The Corner

The Corner

cropped-Logo_round_grey-background.png

အာဏာရှင် မိသားစုနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ

Share မယ်

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ကြပြန်ပါပြီ။ ဒီဇင်ဘာ (၂၇) ရက်၊ နှစ်နိုင်ငံ နယ်ခြားကော်မတီ (GBC) တို့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ယာယီ အပစ်အခတ် ရပ်စဲလိုက်ကြတာပါ။  (၇၂) နာရီ အတွင်း နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်ခြင်းမပြုကြတော့ဘဲ တပ်တွေက ရောက်ရှိနေရာမှာပဲ ဆက်နေဖို့ သဘောတူခဲ့ကြတာပါ။ ဒီအပစ်အခတ်ရပ်စဲရေးက ဘယ်လောက်တာရှည်မယ် မသိနိုင်သေးပေမယ့် ဒီဇင်ဘာ (၇) ရက်နေ့က စတင်လိုက်တဲ့ စစ်ပွဲဟာ ဒီဇင်ဘာ (၂၇) မှာ ရပ်စဲသွားတော့ ရက်ပေါင်း (၂၀) ကြာခဲ့တယ်လို့ ဆိုရမယ်။ ရက် (၂၀) ကြာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ တစ်ကျော့ပြန် ပြီးဆုံးခဲ့ပြီဆိုပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး နှစ်ဖက် ပြန်လည်ပစ်ခတ်ကြဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ဒီတစ်ခေါက် စစ်ပွဲကတော့ နှစ်ဖက်ထိခိုက် သေကျေ ပျက်စီးဆုံးရှုံးမှု အတော့်ကို များခဲ့ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုတင် (ညာ ငါးယောက်မြောက်) အား ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲ ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသော ထိုင်း စစ်သားများနှင့် အတူ (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)

နှစ်နိုင်ငံ နယ်ခြားကော်မတီ (GBC) ဟာ မလေးရှားနိုင်ငံမှာ သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်ပြီး အောက်တိုဘာ (၂၆) ရက်က ရေးထိုးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အခြေခံပြီး အခု သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြတာလို့ ဆိုတယ်။ သဘောတူညီချက်အရ ထိုင်းဘက်က ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သုံ့ပန်း (၁၈)ဦးကို ပြန်လွှတ်ပေးရမယ်လို့ သိရတယ်။

ဒါက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲနဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိတဲ့ သတင်းပါ။ (၂၀၂၅ ဒီဇင်ဘာလ နှောင်းပိုင်းအထိ)

စစ်ပွဲတို့ရဲ့ သဘာဝ နောက်ဆက်တွဲ ဘာတွေထပ်ဖြစ်လာမယ်တော့ မသိနိုင်သေးဘူး။ လွန်ခဲ့တဲ့ ရက်တွေတုန်းက အထိတော့ နယ်စပ်စစ်ပွဲဟာ အရှိန်အဟုန် တော်တော်လေး ပြင်းထန်သလို နှစ်ဖက် ထိခိုက် ပျက်စီး သေဆုံးမှု တွေလည်း ကြီးမားခဲ့တယ်။ စစ်ပွဲ အရှိန်ရလာတာနဲ့အမျှ နှစ်နိုင်ငံပြည်သူတွေကြား ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုတွေလည်း အရှိန်မြင့်တက်ခဲ့တယ်။

ဒီဇင်ဘာလ (၂၂) ရက်က ထိုင်းစစ်တပ်ဟာ က အူဘွန်ဌာနီပြည်နယ်မှာ  ကမ္ဘောဒီးယားဘက်က လာတည်ထားတဲ့ ဟိန္ဒူဘာသာဝင် တို့ရဲ့ အထွတ်အမြတ်ကိုးကွယ်ရာ ဗိဿနိုး ရုပ်တုကြီး တစ်ခုကို မြေတူးစက်နဲ့ ဖြိုချပစ်ခဲ့တယ်။

ထိုင်းစစ်တပ်က ဗိဿနိုး ရုပ်တုကို မြေတူးစက်နဲ့ ဖြိုချဖျက်ဆီးနေတဲ့ ဗီဒီယိုသတင်းဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီး အိန္ဒိယအစိုးရ ပြည်ပရေးရာ ဝန်ကြီးကိုယ်တိုင် ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ဘာသာရေးအပေါ် မလေးစားတဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ဝေဖန်ခဲ့တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ် စော်ကားတဲ့လုပ်ရပ်အဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရကို ဝေဖန်မှုတွေ လွှမ်းမိုး သွားခဲ့တယ်။

ထိုင်းအစိုးရကတော့ ဒါဟာ ဘာသာရေးအပေါ် မလေးမစားပြုမူတာမဟုတ်ဘဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်မြေမှာ စစ်ရေးအရ လုပ်ဆောင်တာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့တယ်။ ထိုင်းဘက်က အဆိုအရ ဒီရုပ်တု တည်ရှိရာ နယ်မြေဟာ ကမ္ဘောဒီးယားနယ်မြေမဟုတ်ဘဲ ထိုင်းပိုင်နက်ထဲမှာ ကမ္ဘောဒီးယားက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရုပ်တုကို လာတည်ထားတာဖြစ်တယ်လို့ ဆိုတယ်။

နှစ်ဖက်အငြင်းပွားနေတဲ့ ဒီနေရာမှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကဒီ ဗိဿနိုးရုပ်တုကို ကမ္ဘောဒီးယားတွေက လာတည်ထားခဲ့တာပါ။ ထိုင်းစစ်တပ်ကတော့ ကိုယ့်နိုင်ငံ နယ်နိမိတ်ထဲ လာတည်ထားတဲ့ ရုပ်တုကို တရားမဝင်လို့ ဖြိုဖျက်တာဖြစ်ပေမယ့် ကမ္ဘောဒီးယားအတွက်တော့ ခုလို ဘာသာရေးအရ အထွတ်အမြတ်ပြုရာ ရုပ်တု တစ်ခုကို ထိုင်းဘက်က ဖျက်ဆီးပစ်လိုက်တဲ့အတွက် ကမ္ဘာကြီးရဲ့ ကရုဏာကို ရရှိသွားတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဘာသာရေး ရုပ်တုတစ်ခုကို ဖြိုချတဲ့ ထိုင်းစစ်တပ်နဲ့ ထိုင်းအစိုးရကို ဟိန္ဒူဘာသာဝင်တွေနဲ့ ကမ္ဘောဒီးယားပြည်သူတွေက ဝေဖန်ပြစ်တင် ရှုတ်ချကြခဲ့ကြပြီး နှစ်ဖက် တိုက်ခိုက်မှု တွေလည်း အရှိန်မြင့်ခဲ့တယ်။ သတင်းမီဒီယာ အချို့ကလည်း ထိုင်းစစ်တပ်ဖြိုချခဲ့တဲ့ ဗိဿနိုး ရုပ်တုဟာ ဂူဂယ် မြေပုံအရ ကမ္ဘောဒီးယားနိုင်ငံ နယ်နိမိတ်ထဲ မီတာ ၄၀၀ အတွင်းမှာ ရှိတယ်လို့ ဆိုတယ်။

ဒီတစ်ခေါက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲက အရင်တစ်ခေါက်ကထက် ပိုပြီး ပြင်းထန်တယ်။ အရင် တစ်ခေါက် (ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်)က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲက ငါးရက်ပဲ ကြာပြီး ဇူလိုင် (၂၉)ရက်မှာ အပစ်အခတ် ရပ်စဲသွားပေမယ့် ဒီတစ်ခါမှာတော့ လျော့မကျတဲ့အပြင် ပိုပြီး ဆိုးရွားခဲ့တာကို တွေ့ရတယ်။

ဒီဇင်ဘာ(၇)ရက်ကစတင်တဲ့ တစ်ကျော့ပြန် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ပွဲမှာ ထိုင်းတော်ဝင် လေတပ်က အက်ဖ်-၁၆ တိုက်လေယာဉ် တွေဟာ ကမ္ဘောဒီးယားနယ်မြေအတွင်းပိုင်းထိ ဝင်ရောက်ပြီး စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ ကမ္ဘောဒီးယားက စစ်စခန်းအဖြစ် အသုံးပြုနေတဲ့ ကာစီနိုရုံတွေကို ဗုံးကြဲ တိုက်ခိုက်သလို လောင်ချာစခန်းတွေ၊ စစ်ရေး အထောက်အပံ့ လမ်းကြောင်းပေါ်က တံတားတွေကို ဗုံးကြဲ ဖျက်ဆီးခဲ့တယ်။ နယ်စပ်တစ်လျှောက် အငြင်းပွားနေတဲ့ နယ်မြေအများအပြားကိုလည်း ထိုင်းဘက်က ပြန်လည် သိမ်းပိုက်ခဲ့တယ်။

ဒီတစ်ခေါက်စစ်ပွဲမှာ ထိုင်းတွေဘက်က သည်းခံစိတ်ကုန်သွားပြီလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ဆိုသလို ဒီစစ်ပွဲဟာ ထိုင်းတွေက မိမိကိုယ် မိမိ ကာကွယ်တဲ့ စစ်ပွဲလို့ ဆိုတယ်။ ကမ္ဘောဒီးယားစစ်အင်အားကို ရိုက်ချိုးနိုင်တဲ့အထိ စစ်ဆင်ရေးလုပ်သွားမယ်လို့လည်း ဆိုတယ်။

ကမ္ဘောဒီးယားကတော့ ထိုင်းကို ယှဉ်နိုင်တဲ့ လေတပ်အင်အား မရှိတော့ မြေပြင်ကနေ ရုရှားလုပ် BM21 ဒုံးပစ်လောင်ချာတွေနဲ့ ထိုင်းနယ်ထဲကို အဆက်မပြတ် ပစ်ခတ်ပြီး တုံ့ပြန်ခဲ့တယ်။ ထိုင်းဘက်မှာလည်း ကမ္ဘောဒီးယားက ပစ်ခတ်လို့ ရွာအချို့ ပျက်စီးသလို အရပ်သားသေဆုံးမှုတွေ ရှိတယ်။ ဒုတိယအကြိမ် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲမှာ နှစ်ဖက်သတင်းထုတ်ပြန်ချက်တွေအရ ဒီဇင်ဘာ(၂၄)ရက်နေ့အထိ လူပေါင်း (၈၀၀၀၀၀)ကျော် နယ်စပ်ဒေသက စွန့်ခွာထွက်ပြေးခဲ့ရပြီး ကမ္ဘောဒီးယားစစ်သား (၁၃) ဦး သေဆုံးကာ (၂၄၂) ဦး ဒဏ်ရာရရခဲ့တယ်။ ထိုင်းဘက်က စစ်သား (၂၁) ဦး သေဆုံးခဲ့ရပြီး လူပေါင်း တစ်သိန်းခွဲလောက် နယ်စပ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။

တကယ်တမ်း ထိုင်း နဲ့ ကမ္ဘောဒီးယား စစ်ပွဲဖြစ်လာတဲ့အခါ ထိခိုက်ဆုံးရှုံးမှုက နှစ်ဖက်စလုံးမှာ ကြီးမားပါတယ်။ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းသွားရသလို နယ်စပ်တစ်လျှောက် ပြည်သူတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတာ၊ မြောက်မြားစွာသော ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားတွေ နေရပ်ပြန်ကြရတာ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်ရတာ စတဲ့ ဆုံးရှုံးနစ်နာမှုတွေ အကြီးအကျယ်ရှိခဲ့တယ်။

နယ်မြေပိုင်ဆိုင်မှုကို အကြောင်းပြုလို့ ငြင်းခုံကြရင်းက စတင်တဲ့ ပဋိပက္ခမှာ ဘယ်သူမှားတယ်။ ဘယ်သူ မှန်တယ် ပြောဖို့ ခက်တယ်။ တကယ်တော့ ပဋိပက္ခရဲ့အစဟာ လွန်ခဲ့တဲ့ရာစုနှစ်ကတည်းကပါ။ တစ်ချိန်က ပြင်သစ် ကိုလိုနီဖြစ်ခဲ့ပြီး ပြင်သစ် အင်ဒိုချိုင်းနားမှာ ပါဝင်တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား နယ်မြေ သတ်မှတ်ချက် သဘောတူစာချုပ်ကို ၁၉၀၄ခုနှစ် နဲ့ ၁၉၀၇ခုနှစ်က ချုပ်ဆိုခဲ့တယ်။ ကမ္ဘောဒီးယားက ၁၉၅၃ ခုနှစ်မှာ ပြင်သစ်လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေး ရလာချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်သစ်ကိုလိုနီဘဝက သဘောတူခဲ့တဲ့ နယ်မြေတချို့ဟာ အငြင်းပွားစရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ပရီယာ ဝိဟီရာ (Preah Vihear) ဘုရားကျောင်းအနီး တစ်ဝိုက်မှာပါ။ ဒီအငြင်းပွားမှုက နိုင်ငံတကာတရားရုံး (ICJ) အထိ ရောက်ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ အိုင်စီဂျေက ဘုရားကျောင်းဟာ သမိုင်းမှတ်တမ်းနဲ့ အထောက်အထားအရ ကမ္ဘောဒီးယားက ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပေးခဲ့တယ်။ ဒါပေမဲ့ အိုင်စီဂျေရဲ့ အဆုံးအဖြတ်မှာ ဘုရားကျောင်း ဝန်းကျင်နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ဒီနယ်မြေတစ်ဝိုက် ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့တာ ကြာပြီဖြစ်တယ်။

၂၀၂၅ ခုနှစ် ကုန်ဆုံးခါနီးအချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲဟာ တကယ် အရင်းစစ် လိုက်တော့ ဩဇာကြီးမားတဲ့ အာဏာရှင်မိသားစုနှစ်ခုကြား ပြိုင်ဆိုင်မှုက စတင်ခဲ့တယ်လို့ ဆိုရမယ်။

နယ်စပ်အငြင်းပွားမှုဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဆိုပေမယ့် ခုလို အကြီးအကျယ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြတဲ့အထိ မဖြစ်ခဲ့ကြဘူး။ ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်နဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ မိသားစု နှစ်ခုကြားက မကျေလည်မှုတွေက တစ်ဆင့် ခုလောက်အထိ နယ်စပ်စစ်ပွဲကြီး ဖြစ်ခဲ့ရတာပါ။

ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန် နဲ့ သက်ဆင် တို့ဟာ တစ်ခုသောကာလမှာ အလွန်အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး ထိုင်းနိုင်ငံက ထွက်ပြေးတိမ်းရှောင်နေတဲ့ သက်ဆင်ကို ဟွန်ဆန်က နေရာထိုင်ခင်းပေး ကြည့်ရှုစောင်မ ထားခဲ့တယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲနဲ့အတူ သက်ဆင်ဟာ ပြည်ပြေးဘဝက ပြန်ရောက်လာသလို သမီးဖြစ်သူ ပေတုန်တန်ကလည်း အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက် ပထမအကြိမ် နယ်စပ်စစ်ပွဲဖြစ်ပွားစဉ်မှာ ထိုင်းဝန်ကြီးချုပ်က သက်ဆင်ရဲ့ သမီးငယ် ပေတုန်တန်ပါ။

ပြီးခဲ့တဲ့ ဇွန်လ(၁၇)ရက်မှာ ကမ္ဘောဒီးယား မီဒီယာတွေက ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ အထက် လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ နှစ်ဦးကြား (၁၇) မိနစ်ကြာ ဖုန်းဆက် ပြောဆိုမှုကို ဖွင့်ချလိုက်တယ်။ ဒီဖုန်းဆက်သွယ်ပြောဆိုမှုမှာ ပေတုန်တန်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ထိုင်းအမှတ်(၂)စစ်ဒေသက ဗိုလ်ချုပ် ဘွန်ဆင်း ကို အပြစ်ပုံချထားပြီး ဟွန်ဆန်ကို ” အန်ကယ်” လို့ ခေါ်ကာ အကူအညီလိုရင် ပြောပါဆိုပြီး ပြောဆိုထားတဲ့ အသံတွေ ပါဝင်နေတယ်။

ဒီအသံဖိုင်ဟာ ပုဂ္ဂိုလ်ရေးအသံဖိုင်ဖြစ်ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ရည်ရွယ်ချက်ရှိရှိ နဲ့ မီဒီယာမှာ ဖွင့်ချလိုက်တယ်။ ဒီပုဂ္ဂိုလ်ရေးအသံဖိုင်ကြောင့် ထိုင်းအစိုးရအဖွဲ့အတွင်း မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပေတုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကနေ နုတ်ထွက်မှုတွေ ဖြစ်ခဲ့တယ်။ လက်ရှိဝန်ကြီးချုပ် အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ ပေတုန်တန် အစိုးရကနေ နုတ်ထွက်ခဲ့သလို ပေတုန်တန်ရဲ့ “ကျင့်ဝတ်မညီတဲ့ ဖုန်းဆက်ပြောဆိုမှု” နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြတိုင်ကြားခဲ့တယ်။ ဇွန်လ (၁၉) ရက်မှာ ပေတုန်တန်က ဖုန်းဆက်ပြောဆိုမှုကို ဝန်ခံခဲ့ပြီး အောက်တိုဘာ (၂၂) ရက်မှာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက် သွားခဲ့တယ်။

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ်စစ်ပွဲ အရှိန်အဟုန်မြင့်နေချိန်မှာပဲ ထိုင်းနိုင်ငံရေးကလည်း ရှုပ်ထွေးနေတယ်။ ဇူလိုင် (၂၄-၂၉) ပထမအကြိမ် နယ်စပ်စစ်ပွဲဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ် ရပ်စဲသွားခဲ့ပေမယ့် ဒီဇင်ဘာ (၇) ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆက်ဆာကော မှာ ကမ္ဘောဒီးယားစစ်သားတွေက ပစ်ခတ်လို့ ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာရခဲ့ရာကစပြီး တစ်ကျော့ပြန် စစ်ပွဲကြီး ပြန်ဖြစ်လာခဲ့တယ်။

ခုတော့ (ဒီဇင်ဘာ-၂၇) ရက်နေ့က ပြုလုပ်တဲ့ နှစ်နိုင်ငံနယ်ခြားကော်မတီ (General Border Committee) အစည်းအဝေး သဘောတူညီချက်နဲ့ ပစ်ခတ်မှုတွေ ပြန်လည်ရပ်ဆိုင်းသွားခဲ့ပါပြီ။

၂၀၂၅ ခုနှစ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ သက်ဆင် နဲ့ ဟွန်ဆန်မိသားစုကြီးနှစ်စု အားပြိုင်ရာက စတင်ခဲ့တာဖြစ်သလို အာဏာရှင် ဟွန်ဆန်ရဲ့ အမျိုးသားရေး လှုံ့ဆော်မှု တစ်ခုလည်းဖြစ်တယ်။

ref: Leaked recording reshapes politics, border tensions. Bangkok Post

Click to rate this post!
[Total: 0 Average: 0]