The Corner

The Corner

cropped-Logo_round_grey-background.png

ဂါဇာမှာတုံ့ဆိုင်းနေရတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်

Share မယ်

အမေရိကန် အရာရှိများက ယင်းကျွန်းဆွယ်တွင် တောက်ပသည့် အနာဂတ်ရှိဟုဆို

ရာဖာမြို့ ဟာ ဂါဇာ ကမ်းမြောင်ဒေသမှာ တတိယ အကြီးဆုံး မြို့ကြီးတစ်မြို့ဖြစ်တယ်။ လူပေါင်း ၂ဝဝ,ဝဝဝကျော်တို့ရဲ့ နေရပ် ဌာနေ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်မှာတော့ အဆောက်အအုံ အပျက်အစီးတွေရဲ့ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ တွန့်လိမ် ကောက်ကွေ့ပြီး ငေါထွက်နေတဲ့ သံချောင်းကြီးတွေရဲ့အောက် မြေမျက်နှာပြင်က လမျက်နှာပြင် ရှုခင်းလို ချိုင့်တွေ ခွက်တွေ ဗရပျစ်အတိပြီးလို့ လူသူတိတ်ဆိတ်နေတဲ့ မြို့ပျက်ကြီး ဖြစ်နေပါပြီ။ ရာဖာမြို့ကြီးနဲ့ သူ့ရဲ့ ဆင်ခြေဖုံး ဒေသတွေကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟားမာ့စ်တပ်ဖွဲ့ကို ချေမှုန်းတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ရစရာမရှိအောင်ကို စနစ်တကျ အကြိမ်ကြိမ် ဖျက်ဆီးခဲ့တာပါ။ ရာဖာမှာ နေထိုင်ခဲ့ကြတဲ့သူတွေဟာ ညစ်ပတ် ပေရေပြီး စုတ်ချာလှတဲ့ ဒုက္ခသည် စခန်းတွေက ရွက်ထည်တဲ တွေထဲမှာ ပြေးစရာမြေမရှိဘဲ ပြောင်းရွှေ့ နေထိုင်ကြရတယ်။ အဲဒီစခန်းတွေဟာ ဆောင်းရာသီမှာ ဝင်ရောက် တိုက်ခတ်တဲ့ မုန်တိုင်းဒဏ်ကြောင့် အခုအခါ ရေကြီးရေလျှံလို့ ဖွတ်ဖွတ်ညက်ညက် ကြေနေပါပြီ။

ဒါပေမဲ့ အမေရိကန်အရာရှိတွေရဲ့ မစားရ ဝခမန်း ပြောစကားကို နားထောင်ရင်တော့ ရာဖာဟာ ဂါဇာရဲ့ တောက်ပတဲ့ အနာဂတ်သစ် ဖြစ်လာမယ်လို့ ကြားရမယ်။ တလောကပဲ ပြာပုံထဲကနေ ထိုးတက် ထွန်းကားလာပုံကို ဖော်ပြတဲ့ဗီဒီယိုတစ်ခုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အွန်လိုင်းမှာ တင်ခဲ့သေးတယ်။ မြှင့်တင်ပေးနေတဲ့သူတွေက အစ္စရေး အင်ဂျင်နီယာ လုပ်ငန်း စီမံကိန်းနှစ်ခုကို သက်သေခံ အဖြစ်နဲ့ ထောက်ပြတယ်။ ပထမလုပ်ငန်းစီမံကိန်းကတော့ အိုင်ဒီအက်ဖ်ရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ဒေသရဲ့ အစိတ်အပိုင်းတချို့ကို အခုအချိန်အထိ ထိန်းချုပ်ထားသေးတဲ့ ဟားမာ့စ်တို့ တည်ဆောက်ထားရာ ရှုပ်ထွေး ပွေလီလှတဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်တွေကို ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်တယ်။ အခု စတင် ဆောင်ရွက်နေပြီဖြစ်တဲ့ ဒုတိယစီမံကိန်းကတော့ အမေရိကန်တွေက “စီမံကိန်းရွာ” လို့ ခေါ်ကြတဲ့ နေရာကို လမ်းဖောက်တဲ့ ရာဖာ အရှေ့ပိုင်းဒေသရဲ့ အပိုင်းနှစ်ခုမှာ တန်ချိန်ထောင်ချီရှိတဲ့ အပျက်အစီးပုံတွေကို ရှင်းလင်း နေတာပါပဲ။

 အီကော်နောမစ်စာစောင် သတင်းထောက်ဟာ တလောကပဲ အဲဒီနယ်မြေဝါဆီကို နှစ်ကြိမ် ရောက်ခဲ့သေး တယ်။ နှစ်ကြိမ်စလုံးမှာ အစ္စရေး စစ်သားတွေ နောက်ကလိုက်လာတယ်။ Yellow Zone လို့ခေါ်တဲ့ အဲဒီနယ်မြေဝါ ဆိုတာက အစ္စရေးနိုင်ငံက အခုအချိန်အထိ သိမ်းပိုက်ထားတဲ့ ဂါဇာနယ်မြေရဲ့ ထက်ဝက်နီးပါးရှိ တဲ့နယ်မြေကို ခေါ်တာပါ။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) အရာရှိတွေကတော့ ဒီစီမံကိန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ကို သံသယ ဝင်နေကြတယ်။ “ကျွန်တော်တို့ ဖော်ထုတ်တွေ့ရှိရတဲ့ ဥမင်လိုဏ်ခေါင်းတွေရဲ့ ရှုပ် ထွေးမှုနဲ့ အရွယ်အစားကြောင့် အတော်ကလေး အံ့အားသင့်ခဲ့ရတယ်။ ကျွန်တော်တို့မှာ အဲဒီ ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားမရှိပါဘူး” လို့ အင်ဂျင်နီယာ တစ်ဦးက ဆိုပါတယ်။ “စီမံကိန်းရွာ” တွေနဲ့ စပ်လျဉ်းလို့က အစ္စရေးအရာရှိ တွေက ပိုပြီးတော့တောင် အထင်အမြင် သေးပါသေးတယ်။

ဂါဇာစစ်ပွဲ ရပ်ဖို့ ငြိမ်းချမ်းရေး အစီအစဥ်တွေကို တခဲနက် ဆောင်ရွက်ခဲ့ကြပြီးပြီ (Photo: Wikipedia)

ဒေါ်နယ်ထရမ့် တင်ပြခဲ့တဲ့ အချက် ၂ဝ ပါ အစီအစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်ပြီး အောက်တိုဘာလအတွင်းက စတင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကလည်း ဂါဇာရဲ့ ရှုပ်ထွေး ပွေလီလှတဲ့ အ‌ခြေအနေမှာ တုံ့ ဆိုင်းနေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အဖြစ်မျိုးကို ကြုံနေရတယ်။ ပထမအဆင့်မှာ အစ္စရေးက လူဦးရေ ထူထပ်တဲ့ ကမ်းရိုးတန်း နယ်မြေတွေကနေ အစ္စရေးတပ်တွေ ရုပ်သိမ်းခဲ့တယ်။ အစ္စရေး ဓားစာခံ တွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ခဲ့တယ်။ တချို့ ထောက်ပံ့ ကူညီတာတွေကို ဖြန့်ဝေပေးတာ ပြန်ပြီး စတင်ခဲ့တယ်။ ဒါပေမဲ့ တချို့ အရာတွေကတော့ ရပ်တန့်နေတယ်။ ဆိုင်းငံ့နေတယ်။ 

မစ္စတာထရမ့် အစီအစဉ်ရဲ့ ဒုတိယပိုင်း ကတော့ အပြည်ပြည်ဆိုင်ရာ တည်ငြိမ်မှုတပ်ဖွဲ့ (ISF) တပ်ချနေရာယူထားဖို့၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပညာရှင် အစိုးရအဖွဲ့တစ်ခု ခန့်အပ်ဖို့နဲ့ ဟားမာ့စ်တွေ လက်နက် ဖြုတ်သိမ်းဖို့ပဲ ဖြစ်တယ်။ အခုအချိန်အထိကတော့ အဲဒီအချက်တွေ တစ်ချက်မှ အကောင်အထည် ပေါ်မလာသေးပါဘူး။ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့  အမည် စာရင်းကို ထုတ်ပြန်ဖို့ ရှိပါသေးတယ်။ အိုင်အက်စ်အက်ဖ်အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ဘယ်နိုင်ငံကမှ လူသိရှင်ကြား ကတိကဝတ်မပြု သေးဘူး။ ဟားမာ့စ်အဖွဲ့ကလည်း အရပ်သားလူထုကို သူတို့ ထိန်းချုပ်ထားနိုင်ပြီး အာဏာရှိကြောင်း ပြန်ပြနေပါတယ်။ လက်နက်ဖြုတ် သိမ်းရေးနဲ့ စပ်လျဉ်းလို့ မရေရာ မတိကျတဲ့ ဇဝေဇဝါ ကြေညာချက်တွေပဲ ထုတ်ပြန်ပြီး လက်တွေ့ လုပ်ဖို့ကတော့ ခြေလှမ်း တစ်ခုမျှ မပြင်သေးဘူး။

အဲဒီအချက်တွေဟာ နှစ်အတန်ကြာ အချိန်ယူရပြီး ကုန်ကျစရိတ် ဒေါ်လာဘီလီယံ ရာနဲ့ချီ ကုန်ကျမယ်လို့ မျှော်မှန်းထားခဲ့ပြီး အစစအရာရာ ကြေမွ ပျက်စီးခဲ့ရတဲ့ ဂါဇာကမ်း‌မြောင်ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရှေ့ပြေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီ အချက်တွေကလည်း ဟားမာ့စ်တွေ လက်နက် ဖြုတ်သိမ်းပြီး အစိုးရအဖွဲ့သစ် တစ်ရပ်ကို စနစ်တကျ နေရာမချနိုင်ဘဲနဲ့ ကတော့ လက်တွေ့ အကောင်အထည် ပေါ်မလာနိုင်ပါဘူး။ အလှူရှင်တွေကလည်း တကယ်လို့ အစ္စရေးက နောက်ထပ် စစ်ပွဲတစ်ပွဲ တိုက်ခိုက်ပြီး အဲဒါတွေ အားလုံးကို ဖျက်ဆီး ပစ်နိုင်တယ်လို့ စိုးရိမ်‌ကြောက်ရွံ့ နေခဲ့ရင်လည်း အစစအရာရာ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေးထောက်ပံ့မှာ မဟုတ်ပါဘူး။ အစ္စရေးကလည်း ဆောက်လုပ်ရေး ပစ္စည်းတွေ ဝင်လာတာကို ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဂါဇာကို အဆင့်ဆင့် ပြန်လည် ဆောက်လုပ်မယ့် အစီအစဥ်ကြမ်း (ပုံ – The Wall Street Journal)

အဲဒီကာလအတွင်းမှာ မျဉ်းဝါတစ်လျှောက်မှာ အစ္စရေးတပ်ဖွဲ့တွေကို ဟားမာ့စ်တွေက အလစ်အငိုက် ဝင်တိုက်တာနဲ့ အစ္စရေးတွေရဲ့ ပုံမှန် တိုက်ခိုက်တာနဲ့ ဂါဇာနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်တိုက်တာစတဲ့ အပစ်အခတ် ရပ်စဲရေး ချိုးဖောက်မှုတွေက ရှိပါသေးတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့တုန်းကဆိုရင် ဟားမာ့စ်အဖွဲ့က ဝါရင့် တပ်မှူးတစ်ဦး ဖြစ်တဲ့ ရာအတ်ဆယက်ကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက် သတ်ဖြတ်ခဲ့တယ်။ အစ္စရေးဘက်ကတော့ ဆယက်ဟာ ဒုံးကျည် ထုတ်လုပ်ရေး စွမ်းဆောင်ရည်ရှိတဲ့ အုပ်စုတစ်စုကို ပြန်ပြီး တည်ဆောက်ဖို့ လုပ်နေတာနဲ့ အောက်တိုဘာ ၇ ရက်နေ့တုန်းက တိုက်ခိုက်မှုကို သူကကူညီခဲ့လို့ ဒီလို ရှင်းလင်းပစ်ခဲ့တာလို့ ဆင်ခြေပေးခဲ့တယ်။ အပစ်အခတ် ရပ်စဲချိန် ကတည်းက စလို့ ပါလက်စတိုင်း  လူမျိုး ၄ဝဝ နီးပါးကို အိုင်ဒီအက်ဖ် ခေါ်တဲ့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က သတ်ဖြတ်ပစ်ခဲ့တယ်လို့ သိရတယ်။

အခုလို သင်္ကေတ လက္ခဏာတွေ အားလုံးက ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေးဆိုတာဟာ တစ်ဖက်နဲ့ တစ်ဖက် အငြိုးတကြီးနဲ့ အနိုင်ယူ ရလိုစိတ်နဲ့ တိုက်နေတဲ့ မတင်မကျ အခြေအနေကို ဦးတည်တဲ့ကြား ကာလတစ်ရပ် အဆင့်လောက်ပဲ ရှိတယ်ဆိုတာကို ဖော်ပြနေပေမယ့် အမေရိကန် အရာရှိတွေကတော့ မစ္စတာထရမ့်ရဲ့ အစီအစဉ်တွေဟာ ရှေ့ဆက်ပြီး တိုးနေတယ်လို့ စိတ်ချလက်ချနဲ့ ယုံကြည်ထားကြတယ်။ အပစ်အခတ် ရပ်စဲမှုကို ကြီးကြပ်ကွပ်ကဲဖို့ သူစီစဉ်ထားတဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကိုလည်း မကြာခင် မှာကြေညာ တော့မယ်လို့ သူတို့က ကတိပေးတယ်။ အိုင်အက်စ်အက်ဖ်နဲ့ ဂါဇာရဲ့ ကျွမ်းကျင်ပညာရှင်များ အစိုးရ အဖွဲ့သစ် ကတော့ တစ်နေ့နေ့မှာ ရုပ်လုံး ပေါ်လာပါလိမ့်မယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။ အမေရိကန်အစိုးရနဲ့ တရင်းတနှီးဆက်ဆံနေတဲ့ အမေရိကန် ကန်ထရိုက်တာတွေ အဲဒီနေရာကို သွားရောက် လည်ပတ်ခဲ့ပြီး ဘယ်လို စီးပွားရေး အခွင့်အလမ်းတွေ ရှိမလဲဆိုတာကိုတောင် အနံ့ခံပြီး ကြပါပြီ။

ဒါပေမဲ့ အဲဒီ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာ နောက်အဆင့်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာနဲ့စပ်လျဉ်းလို့ အစ္စရေးနဲ့ အမေရိကန်တို့ သဘောကွဲလွဲနေတာတွေက ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်လာတယ်။ အမေရိကန်အစိုးရက အစီအစဉ်တကျ ဆောင်ရွက် ထားတဲ့ စီမံကိန်းရွာတွေကို အသုံးပြုစေချင်တယ်။ အဲဒီရွာတွေမှာက အသင့်ထုတ်လုပ်ပြီး အစိတ်အပိုင်းတွေနဲ့ တပ်ဆင် ဆောက်လုပ်ထားတဲ့ အိမ်တွေကို ခြံနဲ့ဝင်းနဲ့ ထားတာပါ။ အဲဒီ ခြံဝင်းကြီးထဲမှာ ကျောင်းနဲ့ ဆေးခန်းတွေကိုပါ ဖွင့်ပေးထားတယ်။ ယုံကြည်ချက် သင်္ကေတ တစ်ခုပေါ့လေ။ ဒီလို အိမ်ခြံမြေဝင်းကြီးတွေကို ဆောက်လုပ်ဖို့ဆိုတာက လနဲ့ချီ    ကြာမြင့်ပြီး လူဦးရေ အစိတ်အပိုင်း တစ်ခုအတွက်ပဲ နေစရာ အိုးအိမ်တွေ ဖန်တီးပေးနိုင်ဦးမှာ ဖြစ်တယ်။ ဒါပေမဲ့ ပိုပြီးတော့ ရည်မှန်းချက်ကြီးတဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်း အများစုကို ပြီးပြည့်စုံအောင် ဆောင်ကြဉ်း သွားနိုင်မယ် ဆိုတာကို ပြလိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်တယ်။ ဟားမာ့စ်တွေ လက်နက် ဖြုတ်သိမ်းရေးကို ဆွေးနွေးနေတုန်းမှာ အိမ်ခြံဝင်းအသစ်တွေရဲ့ ပတ်ဝန်းကျင်နယ်မြေကနေ အစ္စရေးတပ်တွေ ရုပ်သိမ်းပြီး အိုင်အက်စ်အက်ဖ် တပ်တွေက လုံခြုံရေးကို စိတ်ချရအောင် ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရက မျှော်မှန်းထားပါတယ်။

အစ္စရေးတို့ကတော့ သူတို့နဲ့ အမြင်ချင်းမတူပါဘူး။ အစ္စရေးက တပ်ရုပ်သိမ်းဖို့ လက္ခဏာ လုံးဝမပြပါဘူး။ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အီယယ်လ်ဇာမီယာက မျဉ်းဝါကို နယ်နိမိတ်သစ်မျဉ်း လို့ ခေါ်ခဲ့တယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးကာကွယ်ရေး တပ်ဖွဲ့တွေကို နေအိမ် ခြံဝင်းအသစ်တွေကို ထိန်းချုပ်ထားစေချင်ပြီး အစ္စရေးက စစ်ပြီးသွားတဲ့အခါ ဂါဇာသားတွေကိုပဲ ဝင်ခွင့် ပေးစေချင်တယ်။ မစ္စတာ နေတန်ယာဟုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ဟားမာ့စ်တွေကို လက်နက် ဖြုတ်သိမ်းဖို့က နောက်ထပ် စစ်ဆင်ရေးတစ်ရပ်လည်း လိုကောင်း လိုနိုင်တယ်ဆိုပေမယ့် ဒီလုပ်ရပ်က သူတို့ကို သီးခြားဖြစ်အောင် ကြဉ်ထားပြီး လက်နက်ဖျက်သိမ်းစေဖို့ တွန်းအားပေးတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်တယ်လို့ ဆိုတယ်။ အစ္စရေးရဲ့ လုံခြုံရေး ပုံစံတွေက စိတ်ချ ယုံကြည်ရဖို့ လျော့နည်းတယ်။ “နယ်မြေဝါထဲကို ဂါဇာသားတွေ အားလုံး ဝင်ရောက်ဖို့ ခွင့်ပြုမယ်ဆိုရင် တခြားနည်းလမ်း လုံးဝ မရှိသလောက်ပါဘဲ” လို့ အစ္စရေး အရာရှိတစ်ဦးကဆိုတယ်။

အစ္စရေးနဲ့အမေရိကန်တို့ ခွန်းကြီးခွန်းငယ်ဖြစ်နေရတဲ့ အခြားအဓိက အချက်တစ်ခုကတော့ အိုင်အက်စ်အက်ဖ်မှာ တူရကီနိုင်ငံ ပါဝင်ဖို့ ကိစ္စပါ။ အစ္စရေးအတွက်ကတော့ ဒီကိစ္စဟာ ကျော်ဖြတ်လို့ မရတဲ့စည်း၊ တစ်နည်းပြောရရင် သည်းခံနိုင်စွမ်းရဲ့ အကန့်အသတ် နောက်ဆုံး သတ်မှတ်ချက် ဖြစ်နေတယ်။ တူရကီအစိုးရဟာ ဟားမာ့စ်ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် လက်ခံထားပြီး အစ္စရေးကို ကုန်သွယ်ရေးအရ ပိတ်ဆို့ တားမြစ်ထားတဲ့ အစိုးရအဖွဲ့ ဖြစ်တယ်။ ဒါပေမဲ့ မစ္စတာထရမ့်က တူရကီသမ္မတ ရီဆက် တေယစ်ပ် အာဒိုဂန် နဲ့ ရင်းနှီးမှုတွေ တိုးလာပြီး ဂါဇာအရေးမှာ သူ့ရဲ့ ရည်မှန်းချက်ဆန္ဒကို အကျိုးအမြတ်ရယူဖို့ စိတ်အားထက် သန်နေတဲ့သူဖြစ်တယ်။

မစ္စတာထရမ့်ဟာ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့နေအိမ်ဆီ ဒီဇင်ဘာလ ၂၉ ရက်နေ့ အရောက်လာဖို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကို ဆင့်ခေါ်ခဲ့တယ်။ သူ့ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ ဒုတိယအဆင့်နဲ့ စပ်လျဉ်းလို့ သူ့ရဲ့ အမြင်ကိုလက်ခံဖို့ မစ္စတာထရမ့်က ဖိအားပေး တောင်းဆိုမယ်လို့ မျှော်လင့်ထားခဲ့ကြတယ်။ “နေတန်ယာဟု ကတော့ တူရကီ အရေးနဲ့ စပ်လျဉ်းလို့ သူ့ရဲ့ ရပ်တည်ချက်ကို‌ ပြောင်းလဲမှာ မဟုတ်ပါဘူး၊ အလျှော့ပေးမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားကိစ္စရပ်တွေကိုတော့ သူက လက်လျှော့ပေးဖို့ ရှိပါလိမ့်မယ်”လို့  အစ္စရေး သံတမန် တစ်ဦးက ဟောကိန်း ထုတ်တယ်။ လာမယ့် နှစ်ဆန်း ဇန်နဝါရီလ အတွင်းမှာ ဂါဇာအရေး နဲ့စပ်လျဉ်းလို့ ကြေညာချက် ကြီးကြီးမားမား ထုတ်ချင်နေတဲ့ မစ္စတာထရမ့်ကတော့ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်နေပြီ လို့ အီကော်နောမစ် ဆောင်းပါးရှင်က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

ကိုးကား – The Economist December 20th, 2025 – January 2nd 2026

Click to rate this post!
[Total: 1 Average: 5]