်ရဲ့ အစမှာ “ဆင်းရဲသားပြည်သူတွေက အိန္ဒိယနိုင်ငံရဲ့ ချမ်းသာသူတွေကို ဆန့်ကျင် ထကြွခြင်း မပြုလုပ် ကြဘူး” ဆိုတဲ့ အဆိုနဲ့ စတင်ထားပါတယ်။ ထိုအဆိုကတော့ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး မော်ဝါဒီ သူပုန်ထမှု ဖြစ်တဲ့ နာဇာလိုက် လှုပ်ရှားမှု အတွက်တော့ အံ့အားသင့်စရာ ဖြစ်ရပါတယ်။
စာရေးဆရာမ အရွန်ဒါတီရွိုင်း2 ကတော့ မကြာသေးမီက ရေးသားခဲ့တဲ့ သူမရဲ့ ဘဝမှတ်တမ်း စာအုပ်ထဲမှာ ၁၉၆၉ ခုနှစ်က သူမ နေထိုင်ခဲ့တဲ့ ပြည်နယ်အတွင်းမှာ နာဇာလိုက် သူပုန်တွေက စိုက်ခင်းပိုင်ရှင် တစ်ဦးကို တိုင်မှာ ကြိုးနဲ့ ချည်ပြီး ခေါင်းဖြတ်ပစ်ခဲ့တဲ့ အကြောင်း ရေးသားခဲ့ပါတယ်။ မကြာသေးခင် ကာလတစ်ခုဖြစ်တဲ့ ၂၀၀၉ ခုနှစ်အထိ နာဇာလိုက် သူပုန်တွေဟာ အဲဒီအချိန်က အစိုးရရဲ့ အဆိုအရ အိန္ဒိယနိုင်ငံရဲ့ ကျယ်ပြောတဲ့နေရာ တစ်ခွင်တစ်ပြင်မှာ လှုပ်ရှားနေခဲ့ကြပါတယ်။
ယခုအခါမှာတော့ နာဇာလိုက် လှုပ်ရှားမှုဟာ ပျောက်ကွယ်လုနီးပါး ရှိလာနေပြီး တကယ်တော့ ထိုသို့ဖြစ်ရတာကလည်း နာဇာလိုက်တွေက အစိုးရရဲ့ နှိပ်စက်ညှဥ်းပန်းမှုတွေကို ကြောက်ရွံ့နေလို့တော့ မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင်က ပစ်မှတ်တွေ ဖြစ်လာနေလို့ပါပဲ။
ဒါပေမယ့် အရွန်ဒါတီရွိုင်းရဲ့ စာအုပ်ပါ အဓိက အကြောင်းအရာကတော့ ကျေးလက် အကြမ်းဖက်မှု မဟုတ်ပါဘူး။ ချမ်းသာတဲ့ အိန္ဒိယ အိမ်ထောင်စု အများအပြားကို ကြောက်စိတ်ကိုယ်တိုင်က ခြောက်လှန့်နေတာပဲ ဖြစ်ပါတယ်။ လူလတ်တန်းစားတွေက “အိမ်စေတွေ အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံလိုပေမယ့်လည်း အိန္ဒိယ အိမ်စေ တွေဟာ သူတို့အပေါ် ရိုကျိုးမှု ရှိသင့်သလောက် မရှိဘူး” လို့ ငွေကြေးတတ်နိုင်သူတွေက ယူဆနေကြပါတယ်။ ယာဥ်မောင်းဖြစ်သူက သူ့ရဲ့ အလုပ်ရှင်ကို သတ်ခဲ့တဲ့ ဖြစ်ရပ်ကို ရေးဖွဲ့ထားတဲ့ ၂၀၀၈ ခုနှစ်က Booker ဆု ရခဲ့တဲ့ The White Tiger 3စာအုပ်ထဲမှာ ထိုစိုးရိမ်မှုကို အဓိက ဖော်ပြထားပါတယ်။
စာရေးသူ ဂျိုးဆက်ဟာ အိမ်ဖော်တွေ၊ ယာဥ်မောင်းတွေနဲ့ စားပွဲထိုးတွေနဲ့ ပတ်သက်ပြီး သိပ်ကို သောကများနေတာ တွေ့ရတယ်။ ထိုအဖြစ်ကတော့ အတန်းအစားဆိုင်ရာ အမှားပဲ ဖြစ်ပါတယ်။ အိန္ဒိယ မြို့ပြတွေက ဝန်ဆောင်မှု လုပ်သားတွေဟာ ကမ္ဘာ့အဆင့်အတန်းအရ ကြည့်မယ်ဆိုရင် ဝင်ငွေ သိပ်မရကြပါဘူး။ သို့ပေမဲ့ သူတို့ဟာ ပြည်တွင်း အတိုင်းအတာအရတော့ ခိုင်မာတဲ့ လူလတ်တန်းစားပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ရှင်တွေကတော့ ဝင်ငွေခွဲဝေမှုမှာ ထိပ်ဆုံးက နေရာမှာ ရှိနေတယ်။
“ဒီလို ဖြစ်ပါလျက်နဲ့ ကမ္ဘာပေါ်ရှိ မညီမျှမှု မရှိဆုံး ဒေသတွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ မတူကွဲပြားတဲ့ လူတန်းစားတွေ အကြားမှာ ဘာကြောင့် ငြိမ်းချမ်းရေး ရနေတာပါလဲ” စာအုပ်အစပိုင်းမှာ ဖော်ပြထားတဲ့ စာရေးသူရဲ့ မှတ်စုမှာ ဂျိုးဆက်က အဲဒီလို မေးခွန်းထုတ်ထားပါတယ်။ ဒီမေးခွန်းက ကျယ်ပြန့်လှပေမယ့်လည်း စူးစိုက်မှုကတော့ ကျဥ်းမြောင်းပါတယ်။ ဒါဆိုရင် ဂုဏ်သရေရှိ အထက်တန်းလွှာတွေဟာ ဘာကြောင့် သူတို့ရဲ့ နေအိမ်တွေမှာ အလုပ်လုပ်နေကြသူတွေရဲ့ ခြိမ်းခြောက်တာကို မခံကြရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ သူ့စာအုပ်က ဖြေမထား ပါဘူး။
သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ လူတွေအပေါ် အဓိက အာရုံ စူးစိုက်မယ့်အစား သူတို့ဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို ဖော်ပြမထားပါဘူး။ ဂျိုးဆက် ယုံကြည်မှု အရှိဆုံး စောဒက တက်မှုကတော့ ရှေးယခင်က အိန္ဒိယနိုင်ငံမှာ လူအများက လူအများက ထိုလူတွေနဲ့ အသားချင်းပင် မထိလိုတဲ့ ဒါးလစ်လို့ ခေါ်တဲ့ ဇာတ်အနိမ့်ဆုံး လူတွေ အကြားမှာ အဆင့်အတန်းခွဲခြားပုံကို ညွှန်ပြပြီး “ဆင်းရဲသားတွေဟာ ဆင်းရဲသားတွေရဲ့ အဆိုးရွားဆုံး ရန်သူပဲ” လို့ ပြောထား ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ပြဿနာနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ စူးစမ်းလေ့လာမှု တစ်ခုကတော့ ၂၀၁၂ ခုနှစ်က အမေရိကန် စာနယ်ဇင်းသမား တစ်ဦး ဖြစ်သူ မစ္စ ကတ်သရင်းဘူး4 ရေးခဲ့တဲ့ “Behind the beautiful forevers5” ဆိုတဲ့ စာအုပ်ပါပဲ။ သူဟာလည်း အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေဟာ ဘာကြောင့် Metal Slug 3 အမည်ရှိတဲ့ သူပုန်ထကြွတဲ့ ဗီဒီယိုဂိမ်းထဲကလို ဖြစ်မလာတာကို အံ့သြနေမိတယ်။ သူဟာ မွမ်ဘိုင်းမြို့ရှိ စိတ်မချမ်းသာစရာ အဆင်းရဲဆုံးဖြစ်တဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ လှည့်လည်ပြီး သုံးနှစ်ကျော် လေ့လာခဲ့တယ်။ ထို့နောက်မှာတော့ သူရဲ့ လေ့လာတွေ့ရှိမှု တွေကို အခြေခံပြီး အဲဒီစာအုပ်ကို ရေးခဲ့တာပါ။
သူရဲ့ စာအုပ်ထဲမှာ “အောက်ခြေ ဆင်းရဲသူ ဆင်းရဲသားတွေဟာ လူချမ်းသာတွေကိုတော့ လုံးဝမထိဘဲ မိမိတို့အချင်းချင်း စကားများ ရန်ဖြစ်ကာ တစ်ဦးကို တစ်ဦး ပျက်စီးအောင် လုပ်နေကြပုံတွေကို” အသေးစိတ် ရေးထားပါတယ်။
၂၀၁၂ ခုနှစ် အချိန်တုန်းက မှန်ကန်ခဲ့ဘူးတဲ့ မေးခွန်း (ပြဿနာ) ဟာ ၂၀၂၅ ခုနှစ် မှာတော့ မှန်ချင်မှ မှန်တော့မှာပေါ့။ မစ္စဘူးရဲ့ စာအုပ်ရေးသားခဲ့တဲ့ အချိန်က စပြီး လက်ရှိ အချိန်ကာလအတွင်း မှာ အိန္ဒိယရဲ့ စီးပွားရေးဟာ နှစ်ဆကျော် ကြီးထွားခဲ့ပါတယ်။ ထိုနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူအရေအတွက်က နည်းလာပြီး လူလတ်တန်းစား အရေအတွက်က များလာပါတယ်။ ပြည်သူတွေဟာ အခွင့်အလမ်းတွေ ပိုမိုရရှိမယ့် အလားအလာတွေရှိလာပြီး မျှော်လင့်ချက်တွေလည်း ပိုမို ရှိလာပါတယ်။
သို့ပေမဲ့ အန္တရာယ်တွေလည်း ရှိလာနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အကောက်ခွန် အရာရှိတွေ လာဘ်စားတဲ့အကြောင်း စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ စွပ်စွဲမှုပေါ်ထွက်လာပြီး နောက်မှာတော့ အိန္ဒိယပြည်သူတွေဟာ မိမိတို့ ကိုယ်တွေ့ကြုံရတဲ့ အကျင့်ပျက် လာဘ်စားမှုအကြောင်းတွေကို လူမှု မီဒီယာတွေအပေါ်မှာ တစ်ခုပြီးတစ်ခု တင်ခဲ့ကြတယ်။ ဒါတွေနဲ့အတူ လူမှု အခြေခံ အဆောက်အအုံတွေ ညံ့ဖျင်း နုံချာပုံတွေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ညံ့ဖျင်းမှုတွေနဲ့ ပတ်သက်တဲ့ မကျေနပ်သံတွေဟာ ပိုမိုထွက်ပေါ်လာပါတယ်။

ထို့အတူပဲ နှစ်စဥ် စက်နဲ့ထုတ်သလို ထွက်ပေါ်လာတဲ့ သန်းနဲ့ချီတဲ့ ဘွဲ့ရလူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးမပေးနိုင်မှု အတွက်လည်း လူငယ်တွေ အကြားမှာ ဒေါသထွက်နေကြတယ်။ ဒီတော့ အိန္ဒိယနိုင်ငံရဲ့ ရေပေါ်ဆီ လူတန်းစား အနေနဲ့ တကယ် စိုးရိမ်ပူပန်ရမှာကတော့ ဆင်းရဲသားလူတန်းစားတွေက တိုက်ခိုက်လာမယ့် အရေး မဟုတ်ပါဘူး။ သူတို့အနေနဲ့ စိုးရိမ်ထိတ်လန့်ရမှာကတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်နေပေမယ့် ထိုအရာကို မရရှိတဲ့ သူတွေရဲ့ ခါးခါးသီးသီး မုန်းတီးမှုကိုပါပဲ။
ကိုးကား – What rich Indians fear? The Economists, October 2025
- Why the Poor Don’t Kill Us: The Psychology of Indians : Manu Joseph: Amazon.in: Books ↩︎
- Arundhati Roy – Wikipedia ↩︎
- The White Tiger (Adiga novel) – Wikipedia ↩︎
- Katherine Boo – Wikipedia ↩︎
- Behind the Beautiful Forevers – Wikipedia ↩︎


