(Feature article: အာရှဒေသတွင်း ရွေးကောက်ပွဲများကို လေ့လာသုံးသပ်ချက်)
ဒီလထဲမှာ ရွေးကောက်ပွဲတွေ ဆက်နေတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိ။ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ (၇) ရက်နေ့က ရွေးကောက်ပွဲတွေ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတယ်။ သူ့အကြောင်းနဲ့သူ ရွေးကောက်ပွဲ ကျင်းပကြတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနေ့က ဖေဖော်ဝါရီ (၇) ရက် တစ်ရက်တည်းမှာဆိုတော့ ထူးခြားနေတယ်လို့ ဆိုရမယ်။
ရွေးကောက်ပွဲ နှစ်ခုစလုံးကလည်း လက်ရှိဝန်ကြီးချုပ်တွေကပဲ ဆက်ပြီး အနိုင်ရသွားကြတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီက ထိုင်ခုံနေရာအများဆုံးနဲ့ အနိုင်ရခဲ့သလို ဂျပန်ရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ အယ်လ်ဒီပီပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ တိုက်ဆိုင်တာမဟုတ်ပေမဲ့ ထူးထူးခြားခြား တစ်ရက်တည်း တစ်ပြိုင်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုမှာ ဝန်ကြီးချုပ်နှစ်ဦး ပြန်ပြီး အနိုင်ရခဲ့ကြတယ်။

ထိုင်းရွေးကောက်ပွဲဖြစ်စဉ်က နိုင်ငံရေးအရှုပ်အထွေးတွေကြားက ပေါ်ပေါက်လာတာပါ။ ဝန်ကြီးချုပ် အနုတင်က ဝန်ကြီးချုပ်ဟောင်း (ထောင်နန်းစံနေရသူ) သက်ဆင်ရဲ့သမီး ဝန်ကြီးချုပ် ပေထုန်တန်၊ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ နယ်စပ်အရေးအခင်းမှာ ကျင့်ဝတ်ချိုးဖောက်ပြီး ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်နဲ့ နိုင်ငံ့အတွင်းရေးတွေကို ထုတ်ပြောခဲ့လို့ ရာထူးက ဖယ်ရှားခံရအပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။ ထိုင်းနိုင်ငံရေးက အတော်ကို ရှုပ်ထွေးပါတယ်။ (နိုင်ငံရေးပါတီတွေကြားမှာ ရှုပ်ထွေးတာပါ။ နိုင်ငံကတော့ ပုံမှန်အတိုင်း လည်ပတ်နေတာပါ။) ၂၀၂၃ ခုနှစ်မှာ နောက်ဆုံးကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ အများဆုံးနဲ့ အနိုင်ရသွားတာ တိုးတက်တဲ့ လူငယ်ခေါင်းဆောင် ပီတရဲ့ ရှေ့သို့ချီ (Move Forward) ပါတီဖြစ်ပေမဲ့ ပါတီခေါင်းဆောင် ပီတ ဝန်ကြီးချုပ်ဖြစ်မလာသလို ပါတီလည်း ပယ်ဖျက်ခံရတယ်။ ပီတအစား သက်ဆင်သမီး ပေထုန်တန် ဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီက ဦးဆောင်အစိုးရဖွဲ့တော့ ရှရက်ထာ ထာ့ဝီဆင် ဝန်ကြီးချုပ်ဖြစ်လာတယ်။ သူက တစ်နှစ်လောက်ပဲ တာဝန်ထမ်းဆောင်လိုက်ရပြီး အခြေခံဥပဒေခုံရုံးက ဖယ်ရှားလိုက်ပြန်တယ်။ ထာ့ဝီဆင် ဖယ်ရှားခံရအပြီးမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ပေထုန်တန် ဖြစ်လာတယ်။ သုံးနှစ်အတွင်း ဝန်ကြီးချုပ် သုံးဦးပြောင်းအပြီးမှာ ရွေးကောက်ပွဲ ထပ်မံကျင်းပတာ ဖြစ်တယ်။
ခုတစ်ခေါက် ရွေးကောက်ပွဲမှာ ၂၀၂၃ ခုနှစ်က အမတ်နေရာ (၁၅၁) နေရာနဲ့ ဦးဆောင်ခဲ့တဲ့ ပီတတို့ရဲ့ ရှေ့သို့ချီပါတီကို အသွင်ပြောင်းဆက်ခံတဲ့ “ပြည်သူ့ပါတီ” က မဲအပြတ်အသတ် နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမဲ့ ထင်သလို ဖြစ်မလာဘဲ လက်ရှိဝန်ကြီးချုပ် အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ (၁၉၀) ကျော်နဲ့ အများဆုံး အနိုင်ရသွားခဲ့တယ်။
ဂျပန်ရွေးကောက်ပွဲဆိုရင်လည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က လွှတ်တော်အမတ်နေရာ (၄၆၅) မှာ (၃၁၆) နေရာနဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ ခုလို မဲအပြတ်အသတ် အနိုင်ရရှိခဲ့တာမျိုး ဂျပန်နိုင်ငံသမိုင်းမှာ အနည်းငယ်သာ ရှိပြီး များသောအားဖြင့် ဂျပန်နိုင်ငံရေးကလည်း ဝန်ကြီးချုပ်တွေ တစ်ယောက်ပြီးတစ်ယောက် အပြောင်းအလဲ မြန်လွန်းလှပါတယ်။ ဝန်ကြီးချုပ် တာကာအီချီဟာ ဂျပန်နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို ဂျပန်အမျိုးသားမူဝါဒ ဦးစားပေးသူလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ လူကြိုက်များကာ လွှတ်တော်အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့တာ ဖြစ်တယ်။
ဂျပန်နဲ့ ထိုင်းမှာ ရွေးကောက်ပွဲတွေ ပြီးသွားတော့ (Gen-Z) ဂျီဇက် တော်လှန်ရေးနဲ့ ရှိတ်ဟာဆီနာအစိုးရကို ဖြုတ်ချခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ကျင်းပပါဦးမယ်။ ဖေဖော်ဝါရီ (၁၂) ရက်မှာ ကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲက ထူးခြားတဲ့ ရွေးကောက်ပွဲလို့ ဆိုရမယ်။ ဒီရွေးကောက်ပွဲဟာ (၁၅) နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတမှု အရှိဆုံး ရွေးကောက်ပွဲလို့ ဆိုတယ်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအကြောင်း ပြောတဲ့အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးဖြစ်စဉ်ကိုလည်း ပြောဖို့ လိုလာတယ်။

အားလုံးသိကြတဲ့အတိုင်း ၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးအပြောင်းအလဲကြီး တစ်ခု ရုတ်တရက် ဖြစ်သွားခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဒါကာနဲ့ မြို့ကြီးတွေမှာ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒါကာတက္ကသိုလ်ကျောင်းသားတွေဟာ ဟာဆီနာအစိုးရရဲ့ အလုပ်ခွဲတမ်းမူဝါဒကို မကျေနပ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြကြရာက ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး လူထုအုံကြွဆန္ဒပြပွဲကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ အကျင့်ပျက်ခြစားမှု အကြီးအကျယ် ကျူးလွန်နေတဲ့ ဟာဆီနာအစိုးရကို ဖယ်ရှားပစ်ချင်နေကြတယ်။ ဆန္ဒပြပြည်သူတွေကို ဟာဆီနာရဲ့ လုံခြုံရေးတပ်တွေက နှိမ်နင်းတဲ့အခါ ကျောင်းသားတွေနဲ့ အရပ်သားတချို့ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့မှာ ဆန္ဒပြလူအုပ်ကြီးဟာ ဝန်ကြီးချုပ်နေအိမ်အထိ ချီတက်ရောက်ရှိလာစဉ်မှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ရဟတ်ယာဉ်နဲ့ အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတယ်။ လူထုအုံကြွ ဆန္ဒပြပွဲ ကြီးထွားလာစဉ်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ လူထုအပေါ် ပစ်ခတ်နှိမ်နင်းခြင်း မပြုတော့ဘဲ လူထုဘက်က ရပ်တည်သွားခဲ့တယ်။
ဒီဆန္ဒပြပွဲဟာ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်တဲ့ ဆန္ဒပြပွဲဖြစ်ပြီး လက်ရှိအစိုးရတစ်ရပ်ကို ဖယ်ရှားပစ်နိုင်ခဲ့တဲ့ ပထမဦးဆုံး (Generation Z) တော်လှန်ရေးဖြစ်တယ်။ လက်ရှိအစိုးရအဖွဲ့ကို ထွက်ပြေးသွားစေတဲ့အထိ ဆန္ဒပြတော်လှန်ခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် ဂျီဇက်များရဲ့ နောက်ပိုင်း နီပေါနိုင်ငံမှာ အလားတူဖြစ်ရပ် ပေါ်ပေါက်ခဲ့သလို အာဖရိက မာဒါဂတ်စကာမှာလည်း ဂျီဇက်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကတစ်ဆင့် အစိုးရအဖွဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်။
၁၅ နှစ်ကြာ ရှိတ်ဟာဆီနာရဲ့ ရွေးကောက်ပွဲမသမာမှု၊ နိုင်ငံတော်ဘဏ္ဍာ ခိုးယူမှု၊ ဆန့်ကျင်သူတွေကို ဖိနှိပ်ရက်စက်မှုတွေ ပြီးဆုံးသွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ပျော်ရွှင်ကြတယ်။ “ဒီတော်လှန်ရေးဟာ Gen-Z တွေရဲ့ စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ ပြသခဲ့တယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ကျောင်းသားတစ်ဦးက ဆိုတယ်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲဖြစ်စဉ်ဟာ ထိုင်းတို့ ဂျပန်တို့ထက် ပိုပြီး ရှုပ်ထွေးတယ်။ နိုင်ငံရေးအတက်အကျ အလှည့်အပြောင်း များလွန်းတယ်။ ခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ကြမယ့်ပါတီက နှစ်ခုပဲရှိတယ်။ တစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ဆယ်စုနှစ်များစွာ လွှမ်းမိုးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ (BNP) ဖြစ်ပြီး တစ်ခုက ဂျာမက် အီး အစ္စလာမီပါတီ ဦးဆောင်တဲ့ (၁၁) ပါတီ ညွန့်ပေါင်းအဖွဲ့ဖြစ်တယ်။ ဒီပါတီနှစ်ခုပဲ အဓိက ပြိုင်ကြမှာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ခါလေဒါဇီယာရဲ့သား အသက် (၆၀) အရွယ်ရှိ တာရစ် ရာမန် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ (BNP) က အနိုင်ရဖို့ ရေပန်းစားနေတယ်။
ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားပြီးနောက်မှာ နိုဘယ်ဆုရ ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ် ဦးဆောင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းခဲ့တယ်။ ဒီအစိုးရအဖွဲ့မှာ ဆန္ဒပြ Gen-Z ခေါင်းဆောင်အချို့ ပါဝင်ခဲ့ပြီး ယူနွတ်က နိုင်ငံတော်အကြံပေးရာထူးနဲ့ပဲ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲက ရှိတ်ဟာဆီနာအစိုးရ ပြုတ်ကျပြီး တစ်နှစ်ခွဲအကြာမှာ ကျင်းပတာ ဖြစ်တယ်။ ထူးခြားတာက ဒီရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ လေးကြိမ် အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာဆီနာရဲ့ “အဝါမီလိဂ်” ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘဲ ပိတ်ပင်ခံခဲ့ရတာ ဖြစ်တယ်။ အဓိကပါတီကြီး “အဝါမီလိဂ်” မပါဝင်ဘဲ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကို ၁၅ နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့လည်း ဆိုနေကြတယ်။
ရှိတ်ဟာဆီနာကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာခုံရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလက မျက်ကွယ်မှာ သေဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ ဟာဆီနာဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုအတွက် လူသားများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုတယ်။ ဟာဆီနာ မပါဝင်တဲ့ အဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပြုဖို့ ပါတီအချို့က သဘောတူပေမဲ့ ကျောင်းသားတွေက သဘောမတူလို့ ပါဝင်ခွင့် မရခဲ့ဘူး။
ဘင်္ဂလားဒေ့ရှ် ဂျီဇက်တွေ ဆန္ဒပြလို့ ဟာဆီနာ အစိုးရပြုတ်ကျသွားပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှေ့တန်းပြန်ရောက်လာခဲ့တာက ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ်ပါတီ (BNP) ပဲဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ကြည့်တဲ့အခါ ခါလီဒါဇီယာရဲ့ (BNP) ပါတီနဲ့ ရှိတ်ဟာဆီနာရဲ့ (Awami League) ပါတီတို့ဟာ သူတစ်ပြန် ကိုယ်တစ်ပြန် ဦးဆောင်နေခဲ့ကြတာ တွေ့ရတယ်။
ခုချိန်မှာတော့ ရှိတ်ဟာဆီနာက အိန္ဒိယနိုင်ငံမှာ ခိုလှုံနေရင်း မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရသလို သိပ်မကြာသေးခင်က ထောင်က လွတ်လာတဲ့ ခါလီဒါဇီယာလည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် ဂျီဇက်တွေရဲ့ ဆန္ဒပြပွဲအပြီး ရှိတ်ဟာဆီနာ ထွက်ပြေးသွားပြီးနောက်မှာ အကျဉ်းကျနေတဲ့ ခါလီဒါဇီယာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃၀) ရက်နေ့က နာတာရှည်အဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်။ သူကွယ်လွန်ပြီး သိပ်မကြာခင်မှာပဲ (၁၇) နှစ်ကြာ ပြည်ပမှာ ခိုလှုံနေတဲ့ သားဖြစ်သူ တာရစ် ရာမန် ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာပြီး (BNP) ပါတီကို ဆက်လက်ဦးဆောင်နေတာ ဖြစ်တယ်။
ရှိတ်ဟာဆီနာရဲ့ “အဝါမီလိဂ်” ပါတီ မပါတဲ့ ခုရွေးကောက်ပွဲမှာ တာရစ် ရာမန်ရဲ့ BNP ပါတီနဲ့ ရှာဖီကာ ရာမန် ဦးဆောင်တဲ့ Jamaat-e-Islami ပါတီ နှစ်ခုကပဲ အဓိက ပြိုင်ရမှာဖြစ်ပြီး BNP က အနိုင်ရဖို့ များနေတယ်။
ဒီလိုအခြေအနေမျိုးမှာ အကျင့်ပျက်ခြစားပြီး ဖိနှိပ်အုပ်ချုပ်တဲ့ ဟာဆီနာအစိုးရကို ဖြုတ်ချပစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားလူငယ် (Gen-Z) တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိနေသလဲ။ ပါတီကျောထောက်နောက်ခံမရှိတဲ့ ကျောင်းသားလူငယ်တွေဟာ National Citizen Party ကို ထူထောင်ပြီး ခုတော့ ဂျာမက် အစ္စလာမီပါတီနဲ့ သွားရောက်ပူးပေါင်းနေကြတယ်။
“ကျွန်တော်တို့ရဲ့ အိပ်မက်က လူတိုင်း တန်းတူညီမျှ အခွင့်အရေးရရှိပြီး ကျား/မ၊ လူမျိုးစု၊ ဘာသာရေး အဆင့်အတန်း ခွဲခြားမှုမရှိတဲ့ နိုင်ငံတစ်ခု တည်ဆောက်ဖို့ပါ”
“မူဝါဒအပြောင်းအလဲနဲ့ ပြုပြင်ပြောင်းလဲရေးကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက အလှမ်းဝေးနေဆဲပါ” လို့ ကျောင်းသားဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ဆိုတယ်။
သူတို့ဟာ အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးတလေတောင် ပါဝင်ခြင်းမရှိတဲ့ ဂျာမတ် အီး အစ္စလာမီပါတီနဲ့ ပူးပေါင်းနေကြရတယ်။ ဂျီဇက်တွေရဲ့ တော်လှန်ရေးနဲ့ ဟာဆီနာအစိုးရ ပြုတ်ကျသွားခဲ့ပေမဲ့ အခုရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် အစိုးရသစ်ဟာ ဘင်္ဂလားဒေ့ရှ် ဂျီဇက်တွေ မျှော်လင့်နေကြသလို ဖြစ်လာဖို့ မသေချာသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးဟာ လုပ်ကြံသတ်ဖြတ်ခံ ခေါင်းဆောင်တစ်ဦးနဲ့ စစ်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ သမီးနဲ့ ဇနီး (ဟာဆီနာနဲ့ ခါလီဒါ) အားပြိုင်မှု (Battle of Begums) သာ ဖြစ်ပြီး ဆယ်စုနှစ်များအတွင်း အပြန်အလှန် အာဏာအတက်အကျ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရကြောင်းပါ..။
ref: Gen Z won the revolution. The old guards are dominating the election, CNN. And facts from Google Search.


