စာရေးဆရာ ဖြစ်ချင်စိတ်သည် အလယ်တန်းကျောင်းသားဘဝကတည်းက မက်ခဲ့ဖူးသည့် အိပ်မက်မျှသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခေါင်ခေါင်ကျေးကျေး ဝေးလံလှသည့် အနောက်မြောက်ဘက် တောင်ကုန်းဒေသ၏ အစွန်အဖျား နယ်ခြားမြေဝေး ကျွန်တော့်ဇာတိမြေ တမူးမြို့ကလေးသည် မြန်မာ-အိန္ဒိယခြံစည်းရိုးဘေးတွင် တည်ရှိသည်။ ကျောင်းနှင့်သုံးမိုင်ဝေးသည့် လယ်တောတဲက မိုး ဘယ်လောက်ပဲရွာရွာ၊ နှင်းမြူမှုန်ဘယ်လောက်ပဲကျကျ မပျက်မကွက် ကျောင်းတက်ခဲ့ရသည်။ မြို့ပေါ်တွင် အိမ်ရှိသော်လည်း လယ်လုပ်ချိန်ဆိုလျှင် အိမ်ကိုပိတ်၍ မိသားစုအကုန် လယ်တဲသို့ ပြောင်း ရွှေ့နေကျဖြစ်သည်။ လယ်လုပ်ချိန်နှင့် ကျောင်းဖွင့်ချိန်က ကွက်တိ။ နွေဦးရောက်လျှင် လယ်လုပ်ငန်း သိမ်းချိန်မှာ ကျောင်းပိတ်ချိန်နှင့် ကွက်တိ။ ထို့ကြောင့် ကျောင်းစတင်နေချိန် မူလတန်းကျောင်းသား ဘဝကတည်းက လယ်တောတဲနှင့်ကျောင်း မဆက်စပ်မပတ်သက်ချင်ဘဲ ဆက်စပ်ပတ်သက်ခဲ့ရသည်။
တစ်ခုရှိတာက မိုးအကုန် ထွန်တုံးပစ်ချိန် ၊ ဆောင်းဦးကာလတွင် စပါးစိုက်ပြီး၍ စပါးတွေ မောင်းညိုချိန်ထိ လယ်လုပ်ငန်းနားသော်လည်း မိုးတွင်းကာလက ရေကြီးရေလျှံကာ ပါဟဲချောင်း ရေကျချိန် ချောင်းဘေးနုံးတင်မြေနုပေါ်ထွန်းရာ ယာမြေသို့ပြောင်းရွှေ့လျက် ပဲ၊ပြောင်း၊အာလူး၊ မုန်ညင်း၊ မုန်လာစသော ယာထွက်သီးနှံများ ထွန်ယက်စိုက်ပျိုးရသည်။ ထိုအချိန်တွင် ကျောင်းနှင့်ငါးမိုင်မျှ ကွာဝေး သော်လည်း ကျောင်းတက်မပျက်ကွက်ခဲ့ပေ။ ဘာမြေဩဇာမျှမလို၊ ရေကြီးရေလျှံ၍ တင်ကျန်ရစ်သော နုံးတင်မြေနုက စိုက်ပင်သီးနှံတို့ ရှင်သန်ဖွံ့ထွားစေသည်။ စပါးရိတ်သိမ်းချိန်တွင် လယ်တောတဲသို့ ပြန်လည်ပြောင်းရွှေ့ရသည်။ ဤသို့ဖြင့် လယ်နှင့်ယာ၊ ယာနှင့်လယ်တွင် အလှည့်ကျ မနွဲ့ရသောကြောင့် မူလတန်းကျောင်းသားဘဝက ကျောင်းမှာသာကျောင်းစာနှင့်ရင်းနှီးရသော်လည်း လယ်နှင့်ယာတွင် လယ်လုပ်ငန်းယာလုပ်ငန်းနှင့်သာ လက်ပွန်းတတီး နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ကျောင်းမှန်မှန် တက်သော်လည်း ကျောင်းစာမှန်မှန်မကျက်၍ စာမတော်ပါ။ စာတော်သူများကိုလည်း အားမကျပါ။ သို့သော် ဆရာစစ်စာမေးပွဲတွေနှင့်သာ တိုးကာ နှစ်စဉ်တော့ တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင် ခဲ့ပါသည်။
အလယ်တန်းကျောင်းသားဘဝတွင် ကျောင်းပိတ်ချိန် အိမ်အနီးရှိစာကြည့်တိုက်သို့ ဝင်ထွက် သွားလာ၍ စာဖတ်ဝါသနာပါလာကတည်းက ကျွန်တော့်ဘဝသည် တစ်ဆစ်ချိုး၍ တစ်မျိုးပြောင်း ခဲ့ရပါသည်။ ကျောင်းစာကိုလည်းကျက်ရကောင်းမှန်း၊ စာကြိုးစားရကောင်းမှန်း သိနားလည်လာ ပါသည်။ ထိုအကျိုးဆက်ဖြင့် ကျွန်တော်သည် ၁၉၆၇- ခုနှစ်တွင် စတုတ္ထအကြိမ်မော်လိုက်ခရိုင် ကိုးတန်းလူရည်ချွန်အဖြစ် ရွေးချယ်ခံရကာ ကျွန်တော်ရောက်ဖူးရန်မမျှော်မှန်းသည့် မြို့တော် မဟာရန်ကုန်နှင့် ရှမ်းပြည်နယ်အင်းလေးဒေသသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်ကစ၍ ကျွန်တော်သည် လူရာဝင်စပြုလာသည်ဟု ဆိုရမည်။ နောက်နှစ်ကလေးမြို့သို့ ကျောင်းနေခွင့်ရကာ ဆယ်တန်း လူရည်ချွန်အဖြစ် နှစ်ထပ်ကွမ်း အရွေးချယ်ခံရပြီး ငပလီကမ်းခြေသို့ အပန်းဖြေခွင့်ရရှိခဲ့ပါသည်။
ကျွန်တော်၏ လူရာဝင်မှုသည် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဆတ်တငံ့ငံ့နိုင်လှပါသည်။ ကျွန်တော် လူရည်ချွန်အဖြစ် လွယ်လင့်တကူ ရရှိခဲ့သည်တော့မဟုတ်ပါ။ တန်းမြင့်ကျောင်းထွက်လက်မှတ်ရ ကိုးတန်းစာမေးပွဲကို တစ်နှစ်ကျရှုံးပြီး နောက်တစ်နှစ်မှကျွန်တော်လူရည်ချွန်ရွေးချယ်ခံရခြင်း ဖြစ်သည်။ ဆယ်တန်းနှစ်တွင် ထပ်မံလူရည်ချွန် အရွေးခံခဲ့ရသော်လည်း ထိုနှစ်တွင် စာမေးပွဲ မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် လူရည်ချွန်နှစ်ထပ်ကွမ်းရခဲ့သော်လည်း စာမေးပွဲ နှစ်ထပ်ကွမ်းကျခဲ့ဖူးပါသည်။ ကျွန်တော်သည် ခေါက်ရှာငှက်ပျံသလို မြင့်လိုက်နိမ့်လိုက်ဖြင့် လူရာဝင်မှုသည်လည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပါသည်။
တိုတိုပြောရလျှင် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် တွင် မြန်မာစာအဓိကဖြင့် မဟာတန်း တက်ခွင့်ရခဲ့သော်လည်း မတက်ရောက်နိုင်သောကြောင့် ရိုးရိုးဝိဇ္ဇာဘွဲ့ဖြင့် ကျောင်းပြီးလိုက်ရပါသည်။ ထိုအချိန်တွင် လူရာဝင်ခွင့်ထပ်မံ ရရှိခဲ့ပါသည် ။ အလယ်တန်းကျောင်းသားဘဝကတည်းက ကဗျာများ ဝါသနာအလျောက် ရေးသားခဲ့ရာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါ။ ကျောင်းပြီး၍ အားလပ် နေချိန်တွင် ဝတ္ထုစမ်းသပ်ရေးသားရာမှ မထင်မှတ်ဘဲ အောင်မြင်ခဲ့ပါသည်။ ဤသို့ဖြင့် စာရေးဆရာ အဖြစ် တွင်ကျယ်ကာ လူရာဝင်ခဲ့ပါသည်။

ယခုအချိန်တွင် ကျွန်တော်သည် နိမ့်လိုက်မြင့်လိုက်ဖြင့် ခေါက်ရှာငှက်ပျံလောကဓံနှင့် အကြိမ်ကြိမ်ကြုံတွေ့ကာ သက်ရင့်ရွယ်အို နေညိုချိန်ရောက်ခဲ့ပါပြီ ။ နေညိုချိန်တိမ်တောက်သလို ၂၀၂၆- ခုနှစ်တွင်ချောင်းသာ လူရည်ချွန်အပန်းဖြေစခန်းသို့ သွားရောက်ခွင့်ကြုံခဲ့ပါသည်။ ထိုအခွင့်အရေး ရရှိဖို့ လူရည်ချွန်( ၁၉၆၄-၈၈) ဗဟိုအဖွဲ့ဟူ၍ ဖွဲ့စည်းကာ ထိုအဖွဲ့တွင် စာရင်းစစ် တာဝန်ယူရာက အစပြုရပါမည်။ ကျွန်တော်တို့ အဖွဲ့အစည်းသည် ၁၉၆၄- က ၁၉၈၈ ခုနှစ် အထိ ရွေးချယ်ခံရသော လူရည်ချွန်များကို ကိုယ်စားပြု၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
၁၉၆၄ မှ ၁၉၈၈ ခုနှစ်အထိ လူရည်ချွန်ပေါင်း ကျား (၅၀၂၇)ဦး၊ မ (၂၈၈၁)ဦး ပေါင်း (၇၉၀၈)ဦး ဖြစ်ပါသည်။ သို့ရာတွင် (၂)ထပ်ကွမ်းမှသည် (၇)ထပ်ကွမ်းအထိ အကြိမ်ကြိမ်ရရှိသူများ ပါဝင်နေသည့် အတွက် ထိုအရေအတွက်ကို စိစစ်တွက်ချက်ကြည့်ရာ လူဦးရေ (၅၀၅၅)ဦးသာရှိကြောင်း ရေတွက်နိုင် ပါသည်။ ယခုအခါ အနိစ္စသဘောနှင့် ကိစ္စချောသောကြောင့် အချို့အဝက်သာ သက်ရှိထင်ရှား ရှိနေပါ သည်။ ကျန်ရှိနေသေးသော လူရည်ချွန် များကို စုစည်းကာ အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖွဲ့စည်းရန် စည်းရုံးလှုံ့ဆော်ရာ ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၅) ရက်၊ ပြည်ထောင်စုအဆင့် ပြည်တွင်း အသင်းအဖွဲ့ အမှတ်-၁/ပြည်တွင်း/၀၀၁၈ (၁၆-၃-၂၀၁၆)ဖြင့် မှတ်ပုံတင်ကာ အဖွဲ့ဝင်ဦးရေ (၁၃၀၀)ကျော် စုဖွဲ့နိုင်ခဲ့ပါသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ရာ ကျွန်တော့်၏ လူရည်ချွန်အတိတ်ဟောင်းကို စိတ်မကောင်း စွာ မေ့လျော့နေပါသည်။ ၂၀၁၈-ခုနှစ်အတွက် လူရည်ချွန်မဂ္ဂဇင်းထုတ်ဝေရန် စိုင်းပြင်းတော့မှ စာရေးဆရာဖြစ်နေသော လူရည်ချွန်များကို စုစည်းရာတွင် ကျွန်တော့်ကိုဆက်သွယ်လာပါသည်။ ထိုအချိန်တွင် လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့(ဗဟို) သည် လူရည်ချွန်ကျောင်းဆောင်များ ဆောက်လုပ် ခြင်း၊ မျိုးဆက်သစ်လူရည်ချွန်မောင်မယ်များအား တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခြင်း၊ အသင်းဝင်များ နှင့် နွမ်းပါးပြည်သူများအား ကျန်းမာရေးနှင့် ပညာရေးထောက်ပံ့ခြင်းနှင့် မျိုးဆက်သစ်လူရည်ချွန် အပန်းဖြေစခန်းများသို့ လိုက်ပါ၍ ဗဟုသုတဝေမျှခြင်းစသည် တို့ကို မူလရည်မှန်းချက်အတိုင်း အရှိန်အဟုန်မပျက် အောင်မြင်စွာ အကောင်အထည်ဖော်လျက်ရှိပါသည်။
၂၀၂၆- ခုနှစ်တွင် လူရည်ချွန်အပန်းဖြေစခန်း (၅)ခု ဖွင့်လှစ်ရာ ပြင်ဦးလွင်တွင် G9 လူရည်ချွန် (၉၆) ဦး၊ အင်းလေးတွင် G 10 လူရည်ချွန်(၁၃၂)ဦး၊ ငွေဆောင်တွင် G-11 လူရည်ချွန်(၁၃၃)ဦး၊ နေပြည်တော်တွင် G -12 လူရည်ချွန် (၉၉)ဦးနှင့် ချောင်းသာတွင် တက္ကသိုလ်ကောလိပ် ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန် (၂၉၁)ဦးတို့ ၂၀၂၆-မေလ (၆)ရက်နေ့တွင် စခန်းအသီးသီးသို့ ထွက်ခွာလာကြ ပါသည်။ ကျွန်တော်က ချောင်းသာတွင်တာဝန်ကျ၍ ကျွန်တော့်အဖွဲ့တွင် (၁) ဒေါက်တာစိုးဝင်း ( ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် -ငြိမ်း)၊ (၂) ဒေါက်တာမဉ္ဇူမင်း (မိုးညှင်းတက္ကသိုလ် ပါမောက္ခချူပ်ငြိမ်း)၊ (၃)ဒေါ်ဝင်းသိင်္ဂီကျော် (မန္တလေးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး)၊ (၄) ဦးစည်သူကျော်( မန္တလေး လူရည်ချွန်အဖွဲ့ခွဲ ဒု- ဥက္ကဋ္ဌ)တို့ ပါဝင်ပြီး ကျွန်တော်ကလွဲလျှင် နေရာဒေသ ဌာနအသီးသီးတွင် ခေါင်တကာ့ခေါင်တွေချည်း ဖြစ်နေပါသည်။ အထူးသဖြင့် ဒေါက်တာစိုးဝင်းသည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် ယူနီဗာစီတီမှလည်းကောင်း၊ ဒေါက်တာမဉ္ဇူမင်းသည် အိန္ဒိယနိုင်ငံ ဘင်းဂလောယူနီဗာစီတီမှလည်းကောင်း ဒေါက်တာဘွဲ့များ ရယူပြီး မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံပညာရှင် အဖွဲ့တွင် ဥက္ကဋ္ဌနှင့်အလုပ် အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်လျက် ရှိပါသည်။
ကျန်အဖွဲ့ဝင်များမှာ ပုသိမ်ဌာနေများဖြစ်ပြီး ခေသူများမဟုတ်ကြပါ။ ဒေါ်မိုးမိုးခိုင်က တိုင်းတိမွေးကုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဥမ္မာအောင်က တိုင်းစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး၊ ဒေါက်တာခိုင်လယ်ဝင်းက ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ ဒေါက်တာကျော်ဆန်းမင်းက ပုသိမ်ဆေးရုံကြီးက အထူးကုဆရာဝန်ကြီးစသည်တို့ဖြစ်ကြပါသည်။ ချောင်းသာစခန်းမှူးက ပုသိမ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်ဖြစ်ပြီး စခန်းမှူးကိုဝန်းရံထားသော အဖွဲ့ကလည်း ဒေါက်တာမိုးမိုးအေး ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒေါက်တာခင်မမမျိုး ဒုတိယပါမောက္ခချုပ် (သင်တန်း) စသည်တို့ဖြင့် ခိုင်မာတောင့်တင်းလှပါသည်။ လူရည်ချွန်အဖွဲ့ကိုကြီးကြပ်ခေါင်းဆောင်လာသူကလည်း ဒေါက်တာဝင်းမြတ်အောင် ( အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်)နှင့် ဒုတိယ ခေါင်းဆောင်မှာ ဒေါက်တာကိုကိုတင် ( ပခုက္ကူတက္ကသိုလ်ဒုတိယပါမောက္ခချုပ်)ဖြစ်ရာ အဘက်ဘက်က အကောင်းနှင့် အမွန် အချွန်နှင့်အတက်တွေချည်းဖြစ်၍ ကျွန်တော့်အဖို့ လမင်းနှင့် ကြယ်တာရာတို့နှင့် အပြိုင် မရဲတရဲ မှိတ်တုတ် မှိတ်တုတ် လင်းပျပျ ပိုးစုန်းကြူးငယ်လေးမျှသာဖြစ်နေပါသည်။
ပန်းစုံပွင့်တဲ့နွေ
သတင်းကြီးတဲ့အင်းလေး
သတင်းမွှေးတဲ့ ပြင်ဦးလွင်။
ငွေဆောင်နှင့်ချောင်းသာ
ပေါင်းကာပျော်ရွှင်။
နေပြည်တော်တစ်ခွင်
မော်ချင်သူတို့။
ခိုင်ပန်းစုံမြူးကာဝင့်တယ်
ဖူးပွင့်ပြီမို့။
ကိုယ့်ရှိသည့် အစွယ်လေးကို တတ်အားသမျှထုတ်ပြလိုက်ရသည်။ လူရည်ချွန်အပန်းဖြေစခန်း အားလုံးကို ရည်ညွှန်းဖွဲ့ဆိုလိုက်သော ကျွန်တော့်ရင်တွင်းဖြစ်လေးဆစ်ကဗျာလေး ဖြစ်ပါသည်။
ချောင်းသာ
မေလည်းမေ နွေလည်းနွေ။
ချောင်းသာမှာပေါင်းသဟာတွေ့
ကောင်းပါပေ့မေ။
အပန်းလည်းဖြေ
အလွမ်းလည်းပြေစေတော့။
ချောင်းသာကမ်းခြေအပါးမှာ
ရေကစားပေါ့။
ဝတ္ထု အက်ဆေးရေးကတည်းက ပစ်ပယ်ထားသလို ဖြစ်နေသော ငယ်ချစ်ဦး ကဗျာဝိညာဉ်ကို ပုတ်နိုးရင်း ချောင်းသာခံစားချက်လေးဆစ်ကဗျာလေးကို ရေးဖြစ်သည်။ ကိုယ့်ခြုံထည်ဝတ်ရုံက လုံကောင်းမှလုံပါလိမ့်မည်။ လှကောင်းမှ လှပါလိမ့်မည်။ ပွဲတိုးလို့ ရရကောင်းစေသဘောထားကာ ချောင်းသာလူရည်ချွန်စခန်းတွင် ကိုယ်ရှိတာလေးထုတ်ပြရင်း မရဲဘဲကျွဲပြဲ စီးမိသည်။ ချောင်းသာသို့ ရောက်ရှိလာသောလူကြီးလူကောင်းများအား ကျွန်တော့်လေးဆစ်ကဗျာလေးနှစ်ပုဒ်ကို ပွဲထုတ်မိပါ သည်။
ဘာပဲဖြစ်ဖြစ် ဟိုဝေးဝေး ကောင်းကင်ထက်က သေးသေးမျှင်မျှင် ပေါ်လိုက်ပျောက်လိုက် ဖျောက်ဆိပ်ကြယ်ကလေးပင်ဖြစ်စေကာမူ ကိုယ်ပိုင်အလင်းရောင်လေးကို ပေး၍ တစ်မိုးလုံး ဖျောက်ဆိပ်ဖြစ်အောင် လင်းလက်ဦးမည်ဟု ကိုယ်စွမ်းကိုယ်စ ရှိသမျှ ဖြစ်ညှစ်ကာ ပြလိုက်မိပါသည်။


