The Corner

The Corner

cropped-Logo_round_grey-background.png

ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ‘တကာအီချီ ဆနာအဲ’

Share မယ်

ဂျပန် ဒိုင်းယက်လွှတ်တော်က ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မစ္စ တကာအီချီ ဆနာအဲ (Takaichi Sanae) ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွေးချယ်တင်မြှောက်လိုက်ကြောင်း NHK သတင်းအရ သိရတယ်။ ‘တကာအီချီ ဆနာအဲ’  ဟာ ဂျပန်လွှတ်‌တော်မှာ မဲအနိုင်ရရှိခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးအနေနဲ့ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုတာ ဂျပန်နိုင်ငံ သမိုင်းမှာပထမဆုံး ထူးခြားဖြစ်စဉ် ဖြစ်လာပါတယ်။

အာဏာရ Liberal Democratic Party (LDP) ပါတီ ဦးဆောင်သူ ‘တကာအီချီ ဆနာအဲ’ ဟာ Japan Innovation Party (JIP) ပါတီ နဲ့ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း သိရတယ်။ ၂၀၂၅ အောက်တိုဘာ ၂၁ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်းမှာ ဂျပန်ဧကရာဇ်ဘုရင်ထံကနေ အသိအမှတ်ပြုခန့်အပ်လွှာကို လက်ခံရရှိပြီးတဲ့နောက် ဝန်ကြီးချုပ် ရာထူးတာဝန် စတင်ထမ်းဆောင်မှာ ဖြစ်တယ်။ အဲဒီနောက်မှာ ဝန်ကြီးချုပ်သစ်အဖြစ်နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပမှာ ဖြစ်တယ်။

အာဏာရ LDP ပါတီ ခေါင်းဆောင် ‘တကာအီချီ ဆနာအဲ’ ဟာ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ အနိုင် ရရှိခဲ့ခြင်းဖြစ်တယ်။ ‘တကာအီချီ ဆနာအဲ’ ဟာ LDP ရဲ့ ညွန့်ပေါင်းမိတ်ဖက်အသစ် ဖြစ်တဲ့ Japan Innovation Party နဲ့ တခြား လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ အများစုရဲ့မဲကို ရခဲ့ကြောင်း NHK သတင်းအရ သိရတယ်။ LDP ဥက္ကဋ္ဌ နေရာ အတွက် ပြိုင်ဆိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်တွေကို ဝန်ကြီးတွေအဖြစ် ခန့်အပ်ဖို့ ‘တကာအီချီ’ က ပြင်ဆင် နေကြောင်း သိရတယ်။ 

ပါတီရဲ့ ထိပ်တန်းနေရာအတွက် သူရဲ့ အဓိကပြိုင်ဘက် မစ္စတာ ‘ကိုအီဇူမီ ရှင်ဂျီရို’ (Koizumi Shinjiro) ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ‘တကာအီချီ’ က ရွေးချယ်ခဲ့လို့ ဆိုတယ်။ အခြား ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ‘ဟာယာရှီ ယိုရှီမာဆာ’ (Hayashi Yoshimasa)ကို ‘ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး’ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရ တယ်။ ဝန်ကြီးချုပ် ‘တကာအီချီ’ ဟာ သူ့ရဲ့ယှဉ်ပြိုင်ဘက် LDP အထွေထွေအတွင်းရေးမှူးဟောင်း ‘မိုတေဂီ တိုရှီမစ်ဆူ’ (Motegi Toshimitsu) ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်။

‘တကာအီချီ ဆနာအဲ’ (၆၄ နှစ်)ဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တယ်။ ‘တကာအီချီ ဆနာအဲ’ ဟာ ၁၉၉၆ ခုနှစ်မှာ LDP ပါတီဝင်ဖြစ်လာခဲ့တယ်။ ဝန်ကြီးချုပ် ‘ရှင်ဇိုအာဘေး’လက်ထက် ၂၀၀၆ ခုနှစ်မှာ ‘တကာအီချီ’ ဟာ “အိုကီနာဝါနဲ့ မြောက်ပိုင်းဒေသဆိုင်ရာ ဝန်ကြီး” အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ‘တကာအီချီ’ဟာ LDP ပါတီရဲ့ “နိုင်ငံရေး သုတေသန ကောင်စီ”မှာ ပထမဆုံးအမျိုးသမီး ဥက္ကဋ္ဌဖြစ်လာခဲ့တယ်။

၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ ‘တကာအီချီ ဆနာအဲ’ ဟာ “သိပ္ပံ နှင့် နည်းပညာ မူဝါဒရေးရာ ဝန်ကြီးဌာန” ဝန်ကြီး ဖြစ်လာခဲ့တယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ ‘တကာအီချီ’ ဟာ “စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန” ဝန်ကြီးတာဝန်ယူခဲ့တယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ LDP ပါတီရဲ့ “လူထုဆက်ဆံရေးဌာနချုပ်” ရဲ့  ဥက္ကဋ္ဌ ဖြစ်လာ ခဲ့တယ်။ ဝန်ကြီးချုပ် ‘ရှင်ဇိုအာဘေး’ ရဲ့ ဒုတိယ သက်တမ်းကာလ ၂၀၁၄ စက်တင်ဘာမှာ ကက်ဘိနက်အဖွဲ့ဝင် အပြောင်း အလဲ လုပ်ချိန်မှာ ‘တကာအီချီ’ ဟာ “ပြည်ထဲရေးရာနှင့် ဆက်သွယ်ရေးဌာန” ဝန်ကြီးအဖြစ် တာဝန် ပေးခြင်း ခံရတယ်။

ဂျပန် ဝန်ကြီးချုပ်ဟောင်း ‘ရှင်ဇိုအာဘေး’ ရဲ့ တတိယသက်တမ်းကာလ ၂၀၁၄/ ၂၀၁၅/၂၀၁၆ မှာ “ပြည်ထဲရေးရာနှင့် ဆက်သွယ် ရေးဌာန” ဝန်ကြီးအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ရကြောင်း သိရတယ်။  ၂၀၁၇ နိုဝင်ဘာလမှာ LDP ပါတီရဲ့ “ဆိုင်ဘာ အင်တာ နက်လုံခြုံရေးကိစ္စရပ်များအရေးယူဖြေရှင်းရေးဌာနချုပ်”ရဲ့  ဥက္ကဋ္ဌအဖြစ် ‘တကာအီချီ ဆနာအဲ’ တာဝန်ယူခဲ့ရတယ်။

ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနှင့်အတူ တွေ့ရသည့်တကာအီချီ ဆနာအဲ (Photo: The Guardian)

၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ‘တကာအီချီ ဆနာအဲ’ ဟာ “အောက်လွှတ်တော် စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ် ကွပ်ကဲရေး ကော်မတီ” ရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခြင်း ခံရတယ်။ ၂၀၁၉ စက်တင်ဘာမှာ  “ပြည်ထဲရေးရာ နှင့် ဆက်သွယ်ရေးဌာန” ဝန်ကြီးအဖြစ်လည်းကောင်း၊ လူမှုလုံခြုံရေးနှင့် အခွန်စည်းကြပ်ရေး ကိန်းဂဏန်း စနစ်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့ရကြောင်း သိရတယ်။

၂၀၂၁ အောက်တိုဘာမှာ LDP ပါတီရဲ့ “မူဝါဒရေးရာ သုတေသနဌာန” ရဲ့ ဥက္ကဋ္ဌ အဖြစ် ‘တကာအီချီ ဆနာအဲ’ တာဝန်ယူ ခဲ့ရတယ်။ ၂၀၂၂ သြဂုတ်လမှာ ဝန်ကြီးချုပ် ကီရှီဒါအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနများ ပြုပြင်ပြောင်းလဲဖွဲ့စည်းရာမှာ “စီးပွားရေး လုံခြုံမှုဆိုင်ရာဝန်ကြီး”အဖြစ်လည်းကောင်း၊ “နိုင်ငံတော် အသိပညာဆိုင်ရာ မဟာဗျူဟာဌာန” ဝန်ကြီးအဖြစ်လည်းကောင်း၊  “သိပ္ပံ နှင့် နည်းပညာ မူဝါဒရေးရာ ဝန်ကြီးဌာန” ဝန်ကြီးအဖြစ်လည်းကောင်း၊ “နိုင်ငံတော်အာကာသရေးရာ မူဝါဒချမှတ်ရေးဌာန” ဝန်ကြီးအဖြစ် လည်းကောင်း “ ‘တကာအီချီ ဆနာအဲ’ တာဝန်ယူခဲ့ရကြောင်း သိရတယ်။

 ‘တကာအီချီ ဆနာအဲ’ အနေနဲ့ “ပြည်ထဲရေးရာနှင့် ဆက်သွယ် ရေးဌာန” ဝန်ကြီးအဖြစ် (၁၄၃၈) ရက် ဆက်တိုက် တာဝန်ယူခဲ့ရကြောင်း မှတ်တမ်းတင်ခံခဲ့ရတယ်။ အဲဒီနောက်မှာ “စီးပွားရေး လုံခြုံမှုဆိုင်ရာ ဝန်ကြီး”အဖြစ်တာဝန်ယူစဉ် “လုံခြုံရေးအတည်ပြု ခွင့်ပြုမှုစနစ်” ကို တီထွင်နိုင်ခဲ့တဲ့အတွက် ထိလွယ်ရှလွယ်တဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ရာမှာ ထိရောက်အောင်မြင်ခဲ့တယ်လို့ မှတ်တမ်းတင်ခံရတယ်။ 

၂၀၂၅ အောက်တိုဘာလမှာ အရင် ဝန်ကြီးချုပ်နဲ့ ပါတီခေါင်းဆောင် ‘အီရှီဘာ ရှီဂဲရု’ LDP ဥက္ကဋ္ဌတာဝန်က နှုတ်ထွက် သွားတဲ့အချိန်မှာ ‘တကာအီချီ ဆနာအဲ’ LDP ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ‘တကာအီချီ ဆနာအဲ’ ဟာ သူ့ရဲ့ အစိုးရအဖွဲ့ အတွက် ဝန်ကြီးနေရာတွေ စီစဉ်ရွေးချယ်ရာမှာ ‘ကီဟာရာ မီနိုရူ’ (Kihara Minoru) ကို အစိုးရအဖွဲ့ “အတွင်းရေးမှူးချုပ်” အဖြစ်ခန့်အပ်ခဲ့ပြီး သူ့ကို LDP ဥက္ကဋ္ဌ အဖြစ် မသင့်တော်ကြောင်း အတိုက်အခံပြု ကန့်ကွက်ခဲ့ကြတဲ့ လွှတ်တော်အမတ်တချို့ကိုလည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေမှာ ခန့်အပ် ခဲ့တာတွေ့ရတယ်။

ဝန်ကြီးချုပ် ‘တကာအီချီ ဆနာအဲ’ က သူ့ကို ဆန့်ကျင်အတိုက်အခံလုပ်ခဲ့တဲ့ ‘ဟာယာရှီ ယိုရှီမာဆာ’ (Hayashi Yoshimasa) ကို ‘ပြည်ထဲရေးနဲ့ ဆက်သွယ်ရေး’ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်။ ဝန်ကြီးချုပ် ‘တကာအီချီ’ ဟာ သူ့ရဲ့ ယှဉ် ပြိုင်ဘက် LDP အထွေထွေအတွင်းရေးမှူးဟောင်း ‘မိုတေဂီ တိုရှီမစ်ဆူ’ (Motegi Toshimitsu) ကိုလည်း  နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာ တွေ့ရတယ်။

 ‘တကာအီချီ ဆနာအဲ’ ကို ‘နာရာပြည်နယ်’၊ ‘ယာမာတိုကော်ရီယာမာ’ မြို့မှာ ၁၉၆၁ ခုနှစ် မတ်လ (၇)ရက်နေ့က မွေးဖွားခဲ့တယ်။ ‘တကာအီချီ’ ဟာ လူလတ်တန်းစား မိသားစုကနေ လူလားမြောက်လာခဲ့သူဖြစ်တယ်။ ဖခင်ဖြစ်သူ ဒိုင်ကျူ တကာအီချီ (၁၉၃၄-၂၀၁၃)ဟာ တိုယိုတာ မော်တော်ကား စက်ရုံနဲ့ တွဲဖက်အလုပ်လုပ်တဲ့ မော်တော်ယာဉ် အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ မိခင်ဖြစ်သူ ‘ကာဇူကို တကာအီချီ’ (၁၉၃၂-၂၀၁၈) ကတော့ ‘နာရာ’ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှာ အမှုထမ်းခဲ့တယ် လို့ ဆိုတယ်။

 ‘တကာအီချီ ဆနာအဲ’ နာရာဒေသ အူနဲဘီအထက်တန်းကျောင်းကနေ အထက်တန်းပညာဘွဲ့ရရှိခဲ့တယ်။ တက္ကသိုလ် ဆက်တက်ဖို့ အရည်အချင်းပြည့်မီ ခဲ့ပေမယ့် မိဘတွေက ပညာသင်စရိတ် ထောက်ပံ့ဖို့ ငြင်းပယ်ခဲ့တာကြောင့် နာမည်ကြီး တက္ကသိုလ် တွေမှာ ပညာဆက် သင်ယူခွင့်မရခဲ့ဘူး။ အကြောင်းရင်းကတော့ မိန်းကလေး ဖြစ်နေတာ ကြောင့် အိမ်ကို စွန့်ခွာသွားလိုကသွားနိုင်တယ်၊ ဒါမှမဟုတ် အလွတ်သင် တက္ကသိုလ် တခုခုမှာ ကိုယ့်ဘာသာ စရိတ်ရှာ ပညာဆက် သင်ချင်ရင်လည်း သင်ယူနိုင်တယ်။

ဒါပေမဲ့  ‘တကာအီချီ ဆနာအဲ’  က  သူ့အိမ်ကနေ ခြောက်နာရီကြာ ဘတ်စ်ကားစီးရတဲ့ “ကိုဘေးတက္ကသိုလ်” (Kobe University) ကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တယ်။ ကျောင်းစရိတ်အတွက် အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရတယ်။ ‘တကာအီချီ ဆနာအဲ’ ဟာ ၁၉၈၄ ခုနှစ်မှာ “ကိုဘေးတက္ကသိုလ်”ကနေ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုက “မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးပညာတက္ကသိုလ်”မှာ ကျောင်းဝင်ခွင့်ရ ရှိခဲ့တယ်။ ‘တကာအီချီ’ ကို ‘မတ်ဆုရှီတာ ပညာရေးအဖွဲ့’ (Matsushita Institute)က ပညာသင် စရိတ် ထောက်ပံ့ခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ ‘တကာအီချီ’ အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့တယ်။ ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် ‘ပက် ရှရိုဒါ’ (Pat Schroeder) ထံမှာ အမေရိကန်လွှတ်တော်ရဲ့ နိုင်ငံရေးရာ လုပ်ဆောင်မှု တွေ လေ့လာခွင့်ရရှိခဲ့တယ်။

 ‘တကာအီချီ’ ဟာ ၁၉၈၉ မှာ ဂျပန်ကို ပြန်ရောက်တယ်။ အမေရိကန် နိုင်ငံရေးအတွေ့အကြုံတွေကို အခြေခံပြီး ဥပဒေပြုမှုဆိုင်ရာ လေ့လာသုံးသပ်သူအနေနဲ့ စတင်အလုပ်လုပ်ခဲ့တယ်။ ‘တကာ အီချီ’ ဟာ အမေရိကန်နိုင်ငံရေး အတွေ့ အကြုံ တွေကို စာအုပ်တွေရေးသားခဲ့တယ်။  ၁၉၈၉ ခုနှစ် မတ်လမှာ တီဗီ အဆာဟီ (TV Asahi) သတင်းကြေညာသူအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၉၀ နိုဝင်ဘာလမှာ ‘တကာအီချီ’ ဟာ ‘ဖူဂျီရုပ်သံသတင်းဌာန’ (Fuji Television)မှာ သတင်းကြေညာ သူအဖြစ်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းမှာ မနက်ခင်းသတင်း အစီအစဉ်မှူး ဖြစ်လာ ခဲ့တယ်။ 

၁၉၉၂ ခုနှစ်မှာ “နာရာပြည်နယ် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ အောက်လွှတ်တော် ကောင်စီဝင် ကိုယ်စားလှယ် ရွေးကောက်ပွဲမှာ ပါတီနောက်ခံမရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ ‘တကာအီချီ’ ယှဉ်ပြိုင် ခဲ့တယ်။  မဲပေးနိုင်သူ ၃၁၃ ဦးရှိတဲ့အနက် ပြိုင်ဘက် ‘မစ်ဆူအို ဟတ်တိုရီ’ က ၁၆၂ မဲရရှိပြီး၊ ‘တကာအီချီ’က ၁၃၇ မဲသာရရှိခဲ့တဲ့ အတွက် ရှုံးနိမ့်ခဲ့ရတယ်။

၁၉၉၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ‘တကာအီချီ’ ဟာ အောက်လွှတ်တော်အမတ်နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ‘တကာအီချီ ဆနာအဲ’ ဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ LDP ပါတီဝင်ဖြစ်လာခဲ့တယ်။ ဝန်ကြီးချုပ် ‘ရှင်ဇိုအာဘေး’ လက်ထက် ၂၀၀၆ ခုနှစ်မှာ ‘တကာအီချီ’ ဟာ “အိုကီနာဝါနဲ့ မြောက်ပိုင်းဒေသဆိုင်ရာ ဝန်ကြီး” အဖြစ် တာဝန် ထမ်းဆောင် ခဲ့တယ်။ နောက်ပိုင်းမှာ ‘တကာအီချီ’ဟာ LDP ပါတီရဲ့ “နိုင်ငံရေး သုတေသန ကောင်စီ”မှာ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်လာခဲ့တယ်။

ယခုအခါ အသက် ၆၄-နှစ်ရှိပြီဖြစ်တဲ့ ‘တကာအီချီ’ ဟာ  ဝန်ကြီးချုပ်မဖြစ်မီက သူဝန်ကြီးချုပ်ဖြစ်ခဲ့ရင် စကန်ဒီ နေးဗီးယားဒေသက နောဒစ်နိုင်ငံတွေလို ကက်ဘိနက်အဖွဲ့ မှာ အမျိုးသမီးဝန်ကြီးတွေ ပိုမို ထည့်သွင်းပြီး ဖွဲ့စည်းမယ်လို့ ပြောခဲ့ဖူးတယ်။ အခု  ဝန်ကြီးချုပ် ‘တကာအီချီ ဆနာအဲ’ရဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီးဝန်ကြီး နှစ်ဦးသာ ပါဝင်တာ တွေ့ရ တယ်။ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ‘ဆတ်ဆုကီ ကတ်တာယာမာ’’(Satsuki Katayama) နဲ့ စီးပွားရေးလုံခြုံမှုဆိုင်ရာဝန်ကြီး ‘ကီမီ အိုနိုဒါ”( Kimi Onoda) တို့ နှစ်ဦးသာ ကက်ဘိနက်မှာ ပါဝင်တာ တွေ့ရတယ်။

ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်တဲ့ သတင်းစာရှင်းလင်းပွဲ အဖွင့်မိန့်ခွန်းမှာ-“နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှခွင့် နဲ့ ပတ်သက်လို့ ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီးတွေ ရွေးချယ်ရာမှာ လိင်ကွဲပြားမှုကို အခြေမခံဘဲ အရည်အချင်း ပြည့်မီမှု အပေါ် သာ အခြေခံပြီး ရွေးချယ်မှာ ဖြစ်တယ်” လို့ ဝန်ကြီးချုပ် ‘တကာအီချီ’ က ပြောကြားသွားခဲ့တာတွေ့ရတယ်။

Ref:

– Takaichi Sanae elected Japan’s first female prime minister, Tuesday Oct. 21, 2025, NHK

– Sanae Takaichi, From Wikipedia, the free encyclopedia

Click to rate this post!
[Total: 1 Average: 5]