ဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုး
၁၉၃၆ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဗိုလ်ချုပ်ကြီးဖရန်ကိုခေါင်းဆောင်သော ဖက်ဆစ်တပ်များက ဒီမိုကရေစီသမ္မတနိုင်ငံတော်အစိုးကို တော်လှန်ပုန်ကန်တိုက်ခိုက်သဖြင့် ပြည်တွင်းစဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုးစ်ကြီးဖြစ်ပွားခဲ့ရသည်။ ဗိုလ်ချုပ်ကြီးဖရန်ကို,ကို ဂျာမန်ခေါင်းဆောင်ဟစ်တလာနှင့် အီတလီခေါင်းဆောင် မူဆိုလီနီတို့က ထောက်ခံအားပေးသည်။ ဂျာမနီနိုင်ငံ၏ထောက်ခံအားပေးမှုတွင် လေကြောင်းစစ်ကူပါ,ပါ သည်။ ၁၉၃၇ ခုနှစ် ဧပြီလ ၂၆ နေ့တွင် ဂါးနီးကားမြို့လေးကို ဂျာမန်လေတပ်မတော်က အပြင်းအထန် ဗုံးကြဲဖျက်ဆီးခဲ့သည်။ တကယ်တော့ ဒီမြို့ငယ်လေးမှာ စစ်ဘက်ဆိုင်ရာလုပ်ငန်းဘာမှမရှိ။
စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံက မြို့အပြင်မှာရှိပြီး စစ်တန်းလျားနှစ်ခုက မြို့နှင့်မလှမ်းမကမ်းမှာရှိသည်။ ယင်းစစ်ရေးပစ်မှတ်များကို ဂျာမန်လေတပ်မတော်က လုံးဝတို့ထိမှုမရှိခဲ့။ ယခုဗုံးကြဲဖျက် ဆီးခဲ့သည့်ပစ်မှတ်တွေက စစ်ရေးနှင့်လုံးဝအကျုံးမဝင်တဲ့ အရပ်သူ အရပ်သားနေတဲ့နေရာတွေ။
ဤဗုံးကြဲမှုက ဝေဟင်မှအကြားမလပ် တရစပ်ဗုံးကြဲခြင်း (aerial saturation bombing) တစ်ခုအဖြစ်သမိုင်းတွင်သွားသည်။ ကမ္ဘာ့စစ်သမိုင်း၌ ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့သော ဗုံးကြဲချမှုဖြစ်စဉ်တစ်ခု။ ဂျာမန်လေတပ်မတော်၏ နည်းဗျူဟာ ဆိုင်ရာစမ်းသပ်မှုတစ်ခုဟုဆိုသည်။ အရပ်သူအရပ်သားများအားအထိတ်တလန့်ဖြစ်အောင်၊ ပြည်သူလူထု၏ခုခံတော်လှန်မှုကို အားပျော့အောင်၊ ဘတ်စ်ခ်လူမျိုးတို့အမြတ်တနိုးထားတဲ့နေရာကိုပျက်စီးအောင် သွေးအေးအေးနှင့်လုပ်ဆောင်ခဲ့သောအကြမ်း ဖက်လုပ်ရပ်တစ်ခုအဖြစ်ရှုမြင်ကြသည်။ ဂါးနီးကားက စစ်ရေးအရအရေးမပါသော်လည်း ဘတ်စ်ခ်လူမျိုးတွေတန်ဖိုးထားသော ယဉ်ကျေးမှုအချက်အချာနေရာဖြစ်သည့်အပြင် ရှေးအကျဆုံးမြို့တစ်မြို့လည်းဖြစ်သည်။

ဗုံးကြဲသည့်နေ့က တနင်္လာနေ့။ ဈေးနေ့။ ကြဲသည့်အချိန်က ညနေ ၄ နာရီခွဲ။ ဈေးထဲလူအစည်ကားဆုံးအချိန်ကို တမင်ရွေးချယ်ပြီး ဗုံးကြဲလေယာဉ် ၂၅ စင်းကစုစုပေါင်း ပေါင်ချိန်တစ်သိန်းရှိသောဗုံးနှင့်မီးလောင်ဗုံးတွေကို သုံးနာရီကျော်ကျော်ကြဲချခဲ့တာဖြစ်သည်။ ဗုံးကြဲလေယာဉ်အုပ်စုနှင့်လိုက်လာသည့်တိုက်လေယာဉ်အစင်း ၂၀ က မြေပြင်မှာပြေးလွှားနေတဲ့ အကာအကွယ်မဲ့အရပ်သူအရပ်သားများကို စက်သေနတ်နှင့်ပစ်ခတ်သတ်ဖြတ်သည်။ မြို့နေဦးရေ၏ သုံးပုံတစ်ပုံ (၁၆၀၀) သေကျေပျက်စီးပြီး မြို့၏ ၇၀ ရာနှုန်းပျက်စီးဆုံးရှုံးသည်။ မြို့ကိုလောင်ကျွမ်းတဲ့မီးက သုံးရက်ကြာမှငြိမ်းသည်။ မြို့နှင့်လေးမိုင်အကွာမှာရှိတဲ့လယ်တောထဲကအိမ်ကလေးတွေပါမကျန်ရလေအောင် ရှာဖွေဗုံးကြဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။
ဂါးနီးကားသတင်းအပေါ်ပီကာဆို၏တုံ့ပြန်ချက်
ဂါးနီးကားရက်စက်မှုသတင်းက ၁၉၃၇ မေလ ၁ ရက်နေ့မှာ ပြင်သစ်နိုင်ငံပါရီသို့ရောက်ရှိလာသည်။ ကိုယ်တွေ့မျက်မြင်သတင်းပို့ချက်တွေက နိုင်ငံ့သတင်းစာတွေမှာရော၊ နိုင်ငံတကာသတင်းစာတွေမှာရော မျက်နှာဖုံးသတင်းအဖြစ်နေရာယူထားသည်။ ဒီအချိန် ပီကာဆိုက ပါရီမှာနေနေတဲ့အချိန်။ သူ့အမိမြေစပိန်ပြည်ရဲ့သတင်းဆိုး,သူကြားရသည်။ အပျက်အစီးတွေ၊ အဆုံးအရှုံးတွေ၊ အသေအပျောက်တွေကြားရသိရတော့ သူအကြီးအကျယ်တုန်လှုပ်သွားသည်။ သူက သမ္မတနိုင်ငံတော်အစိုးရကို အားပေးထောက်ခံသူ။

ဒီမှာတင်ပဲ သူ့အနုပညာဗီဇစိတ်က လွန့်လူးနိုးကြားလာသည်။ အဲဒီအချိန်က မကြာမီကျင်းပတော့မည့် ၁၉၃၇ ပါရီကမ္ဘာ့ကုန်စည်ပြပွဲအတွက် ပန်းချီကားတစ်ချပ်ရေးဆွဲပေးဖို့ရာ စပိန်နိုင်ငံတော်အစိုးရက သူ့ထံတောင်းခံထားချိန်။ ကုန်စည်ပြပွဲမှာပါဝင်ခင်းကျင်းထားတဲ့စပိန်ပြခန်းမှာ ပြသဖို့အတွက်ပါတဲ့။ အဲဒီအချိန်အထိ ဘာအကြောင်းအရာကိုရေးဆွဲမည်ဟု သူတိတိကျကျမဆုံးဖြတ်ရသေး။ ကုန်စည်ပြပွဲရဲ့ကြွေးကြော်သံက ခေတ်မီစက်မှုနည်းပညာကို ဂုဏ်တင်ဖို့။ အမွှမ်းတင်ဖို့။ ယခုတော့ သူတို့တစ်တွေအမွှမ်းတင်ချင်လှတဲ့ ခေတ်မီစက်မှုနည်းပညာကပဲ လူသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးပျက်ပြုန်းစေခဲ့ပြီကော။ ထိုအချိန်အထိရေးဆွဲခဲ့သော ပီကာဆို၏ လက်ရာများထဲ၌ နိုင်ငံရေးဆန်သော၊ နိုင်ငံရေးကို ခံစားထင်ဟပ်သောပန်းချီကားများမပါ၊ မရှိခဲ့။ ယခုတော့ နိုင်ငံရေးကိုခံစားထင်ဟပ်သောပန်းချီကို သူပေါ်ပေါ်ထင်ထင်ရေးဖြစ်သွားသည်။
ဂါးနီးကားက သူ့ရဲ့အမြင် / အပြတုံ့ပြန်မှု။ ရက်စက်ကြမ်းကြုတ်သော လူသတ်မှုကြီးအတွက်သူထိုးလိုက်တဲ့မော်ကွန်း။ ပန်းချီကားရေးဖို့အကြောင်းအရာ သူရသွားပြီ။ ကုန်စည်ပြပွဲဆောင်ပုဒ်က မည် သို့ဆိုစေ သူ့ခံစားချက်သူရေးမည်။ သူပုံကြမ်းတွေရာချီထုတ်သည်။ ပန်းချီကားက ပြပွဲဖွင့်မည့် မေလ ၂၅ ရက်နေ့မတိုင်မီတင်ရမှာ။ သူ့ပန်းချီကားကို အချောသပ်ဖို့အချိန်က တစ်လပင်မရလိုက်။ သို့သော်လည်း သူ့ဂါးနီးကားကြီးကို အချိန်မီအောင်အောင်မြင်မြင်ရေးထုတ်နိုင်ခဲ့သည်။ “ဂါးနီးကားကြီး” ဆိုတာတမင်ပြောလိုက်တာဖြစ်သည်။ သူ့ဆီဆေးပန်းချီကားကြီးက ကြည့်သူကိုစီးမိုးနေသည်အထိ ကြီးကျယ်လှတဲ့ကားကြီး။ အလျား ၂၅.၄ ပေ x အနံ ၁၁.၄ ပေရှိတဲ့ခမ်းနားလှတဲ့ကားကြီး။ ဗင်ဂိုးရဲ့ကြယ်တွေစုံတဲ့ညပန်းချီကား (၃ ပေ x ၂.၄ ပေ) နှင့်နှိုင်းယှဉ်ပြီး သူ့ပန်းချီကား၏ကြီးကျယ်မှုကို မှန်းဆကြည့်ပေရော့။ ပန်းချီကားကြီးကအဟန့်ကြီးသလောက် သူရေးခြယ်ထားသည့်အကြောင်း အရာက ဆန်းသစ်ခမ်းနားထွေပြားလှတာကြောင့် ပြပွဲလာပရိသတ်ရဲ့ရင်ကို အရှိန်ပြင်းပြင်းဝင်ဆောင့်သည်။ စက်မှုနည်းပညာ၏အောင်ပွဲကို မျှော်လင့်တကြီးလာကြည့်သည့် ပရိသတ်အဖို့ စပိန်ပြခန်း၌ပြသထားသော ပီကာဆိုလက်ရာပန်းချီကားကြီးကြည့်ပြီး စပိန်ပြည်သူများခံစားနေရသော စစ်ဘေးဒုက္ခတွေကို ပက်ပင်းပါအရင်းအတိုင်းမြင်လိုက်၊ ခံစားလိုက်ရသည်။ ပန်းချီဆရာ၏ ရည်ရွယ်ချက်အောင်မြင်ပေါက်မြောက်သည်ဆိုရမည်။
၁၉၄၀ တစ်ဝိုက် ပါရီကို နာဇီဂျာမနီသိမ်းပိုက်အုပ်စိုးထားချိန် တစ်နေ့ ပီကာဆို၏ စတူဒီယိုသို့ နာဇီအရာရှိတစ်ဦးရောက်လာပြီး ဂါးနီးကားပန်းချီဓာတ်ပုံကိုကြည့်သည်။ ပြီးတော့ ပီကာဆိုကို သို့ကလို မေးသည်။
“ဒါက ခင်ဗျားလက်ရာလား” (“Did you do this?”) ပီကာဆို့အဖြေက ရှင်းသည်။ “ကျုပ်လက်ရာမဟုတ်ဖူးဗျ။ ခင်ဗျား လက်ရာပါ” တဲ့။ (“No, you did.”)

စာပြီးရက်။ ၁၂-၃-၂၀၂၂



