လွန်ခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ် (Gazipur) ခရိုင်၊ ကာလီယာကဲလ် (Kaliakair) မြို့နယ်ထဲက ဘာမွန်ဂိုနာ (Bamonghona) ကျေးရွာရဲ့ လယ်ကွင်းပြင်တွေမှာ စပါးစိုက်တဲ့ အလုပ်တွေ ပြီးစီးသွားခဲ့ပါပြီ။
ဒီကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ (Dhaka) နဲ့ အကွာအဝေးအရ ကြည့်ရင် သိပ်မဝေးလှဘူး ဆိုပေမဲ့ ကဏ္ဍတော်တော်များများမှာတော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျေးရွာကနေ ဒေသတွင်းစျေးကို ဆက်သွယ်ပေးမယ့် ကောင်းမွန်တဲ့ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာခင်းထားတဲ့ လမ်းမျိုးတောင် အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့် ရွာကလူတွေ အနေနဲ့ ဆေးကုသခွင့်ရဖို့၊ ပညာရေးနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် ခက်ခဲနေရပြီး အထူးသဖြင့် မိုးရာသီဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်ကြရပါတယ်။
အခုအချိန်မှာတော့ လယ်ကွင်းပြင်နဲ့ ခြံတွေထဲမှာ စပါးတွေ၊ ပြောင်းဖူးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ရိတ်သိမ်းဖို့ စောင့်ဆိုင်းနေတဲ့ ရာသီပေါ် သီးနှံတွေ ဝေဝေဆာဆာ ရှိနေပြီး ကျေးရွာရဲ့ လူနေမှုဘဝဟာလည်း အေးအေးဆေးဆေး ရှိလှတဲ့ ကာလတစ်ခုထဲကို ရောက်ရှိနေပါပြီ။ လယ်သမားတွေအတွက် လတ်တလောမှာ အလုပ်သိပ်မများသေးတာကြောင့် သက်ကြီးရွယ်အို အမျိုးသားအတော်များများဟာ သူတို့ရဲ့ မွန်းလွဲပိုင်းအချိန်တွေကို ရွာထိပ်က လက်ဖက်ရည်ဆိုင်မှာဖြစ်စေ၊ ဒါမှမဟုတ် အိမ်ရှေ့ဝင်းထဲက ကွပ်ပြစ်ပေါ်မှာ စုဝေးကြပြီး စကားတပြောပြောနဲ့ အချိန်ကုန်လွန်စေကြပါတယ်။
ဒါပေမဲ့ မကြာသေးမီကတော့ သူတို့ရဲ့စကားဝိုင်းတွေဟာ သီးနှံအထွက်နှုန်း၊ ရာသီဥတု ဒါမှမဟုတ် ဒေသတွင်းနိုင်ငံရေးအကြောင်းတွေ မဟုတ်တော့ဘဲ အရှေ့အလယ်ပိုင်းက စစ်ပွဲအကြောင်းတွေသာ ဖြစ်နေပါတယ်။
“နေတာယာဟု သေသွားပြီဆို။”
“စစ်ပွဲက ဘယ်တော့ရပ်မှာလဲ။”
“ဒီနေ့ အီရန်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လိုက်တာ အားရသဗျို့။”
“ဘင်္ဂလားဒေ့ရှ်ရဲ့ လောင်စာဆီစျေးနှုန်းတွေ ဘာဆက်ဖြစ်မလဲဗျ။”
ဒီစကားသံတိုလေးတွေဟာ ကျေးရွာလေထုထဲမှာ ပျံ့လွင့်နေပါတယ်။ လက်ဖက်ရည်ဆိုင်တွေကနေ အိမ်ရှေ့ဝိုင်းတွေအထိ၊ လမ်းဘေးခုံတန်းလျားတွေကနေ သစ်ပင်အောက်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ အဘိုးအိုအချို့အထိ လူတိုင်းဟာ လိုင်းဆွဲအား သိပ်မကောင်းပေမဲ့ အသုံးပြုလို့ရနေသေးတဲ့ 3/4G ကွန်ရက်ချိတ်ဆက်ထားတဲ့ တရုတ်နိုင်ငံထုတ် စမတ်ဖုန်းကိုယ်စီကို ကိုင်ထားကြပါတယ်။ သူတို့ပြောနေကြတဲ့ စစ်ပွဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ကီလိုမီတာ ၅,၀၀၀ နီးပါးဝေးကွာတဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတာပါ။ ဒါပေမဲ့လည်း ဘာမွန်ဂိုနာ (Bamonghona) လို ကျေးရွာလေးတွေမှာတော့ ဒီစစ်ပွဲဟာ သူတို့နဲ့ အနီးနားလေးတင် ဖြစ်ပျက်နေသလို ခံစားနေကြရပါတယ်။
အဲဒီကျေးရွာမှာပဲ မိုဟာမက် အာဇာဟာရူလ် အစ္စလာမ် (Mohammad Azaharul Islam) ဟာ သူ့အိမ်ရဲ့ ဝရန်တာမှာ ထိုင်ရင်း စမတ်ဖုန်းတစ်လုံးနဲ့ YouTube ပေါ်က သတင်းချန်နယ်တစ်ခုမှာ စစ်ပွဲနောက်ဆုံးရ သတင်းတွေကို ကြည့်နေပါတယ်။ အဲဒီဗီဒီယိုထဲမှာ ဒုံးကျည်တွေ၊ မီးခိုးလုံးတွေနဲ့ အီရန်၊ အစ္စရေးနဲ့ အမေရိကန်တို့အကြောင်း အရေးပေါ် သတင်းခေါင်းစဉ်တွေကို ဖော်ပြနေပါတယ်။

ဘင်္ဂလားဒေ့ရှ် ကျေးလက်ဒေသက မိသားစုအများစုလိုပဲ အာဇာဟာရူလ်ရဲ့ မိသားစုဟာလည်း ပြည်ပကပို့တဲ့ ဝင်ငွေအပေါ်မှာ အများကြီး မှီခိုနေရတာပါ။ သူ့ရဲ့ သားကြီးဖြစ်သူက စင်ကာပူမှာ အလုပ်လုပ်ကိုင်နေပြီး သားငယ် ရာကစ် ဟိုစိန် (Rakib Hossain) ကတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ (Riyadh) ရှိ စက်သုံးဆီဆိုင်တစ်ခုမှာ သွားရောက် အလုပ်လုပ်နေတာ ဖြစ်တယ်။
ရာကစ် (Rakib) ဟာ အိဒ်ပွဲတော် (Eid-ul-Fitr) ဆင်နွှဲဖို့နဲ့ လက်ထပ်ဖို့အတွက် နှစ်လခွဲခွင့်ယူပြီး အိမ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ သူ ရီယာ့ဒ်ကို ပြန်ရမယ့် လေယာဉ်ခရီးစဉ်ကတော့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် အိမ်အပြန်ခရီးမှာတော့ စစ်ပွဲသတင်းတွေက အရိပ်မည်းကြီးလို လွှမ်းမိုးလို့နေပါတယ်။
“ဒါက စိတ်ဖိစီးမှုအသစ်တစ်ခု ဖြစ်လာတယ်” လို့ ရာကစ်က ပြောပြပါတယ်။ “ကျွန်တော်က တစ်နှစ်မှာ ၃၆၅ ရက်လုံး၊ တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်ရတာပါ။ ဆော်ဒီလူမျိုးတွေက ကြင်နာတတ်ကြတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ လက်တွေ့က တခြားစီဖြစ်နေတာကို တွေ့ရတယ်။ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ပြီးတာနဲ့ ပိုက်ဆံမပေးဘဲ မောင်းပြေးသွားတဲ့သူတွေ ခဏခဏရှိတယ်။ အဲဒီလိုဆိုရင် အဲဒီဖိုးကို ကျွန်တော့်ပိုက်ဆံနဲ့ပဲ ပြန်စိုက်ပေးရတယ်။ ကျွန်တော်က တစ်လကို တာကာ (Taka) ၅၀,၀၀၀ လောက်ပဲ ရတာပါ” (တာကာ ငါးသောင်းဟာ မြန်မာငွေ ရှစ်သိန်းကျော်လောက်နဲ့ ညီမျှပါတယ်)။
သူဟာ နောက်ထပ် နှစ်နှစ်စာချုပ်အတွက် ပြင်ဆင်နေပြီး စင်ကာပူ ဒါမှမဟုတ် မလေးရှားလို တခြားနိုင်ငံတစ်ခုခုကို ပြောင်းရွှေ့နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးစုဆောင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
“တကယ်လို့ စစ်ပွဲကြောင့် ကျွန်တော့်ကုမ္ပဏီသာ ထိခိုက်သွားပြီး ကျွန်တော့်ကို (ဘင်္ဂလားဒေ့ရှ်ကို) ပြန်ပို့လိုက်မယ်ဆိုရင်တောင် ဆော်ဒီကိုလာဖို့ ကုန်ကျခဲ့တဲ့စရိတ်တွေကို ပြန်ရပြီးသားမို့လို့ အားလုံးတော့ ဆုံးရှုံးသွားမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။ “ဒါပေမဲ့ ပိုကောင်းတဲ့နေရာတစ်ခုကို ပြောင်းနိုင်ဖို့အတွက် ငွေတော့ စုမိထားဖို့ လိုမယ်။ အဲဒါကြောင့်လည်း အခုလို မိသားစုနဲ့ ဝေးပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာပေါ့။”
အာဇာဟာရူလ် အစ္စလာမ်နဲ့ သူ့ဇနီးအတွက်တော့ ဒီစစ်ပွဲဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ မြင်နေရတဲ့ အဝေးက အဖြစ်အပျက်တစ်ခု မဟုတ်တော့ပါဘူး။ အဲဒီအစား သူတို့အိမ်ထဲအထိ စိမ့်ဝင်လာတဲ့ အမြဲတမ်း စိုးရိမ်ပူပန်စရာ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပါပြီ။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့ အသတ်ခံလိုက်ရပြီလို့ ကျွန်တော်တို့ ကြားတယ်” လို့ အာဇာဟာရူလ်က ပြောပါတယ်။ “ကျွန်တော့်မှာ သားနှစ်ယောက်ပဲ ရှိတာပါ။ နှစ်ယောက်လုံးက ပြည်ပမှာ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရတာ။ သူတို့မှာ ဇနီးမယားနဲ့ သားသမီးတွေ ရှိကြတယ်။ ကျွန်တော်တို့ သူတို့အတွက် အမြဲတမ်း စိုးရိမ်နေရတာပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာနေပြီး အလုပ်လုပ်ရင် ဝင်ငွေရမယ့် အခွင့်အလမ်းက အရမ်းနည်းနေတော့ သူတို့ကို မသွားနဲ့လို့လည်း တားလို့မရဘူး။ အခုခေတ်မှာ စိုက်ပျိုးရေးကလည်း တွက်ခြေမကိုက်တော့သလို အထည်ချုပ်အလုပ်တွေကလည်း လုပ်ခလစာ အရမ်းနည်းတယ်လေ။”
သူ့ရဲ့သားတွေကို ပြည်ပကို ပို့ဖို့အတွက် ကြီးမားတဲ့ ငွေကြေးရင်းနှီးမှုတွေနဲ့ စွန့်စားမှုတွေ လုပ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
“၂၀၁၂ တုန်းက ကျွန်တော့်သားကြီးကို တာကာ ၁၀ သိန်း (မြန်မာငွေကျပ် ၁၇၀ သိန်း) နီးပါး အကုန်အကျခံပြီး စင်ကာပူကို ပို့ခဲ့တာ။ ဒါပေမဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် သူ အိမ်ကို အကြိမ်ကြိမ် ပြန်လာခဲ့ရတယ်။ နောက်တော့ ၂၀၂၃ မှာ သားအငယ်ကို တာကာ ၇ သိန်း (မြန်မာငွေကျပ် ၁၂၀ သိန်း) လောက် အကုန်အကျခံပြီး ဆော်ဒီအာရေဗျကို ထပ်ပို့ခဲ့ရတယ်။ သူတို့ကြောင့်သာ ကျွန်တော်တို့ ဒီရွာမှာ နည်းနည်းလေး ပိုအဆင်ပြေပြေ နေနိုင်ကြတာပါ။ ဒီပဋိပက္ခက ဘယ်လောက်ကြာဦးမလဲ ဘယ်သူသိမှာလဲ။ ဆော်ဒီအာရေဗျ ပတ်ပတ်လည်မှာ ဗုံးကြဲတာတွေ ဖြစ်နေတာက တကယ့်ကို ထိတ်လန့်စရာပါပဲ။”
အာဇာဟာရူလ် အစ္စလာမ်ရဲ့ ဖြစ်ရပ်မျိုးက ရွာတစ်ရွာတည်းမှာတင် ရှိနေတာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် ကျေးလက်ဒေသတစ်လွှားမှာ မိသားစုပေါင်း သန်းနဲ့ချီဟာ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေဆီက ပို့တဲ့ဝင်ငွေအပေါ် မှီခိုနေကြရတာပါ။
လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ သန်းခန့်ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြပါတယ်။ ဆော်ဒီအာရေဗျဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃.၅ သန်းခန့်နဲ့ အများဆုံး လက်ခံထားတဲ့နိုင်ငံဖြစ်ပြီး သူတို့ဟာ မိခင်နိုင်ငံဆီကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ပြန်လည်ပေးပို့နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ဆော်ဒီအလုပ်သမားစျေးကွက်ထဲကို စတင်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး အခုအခါမှာတော့ အဲဒီနိုင်ငံရဲ့ အကြီးဆုံး ပြည်ပအလုပ်သမားအသိုက်အဝန်း ဖြစ်လာခဲ့ပါတယ်။
ဆော်ဒီအာရေဗျပြီးရင်တော့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်းခွဲခန့် ရှိနေပါတယ်။ ကာတာနိုင်ငံမှာ ၄ သိန်းခန့်၊ ကူဝိတ်မှာ ၃ သိန်းခွဲကနေ ၄ သိန်းကြား၊ အိုမန်မှာ ၇ သိန်းကျော်နဲ့ ဘာရိန်းနိုင်ငံမှာ ၁ သိန်းကျော် ရှိနေကြပါတယ်။ သူတို့ထဲက အများစုဟာ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သန့်ရှင်းရေး၊ စားသောက်ဆိုင်၊ လက်လီအရောင်းဆိုင်နဲ့ စက်သုံးဆီဆိုင်တွေမှာ အလုပ်လုပ်ကြတာဖြစ်ပြီး အဲဒီအလုပ်တွေဟာ ပင်ပန်းဆင်းရဲပြီး လုပ်ခလစာနည်းပါးသလို အလုပ်အကိုင် အာမခံချက်လည်း မရှိတတ်ကြပါဘူး။ ဒါပေမဲ့လည်း ကျေးလက်မိသားစု အများအပြားအတွက်တော့ ဒီအလုပ်တွေဟာ ငွေကြေးတည်ငြိမ်မှုရဖို့အတွက် အားအကိုးရဆုံး လမ်းစတစ်ခု ဖြစ်နေဆဲပါ။
အဲဒီအလုပ်သမားတွေ အိမ်ပြန်ပို့တဲ့ငွေတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ် ကျေးလက်ဒေသရဲ့ ပုံစံကို ပြောင်းလဲပေးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်ပရောက်လုပ်သားတွေဆီကနေ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော် ရရှိခဲ့ပြီး အဲဒီအထဲက အများစုဟာ အရှေ့အလယ်ပိုင်းကနေ လာတာဖြစ်ပါတယ်။ ဒီငွေတွေဟာ အိမ်တွေဆောက်လုပ်ဖို့၊ ပညာရေးစရိတ်ပေးဖို့၊ သက်ကြီးရွယ်အို မိဘတွေကို ထောက်ပံ့ဖို့၊ လုပ်ငန်းအသေးစားလေးတွေ ထူထောင်ဖို့နဲ့ ကျေးရွာစီးပွားရေး ယန္တရားလည်ပတ်နိုင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။
ကျေးလက်ရွာတော်တော်များများမှာ တဲအိမ်၊ သွပ်မိုးအိမ်နဲ့ ကွန်ကရစ်တိုက်အိမ်များကြားက ကွာခြားချက်ဟာ ပြည်ပကပို့တဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် ကျောင်းဆက်တက်နိုင်ခြင်း ဒါမှမဟုတ် ကျောင်းထွက်လိုက်ရခြင်းဆိုတာဟာလည်း အရှေ့အလယ်ပိုင်းက ပို့ပေးတဲ့ ငွေပေါ်မှာပဲ မူတည်နေတတ်ပါတယ်။ ဒီနည်းနဲ့ အရှေ့အလယ်ပိုင်းဒေသဟာ ဘင်္ဂလားဒေ့ရှ် ကျေးလက်လူနေမှုဘဝတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေခဲ့တာပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်ပထွက်ခွာမှုဟာ သီးခြားမြေပုံတစ်ခုသဖွယ် ပေါ်ပေါက်လာခဲ့ပါတယ်။ ကူမီလာ (Cumilla)၊ စစ်တကောင်း (Chattogram)၊ ဘရာမန်ဘာရီယာ (Brahmanbaria)၊ တန်ဂေးလ် (Tangail) နဲ့ ဒါကာ (Dhaka) စတဲ့ ခရိုင်အချို့ဟာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှ အလုပ်သမားစျေးကွက်တွေနဲ့ ရေရှည်ချိတ်ဆက်မှုတွေ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ မိသားစုကွန်ရက်တွေ၊ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တွေနဲ့ လူမှုအသိုက်အဝန်း ချိတ်ဆက်မှုတွေကတစ်ဆင့် ဒီခရိုင်တွေဟာ ပြည်ပအလုပ်အကိုင်တွေအတွက် အရေးပါတဲ့ တံခါးပေါက်တွေ ဖြစ်လာခဲ့ပြီး ကျေးလက်ဒေသ အများအပြားကို ကမ္ဘာ့အလုပ်သမား စျေးကွက်နဲ့ ချိတ်ဆက်ပေးထားပါတယ်။
ကူမီလာခရိုင်တစ်ခုတည်းကတင် အလုပ်သမား ၉၆၄,၀၀၀ ပို့ထားပြီး၊ စစ်တကောင်းက ၇၂၆,၀၀၀၊ ဘရာမန်ဘာရီယာက ၄၉၃,၀၀၀၊ တန်ဂေးလ်က ၄၄၃,၀၀၀ နဲ့ ဒါကာခရိုင်က ၄၀၄,၀၀၀ အသီးသီး ရှိကြပါတယ်။ ချန်ပူ၊ နိုအာခါလီ၊ နာဆင်းဒီ၊ မွန်ရှီဂန့်နဲ့ ဖီနီ ခရိုင်တွေကတော့ ထိပ်ဆုံး ၁၀ ခုစာရင်းထဲမှာ ပါဝင်ပါတယ်။
နိုင်ငံအတွင်း ခရိုင်ပေါင်း ၆၄ ခုရှိတဲ့အနက် ခရိုင် ၁၆ ခုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ပြည်ပကို အလုပ်သမား ၂ သိန်းကျော်စီ ပို့ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်ပထွက်ခွာမှုဟာ ဒေသအနည်းငယ်အပေါ်မှာပဲ ဘယ်လောက်အထိ အားပြုနေရသလဲဆိုတာကို ဖော်ပြနေတာပါ။ အဲဒီခရိုင်တွေမှာ ပြည်ပထွက်အလုပ်လုပ်ဖို့ဆိုတာဟာ ဘဝအတွက် သာမန်ဆုံးဖြတ်ချက်တစ်ခုလို ဖြစ်နေပြီး ဆွေမျိုးသားချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ ဒေသတွင်း အလုပ်အကိုင်ရှာဖွေရေးကွန်ရက်တွေရဲ့ လွှမ်းမိုးမှုတွေ ရှိနေတတ်ပါတယ်။
ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က ကျေးရွာတွေမှာတော့ မျိုးဆက်နှစ်ဆက်စာအတွင်း ပြည်ပထွက်ခွာမှုဟာ နေ့စဉ်ဘဝတွေကို တိတ်တဆိတ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ကူမီလာ၊ တန်ဂေးလ်၊ ဆေးလ်ဟတ် ဒါမှမဟုတ် ဘရာမန်ဘာရီယာ ခရိုင်တွေက ရွာတော်တော်များများမှာ မိသားစုဝင် အတော်များများ ပြည်ပမှာ အလုပ်လုပ်နေတာဟာ သာမန်ကိစ္စတစ်ခုပါပဲ။ သွပ်မိုးကို ကွန်ကရစ်နဲ့ အစားထိုးနိုင်တာ၊ မိသားစုအကြွေးတွေ ဆပ်နိုင်တာတွေဟာ ရီယာ့ဒ်၊ ဒူဘိုင်း ဒါမှမဟုတ် မတ်စကတ်မြို့တွေမှာ အလုပ်လုပ်နေတဲ့ သား ဒါမှမဟုတ် မောင်နှမတွေကြောင့် ဖြစ်နိုင်ခဲ့တာပါ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ကမ္ဘာ့ဖြစ်ရပ်တွေကို ကျေးလက်လူနေမှုဘဝနဲ့ ပိုမိုနီးကပ်သွားစေခဲ့တဲ့ နောက်ထပ် အဓိကအပြောင်းအလဲတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ စမတ်ဖုန်းပါပဲ။ လမ်းခင်းမထားတဲ့ ရွာလေးတွေမှာတောင် အခုဆိုရင် စမတ်ဖုန်းတွေကို အနှံ့အပြား တွေ့နိုင်နေပါပြီ။
အိမ်ထောင်စုတော်တော်များများဟာ YouTube က သတင်းတွေကို ကြည့်ဖို့၊ Facebook ပို့စ်တွေကို ဖတ်ဖို့နဲ့ လက်ဖက်ရည်ဆိုင်တွေမှာ နိုင်ငံတကာနိုင်ငံရေးအကြောင်း ဆွေးနွေးဖို့အတွက် စမတ်ဖုန်းတစ်လုံးစီ ပိုင်ဆိုင်ထားကြပါတယ်။ အခုဆိုရင် မိုဘိုင်းလ်အင်တာနက်ကတစ်ဆင့် ကမ္ဘာတစ်လွှားက ပဋိပက္ခသတင်းတွေဟာ ဖြစ်ပွားနေတဲ့အချိန်နဲ့တစ်ပြေးညီ ကျေးလက်ဒေသတွေဆီကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
ဒီကျေးရွာတွေမှာ အခြား အခြေခံအဆောက်အအုံတွေ ချို့တဲ့နေချင်နေမှာ ဖြစ်ပေမယ့် သတင်းအချက်အလက်တွေကတော့ ပြတ်တောက်မသွားပါဘူး။ ဒုံးကျည်နဲ့ တိုက်ခိုက်မှုသတင်းတွေ၊ ဆီစျေးနှုန်းတွေနဲ့ နိုင်ငံရေးမိန့်ခွန်းတွေဟာ Facebook ဗီဒီယိုတွေနဲ့ YouTube ချန်နယ်တွေကတစ်ဆင့် အလွန်မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတတ်ပါတယ်။ ရွာသားအများစုဟာလည်း IMO ဒါမှမဟုတ် WhatsApp တို့ကတစ်ဆင့် ပြည်ပရောက် ဆွေမျိုးသားချင်းတွေနဲ့ ပုံမှန်ဆက်သွယ်နေကြတာမို့ အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီကနေ တိုက်ရိုက်သိရှိနေကြရပါတယ်။

ရလဒ်အနေနဲ့ကတော့ ကမ္ဘာ့နိုင်ငံရေးဆိုတာ မြို့တော်တွေ ဒါမှမဟုတ် တက္ကသိုလ်တွေမှာပဲ ဆွေးနွေးကြတဲ့အရာ မဟုတ်တော့ပါဘူး။ ကျေးရွာလက်ဖက်ရည်ဆိုင်တွေနဲ့ အိမ်ရှေ့ဝိုင်းလေးတွေမှာပါ ပြောဖြစ်နေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါပြီ။
ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးစုလက္ခဏာတွေကလည်း ဘင်္ဂလားဒေ့ရှ် ကျေးလက်နေပြည်သူတွေ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကို ဘယ်လိုမြင်သလဲဆိုတဲ့အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် လူဦးရေရဲ့ ၉၁ ရာခိုင်နှုန်းခန့်ဟာ မူစလင်ဘာသာဝင်တွေ ဖြစ်ကြတာမို့ ပါလက်စတိုင်းအရေး၊ အဲဒီဒေသအပေါ် အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ မူစလင်ကမ္ဘာ့နိုင်ငံရေး စတာတွေကို စိတ်ခံစားမှုအပြည့်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတတ်ကြပါတယ်။ ကျေးလက်နေသူ အများစုအတွက် အဓိကသတင်းရင်းမြစ် ဖြစ်လာတဲ့ ဆိုရှယ်မီဒီယာဟာလည်း ဒီလိုစိတ်ခံစားမှုတွေကို ပိုမိုပြင်းထန်စေပြီး သတင်း၊ အမြင်နဲ့ ကောလာဟလတွေကို ရောထွေးဖော်ပြရင်း အဝေးက ပဋိပက္ခတွေကို သူတို့နဲ့ပတ်သက်နေသလို ခံစားရအောင် ဖြစ်နေတာ မြင်ရမှာပါ။
ဒါပေမဲ့ စိတ်ခံစားမှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေအပြင် လက်တွေ့ကျတဲ့ စိုးရိမ်ပူပန်မှုကတော့ စီးပွားရေးနဲ့ အသက်အန္တရာယ် ဘေးကင်းရေးပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဆိုအရ ပဋိပက္ခစတင်ချိန်ကတည်းက အရှေ့အလယ်ပိုင်းနိုင်ငံအသီးသီးမှာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမား ၅ ဦး သေဆုံးခဲ့ပြီးဖြစ်သလို အခြားအများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ရှေ့မှာ ပြောခဲ့သလို ဘာမွန်ဂိုနာ (Bamonghona) လို ကျေးရွာတွေမှာ မိသားစုအများအပြားရဲ့ မိသားစုဝင်တွေဟာ အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြတာပါ။ ဒါကြောင့် ဒီကလူတွေဟာ ဆော်ဒီအာရေဗျ၊ ယူအေအီး ဒါမှမဟုတ် ကာတာနိုင်ငံတွေက ဒုံးကျည်တိုက်ခိုက်မှု သတင်းတွေကို ကြည့်တဲ့အခါ အဝေးက နိုင်ငံတကာသတင်းတွေကို ဒီအတိုင်း အပျင်းပြေကြည့်နေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ မိသားစုဝင်တစ်ယောက်ယောက် အဲဒီမှာ ရှိနေနိုင်တာကြောင့် ဒီသတင်းတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ ဆီစျေးနှုန်း မြင့်တက်လာမှုကိုလည်း ဖြစ်စေတတ်ပါတယ်။ လောင်စာဆီ အများစုကို ပြည်ပက တင်သွင်းနေရတဲ့ ဘင်္ဂလားဒေ့ရှ်အတွက်တော့ ဆီစျေးတက်ခြင်းဟာ သယ်ယူပို့ဆောင်ရေးစရိတ်၊ မြေသြဇာစရိတ်နဲ့ နောက်ဆုံးမှာ အစားအသောက်စျေးနှုန်းတွေ မြင့်တက်လာခြင်းကို ဆိုလိုတာပါ။ ဒါဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိပေမဲ့ ဝင်ငွေမရေရာတဲ့ ကျေးလက်အိမ်ထောင်စုတွေအတွက် ပိုပြီးတော့ ခံစားရစေပါတယ်။
ဒီလိုနည်းနဲ့ အရှေ့အလယ်ပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ နောက်ဆုံးမှာတော့ ဘင်္ဂလားဒေ့ရှ် ကျေးရွာစျေးကွက်ထဲက ဆန်စျေး၊ စပါးစျေး၊ အသီးအနှံစျေးများအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
“ကျွန်တော်တို့က နိုင်ငံရေးအကြောင်း သိပ်နားမလည်ပေမဲ့ အဲဒီကြားက ဆက်စပ်မှုကိုတော့ ရိုးရိုးရှင်းရှင်းလေးပဲ နားလည်တယ်” လို့ တန်ဂေးလ်ခရိုင်၊ ဆာခီပူရ် (Sakhipur) မြို့နယ်၊ နိုလူအာ (Nolua) ရွာသား၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ အလုပ်လုပ်နေတဲ့ အသက် ၄၃ နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား ရှာခါဝပ် မီးယား (Shakhawat Miah) က The Diplomat ကို ဖုန်းကတစ်ဆင့် ပြောပြပါတယ်။ “စစ်ဖြစ်ပြီဆိုရင် ဆီစျေးတက်မယ်။ ဆီစျေးတက်ရင် အရာအားလုံး စျေးကြီးကုန်မယ်။ ပြီးတော့ အရှေ့အလယ်ပိုင်းသာ မတည်မငြိမ်ဖြစ်သွားရင် ကျွန်တော်တို့ အလုပ်ပြုတ်နိုင်တယ်၊ ဒါမှမဟုတ် အိမ်ပြန်ဖို့ အတင်းအကျပ် အခိုင်းခံရနိုင်တယ်။ အခုတောင်မှ ကျွန်တော်တို့ ရှာပြီး အိမ်ပြန်ပို့တဲ့ ပိုက်ဆံတွေက တစ်နှစ်ထက်တစ်နှစ် ငွေတန်ဖိုးကျတော့ နည်းသထက် နည်းလာနေပြီ။”
“UAE နိုင်ငံမှာ အပျက်အစီးတွေ အများကြီးရှိနေပြီလို့ ကြားနေရတယ်။ တကယ်လို့ ပဋိပက္ခက နောက်ထပ်တစ်လလောက် ထပ်ကြာဦးမယ်ဆိုရင် ကျွန်တော်တို့ ဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ညဘက်ဆိုရင်လည်း စိုးရိမ်စိတ်နဲ့ အိပ်မပျော်ဘူး။ ဘယ်အချိန်မှာ ဗုံးကျပြီး သေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျွန်တော့်နယ်ဘက်က လူတစ်ယောက်တောင် ဆော်ဒီအာရေဗျမှာ သေသွားခဲ့ပြီ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းက ကျေးရွာတွေမှာ ရှိနေတဲ့ စိုးရိမ်ပူပန်မှုဟာ စစ်ရေးဗျူဟာတွေ ဒါမှမဟုတ် နိုင်ငံတကာ သံတမန်ရေးရာတွေအကြောင်း မဟုတ်ပါဘူး။ အဲဒါဟာ ဝမ်းစာရှာဖွေရေး၊ မိသားစုနဲ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျေးလက်ရွာလေးတွေဟာ ကမ္ဘာ့နိုင်ငံရေးမြေပုံ အတော်များများမှာ ပါဝင်လေ့ မရှိပါဘူး။ သူတို့မှာ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်နဲ့ပဲ၊ အင်တာနက်လိုင်းဆွဲအားလည်း အားနည်းပါတယ်။ ဒါပေမဲ့ နေ့လယ်ခင်းတိုင်းမှာတော့ အမျိုးသားတွေဟာ စမတ်ဖုန်းမျက်နှာပြင်လေးတွေရဲ့ ဘေးမှာ စုဝေးပြီး ဒုံးကျည်တွေ၊ သမ္မတတွေနဲ့ ဆီစျေးနှုန်းတွေအကြောင်း ဆွေးနွေးနေကြပါတယ်။ သူတို့ဟာ အီရန်၊ အစ္စရေး၊ အမေရိကန်နဲ့ ဆော်ဒီအာရေဗျ စတဲ့ သူတို့အများစု တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေအကြောင်း ပြောဆိုနေကြပေမဲ့ အဲဒီနေရာတွေကပဲ သူတို့ရဲ့ ဘဝတွေကို လက်တွေ့ကျကျ ပုံဖော်ပေးနေတာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဟာ ဒီကျေးရွာနဲ့ ပထဝီဝင်အရ ကွာဝေးနေနိုင်ပေမဲ့ လက်တွေ့ဘဝမှာတော့ မဝေးပါဘူး။ ဒီက မိသားစုပေါင်း သန်းနဲ့ချီဟာ ပင်လယ်ကွေ့ဒေသမှာ အလုပ်လုပ်နေသူ တစ်ယောက်ယောက်အပေါ် မှီခိုနေကြရတာပါ။ ဒါကြောင့် အဲဒီမှာ စစ်ပွဲစတင်ပြီဆိုတာနဲ့ ဒီမှာလည်း စိုးရိမ်ပူပန်မှုတွေ စတင်လာပါတော့တယ်။
The Diplomat မဂ္ဂဇင်းပါ “Why Bangladeshi Villagers Are Worried About the Iran-US War” ဆောင်းပါးကို ဆီလျှော်အောင် ပြန်ဆိုပါသည်။


