ဘယ်သူမဆို ကိုယ့်အိပ်နေကျ အိပ်ရာလေးကို မက်မောတွယ်တာနေကြသူချည်းပါပဲ။ အကြောင်း အမျိုးမျိုးကြောင့် ခေတ္တခဏ ခွဲခွာခဲ့ရလို့ တခြားနေရာမှာ အိပ်နေရပေမယ့် ကိုယ့်အိပ်ရာလေးဆီပြန် ရောက်ခဲ့မယ်ဆိုခဲ့လျင် စိတ်ကျေနပ်မှုအပြည့်အဝရကြသူချည်းပါ။ ဒီလို အိပ်ရာလေးနဲ့ပတ်သက်တဲ့ ခံစားချက်လေးက ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဖြစ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲမှာ နှစ်ဖက် အကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုမြင်လိုက်ရတဲ့အခါမှာ ဪ သူတို့ အိပ်ရာလေးဆီပြန်အိပ်ခွင့် ရသွားခဲ့ကြတာကို အင်တာနက်ပေါ်က ကြည့်နေရင်း အဝေးကလှမ်းပြီး ကြည်နူးမိသည်။ ညအိပ်ချိန် ရောက်ပြီဆိုလျှင် ထိုသူများက သူတို့အိပ်ရာလေးကို ပွတ်သပ်ကြည့်နေမလား။ ဒါမှမဟုတ် ခပ်ဖွဖွ လေးများ နမ်းရှိုက်နေလေမလားလို့လည်းတွေးလိုက်မိသည်။ ကျွန်တော့်အတွေးက မှန်ချင်လည်း မှန်နိုင်သည်။ မမှန်ချင်လည်း မမှန်နိုင်ပါ။ နှစ်နှစ်ကျော်ခွဲခွာခဲ့ကြရသည့် ဇနီး သားသမီးများနှင့် အပြုံးများ စိုစွတ် နေရင်း အိပ်ရာလေးကိုလည်း မေ့ကောင်းမေ့နေနိုင်ပါသည်။ အတွေ့အကြုံ အဖြစ်အပျက်များကို အလုအယက် စကားခင်းနေရင်း အိပ်ရာလေးကိုလည်း မေ့နေနိုင်ပါသည်။ သေချာသည်က ထိုထိုကိစ္စများ ပြီးသည်နှင့် အိပ်ရာကလေး အလှည့်ကျလာနိုင်သည်ကဖြင့် ရာနှုန်းပြည့်နီးဟု ဆိုနိုင်ပါသည်။
အိမ်တစ်အိမ်အတွက် အိပ်ရာတစ်ခုလိုအပ်သလို ရပ်ကွက်တစ်ခုဖြစ်လာဖို့လည်း အိမ်တစ်အိမ် လိုအပ်သည်။ မြို့တစ်မြို့ဖြစ်ဖို့ရန်လည်း ရပ်ကွက်တစ်ခု လိုအပ်သည်။ တိုင်းတစ်တိုင်း ဖြစ်ဖို့လည်း မြို့နယ်တစ်ခု လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန်လည်း တိုင်းတစ်တိုင်းက လိုအပ်သည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ နိုင်ငံများအတွက် ငြင်းဆန်၍ မရသော အချက်ပင်ဖြစ်သည်။ ဤသို့ဤနှယ် ဆိုသော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် အဘယ်ကြောင့်လိုအပ်မှုများကို အသိအမှတ်မပြုဘဲ စစ်ပွဲများဖြစ်နေ ကြသနည်းဆိုသည်ကိုလည်း စိတ်ဝင်စားမိသည်။ ကျွန်တော် စာပေများကို ဖတ်ရှုသည့်အခါတိုင်း နှစ်တိုင်းနီးပါး သတင်းများတွင် သူတို့နှစ်နိုင်ငံ၏ ပြဿနာများကို အဆက်မပြတ်သလိုဖတ်ရှုနေရသည်။ တစ်ဖက်နှင့်တစ်ဖက် သံတမန် အရေးအခင်းများ ၊ အလစ်အငိုက် ဗုံးခွဲတိုက်ခိုက်မှုများ စသည်ဖြင့်။ သို့သော်လည်း ယခုစစ်ပွဲလောက် ပြင်းထန်ရက်စက်ခြင်းမရှိ။ ယခုတွင် ပါလက်စတိုင်းရှိ ဟားမာ့စ်များက အစ္စရေးကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ပြီး အစ္စရေး နိုင်ငံသား တစ်ထောင့်နှစ်ရာကျော်သေဆုံးခြင်းမှ အစပြု ခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်း လက်တွေ့တွင်မူ အစ္စရေးပါလက်စတိုင်းတို့နှင့်ပက်သက်ပြီး နှစ်နိုင်ငံအရေးကို ဥရောပနိုင်ငံများ၊ အာရှ အလယ်ပိုင်းနိုင်ငံများ အပါအဝင် UN လိုကမ္ဘာ့ အဖွဲ့အစည်းပေါင်းများစွာမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ထိုကြိုးစားမှုများသည်က ယနေ့ထိ အရာထင်ခြင်းမရှိသေးသည်ကို လက်တွေ့ သတင်းများတွင်တွေ့မြင်နေကြပြီးဖြစ်သည်။ အစ္စရေးဘက်မှလည်း ဂျူးလူမျိုး အမျိုး သားရေးအတွက်ဟု ဆိုသည့် အမျိုးသားရေးဝါဒကို မိမိရရကိုင်စွဲထားသလို ပါလက်စတိုင်းတို့ဘက်မှလည်း ငါတို့နိုင်ငံထူထောင်ရေးဆိုသည့် အချက်ကို စွဲစွဲနစ်နစ်ကိုင်စွဲထားသည်။ ဤသို့ဖြင့် အာရပ်မွတ်စလင်များ ဝိုင်းရံထားသည့်ကြားမှ ဂျူးလူမျိုးတို့က အလျှော့ မပေးနိုင်သလို ပါလက်စတိုင်းတို့၏ ကံအကျိုးပေးမှုနည်း ပါးသောကြောင့် မိမိရပ်တည်ခွင့်များအတွက် ယနေ့တိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်သည်။
ထိုနိုင်ငံ၏ သမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုလျှင်လည်း အလွယ်တကူဖြေရှင်း၍ မရနိုင်သည့်အချက် အလက်ပေါင်းများရှိနေသည်။ ဒီမြေပေါ်တွင် ဘယ်သူတွေ စတင်အခြေချခဲ့သလဲ။ ဘယ်သူတွေ ပိုင်ခဲ့သလဲ စသည်ဖြင့် ပြန်ထောက်ကြည့်မည်ဆိုလျှင် ကြေးခေတ်အထိ အနီးစပ်ဆုံးပြန်သွားရပေလိမ့်မည်။ ဤဒေသသည် အာဖရိက၊ အာရှနှင့် ဥရောပတိုက်ကြီး သုံးတိုက် ဆုံရာတွင် တည်ရှိပြီး လူ့ယဉ်ကျေးမှု သမိုင်း၏ အချက်အချာ ကျသော ဒေသတစ်ခု ဖြစ်သည်။ ကြေးခေတ်မှစ၍ ခေတ်သစ် ကာလအထိ အဓိက အုပ်ချုပ်သူ များ၊ လူဦးရေ ဖွဲ့စည်းပုံများနှင့် ရှေးဟောင်းသုတေသန အထောက်အထားများကို ကြည့်မည်ဆိုလျှင်
- ကြေးခေတ် နှင့် ခါနန်ခေတ်
- သံခေတ်
- ဂန္ထဝင်ခေတ်
- အစ္စလာမ္မစ် ခေတ်ဦး
- အော်တိုမန် အင်ပါယာခေတ်
ဗြိတိသျှ မန်ဒိတ် နှင့် ခေတ်သစ် ဟူ၍တွေ့ရမည်ဖြစ်သည်။

ကြေးခေတ် နှင့် ခါနန် ခေတ်ကာလ: ဘီစီ ၃၀၀၀ – ဘီစီ ၁၂၀၀ ခန့်သည် မြို့ပြနိုင်ငံများ စတင်ထွန်းကားရာ ခေတ်ဖြစ်သည်။ အီဂျစ်တို့၏ လွှမ်းမိုးမှု ကြီးမားခဲ့ပြီး ခါနန်လူမျိုးစုများ (Canaanites) နေထိုင်ခဲ့ကြသည်။ ကုန်သွယ်ရေး လမ်းကြောင်းများ ထွန်းကားခဲ့သည်။
ဤဒေသ၏ ခေတ်အဆက်ဆက်တည်ရှိလာပုံကို အောက်ပါဇယားတွင်လေ့လာနိုင်ပါသည်။

အစ္စရေး၊ ပါလက်စတိုင်း နှစ်နိုင်ငံအတွက် ပြဿနာ အကြီးမားဆုံး ဖြစ်ခဲ့သည်မှာ ဗြိတိသျှတို့ အုပ်စိုးချိန်ဟု ဆိုလျှင် မမှားနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် ဗြိတိသျှတို့က ပါလက်စတိုင်းဒေသမှာ ဂျူးလူမျိုး တွေအတွက် “နိုင်ငံ” တစ်ခု ထူထောင်ရေးကို ထောက်ခံသလို ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှတို့က အော်တိုမန်ကို တိုက်ခိုက်ရာမှာ ကူညီပေးတဲ့ အာရပ်ခေါင်းဆောင်တွေကို စစ်အပြီးမှာ လွတ်လပ်တဲ့ အာရပ်နိုင်ငံတစ်ခု ပေးမယ်လို့လည်း ကတိပေးခဲ့သည်။ ဤသို့ ဆန့်ကျင်ဘက်ဖြစ်နေသည့် ကတိတွေကြောင့် ဂျူးနဲ့ အာရပ် (ပါလက်စတိုင်း) အသိုက်အဝန်းနှစ်ခုသည် တဖြည်းဖြည်း သီးခြားစီ ဖွဲ့စည်းလာခဲ့၏။ ဗြိတိသျှလက်အောက်ခံ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ အတူ နေထိုင်ရ သော်လည်း ကိုယ်ပိုင် နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရေးစနစ်များ၊ စီးပွားရေးအဆောက်အအုံတွေကို တသီး တခြားစီ တည်ထောင် ခဲ့ကြသည်။ အာရပ်တွေဟာ ဗြိတိသျှရဲ့ ကတိအတိုင်း လွတ်လပ်တဲ့ အာရပ်နိုင်ငံတစ်ခုကို မျှော်လင့်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဂျူးလူမျိုးတွေ ဝင်ရောက်လာပြီး သူတို့ရဲ့ အင်အားကို တိုးချဲ့လာတဲ့အခါတွင် အာရပ်များက သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-determination) ဆုံးရှုံးပြီး ကိုယ့်မြေကိုယ်ယာမှာ လူနည်းစု ဖြစ်သွားမှာကို စိုးရိမ်လာကြသည်။ ဗြိတိသျှ၏ မူဝါဒကို တရားဝင်အားဖြင့် “တာဝန်နှစ်ရပ်” (Dual Obligations) လို့ ခေါ်ဆိုခဲ့သော်လည်း လက်တွေ့တွင် ဂျူးလူမျိုးကို အခွင့်ထူးပေးမှု (Favoring the Jewish community) လို့ အာရပ်များက ရှုမြင်ခဲ့ကြသည်။ ထိုသို့ ဘက်လိုက်မှုကြောင့် ဗြိတိသျှအပေါ် ယုံကြည်မှု လုံးဝ ပျက်ပြားသွားပြီး အာရပ် သူပုန်ထမှု (ဥပမာ- ၁၉၃၆-၁၉၃၉ အာရပ်တော်လှန်ရေး) အထိ ဖြစ်ပေါ်ခဲ့လေသည်။ ဗြိတိသျှတို့က ဒီပဋိပက္ခကို ကိုင်တွယ် ဖြေရှင်းလို့ မရသည့်အဆုံး ၁၉၄၇ ခုနှစ်မှာ ဒီပြဿနာကို ကုလသမဂ္ဂ (UN) ထံ လွှဲပြောင်း ပေးခဲ့၏။ ကုလသမဂ္ဂက ပါလက်စတိုင်းမြေကို သီးခြား အာရပ်နိုင်ငံ နှင့် သီးခြား ဂျူးနိုင်ငံ နှစ်ခုအဖြစ် ပိုင်းခြားရန် အဆိုပြုခဲ့သည်။ ဂျူးအေဂျင်စီ (Jewish Agency)က အစပိုင်းမှာ နယ်နိမိတ်တွေကို မကျေနပ် သော်လည်း တရားဝင် နိုင်ငံ ထူထောင်နိုင်ခွင့် ရရှိခြင်းကြောင့် လက်ခံခဲ့ကြသည်။ နိုင်ငံတော် တည်ထောင်ဖို့အတွက် ဥပဒေရေးရာ အခြေခံ (Legal Basis) အဖြစ် မြင်ခဲ့ကြသည်။
ပါလက်စတိုင်းတို့က မြေပိုင်ဆိုင်မှုအများစုကို လူနည်းစု ဂျူးများအတွက် ခွဲပေးသည်မှာ မတရားမှုလို့ ရှုမြင်ပြီး လုံးဝ ပယ်ချခဲ့သည်။ ကုလသမဂ္ဂရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မူ (Self-determination) ကို ချိုးဖောက်ခြင်းဟု ရှုမြင်ခဲ့ကြသည်။ နောက်ထပ် နယ်မြေချဲ့ထွင်ဖို့အတွက် လှေကားထစ် တစ်ခုအဖြစ် ရှုမြင်သည့် ခေါင်းဆောင်တွေလည်း ရှိခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို လက်မခံဘဲ ချက်ချင်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ကြသည်။ သမိုင်းပညာရှင်များရဲ့ အဆိုအရ ဂျူးဘက်က အဆိုပါ အစီအစဉ်ကို လက်ခံခြင်းသည် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ် ပြုမှုကို ရယူပြီး နိုင်ငံတည်ထောင်ဖို့အတွက် အရေးပါတဲ့ နည်းဗျူ ဟာမြောက် ခြေလှမ်း ဟုယူဆခဲ့ကြသည်။ တစ်ဖက်တွင် အာရပ်တို့ရဲ့ ပယ်ချမှုက သူတို့ရဲ့ ရေရှည် မျှော်မှန်းချက် (ပါလက်စတိုင်းတစ်ခုလုံး လွတ်လပ်ရေး) ကို စွန့်လွှတ်ရမှာကို မလိုလားခဲ့ပေ။ ဤတွင် သမိုင်း၌ ဆန့်ကျင်ဘက်သဘောထားကို မွေးဖွားလိုက်ခြင်းလည်းဖြစ်သည်။၁၉၄၇ ခုနှစ်၊ ကုလသမဂ္ဂ၏ ပိုင်းခြားရေး ဆုံးဖြတ်ချက်ကို အာရပ်တွေက ပယ်ချပြီးနောက်ပိုင်း ချက်ချင်းဆိုသလို ပြည်တွင်းစစ် (Civil War) စတင်ခဲ့သည်။ ဗြိတိသျှတို့ ထွက်ခွာသွားသည့် ၁၉၄၈ ခုနှစ်၊ မေလတွင် အစ္စရေးနိုင်ငံကို ထူထောင်ကြောင်း ကြေညာလိုက်ပြီး ပတ်ဝန်းကျင် အာရပ်နိုင်ငံများက ဝင်ရောက် တိုက်ခိုက်သည့် ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ (The 1948 Arab Israeli War) ဖြစ်လာခဲ့ပေသည်။ ထိုစစ်ပွဲ၏ အကျိုးဆက် သည် ဂျူးအသိုက်အဝန်းအတွက် လွတ်လပ်ရေး ဖြစ်လာခဲ့ပြီး ပါလက်စတိုင်းအတွက် နယ်မြေ ဆုံးရှုံး မှုကြီး (Nakba – ကံဆိုးမိုးမှောင်ကျခြင်း) ဖြစ်လာခဲ့ပေသည်။ထို့အပြင် အစ္စရေးနိုင်ငံ ထူထောင်ကြောင်း ကြေညာပြီး ဆယ့်တစ်မိနစ် အကြာတွင် အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုလိုက်ခြင်းသည်လည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဖြစ်ခဲ့ပေသည်။
အစ္စရေး ပါလက်စတိုင်း တို့၏ ပြဿနာများထဲတွင် သိမ်မွေ့နက်နဲသော ဘာသာရေးဆိုင်ရာကလည်း တစ်ထောင့်တစ်နေရာကပါနေသေးသည်။ ဘာသာကြီးသုံးမျိုး အတွက်အထွတ်အမြတ်ထားရာနေရာ ဖြစ်သည့် ဂျေရုဆလင်မြို့ပင် ဖြစ်သည်။ ထိုနေရာသည် ဗိမာန်တော်တောင် (Temple Mount) ရှိ၍ ရှေးခေတ် ဂျူးလူမျိုးတွေရဲ့ ဝတ်ပြုရာနေရာ ဗိမာန်တော် (Temple) နှစ်ခု တည်ရှိခဲ့တဲ့ နေရာဖြစ်သည်ဟုဆိုသည်။ ဂျူး ယုံကြည်ချက် အရ ဗိမာန်တော်တောင်ဟာ ဘုရားသခင် (YHWH) ရဲ့ ကမ္ဘာပေါ်ရှိ စိုးစံရာနေရာ ဖြစ်ပြီး ကမ္ဘာမြေကြီး စတင်ဖန်ဆင်းခဲ့သည့် နေရာလည်းဖြစ်သည်။ ယနေ့ခေတ်ကျန်ရှိသည့် ဒုတိယ ဗိမာန်တော်၏ အနောက်ဘက် တံတိုင်းအပိုင်းသည် ဂျူးလူမျိုးတွေရဲ့ အထွတ်အမြတ် ထား ဆုတောင်း ရာနေရာဖြစ်သည်။ ၎င်းကို ဂျူးလူမျိုးများက “Kotel” လို့ ခေါ်ဆိုပြီး ဗိမာန်တော်ပျက်စီးသွားခြင်း အတွက် ဝမ်းနည်း ပူဆွေးမှုကို ဖော်ပြရာလည်း ဖြစ်သည်။ အနာဂတ်တွင် မေရှိယ (Messiah) ရောက်ရှိလာပြီး တတိယ ဗိမာန်တော်ကို ဂျေရုဆလင်မှာ ပြန်လည် တည်ဆောက်မည်လို့ ယုံကြည်ကြသည်။
ခရစ်ယာန်ဘာသာဝင်များသည် သခင်ယေရှုက နောက်ဆုံးညစာ (Last Supper) ကို စားသုံးခဲ့ပြီး ရောမများ၏ ဖမ်းဆီးခြင်းကို ခံရ၍ လက်ဝါးကပ်တိုင်တွင် အသေခံသည့်နေရာ ဖြစ်သလို ရှင်ပြန်ထမြောက်သည့် နေရာလည်းဖြစ်သည်။ သန့်ရှင်းသော သင်္ချိုင်းဂူကျောင်းတော် (Church of the Holy Sepulchre)သည် သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သည့် ဂေါလဂေါသ (Golgotha) တောင်ကုန်းနှင့် ရှင်ပြန် ထမြောက်သည့် သင်္ချိုင်းဂူ တည်ရှိတယ်လို့ ယုံကြည်ကြသည်။ ထိုကြောင့် ခရစ်ယာန်ကမ္ဘာ၏ အထွတ် အမြတ်ထားရာ အဓိကနေရာ။ ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်တပည့်တော်များအပေါ် ဝိညာဉ် တော် ဆင်းသက်လာသည့်နေရာ၊ ခရစ်ယာန် ဘုရားကျောင်း စတင်ဖွဲ့ စည်းသည့် နေရာလည်း ဖြစ်သည်။ သခင်ယေရှု လက်ဝါးကပ်တိုင်ကို ထမ်းပိုးပြီး လျှောက်ခဲ့သည့် လမ်းကြောင်းအတိုင်း ခရစ်ယာန် ဘုရားဖူးများက ယနေ့တိုင် လျှောက်လှမ်းဆုတောင်းကြသည်။
အစ္စလာမ် ဘာသာဝင်များအတွက်မူ တမန်တော် မိုဟာမက် (Prophet Muhammad) က မက္ကာမြို့မှ ဂျေရုဆလင်မြို့အထိ ညအချိန်မှာ အံ့ဖွယ်နည်းဖြင့် ခရီးနှင်ခဲ့ပြီး (Night Journey – Isra’) ထိုမှတစ်ဆင့် ကောင်းကင်ဘုံသို့ တက်လှမ်းခဲ့သည်လို့ (Ascension – Mi’raj) အစ္စလာမ် ဘာသာဝင်များက ယုံကြည် ကြသည်။ ဗိမာန်တော် တောင်ကို အစ္စလာမ်ဘာသာဝင်များက “မြင့်မြတ်သော နယ်မြေ” (The Noble Sanctuary) လို့ခေါ်ဆိုပြီး မိုဟာမက် ကောင်းကင်သို့ တက်လှမ်းခဲ့သည်ဟု ယုံကြည်ရသော ကျောက်တုံးကြီးပေါ်တွင် တည်ဆောက်ထားသော ရွှေရောင် အမိုးခုံးရှိသည့် ဗိသုကာလက်ရာမြောက် ဘုရားကျောင်းနှင့် ဘာသာရေး အဆောက်အအုံနှစ်ခု တည်ရှိသည်။ Al-Aqsa Mosque (အလ်-အက်ဆာ ဗလီ) သည် အစ္စလာမ်ကမ္ဘာတွင် အရေးပါသော ဗလီတစ်ခုဖြစ်ပြီး မိုဟာမက်၏ ခေတ်ကာလ မွတ်ဆလင်များ မက္ကာသို့ ဦးမလှည့်မီ ပထမဆုံး ဦးတည်ဆုတောင်းရာ နေရာ (Qibla) လည်း ဖြစ်ခဲ့သည်။
ထိုအချက်များကိုကြည့်လျင် နိုင်ငံတိုင်း၏ အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးနှင့် နိုင်ငံသားတို့၏ အရေးအကြီးဆုံးဖြစ်သည့် ဘာသာရေးပါ ယှက်နွှယ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုကြောင့် အစ္စရေးပါလက်စတိုင်းအရေးအခင်းသည် ဖြေရှင်းရခက်သည့် အခြေအနေတွင်ရှိနေပြီး ကမ္ဘာ့အရေး အခင်းများထဲတွင် ဦးနှောက်ခြောက်စရာဖြစ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ ပို၍ ဆိုးသည်က နိုင်ငံကြီးများ၏ “တိုက်ကြက်မွေး မဟာဗျူဟာ” ပင်ဖြစ်သည်။ ပါလက်စတိုင်းအတွက်လက်နက်နှင့် နည်းပညာများကို အီရန်နိုင်ငံက အဓိက အထောက်အပံ့ ပေးခဲ့သလို၊ အစ္စရေးနိုင်ငံကိုလည်း အင်အားကြီး အမေရိကန်နိုင်ငံက အထောက်အပံ့ပေးထားကြောင်း သတင်းများတွင် အထင်အရှား တွေ့နေရသည်။ ယခုလက်ရှိအရေးအခင်းတွင် စဉ်းစားစရာကောင်းသည့်အချက်က အစ္စရေး၏ နာမည်ကျော် ထောက်လှမ်းရေးဌာနဖြစ်သည့် မော့ဆက်က ဟားမာ့စ်တို့ ဝင်ရောက် တိုက်ခိုက်နိုင်ခြေရှိသည်ကို မသိခဲ့ခြင်းမှာ အတော်လေးအံ့ဩစရာကောင်းသည်ပင်။ အီရန်ရှိ ထိပ်တန်း ခေါင်းဆောင်များကိုလုပ်ကြံနိုင်ခြင်း၊ လက်ဘနွန်ရှိဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ကိုထောက်လှမ်းရေးက ယင်းစက်ပစ္စည်းများ၏ ထောက်ပံ့ရေး ကွင်းဆက်ကို ထိုးဖောက်၍ စက်အတွင်းသို့ ပေါက်ကွဲစေတတ်သော ပစ္စည်း (PETN) (Pentaerythritol Tetranitrate) ကို ထည့်သွင်းကာ အဝေးထိန်းစနစ်ဖြင့် တစ်ပြိုင်နက် ပေါက်ကွဲစေခဲ့ ခြင်းတို့ကိုကြည့်လျင် သံသယပွားစရာကောင်းသည်ကိုတွေ့ရပြီး ဂါဇာဒေသကို အမြစ်ပြတ် ချေမှုန်း လိုခြင်း ဆိုသည့်ခေါင်းစဉ်အောက်သို့ ဦးတည်နေသည်ကို တွေ့ရပေမည်။
လက်ရှိအခြေအနေများကိုကြည့်လျှင်လည်း ဂါဇာဒေသရှိနေအိမ်များ၏ ၉၂% ခန့် သည် ပျက်စီးမှု သို့မဟုတ် လုံးဝ ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရသည်။ ဂါဇာကမ်းမြောင်ရှိ စုစုပေါင်း အဆောက်အအုံများ၏ ၇၀% နီးပါး (သို့မဟုတ် ၆၆%) သည် ပျက်စီးဆုံးရှုံးမှု တစ်မျိုးမျိုး ရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ ဂြိုဟ်တုဓာတ်ပုံ ဆန်းစစ်ချက်များက ဖော်ပြထားသည်။ကျန်းမာရေး စောင့်ရှောက်မှု စက်ရုံ/ဌာနများ၏ ၈၄% သည် ပျက်စီး ဆုံးရှုံးခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းများ ကြုံခဲ့ရသည်။ဆေးရုံကြီးများ၊ စာသင် ကျောင်းများ၊ တက္ကသိုလ်များ၊ ဗလီများ၊ စီးပွားရေး လုပ်ငန်းများ၊ ဘဏ်များ၊ ရေ၊ လျှပ်စစ်နှင့် ဆက်သွယ် ရေး စနစ်များ အားလုံးနီးပါးသည် ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။ အများပိုင် ဝန်ဆောင်မှု အခြေခံ အဆောက်အအုံများ (ရေ၊ ကျန်းမာရေး၊ ပညာရေး) ပျက်စီးမှုသည် စုစုပေါင်း ကုန်ကျစရိတ်၏ ၁၉% ခန့်ရှိသည်။ ဤစာရင်းများကို ကြည့်လျှင် ဂါဇာဒေသသည် အပျက်အစီးပုံကြီးဖြစ်နေသည်ကလွဲ၍ တခြား မြင်စရာအကြောင်းမရှိတော့ပေ။ သတင်းဌာနများတွင်လည်း ဂါဇာဒေသကိုတိုက်ခိုက်မှုများသည် မည်မျှ ရက်စက်သည်ကိုလည်း တွေ့မြင်နိုင်ပေသည်။ အစ္စရေးတို့၏ ဤမျှတိုက်ခိုက်မှုခံရပါသော်လည်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအားလွှတ်တော်မှ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုထားသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြစ်မှ လွှတ်ပေးရန်တောင်းဆိုမှုသည် အစ္စရေးသည် အမေရိကန် ၏ တိုက်ကြက်တစ်ကောင်ဖြစ်နေသည်ကို အတိအကျ ထောက်ပြနေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းများစွာက ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို လက်ခံထားသည်ဟု ဆိုခြင်းမှာ မော်စီတုန်းပြောသည့် စက္ကူကျားပင်မဟုတ်တော့ပဲ လေကျားများ ဖြစ်နေသည်မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ပါလက်စတိုင်းရှိအာရပ်မွတ်စလင်များသည် မိမိတို့နိုင်ငံထူထောင်ရေးအတွက် အသက်ပေါင်းများစွာ ရင်းနှီးပြီး ကြိုးစားနေကြခြင်းကို လက်ခံရမည်သာဖြစ်သည်။ ဂျူးများသည်လည်း ဟစ်တလာ၏ လူမျိုးတုံး သတ်ဖြတ်မှုအောက်မှ ရှင်သန်ရန် ကြိုးစားခဲ့ရသူများဖြစ်၍ ကိုယ်ချင်းစာသင့် သည်ဟုထင်သည်။ ထိုကြောင့် အာရပ်များသည်လည်း နောင်လာမည့်ရက်ပေါင်းများစွာ၌ ဆက်လက် ကြိုးစားနေမည်သာဖြစ်သည်။ ကျူပင်ခုတ် ကျူငုတ် ကျန်နေသရွေ့ ပြန်လည်ရှင်သန်ဖို့ရာ ကြိုးစား နေမည်ကဧကန်။ ယခုတွင် အမေရိကန်ဦးဆောင်မှုဖြင့် အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ်၏ ပထမအဆင့်အရ တိုက်ပွဲများ ရပ်ဆိုင်းသွားခဲ့ပြီး ဂါဇာတွင် ထိန်းသိမ်း ခံထားရသော အစ္စရေး ဓားစာခံ ဒါဇင်ပေါင်းများစွာကို အစ္စရေးအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်း ရာပေါင်း များစွာနှင့် လဲလှယ်ခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး တံခါးဝသို့ရောက်လာပြီဟု ဆိုနိုင်သော်လည်း သေနတ်သံများကား ကြားနေရဆဲ ဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ ရောက်ဖို့ရန်ကား ဒုတိယအဆင့်အနေဖြင့် အကောင်အထည် ဖော်နိုင်ရန် ဆက်လက်ကြိုးစား နေဆဲဖြစ် သည်။ သေချာသည်ကား အသက်ရှင်သန်နေသည့် အကျဉ်းသားများ သည် မိမိတို့နှင့်သက်ဆိုင်သည့် မိမိအိပ်ရာလေးအပေါ်သို့ ပြန်လည်အိပ်စက်ခွင့်ရသည်က မြင်ရသူများ အတွက်ပါ ကြည်နူးစရာ ကောင်းလှပေသည်။
သေဆုံးသူများအတွက်လည်း ကိုယ့်မြေ ကိုယ့်ရေ အပေါ် တွင် အေးချမ်းစွာ အနား ယူခွင့်ရသွားပေသည်။ သို့သော်လည်း ငြိမ်းချမ်းရေး ချိုးငှက်ကလေး၏ တောင်ပံများတွင် သွေးစက်ပေါင်း များစွာ ယိုစီးနေပြီ ဖြစ်သည်။ ထို့အတူ ဟာမားစ်များ လက်နက်စွန့်ရေးသည်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အတားအဆီးဖြစ်နေမည်ကိုစိုးရိမ်မိသည်။ မည်သို့ပင် ဖြစ်စေကာမူ အင်အား ကြီးနိုင်ငံများ၏ တိုက်ကြက်မွေးမဟာဗျူဟာ အောက်တွင် တိုက်ကြက်တစ်ကောင်အဖြစ် ရှင်သန်ဖို့ ကြိုးစားမည်ဆိုလျင်ကား မျှော်လင့်ချက် ရောင်နီက ခပ်ရေးရေးသာ။ ရှေ့နှစ်ပေါင်းများစွာတွင်လည်း အသက်ပေါင်းများစွာဆုံးရှုံးဖို့ရန် ရှိနေဦးမည်သာ။ထိုကြောင့်တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပဋိပက္ခများ အဆုံးသတ်ရေးဆိုသည်မှာ မိမိနိုင်ငံအပေါ်မိမိခွန်အားဖြင့်ခြေစုံရပ်လျက် တိုက်ကြက်တွေလို ခွပ်ဖို့ အားယူနေမည့်အစား သွေးစက်များဖြင့်အင်အားချည့်နဲ့နေသည့်တောင်ပံနှစ်ဖက်သည် လက်ကျန်အင်အား အကုန်ထုတ်သုံးလျက် ယုံကြည်မှုတည်ဆောက်ရင်း ငှက်ချိုးဖြူလေး ကောင်းကင်ယံတွင် ပျံဝဲနေစေ ချင်ပါတော့သည်။
(၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစတင်ဖြစ်ပွားလာသည့် အစ္စရေး ပါလက်စတိုင်း စစ်ပွဲအတွင်း နှစ်ဖက် စလုံးမှ သေဆုံးခဲ့သူ အားလုံးအတွက် ဆန္ဒမွန်ဖြင့်…)
မှတ်ချက် – အချက်အလက်များ ပြည့်စုံစွာ ဖော်ပြပါက ဆောင်းပါးရှည်သွားမည်ဖြစ်၍ အချို့ အချက်အလက်များ ချန်လှပ်ခဲ့ရပါသည်။ အချက်အလက်များ ကို အွန်လိုင်း အေအိုင် ၊ သတင်းဌာနများ ၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များ ၊ ဆရာကိုကိုလေး၏ ပါလက်စတိုင်း စာအုပ်တို့မှ ရယူထားပါသည်။ တစ်စုံတစ်ရာ ထောက်ပြလိုပါက The Corner မှ တစ်ဆင့် စာရေးသူထံသို့ ဆက်သွယ်နိုင်ပါသည်။


