သဘောတရားရေးရာဆိုင်ရာသေချာရေရာမှုဆိုတာတွေက ကျူးဘားပြည်သူတွေကို နှစ်ပေါင်း ၇ဝကြာထိခိုက်နစ်နာစေခဲ့ရတယ်။သံသယဝါဒကိုပဲအခွင့်အခါပေးရမယ့် အချိန် ဆိုရမလား
သန့်စင်တဲ့သူရဲကောင်းဝါဒ စိတ်ကူးယဉ်အိပ်မက်တွေဟာ ကျွန်းပေါ်မှာလက်ရှိနေထိုင်ကြတဲ့ သူတွေကိုရော၊ ပြည်ပကို ထွက်သွားကြတဲ့ ပြည်ပြေးတွေ အပါအဝင် သာမန် ကျူးဘားပြည်သူ အရပ်သူအရပ်သားတွေကို ဒုက္ခပေးနေခဲ့တာကာလအတော်ကြာပါပြီ။ ကျူးဘားနိုင်ငံမှာ တဖြည်း ဖြည်း ယုတ်လျော့လာနေတဲ့လူဦးရေဟာအခုဆို ကိုးသန်းလောက်ပဲ ရှိတော့တယ်။ အဲဒီအခြေအနေ ဆိုက်နေတဲ့ ကျူးဘားရဲ့ ဒီကနေ့နံနက်ခင်းဟာလည်း လူတွေဖန်တီးလို့ပေါ်ပေါက်လာခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကြားမှာ ပူပြင်းအိုက်စပ်လှတဲ့ နေ့သစ်တစ်ရက်အဖြစ်သို့ ထပ်ပြီးတော့ကူးပြောင်း ရောက်ရှိလာခဲ့ပြန်ပါပြီ။စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်စွမ်းအင်နဲ့သန့်ရှင်းတဲ့ သောက်ရေတွေလုံလုံ လောက်လောက် မရရှိကြတဲ့ ကျူးဘားပြည်သူတွေဟာ အာဏာရ ကွန်မြူနစ်ပါတီ ဆီကနေ အဆောတလျင် ကယ်ဆယ်မှု သို့တည်းမဟုတ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု အပေါင်းကနေ အဆောတလျင် သက်သာရာရစေမှုမျိုး မျှော်လင့်နိုင်ပါဘူး။ ကျူးဘားကျွန်းနိုင်ငံက ခေါင်းဆောင်တွေဟာ ခေါင်းမာပြီး အလျှော့မပေးတဲ့ လူစားမျိုးတွေဖြစ်ပြီး အထီးကျန်ဆန်ကြတဲ့သူတွေဖြစ်တယ်။ ပွင့်လင်း မြင်သာမှုဟာ သူတို့ရဲ့ မအောင်မြင်တဲ့ တော်လှန်ရေး လုပ်ငန်းစီမံကိန်းကြီးတွေကို ထိန်းချုပ်ဖို့ တန်ဖိုးကြီးကြီးပေး ရလိမ့်မယ်ဆိုပြီး စိုးရိမ်နေကြတယ်။ သူတို့တွေဟာ သူတို့ရဲ့နိုင်ငံကနေ ကီလိုမီတာ ၂ဝဝ လောက်တောင်မပြည့်တဲ့အကွာအဝေးရှိ ကမ္ဘာပေါ်က အချမ်းသာဆုံး နိုင်ငံကြီးတွန်းလှန်ရာမှာ လက်သီးလက် မောင်းတန်းပြီး ဆန့်ကျင်အန်တုနေတဲ့ပုံစံမှာပဲပိတ်မိနေကြပြီး အခြေအနေကိုပြောင်းလဲ နိုင်စွမ်းမရှိတဲ့ အဖြစ်ဆိုးမှာ ပိတ်မိခံနေကြရတယ်။
တစ်ချိန်တည်းမှာပဲ ကျူးဘားပြည်သူတွေဟာ သဘောထား တင်းမာတဲ့ ကျူးဘားနွယ်ဖွား အမေရိကန် နိုင်ငံသားတွေလို အလျှော့မပေးဘဲ တောင့်ခံထားချင်တဲ့ အိပ်မက်တွေထဲမှာပဲ နစ်မြုပ်နေတဲ့ တခြားအုပ်စုတစ်ခုကိုလည်း မျှမျှတတ အပြစ်တင်နိုင်ပါသေးတယ်။ ကျူးဘားနိုင်ငံရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အလွန်အမင်း အထီးကျန်ဖြစ်မှုဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ချက်လည်း ဖြစ်နိုင်ပါတယ်။ ဗင်နီဇွဲလား၊ ရုရှားနဲ့ ကျူးဘားနိုင်ငံရဲ့တခြား မဟာမိတ်နိုင်ငံဟောင်းတွေဆီကနေ ကျူးဘားနိုင်ငံဆီကို ပေးပို့တဲ့ လောင်စာဆီ ရေနံထောက်ပံ့မှုတွေ မရောက်အောင် ဖြတ်တောက်ခဲ့ပြီး တစ်နေ့တာရဲ့ အချိန်အတော်များများ လျှပ်စစ်ဓာတ်အားပြတ်တောကမှုတွေ ဖြစ်ပေါ်စေခဲ့တာဟာ ထရမ့်ရဲ့ အစိုးရ အဖွဲ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် မစ္စတာ ထရမ့် ဟာ အရင်တုန်းက တစ်ခါမှ မလုပ်ခဲ့ဖူးသေးတဲ့ ပြင်းထန်လှတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု တွေ နဲ့ အတူ ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုပါ စိုးရိမ်ထိတ်လန့် သွား အောင် ခြောက်လှန့် ပြီးကျူးဘားကနေထွက်သွားအောင်ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံအပေါ် “အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု” ကို ပြသဖို့ အားသန်နေတဲ့ မစ္စတာထရမ့်ဟာ ကျူးဘားရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်သူ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးဖို့ အထူး ကွန်မန် ဒိုတပ်ဖွဲ့တွေကို စေလွှတ်ခဲ့သူဖြစ်ပြီး အဲဒီနောက်ပိုင်းကစလို့ ကျူးဘားခေါင်းဆောင်တွေကိုလည်း သူတို့နိုင်ငံသားတွေကပဲ “ရန်သူဘဝမျိုးမရောက်စေဘဲ မိတ်ရင်း ဆွေချာသဘော အာဏာလွှဲပြောင်း ရယူခြင်း” ခံရလိမ့်မယ်လို့ ခြိမ်းခြောက်လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ မစ္စတာထရမ့်ရဲ့ “အပြင်းထန်ဆုံး ဖိအား” ဒဏ််ခတ် ပိတ်ဆို့မှုဟာ ဆယ်စုနှစ်ပေါင်း အတော်ကို ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကိုအခြေခံပြီး ထပ်ဆင့်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုကုန်သွယ်ရေးပိတ်ဆို့တာမျိုးကို အရင်အမေရိကန်သမ္မတ အဆက်ဆက်နဲ့အမေရိကန်ကွန်ဂရက် လွှတ်တော်က ခေါင်းဆောင်အမတ်တွေက ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား ပြည်ပြေးတွေရဲ့ အလိုကို လိုက်ရောပြီး နှစ်ပေါင်းများစွာဖော်ဆောင်ခဲ့တာပါ။ ကျူးဘားပြည်ပြေး အသိုက်အဝန်း အထူးသဖြင့် ကတော့မစ္စတာထရမ့်ရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို အပါအဝင် ပြည်ပရောက် ကျူးဘား နွယ်ဖွား အမေရိကန်နိုင်ငံသား တစ်သန်းကျော် အခြေစိုက်နေထိုင်ရာ ဖလော်ရီဒါပြည်နယ်မှာ အင်အား တောင့်တင်းတဲ့ မဲဆန္ဒရှင်အုပ်စု အဖြစ် ကာလတာရှည်ဩဇာညောင်းခဲ့ပါတယ်။ ဆန္ဒမဲတွေသာ အဲဒီအုပ်စု ရဲ့ တစ်ခုတည်းသော အင်အားရင်းမြစ်တော့ မဟုတ်ပါဘူး။

၁၉၅၉ခုနှစ်မှာ ဖီဒယ်ကက်စထရို ဦးဆောင်တဲ့တော်လှန်ရေးသမားတွေ အာဏာရလာပြီးတဲ့နောက် ကျူးဘားနိုင်ငံဟာ နှောင်ကြိုးမဲ့ကမ္ဘာနဲ့ကွန်မြူနစ် ဝါဒကြားမှာ ရှေ့တန်းစစ်မျက်နှာတစ်နေရာဖြစ် လာခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပျက်စီး သွားပြီးတဲ့ နောက်ပိုင်းခေတ်မှာတောင် အမေရိကန် ပြည်ထောင်စုကိုရောက်လာကြတဲ့ ဖိနှိပ်စိုးမှု အောက်ကနေထွက်ပြေးလာကြတဲ့ ဒုက္ခသည် အဖြစ် ဝင်ရောက်နေထိုင်သူများဆိုင်ရာ အခွင့်ထူးတွေကိုရရှိခံစားခဲ့ကြရပါသေးတယ်။
မိုင်ယာမီမြို့က ကျူးဘား တော်လှန်ရေးလွှတ်တော် အထွေထွေ အတွင်းရေးမှူး အော်လန်ဒိုဂူတာရက်ဇ်-ဘိုရိုနတ် ကထုတ်ပြန်ကြေညာရာမှာ နှစ်ပေါင်းခြောက်ဆယ်အတွင်းမှာ ကျူးဘားအစိုးရ ပြုတ်ကျဖို့ အနီး ဆုံးအချိန်ကို ကပ်လာပြီလို့ဆိုတယ်။ အခုနှစ်ဇွန်လ ၃ ရက်နေ့မှာ အသက် ၉၅ နှစ်ပြည့်ခဲ့တဲ့ ဖီဒယ်ကက်စ ထရိုရဲ့ညီနဲ့သမ္မတဟောင်း တစ်ဦးဖြစ်သူ ရာအူးလ်ကက်စထရိုကို အမေရိကန်နိုင်ငံသား လေးယောက် သေဆုံးခဲ့ရတဲ့ ၁၉၆၆ခုနှစ် အရပ်ဘက် လေယာဉ်နှစ်စင်းကို ကျူဘား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ကပစ်ချမှူကို ကြီးကြပ်ကွပ်ကဲခဲ့လို့ဒီအမှုမှာတာဝန်ရှိသူအဖြစ် ထရမ့် အစိုးရက တရားရုံးမှာ စွဲချက်တင် အမှုဖွင့်တာကို မစ္စတာဘိုရိုနတ်က ဝမ်းသာအားရဖြစ်ခဲ့တယ်။ “သူ့ကိုရုတ်တရက်ဖမ်းဆီးဖို့မျှော်လင့်တယ်၊ သူ့ကိုရုံးတင်နိုင်မယ်လို့မျှော်လင့်တယ်”လို့သူကဆိုပါတယ်။ ဟာဗာနာကိုအမေရိကန်က ဝင်ရောက်စီးနင်းတိုက်ခိုက်တာ မအောင်မြင်ရင်တောင် ကျူးဘားလုံခြုံရေး တပ်ဖွဲ့တွေနဲ့ခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ဒဏ်ခတ်ခံရမှုကနေ လွတ်ငြိမ်း ခွင့်ရမှာတော့မဟုတ်ဘူးဆိုတာကိုသိသွားကြပါလိမ့်မယ်လို့သူကဆိုတယ်။ ကန့်ကွက်ဆန္ဒပြပွဲတွေ တိုးလာမယ်ဆိုတာကို ကြိုတင်ဟောကိန်း ထုတ်ရင်း ၁၉၈၉ခုနှစ်က ပိုလန်နိုင်ငံနဲ့ချက်ကိုစလိုဗားကီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အစိုးရ အပြောင်းအလဲ ပုံစံမျိုးဖြစ်လာလိမ့်မယ်လို့သူကမျှော်လင့်ထားတယ်။ဒါ့အပြင် “ရိုမေးနီးယားနိုင်ငံက ပုံစံမျိုးလည်းနည်းနည်းပါဝင်လာနိုင်တယ်” လို့သူကဆိုတယ်။ (အဲဒါကတော့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး အာဏာရှင် ခေါင်းဆောင် သေဆုံးခဲ့ရတဲ့ တော်လှန်ရေးပုံစံမျိုးဖြစ်ပါတယ်)
ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား ထင်ရှားအရေးပါတဲ့ တခြားတစ်ယောက်ကတော့ ခြားနားတဲ့ပုံစံ တစ်မျိုးပေါ်ပေါက်လာမှာကိုစိုးရိမ်ပူပန်တယ်။ ဗင်နီဇွဲလားနိုင်ငံမှာ မစ္စတာမာဒူရို ဖမ်းဆီးခံလိုက်ရပြီး နောက်သဘောထားပျော့ပျောင်းတဲ့ အာဏာရှင်နောက်တစ်ဦးဖြစ်တဲ့ သူ့ရဲ့လက်ထောက် ဒုတိယသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်ကို ပြန်ပြီးတော့ တာဝန်ပေးလိုက်တဲ့ ပုံစံမျိုး ပေါ်လာနိုင်တဲ့ အရေးဖြစ်ပါ တယ်။ မစ္စတာ ထရမ့်ဟာ မစ္စ ရိုဒရီဂွက်ဇ်ကို “အံ့ဩချီးမွမ်းရလောက်တဲ့ပုဂ္ဂိုလ်”လို့ ချီးမွမ်းခဲ့ပေမယ့် ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပါပဲ။မစ္စတာထရမ့်ရဲ့ဗင်နီဇွဲလားနိုင်ငံက အတိုက်အခံတွေကို အရေး မထားတာက လည်းသူတို့ကို ရင်ထဲမှာ တနုံ့နုံ့နဲ့ စိတ်မကောင်းဖြစ်အောင်၊ ပူပန်အောင် လုပ်တဲ့သဘော ရောက်စေခဲ့တယ်။”ဗင်နီဇွဲလားဖြစ်ရပ်ဟာ ပြည်သူလူထုက ကျူးဘားနိုင်ငံအတွက် လက်ခံမယ့် စံပြပုံစံ တော့မဟုတ်ပါဘူး” လို့ ပြည်ပရောက် ကျူးဘား နွယ်ဖွားအုပ်စုများရဲ့အမေရိကန်ပြတိုက် ဥက္ကဋ္ဌ မာဆဲလ်ဖဲလစ်ပ် ကဆိုပါတယ်။
သူ့ရဲ့အကောင်းဆုံးဖြစ်လာမယ်လို့မျှော်မှန်းထားတဲ့အနာဂတ်ဖြစ်နိုင်ခြေကတော့ ကျူးဘားခေါင်း ဆောင်ပိုင်းအတွင်း စည်းလုံးမှု ပြိုကွဲသွားပြီး အဲဒီလိုဖြစ်ရင် လက်ရှိအုပ်ချုပ်ရေးယန္တရားကို ဖြိုချလို့ ဒီမိုကရေစီစနစ် ကိုဖော် ဆောင်ပေးမယ့် ‘ကယ်တင်ရှင်’ တစ်ဦးကို အမေရိကန်က ရှာဖွေစည်းရုံးပေးဖို့ပဲဖြစ်ပါတယ်။

သမ္မတ ဘာရတ် အိုဘားမားလက်ထက်က ကျူးဘားနိုင်ငံနဲ့အမေရိကန်ဆက်ဆံရေး လမ်းပွင့်သွား အောင် ဦးဆောင်ကူညီပေးခဲ့ဖူးသူ သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ ရီကာဒို ဇူနီဂါကတော့ ထရမ့်ရဲ့ လက်ထောက်တွေဟာ (ဗင်နီဇွဲလားနိုင်ငံကဩဇာအာဏာရှိတဲ့သူ) “ကျူးဘားဒဲလ်စီ” တစ်ယောက်ကို ရှာလို့မတွေ့ခဲ့ဘူး။ ဘာလို့လဲဆိုတော့”ကျူးဘားအစိုးရယန္တရားက ဗင်နီဇွဲလားအစိုးရပုံစံမျိုးနဲ့ လည်ပတ်နေတာမဟုတ်ဘဲ လက်နက်တွေ ကိုင်ထားသူတွေနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းသိမ်း ကိုင်စွဲထားဖို့ဆန္ဒရှိတဲ့သူတွေအကျိုးတူ ပူပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခု” ဖြစ်နေတာမို့ပါပဲ။ သူကတော့ အကြီးအကျယ်အပြောင်းအလဲဖြစ်မှာမဟုတ်တဲ့ စစ်ရေးအရတိုက်ခိုက်မှုမျိုးတွေ ပါဝင် ပတ်သက်လာတာမျိုးဖြစ်နိုင်ကောင်းပေမယ့်အချိန်တိုတစ်ခုအတွင်းမှာတော့ ဒီလို မတိုးသာ မဆုတ်သာ အခြေအနေတစ်ရပ်ပဲ ဖြစ်မယ်လို့သူကကြိုတင်ခန့်မှန်းလိုက်တယ်။ အရင်တုန်းကဆက်သွယ်ဆောင်ရွက်ဖို့ ကြိုးပမ်းချက်တွေကလည်းကျူးဘား အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးလုပ်ရမှာတွေကို စိုးရိမ်ကြောက် ရွံ့နေတာကြောင့် ပျက်ပြားခဲ့ရတယ်။ တစ်ဖက်ကလည်းအမေရိကန်သမ္မတတွေဘက်က ကမ်းလှမ်းနိုင်တဲ့ မက်လုံးတွေကလည်း အတော်ကလေးနည်းပါးလွန်းတာကြောင့်လည်းဖြစ်တယ်။ အကြောင်းရင်း ကတော့ ဥပဒေ ကြောင်းအရဆိုရင် ကျူးဘားနိုင်ငံကိုပိတ်ဆို့ထားမှုတွေကို အမေရိကန်ကွန်ဂရက် လွှတ်တော်ကသာ ရုပ်သိမ်းပေးနိုင်လို့ပဲဖြစ်ပါတယ်။
ဒီနေရာမှာ တရားဥပဒေကြောင်းအရ တိကျသေချာမှုတွေ ဒါမှမဟုတ် ကွန်ဂရက်လွှတ်တော်ရဲ့ သဘောထား ဆန္ဒတွေကို အမှုထားလေ့မရှိတဲ့ မစ္စတာ ထရမ့်အတွက် အသာစီးရစရာ အချက်တစ်ခု ဖြစ်နေပါတယ်။ ဖလော် ရီဒါပြည်နယ်က ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဂျိုးဂါဆီယာက “ပိတ်ပင်တားမြစ်ထားတာတွေကိုဖယ်ရှားပစ်ဖို့အတွက်ကတော့ အရင်တုန်းကသမ္မတတွေထက်စာရင် မစ္စတာ ထရမ့်က ပိုပြီးကောင်းတဲ့အနေအထားမှာရှိတယ်လို့ ယူဆတယ်။ မိုင်ယာမီက သဘောထား တင်းမာသူတွေဟာ ပုန်ကန်ကြမှာ မဟုတ်ပါဘူး” ဟု သူက ဆိုပါတယ်။ “တကယ်လို့ ထရမ့်က ‘ငါတို့ သူတို့ကို အရင်းရှင်စနစ်နဲ့ သတ်မှာ” လို့ပြောပြီး မာကို ရူဘီယိုကလည်း ‘သူတို့ သုံးနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရလိမ့်မယ်’ လို့ ပြောမယ်ဆိုရင်ကျူးဘားနွယ်ဖွားအမေရိကန်တွေက လက်ခံသဘောတူကြမှာပါ။ လွှတ်တော်ထဲမှာလည်း တကယ်လို့ ရီပတ်ဘလစ်ကန်တချို့က ကန့်ကွက်ခဲ့ရင်တောင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်း ပြချက်တွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့အတွက် ထရမ့်ဘက်ကနေ မဲပေးမယ့် ဒီမိုကရက်တွေ အလုံအလောက် ရှိနေပါလိမ့်မယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်ရဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေဟာ အတိတ်ကရှိခဲ့တဲ့ ဝါဒသဘောတရားရေးရာ တိကျသေချာမှုတွေ ဒါမှမဟုတ်သတ်မှတ်ထားပြီးသား လမ်းစဉ်မူဝါဒတွေ မရှိပါဘူး။ ထရမ့်ရဲ့ အရာရှိဟောင်းတွေက သတင်း ပေးရာမှာ သမ္မတ ထရမ့်ဟာ “ကျူးဘားကို ကျူးဘားလို့” မြင်ပြီးအကြီးအကျယ် ဂရုစိုက်တာ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ကက်စထရို အစိုးရကို ဖြုတ်ချပြောင်းလဲပစ်မယ့်သူတော့ဖြစ်ပုံရတယ်။ စစ်အေးခေတ်ကနှစ်ဖက်စလုံးက ကိုယ့်ဝါဒက ပိုကောင်းကြောင်း၊ တစ်ဖက်ကဝါဒ အင်မတန်ဆိုးတဲ့ အကြောင်း ဖွဲ့နွဲ့ခဲ့တာမျိုးတွေကို မမှုဘဲ ထရမ့်ရဲ့လူဝင်မှု ကြီးကြပ်ရေးဘက်ဆိုင်ရာအရာရှိတွေက ကျူးဘားလူမျိုးတွေကို ထောင်နဲ့သောင်းနဲ့ချီပြီးပြည်နှင်ဒဏ်ပေးခဲ့တယ်။ ကျူးဘားကိုလည်းပိုပြီးတော့ ပြန်လည်လက်ခံစေချင်တယ်။
ကျူးဘားလူမျိုးတချို့ကတော့ ပိုပြီးလက်တွေ့ပဓာနဝါဒကို လက်ခံဖို့အဆင်သင့်ဖြစ်နေကြ တယ်။ မိုင်ယာမီမြို့ဆင်ခြေဖုံးက အလုပ်သမားလူတန်းစားတွေနေ ထိုင်ရာဟိုင်ယာလေးရပ်ကွက်မှာ တလောက မှရောက်ရှိလာကြတဲ့ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသားတွေဆိုရင် အွန်လိုင်း ကုန်ပဒေသာ ဈေးကြီး၊ ခရီးသွားလုပ်ငန်းနဲ့သင်္ဘောကုမ္ပဏီဖြစ်တဲ့ ကျူးဘား မက်ဆ် (Cubamax) အပြင်ဘက်မှာ တန်းစီ နေကြတာကိုတွေ့နိုင်ပါတယ်။ ဒီကုမ္ပဏီဟာ နေရောင်ခြည်စွမ်းအင်ရယူဖို့ ဆိုလာပြားတွေ၊လျှပ်စစ် အားပြန်သွင်းနိုင်တဲ့ မီးလုံးတွေ၊ စက်ဘီးတွေနဲ့ရိက္ခာခြောက် အမျိုးမျိုးကို ကျူးဘားကျွန်းပေါ်မှာ နေထိုင်ကြတဲ့ ဆွေမျိုးတွေဆီကိုပို့ပေးဖို့ဆောင်ရွက်နေကြတယ်။ မစ္စတာထရမ့်က မစ္စတာရူဘီယိုလောက် သဘောထားမတင်းမာဘူးလို့ ကျူးဘားနိုင်ငံက အင်္ဂလိပ်ဘာသာသင်ပေးတဲ့ ဆရာတစ်ဦးကဆိုပါ တယ်။ ဒီဆရာဟာ ကျွန်းပေါ်ကသူ့မိသားစုအတွက် ဆန်နဲ့ပဲအမျိုးမျိုးကို ဝယ်ပို့နေတုန်းတွေ့ဆုံလိုက်ရတာပါ။ “ရူဘီယိုက အစိုးရ အဖွဲ့ကို လုံးဝကိုပြောင်းလဲပစ်ချင်တာဒါပေမဲ့ သူလိုချင်တဲ့နည်းလမ်းက အလုံးစုံ ပရမ်း ပတာအခြေအနေကိုဆိုက်ရောက်စေပါလိမ့်မယ်”လို့ သူကဆိုပါတယ်။
သဘောတရားရေးအရ တင်းကျပ်မှုတွေကိုစွန့်လွှတ်ဖို့ တချို့က အဆင်သင့်ဖြစ်နေတယ်လို့ဆိုရင် အံ့ဩစရာမဟုတ်တော့ပါဘူး။ အပြစ်တင်ကန့်ကွက်ရုံသက်သက်လောက်နဲ့ကတော့အမေရိကန် သမ္မတ ၁၂ ယောက်အထိ သက်တမ်းကြာရှည် တည်တံ့ခဲ့တဲ့ ကျူးဘားအစိုးရကိုအပြီးတိုင် ဖြုတ်ချ နိုင်မှာမဟုတ်ပါဘူး။တကယ်လို့ စေ့စပ်ညှိနှိုင်းနိုင်ပြီးအပေးအယူမျှမယ်၊ ကျူးဘားအစိုးရ ကလည်း ဒီလိုအခြေအနေမျိုးကို တုံ့ပြန်နိုင်စွမ်းရှိမယ်ဆိုရင် မစ္စတာထရမ့်ဟာ သူလိုချင်တဲ့ ငြိမ်းချမ်းရေးဆုတစ်ခုခုနဲ့တော့ ထိုက်တန်ပါလိမ့်မယ် ဖြစ်ကြောင်း လန်ဒန်ထုတ် အီကော်နော်မစ်စာစောင် ဆောင်းပါးရှင်ကရေးသားထားတာကို တင်ပြလိုက် ရပါတယ်။


