အရူးနဲ့ကွာစေ့က ဘာဆိုင်လို့လဲလို့ တွေးကြမယ်ထင်ပါတယ်။ဆိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကွာစေ့ရဲ့တံဆိပ် (Brand)ကိုက “အရူး”ဖြစ်နေလို့ပါ။
ကွာစေ့အကြောင်းကဘာများအရေးပါလို့လဲလို့ ထပ်တွေးကြဦးမယ်ထင်ပါတယ်။ အင်မတန်အရေးကြီးပါတယ်။ အရူးကွာစေ့ဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အဆင့်သစ်တစ်ရပ်ကို ထပ်တက်ဖို့အတွက် သမိုင်းအချိုးအကွေ့ ဖြစ်ခဲ့လို့ပါ။ အရူးကွာစေ့နဲ့တွဲကပ်ပါလာတဲ့ သမိုင်းသဘောတရားကလည်း ဆင်ခြင်သုံးသပ်စရာပါ။ သမိုင်းဆိုင်ရာ အပြောင်းအလဲတွေဟာ တစ်ဖြောင့်တည်းဖြစ်ပေါ်တာတော့ မဟုတ်ပါဘူး။အလှည့် အပြောင်း အချိုးအကွေ့ တွေဆိုတာ ရှိနေတတ်ပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတာက လောကသဘာဝဖြစ်တဲ့ “အကျိုးအမြတ်” နဲ့ “ပေးဆပ်မှု”ယှဥ်တွဲနေတာကို “အရူးကွာစေ့” မှာ တွေ့ရတာပါ တိတိကျကျပြောရရင် “ယင်းမှာလုပ်ချင်ရင် တင်းကုပ်မှာအချုပ်ခံဝံ့ မခံဝံ့” – လို့ပြောရမှာပါ။
‘အရူးကွာစေ့’ကိုပုံဖော် ထုဆစ်ခဲ့သူက နီယန်ဂွမ်ဂျူး (Nian Guangjin)ပါ။ နီယန်ဂွမ်ဂျူးဟာမဖွံ့ဖြိုးမတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ကြီးပြင်းလာတဲ့ သာမန်ပြည်သူတစ်ဦးပါ။ အသက် ခုနစ်နှစ်မှာ ငွေတိုငွေစလေးတွေရဖို့ နီယန်ဂွမ်ဂျူးဟာ စီးကရက်ဖင်စီခံလေးတွေကိုလိုက်လံကောက်ယူခဲ့ရပါတယ်။ “ပလုံ” ကောက်တယ်ပေါ့။ အသက် ကိုးနှစ်မှာ မိဘတွေသစ်သီးရောင်းတဲ့နေရာမှာဝိုင်းဝန်းကူညီပေးခဲ့ရပါတယ်။ အရွယ်ရောက်လာတော့လည်း အတန်းပညာ လုံးဝမရှိမို့လို့ နီယန်ဂွမ်ဂျူးက ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရပါတယ်။ အဲဒီအချိန်က တရုတ်နိုင်ငံမှာဆိုရှယ်လစ်လှိုင်းလုံးကြီး လွှမ်းမိုးရိုက်ခတ်နေချိန်ဖြစ်လို့ ပုဂ္ဂလိက အကျိုးအမြတ်သဘောပါရင်ဥပဒေနဲ့ “ငြိ” ပါတယ်။ ၁၉၆၀ကျော်ကာလမှာ ပွဲစားလုပ်မယ်ဆိုပြီး နီယန်ဂွမ်ဂျူးဟာ အဖမ်းခံခဲ့ရပြီးထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ မအောင်မြင်တာကို ‘ထေ’ မိဖို့ တရုတ်အစိုးရက ပုဂ္ဂလိစီးပွားရေးလုပ်ငန်းတွေကို တစ်စတစ်စလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုအခွင့်အရေးတွေရလာတော့ နီယန်ဂွမ်ဂျူးဟာ ‘ငါး’ နဲ့ ‘သစ်အယ်သီး’ တွေကိုရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေက ‘ပွင့်’ တစ်ဝက် ‘ပိတ်’တစ်ဝက် အခြေအနေမျိုး မြင်လို့ ခေါင်းရွက် ဗျက်ထိုး၊ ပျံကျစျေးသည် တွေဟာ ‘ရဲ’ ’ပုလိပ်’တွေကို ကြည့်ရောင်းပြီး လည်သလို လှုပ်ရှားကြရတာပါ။ ဘယ်လောက်ပဲရှောင်ရှောင်ရှောင်မရတာမျိုးလည်းရှိတာပေါ့။ နီယန်ဂွမ်ဂျုးဟာ ထပ်အဖမ်းခံရပြီး ထောင်ထဲထပ်ရောက်ခဲ့ရပြန်ပါတယ်။ ထောင်ကပြန်လွတ်လာတော့ အိမ်နီးချင်းတစ်ဦးရဲ့’ကွာစေ့’ လုပ်ငန်းမှာ လုပ်ခစားဝင်လုပ်ခဲ့ပါတယ်။ လုံ့လ ဝီရိယရှိပြီး ပညာအမြင်ရှိတော့ အချိန်တိုအတွင်း ကွာစေ့ လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သွားပါတယ်။ ဒါနဲ့ပဲ ကိုယ်ပိုင် ကွာစေ့ လုပ်ငန်းလုပ်ဖြစ်သွားပါတယ်။ အဲဒီအချိန်ကတရုတ်နိုင်ငံမှာ ကွာစေ့ ဆိုတာ ပြည်သူတွေကို ရာရှင် ခွဲဝေပေးရတဲ့ စားစရာ စာရင်းထဲပါနေတာဖြစ်လို့ ပုဂ္ဂလိကရောင်းချမယ်ဆိုရင် တရားမဝင်ပါဘူး။ နီယန်ဂွမ်ဂျူး အဖမ်းခံရပြီး သူ့ပစ္စည်းတွေ အသိမ်းခံရတာက ပုံမှန်ဖြစ်ရပ်လိုပါပဲ။ဒါပေမဲ့ နီယန်ဂွမ်ဂျူးဟာ လက်မလျှော့ဘဲ လုပ်မြဲလုပ်ခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာ တရုတ်အစိုးရက တင်းကျပ်တဲ့ စည်းကမ်းချက်တွေအောက်မှာ ကွာစေ့ လုပ်ငန်းကိုတရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ နီယန်ဂွမ်ဂျူးဟာ ပေါ်လာတဲ့ အခွင့်အလမ်းကို ဘယ်လက်လွတ်ခံပါ့မလဲ။ ကိုယ်ပိုင် ကွာစေ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့တာပေါ့။ ဒီကာလအတွင်း သူဖန်တီး ဖော်ထုတ် ထားတဲ့ ကိုယ်ပိုင်သီးသန့်အနေနဲ့ ကွာစေ့ ကို ထုတ်လုပ်ရောင်းချပါတယ်။ နီယန်ဂွမ်ဂျူးဟာ ဝယ်သူတွေကို သူတို့ဝယ်တဲ့တန်ဖိုးထက် ‘အပိုဆောင်း’ ထည့်ပေးလေ့ရှိပါတယ်။ ဒီလို အလကား အပိုဆောင်းထည့်ပေးလို့ သူ့ရဲ့အမည်ပြောင်က ‘အရူး’ဖြစ်လာပါတယ်။ နီယန်ဂွမ်ဂျူးဟာ ဒီလိုအမည်ပြောင်းပေးတာကို သူ့အပေါ် ဂုဏ်ပြုချီးကျူး တာလို့ခံယူခဲ့ပါတယ်။ သူ့ကွာစေ့ ရဲ့ တံဆိပ်ကို ‘အရူး’လို့ အမည်ပေးခဲ့ပါတယ်။ “အရူး ကွာစေ့” (Fool’s Melon Seeds) ပါ။
တရုတ်ပြည်သူတွေဟာ ကွာစေ့ ကို စွဲစွဲလမ်းလမ်း နှစ်နှစ်သက်သက် စားလေ့ရှိပါတယ်။ တရုတ်ပြည်သူတွေဟာ ကွာစေ့ကို သွားနဲ့ခွာပြီး အတွင်းသား ပျော့ပျော့ ‘အဆန်’လေးကို ဆွဲထုတ် ဆိမ့်ပြီးချိုတဲ့အရသာလေးခံစားရတာကို ကြိုက်ကြပါတယ်။ စုစုဝေးဝေး ဆုံကြတဲ့အခါ တရုတ်ပြည်သူတွေအဖို့ ကွာစေ့ စားရတာဟာ အပန်းဖြေ အချိန်ဖြုန်းတဲ့ ဓလေ့တစ်ခုပါ။ ‘အရူး ကွာစေ့’ဟာ သိပ်ကိုကျော်ကြားလာတဲ့အတွက် နီယန်ဂွမ်ဂျူးရဲ့ ဆိုင်ရှေ့မှာ လူတန်းရှည်ကြီးကို အမြဲတွေ့ရမှာပါ။ သိပ်မကြာခင်မှာပဲ နီယန်ဂွမ်ဂျူးဟာ ယွမ်တစ်သန်းလောက်အထိ စုဆောင်းနိုင်လာပါတယ်။အဲဒီအချိန်က ဒီငွေပမာဏဟာ ‘မူးမေ့မတတ်’ဖြစ်စေနိုင်လောက်တဲ့ ငွေပမာဏမျိုးပါ။နီယန်ဂွမ်ဂျူးဟာ တိုးပွားလာနေတဲ့ ကွာစေ့ အရောင်းဆိုင်တွေအတွက် လူငယ်တွေကို ငှားရမ်းလုပ်ကိုင်ရာကနေ အလုပ်သမားအရေအတွက် ၁၂ ဦးအထိရှိလာပါတယ်။
သူ့ရဲ့အောင်မြင်မှုကပဲ သူ့ကို အခက်အခဲအကျပ်အတည်းထဲတွန်းပို့ခဲ့တယ်လို့ ပြောရမှာပါ။ အဲဒီအချိန်က ဥပဒေအရ မြို့ပြပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တွေမှာ အလုပ်သမားအရေအတွက်ကို အများဆုံး ရှစ်ဦးအထိပဲ ခန့်ထားပိုင်ခွင့်ရှိပါတယ်။ နီယန်ဂွမ်ဂျူးရဲ့”အရူး ကွာစေ့” လုပ်ငန်းမှာ အလုပ်သမား အရေအတွက်က ၁၂ ဦး ဆိုတော့ ခေါင်းပုံဖြတ် အမြတ်ကြီးစား အရင်းရှင်ဘဝကို တွန်းပို့သလို ဖြစ်နေပါပြီ။အဲဒီအချိန်ကာလမှာ တရုတ်အစိုးရအနေနဲ့ မာ့စ်ဝါဒီအယူဝါဒအတိုင်း လိုက်နာဆောင်ရွက်နေပါတယ်ဆိုတာကို တစ်ဖက်မှာလည်းပြဖို့လိုအပ်နေပါတယ်။ တစ်ဖက်မှာလည်း မအောင်မြင်တဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ လစ်ဟာချက်တွေကို ဖြည့်ဆည်းပေးဖို့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုဖို့လိုအပ်နေပါတယ်။ လူထုကြားထဲမှာ ထင်ရှားကျော်ကြားလာတဲ့ “အရူး ကွာစေ့” လုပ်ငန်းကို အရေးမယူဖို့ကလည်းခက်၊ အရေးယူဖို့ကလည်းခက်ဖြစ်လာပါတယ်။ တရုတ်အာဏာပိုင်တွေအဖို့ အရူး ကွာစေ့အပူဟာ မျောက်မီးခဲကိုင်ရသလို ကိုင်တွယ်ရခက်တဲ့ပြဿနာ ဖြစ်လာပါတယ်။
နောက်ဆုံးတော့ဒီပြဿနာဟာ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဆီ ရောက်သွားပါတယ်။ ၁၉၈၄ ခု၊အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ဗဟိုအကြံပေးကော်မတီရဲ့ အဆင်မြင့် တာဝန်ခံ ပုဂ္ဂိုလ်များ အစည်းအဝေးမှာ တိန့်ရှောင်ဖိန်က သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ “အရူး ကွာစေ့” လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လည်ပတ်ခွင့်ရှိစေရမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ရဲ့ ရလဒ်အဓိပ္ပာယ်ကတော့ ခေါင်းပုံဖြတ် အမြတ်ကြီးစား အရင်းရှင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်တာကို ဟန့်တားပိတ်ပင်လို့ မရတော့တာပါ။ဒီအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ထွန်းသစ်စ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ စီးပွားရေး လုပ်ငန်းတွေ ကြီးထွားလာဖို့ မီးကုန်ယမ်းကုန် ကြိုးပမ်းလာကြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဒီရေဟာ အတက်အကျဖြစ်ပြောင်းလဲနေတာပါ။ နီယန်ဂွမ်ဂျူးဟာ ဒီရေအကျဒဏ်ကိုခံရပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးတာကို ထပ်ခံ ခဲ့ရပြီး ၁၉၉၁ ခုနှစ်မှာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ပြောရရင် နိုင်ငံရေးအမြင်ကတ်မှုအပေါ် အခြေခံပြီး “စီးပွားရေး သောင်းကျန်းမှု” (hooliganism)လို့ သတ်မှတ်ပြစ်ဒဏ်ပေးခဲ့တာပါ။ ၁၉၉၂ ခုနှစ်မှာ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဟာ တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်ကိုသွားရောက်ပြီး ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ကြဖို့ လှုံ့ဆော်စည်းရုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရေးသမိုင်းမှာ တောင်ပိုင်းခရီးစဥ် ဆိုပြီးထင်ရှားပါတယ်။ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ကိုယ်တိုင် ကိုယ်တိုင်ကဒီလိုဦးဆောင်လှုပ်ရှားလာတဲ့အတွက် ထိပ်ပိုင်းအာဏာပိုင်တွေက နီယန်ဂွမ်ဂျူးကို ပြန်လွှတ် ပေးခဲ့ ပါတယ်။
၁၉၉၀ကျော်နောက်ပိုင်းကာလမှာ ပြုပြင်ပြောင်းလဲရေးဟာ တရုတ်နိုင်ငံမှာ အခိုင်အမာအမြစ်တွယ်ခြေကုပ်ယူသွားနိုင်ပါပြီ။ ၁၉၉၈ ခုနှစ် အမျိုးသားနေ့ (National Day) မှာ နီယန်ဂွမ်ဂျူးကို တရားဝင် ဖိတ်ကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသူရဲကောင်း (Heroes Reform) အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ စုစုပေါင်း (၉၆)ဦးကို ဂုဏ်ပြုချီးမြှင့်ခဲ့တာပါ။ နီယန်ဂွမ်ဂျူးဟာ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလမှာကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၈၂)နှစ်ရှိပါပြီ။

‘သမိုင်း’ ဆိုတာ ပြည်သူ့သူရဲကောင်းတွေက ဖန်တီးတာပါ။
REF: THE NEW CHINA PLAYBOOK by KEYU JIN


