The Corner

The Corner

cropped-Logo_round_grey-background.png

ဦးနှောက်ပြုန်းတီးစေမှု

Share မယ်

နိုင်ငံတစ်ခုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကရှားပါးလာတယ်။ ရှားရှားပါးပါးထဲက ရှာလို့ဖွေလို့ ရတဲ့အလုပ်ကလေးတွေကလည်း လုပ်ရတဲ့အလုပ်နဲ့ ရလာတဲ့ခံစားခွင့်ကမမျှဘူး၊ ဖြစ်ဖြစ်မြောက်မြောက်၊​ ထိုက်ထိုက်တန်တန်မပေးနိုင်ဘူးပေါ့။ ဒီအလုပ်ကလေးတွေထဲမှာပေပေတေတေဆက်လုပ်နေဦးမယ် ဆိုပြန်ရင်လည်း အသက်မွေး ဝမ်းကျောင်းဆိုင်ရာတိုးတက်မှုအခွင့်အလမ်းကောင်းတွေက စောင့်ကြို နေတာမျိုး မရှိဘူး။ မျှော်လင့်ချက်တွေအတော်လေးမဲ့နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ကလည်း အကျဘက်ကိုဦးတည်နေတယ်။ ဒီလိုအခြေအနေမျိုးရောက်လာပြီ ဆိုရင် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့၊ ကျဉ်းထဲကျပ်ထဲကနေရုန်းထွက်နိုင်ဖို့အတွက် ရေကြည်ရာမြက်နုရာကို ရှာကြတော့တာပေါ့။

ရေကြည်ရာမြက်နုရာရှာတယ်ဆိုတာကတော့ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုတဲ့ထုံးကို နှလုံး မူပြီး အခြေအနေကောင်းမယ်ထင်တဲ့နိုင်ငံ၊ သွားလို့လာလို့၊ လုပ်လို့ကိုင်လို့လည်းကောင်းမယ်လို့ယူဆရတဲ့ နိုင်ငံတစ်နိုင်ငံဆီကို ထွက်ခွာကြတာပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးရယူဖို့အတွက် ခဏတာ ယာယီသဘောမျိုးသွားကြသူတွေလည်းပါမယ်၊ မိခင်နိုင်ငံကိုအပြီးစွန့်သွားပြီး နိုင်ငံသစ်မှာအခြေချတော့မယ် လို့ သန္နိဋ္ဌာန်ချလိုက်ကြသူတွေလည်းပါမယ်ပေါ့။

လာရောက်ခိုနား၊
သူပျံသွားသော်၊
ကိုင်းဖျားသိမ့်သိမ့်ခါသတည်း

တဲ့။

ဆရာမောင်ပေါက်စည်(မန်းတက္ကသိုလ်)ရဲ့ “ဧည့်သည်”ကဗျာလေးပါ။ ကိုင်းဖျားကိုကန် ပျံသွားတဲ့ ငှက်ကလေးတွေကြောင့် နားခိုခဲ့တဲ့အပင်ကြီးမှာ ကိုင်းဖျားကလေးသိမ့်သိမ့်ခါပြီးကျန်ရစ်ခဲ့ရသလို နိုင်ငံသား အများစုရဲ့စွန့်ခွာထွက်ပြေးခြင်းကိုခံလိုက်ရတဲ့ မိခင်နိုင်ငံမှာလည်း ဒဏ်ရာဒဏ်ချက်ကလေးတွေကျန်နေရစ်ခဲ့ တာပါပဲ။ တိုင်းပြည်ကိုစွန့်ခွာထွက်ပြေးသွားကြသူတွေထဲမှာ သူလိုကိုယ်လိုသာမန်လူတွေလည်းပါမယ်။ သက်ဆိုင်ရာနယ်ပယ်တစ်ခုခုကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်နှံ့စပ်အောင် သင်ယူတတ်မြောက်ထားတဲ့ ကျွမ်းကျင်သူပုဂ္ဂိုလ်တွေ၊ ပညာတတ်တွေ၊ ပညာရှင်တွေလည်းပါမယ်ပေါ့။ ပညာရှင်တွေအများကြီးကို လက်လွတ်ဆုံးရှုံး လိုက်ရတဲ့အခြေအနေမျိုးကို ‘ဦးနှောက်ယိုစီးမှု’လို့ သမုတ်ခေါ်ဝေါ်ခြင်းပြုကြပါသတဲ့။

ဦးနှောက်ယိုစီးမှုဆိုတာ တိုင်းပြည်တစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲအဟန့်အတား ဖြစ်စေတဲ့အချက်ကြီးတစ်ချက်ပါပဲ။ ပညာရှင်တစ်ယောက်ရယ်လို့ပေါ်ပေါက်လာဖို့၊ ကျွမ်းကျင်သူတစ်ယောက် ရယ်လို့ဖြစ်မြောက်လာဖို့အတွက် အချိန်တွေ၊ ငွေတွေ၊ အခြားအခြားသောအရင်းအနှီးတွေအများကြီး စိုက်ထုတ်ပြီးတော့ ဆောင်ရွက်ခဲ့ကြရတာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သင်ယူလာတာ၊ ကိုယ့်ကုန်ကျစရိတ်နဲ့ကိုယ် လေ့ကျင့်လာတာမို့ မိခင်နိုင်ငံနဲ့မဆိုင်ဘူးလို့ဆိုချင်ဆိုမှာပါ။ တကယ်တမ်းကျတော့ နိုင်ငံတစ်ခု၊ တိုင်းပြည် တစ်ခုဆိုတာလည်း မိသားစုတစ်စုလိုပဲပေါ့။ ဒီမိသားစုကလေးထဲမှာဖြစ်ပျက်နေတဲ့အရေးအရာကိစ္စရပ်တွေ မှန်သမျှဟာ ဒီမိသားစုနဲ့သက်ဆိုင်တာချည်းပဲပေါ့။ မိခင်နိုင်ငံဆိုတဲ့အဝန်းအဝိုင်းလေးတစ်ခုထဲမှာ ပညာရှင် တစ်ယောက်ထွန်းပေါက်လာဖို့တောင်မှ ခဲရာခဲဆစ်အနေအထားမျိုးပါ။ လေ့ကျင့်ပေးတိုင်းလည်း ဖြစ်မလာ တာမျိုးတွေအများကြီး။ တစ်ယောက်တောင်ခဲယဉ်းရင် အများကြီးရဖို့ဆိုတာက ပိုလို့ပိုလို့ခဲယဉ်းမှာပေါ့လေ။

ခဲခဲယဉ်းယဉ်းလေ့ကျင့်သင်ကြားထားရတဲ့ပညာရှင်တွေက အချိန်တန်တော့မိခင်နိုင်ငံကိုစွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရပ်ဝေးမြေခြားတိုင်းတစ်ပါးကို ထွက်ခွာသွားကြတဲ့အခါ သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေ၊ သူတို့နားလည်ထားတဲ့ အကြားအမြင်ဗဟုသုတတွေ၊ သူတို့ရရှိထားတဲ့အတွေ့အကြုံတွေကို မိခင်နိုင်ငံက အသုံးချခွင့်မရနိုင်တော့ဘူးပေါ့။ မိသားစုတစ်ခုကိုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုကိုပဲဖြစ်ဖြစ် အသိပညာ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေ၊ ဆင်ခြင်တုံတရားတွေနဲ့ မောင်းနှင်ကြရတာပါ။ မောင်းနှင်အားတွေလျော့ကျသွားပြီဆိုတာ့ မိခင်နိုင်ငံရဲ့ဖွံ့ဖြိုးမှုအရှိန်အဟုန်တွေ ကျဆင်းသွားနိုင်တာပေါ့။ ဖိလစ်ပိုင်ကကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေ၊ အိန္ဒိယက နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ စသည်အားဖြင့် သက်ဆိုင်ရာနိုင်ငံကနေ တခြားတခြားသောနိုင်ငံတွေဆီကို ဦးနှောက်ယိုစီး သွားတဲ့ဖြစ်စဉ်တွေအများကြီးရှိပါသတဲ့။ သက်ဆိုင်ရာနိုင်ငံတွေကလည်း ဘယ်လိုဘယ်ပုံကိုင်တွယ်ဖြေရှင်းရ မလဲဆိုတာကို အစဉ်တစိုက်နည်းလမ်းရှာပြီးဆောင်ရွက်နေကြပါသတဲ့။ သူ့အတိုင်းအတာနဲ့သူ ဖြေရှင်းလို့ အောင်မြင်တာတွေလည်းရှိကြတာပေါ့လေ။

ဒီလိုဆိုတော့ မိခင်နိုင်ငံကိုစွန့်ခွာသွားကြသူတွေကို အပြစ်တင်စကားဆိုနေတာမဟုတ်ပါဘူး။ “ကိုယ်မချိ အမိသော်လည်းသားတော်ခဲ”လို့ ဆိုရိုးရှိသလို “ကိုယ့်ဝမ်းနာ ကိုယ်သာသိ”လို့လည်း ရှိပြန်တယ် မဟုတ်လား။ ကိုယ့်ပြဿနာကိုဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုခုနဲ့ကြိုးစားတာက ဒီအတိုင်းလက်မှိုင်ချ နေသူတွေထက်စာရင်တော့ အများကြီးသာသေးတယ်လို့ဆိုရမှာပါပဲ။ ပြီးတော့ ဒီလိုစွန့်ခွာသွားကြသူတွေ ကိုယ်၌ကလည်း တစ်ချိန်ချိန်မှာ မိခင်နိုင်ငံကိုပြန်ပြီးအကျိုးပြုနိုင်ကြဦးမှာပါ။ ကျန်ခဲ့တဲ့မိသားစုကို ငွေလွှဲတွေ ဘာတွေပြန်ပို့တော့လည်း နိုင်ငံအတွက်အကျိုးရှိတာပါပဲ။ ဒီတော့ ထွက်ခွါသွားကြတာက အနုတ်လက္ခဏာ တွေချည်းဆောင်တာမျိုးလို့တော့ မဆိုနိုင်ဘူးပေါ့။ ကောင်းကွက်ကလေးတွေလည်း ရှိနိုင်သေးတာပေါ့။

ဒီနေရာမှာ ဆင်ခြင်သုံးသပ်ရမှာကတော့ မိခင်နိုင်ငံရဲ့အရေးအရာကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်ခွင့်ရှိသူ တွေဘက်ကပါ။ ကိုယ့်နိုင်ငံရဲ့အခြေအနေက ဘယ်လိုဖြစ်နေပြီလဲ။ စွန့်ခွာသွားကြသူတွေများနေပြီလား၊ မများသေးဘူးလား။ စွန့်ခွာသွားကြသူတွေထဲမှာ ပညာရှင်တွေပါသွားသလား၊ မပါသွားဘူးလား စသည်ဖြင့်ပေါ့။ တွေ့ရှိချက်အပေါ်မူတည်ပြီး လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို ပြုကြရမှာပါ။ ထွက်သွားပြီးသားသူတွေ ပြန်ဝင်လာအောင်၊​ ထွက်မသွားသေးတဲ့သူတွေလည်း ထွက်သွားချင်စိတ်မပေါက်အောင်၊ အခြေအနေ ကောင်းတွေကိုထိန်းထားနိုင်အောင်၊ ကောင်းနေပြီဆိုရင်လည်း ကောင်းသထက်ကောင်းအောင်ပေါ့။

Credit: Magnific

အခြေအနေအရပ်ရပ်ကို အချိန်မီပြုပြင်နိုင်တဲ့နိုင်ငံတွေမှာတော့ ထွက်သွားသူတွေပြန်ဝင်လာတာမျိုး၊ နောက်ထပ်နောက်ထပ်ထွက်မသွားတာမျိုးအပြင် တခြားနိုင်ငံတွေက လူသားအရင်းအမြစ်တွေပါ စီးဝင် လာတဲ့အတွက် ‘ဦးနှောက်ယိုစီးမှု’မဖြစ်တဲ့အပြင် တခြားကစီးဝင်လာတဲ့ဦးနှောက်တွေကိုတောင် ရလိုက် သေးတာမျိုး။ ဒီတော့ “ရေများရာမိုးရွာ”၊ “ရတနာရှိရာ ရတနာစု”ဆိုသလို အဆင်ပြေနေတဲ့နိုင်ငံတွေက ပြေပြီးရင်းပြေကုန်တာပေါ့။ လူတော်တွေချည်းလာလာစုကြတာမို့ လည်ပတ်နေတဲ့လုပ်ငန်းကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုတွေမြန်မြန်လာတာမျိုး။ ဒါ့ကြောင့် သူများနိုင်ငံကဦးနှောက်တွေစီးဝင်လာအောင် မလုပ်နိုင် ရင်တောင် ကိုယ့်ဆီကဦးနှောက်ကလေးတွေတော့ ယိုစီးမသွားအောင်၊ စီးထွက်မသွားအောင်ထိန်းနိုင်ဖို့ ကြိုးစားသင့်တာပေါ့။ တချို့နိုင်ငံတွေလည်း အဲ့လိုပြုပြင်ပြောင်းလဲလာကြလို့ ထွက်သွားတဲ့နှုန်းနဲ့ ပြန်ဝင်တဲ့နှုန်း ဟန်ချက်ညီတဲ့အခြေအနေမျိုးကို ဖန်တီးထားနိုင်ကြပါပြီတဲ့။ ဒီအခြေအနေမျိုးကို Brain Circulation လို့ ဆိုကြပါသတဲ့။

ဒီနေရာမှာပြောချင်တာကတော့ ဦးနှောက်ယိုစီးသွားတယ်တို့၊ ဦးနှောက်စီးဝင်လာတယ်တို့ဆိုတဲ့ ကိစ္စတွေက နိုင်ငံတစ်နိုင်ငံမှာသာမကဘဲ​ နိုင်ငံတစ်ခုအတွင်းကအဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံစုံ ဖြန့်ကြက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုမှာလည်း ရင်ဆိုင်ရလေ့ရှိတဲ့ကိစ္စဖြစ်တဲ့အကြောင်းပါ။ တကယ်ဆို အဖွဲ့အစည်းတစ်ခုအနေနဲ့ကြည့်တာက နိုင်ငံတစ်ခုအနေနဲ့ကြည့်တာထက် ပိုပြီးတော့တောင် ထင်သာမြင်သာ ရှိတာပါ။

အဖွဲ့အစည်းတစ်ခုရပ်တည်နိုင်ဖို့အတွက် အဖွဲ့အစည်းဝင်တွေလိုတယ်။ ဟိုးအထက်ဆုံး ဒါရိုက်တာ အဖွဲ့ဝင်တွေကနေ ဟိုးအောက်ဆုံး သန့်ရှင်းရေးဝန်ထမ်းအထိပေါ့။ ဘယ်နေရာ၊ ဘယ်ရာထူးအတွက်ပဲဖြစ်ဖြစ် ထိုက်သင့်တဲ့အတွေ့အကြုံနဲ့ ထိုက်သင့်တဲ့အရည်အချင်းရှိသူတွေကိုသာ ခန့်ထားရစမြဲမဟုတ်လား။ ဘာမှ မသိ၊ ဘာမှမတတ်တဲ့သူကိုနေရာပေးရိုးထုံးစံမရှိဘူးမဟုတ်လား။ ပြီးတော့ ကိုယ့်အဖွဲ့အစည်းထဲရောက်လာလို့ ကိုယ့်လူဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း ဒီနေရာ၊ ဒီရာထူးမှာချည်းပဲ တောက်လျှောက်ရာသက်ပန်သံမှိုစွဲ ထားတာမျိုးမဟုတ်တဲ့အတွက်၊ တာဝန်တွေ တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ လေ့ကျင့် သင်ကြားမှုတွေ ပေးရတာပဲမဟုတ်လား။ ထိုက်သင့်တဲ့လေ့ကျင့်သင်ကြားမှုတွေ၊ အတွေ့အကြုံတွေကြောင့် တချို့ကိစ္စတွေမှာ မျက်နှာလွှဲထားနိုင်လောက်တဲ့အထိ အားကိုးအားထားပြုရတဲ့အနေအထားလည်း ရောက်ရော၊ အလုပ်ထွက်ပါရစေလို့လည်းဆိုလာရော။ နောက်ထပ်နောက်ထပ် လူသစ်တွေရှာရပြန်ရော။ ဝင်လာတဲ့လူသစ်တွေနဲ့ အရှိန်အဟုန်မပျက်လည်ပတ်နိုင်ဖို့အတွက် အချိန်တွေ၊ ငွေတွေထပ်ရင်းရပြန်ရော။

ကိုယ့်အဖွဲ့အစည်းကိုခြေစုံကန်ပြီး ဆိုင်ရာလမ်းကိုမြန်းကြတယ်ဆိုမှတော့ အဖွဲ့အစည်းဘက်မှာ အနုတ်လက္ခဏာတွေကျန်ခဲ့တာပေါ့။ လည်ပတ်နေတဲ့အရှိန်တွေကျသွားနိုင်တယ်။ လူပြန်ရှာရ၊ လူပြန်မွေးရနဲ့ အလုပ်တွေရှုပ်ကုန်ရော။ ဝန်ထမ်းသစ်ကလေးတွေခန့်ပြီး လေ့ကျင့်ထားလိုက်၊ အတော်လေးကျွမ်းကျင် လာတော့ ထွက်သွားလိုက်၊ ထပ်ခန့်လိုက်၊ ပြန်ထွက်သွားလိုက်နဲ့ ‘သမင်မွေးဘိ ကျားစားဘိ’ဖြစ်နေပြီ ဆိုရင်လည်း အတော်လေးကိုဟန်မကျဘူးပေါ့။

ဘယ်ဝန်ထမ်းမျိုးကမှ သက်ဆိုင်ရာကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာ ရာသက်ပန်ရိုးမြေကျ တာဝန်ထမ်းပါ့မယ်လို့ ကတိကဝတ်ပြုထားတာမျိုးမရှိတော့ အချိန်တန်လို့စွန့်ခွာသွားကြသူတွေကိုလည်း အပြစ်မဆိုသာပြန်ဘူး။ ကိုယ့်အဖွဲ့အစည်းကိုစွန့်ခွာပြီး တခြားတခြားသောအဖွဲ့အစည်းတွေဆီ ပြေးဝင်ခိုလှုံ သွားကြတဲ့အခြေအနေမျိုးမှာ စွန့်ခွာသွားသူတွေကိုအပြစ်ဖို့မယ့်အစား ကိုယ့်အဖွဲ့အစည်းမှာ ဘာအားနည်းချက် တွေရှိနေသလဲ၊ အခြားအခြားအဖွဲ့အစည်းတွေမှာ ဘယ်လိုအားသာချက်တွေရှိနေသလဲဆိုတာတွေကို မြင်အောင်ကြည့်၊ သိအောင်လုပ်ပြီး အကောင်းဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့ အားထုတ်ကြရမှာပါ။

တချို့အဖွဲ့အစည်းတွေက ရှိသမျှလူလေးတွေထွက်မပြေးဖို့ မနည်းကျားကန်ရုန်းနေကြရတယ်။ တချို့ အဖွဲ့အစည်းတွေကျတော့ ဝင်ချင်တဲ့သူတွေများလွန်းလို့ လာသလောက်တောင်လက်မခံနိုင်တော့ဘူး။ လိုအပ်ချက်ရှိတဲ့အခါတောင်မှ စမ်းသပ်စစ်ဆေးမှုတွေအကြိမ်ကြိမ်ပြုပြီး ခေါင်းခေါက်ရွေးနေရတယ်။ ဒီလိုဒီလို ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အခိုင်အမာရှိမှာပေါ့။ ကိုယ့်အဖွဲ့အစည်းမှာရော ဘယ်လိုတွေ ဖြစ်ပျက်နေသလဲဆိုတာ အသေအချာစဉ်းစားဖို့ကောင်းပါတယ်။ ဝင်လာမစဲတသဲသဲဖြစ်နေသလား၊ ထွက်လို့မဆုံးတပြုန်းပြုန်းဖြစ်နေသလား။ ကိုယ့်အဖွဲ့အစည်းက ဆွဲငင်အားတွေကောင်းနေသလား၊ တွန်းကန် အားတွေကောင်းနေသလား။ ဆွဲအားတွေမကောင်းသေးရင်တောင် တွန်းအားတွေလျှော့နိုင်ဖို့တော့ ကြိုးစားရဦးမှာပေါ့။

သေချာပြန်စဉ်းစားကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံကနေဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကနေဖြစ်ဖြစ် လူတော်တွေထွက်ခွာသွားကြတာ၊ ဦးနှောက်တွေယိုစီးသွားတာမျိုးက ကျန်ရစ်တဲ့နိုင်ငံ၊ ကျန်ရစ်တဲ့အဖွဲ့အစည်း အတွက်အနုတ်လက္ခဏာဆောင်ပေမယ့် တခြားနိုင်ငံ၊ တခြားအဖွဲ့အစည်းဘက်မှာ အပေါင်းလက္ခဏာဆောင်နေ ပြန်သေးလို့ ဟိုဘက်ဒီဘက်ဘဲစားဘဲခြေ ခြေလိုက်ရင် ကျေသွားနိုင်သေးတာပါ။ ဂလိုဘယ်အမြင်နဲ့ ကြည့်လိုက်ရင် နိုင်ခြင်း၊ ရှုံးခြင်းမဟုတ်ဘဲ မျှခြေမှာပဲရှိနိုင်သေးတာပါ။ နိုင်ငံတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် ထွက်သွားတဲ့သူကငွေလွှဲတွေလှမ်းပို့နေနိုင်သေးတယ်။ တစ်ချိန်ချိန်မှာငွေထုပ်ကြီးပိုက်ပြီး ပြန်လာနိုင် သေးတယ်။ ထွက်သွားတုန်းက မလည်မဝယ်၊ ပြန်လာတော့ပန်ကာ့ထိပ်ကဝက်အူဆိုသလို ဟိုတစ်ဖက် နိုင်ငံကရလာတဲ့အသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ မိခင်နိုင်ငံကိုကောင်းကောင်းကြီးပြန်အကျိုးပြုလာနိုင် သေးတယ်။

ဦးနှောက်ယိုစီးမှုထက်ပိုဆိုးတဲ့ကိစ္စကတော့ ဦးနှောက်ပြုန်းတီးစေမှုပါ။ Brain Drain ဆိုတဲ့ အခြေအနေမှာပဲဖြစ်ဖြစ်၊ Brain Gain ဆိုတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းမဟုတ်ရင် ဟိုအဖွဲ့အစည်း၊ ဟိုနိုင်ငံမဟုတ်ရင်ဒီနိုင်ငံဆိုပြီး တစ်နေရာရာမှာတော့ ဦးနှောက်တွေကိုရှင်သန်ဖွံ့ဖြိုးခွင့်ရနေတာပါ။ တစ်နည်းအားဖြင့်ဆိုရရင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေသင်ယူလေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေ၊ အရည်အချင်းတွေကို အဖွဲ့အစည်းတစ်ခုခုက ကောင်းကောင်းကြီး အသုံးချခွင့် ရနေတာပါ။ ကာယကံရှင်အတွက်အကျိုးမယုတ်သလို အဖွဲ့အစည်းအနေနဲ့လည်း ဒီမဟုတ်ရင် ဟို၊ ဟိုမဟုတ်ရင်ဒီ၊ တစ်နေရာရာမှာတော့ အကျိုးရှိနေသေးတယ်။ ဒါ့ကြောင့် Drain တွေ၊ Gain တွေထက် Waste ဖြစ်အောင်လုပ်ပစ်တာက ပိုလည်းဆိုးသလို ပိုလည်းကြောက်စရာကောင်းတာပါ။

အရည်အချင်းကိုလည်းသိတယ်၊ အစွမ်းအစကိုလည်းမြင်တယ်။ အညွန့်အညှောက်ထွက်လာမှာစိုးလို့ ထွက်လာသမျှကို တိတိပစ်လိုက်တာမျိုး။ သူတက်လာရင် ကိုယ့်နေရာပျောက်သွားလေမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကြည့်မရတာကြောင့်လည်းဖြစ်ချင်ဖြစ်မယ်ပေါ့။ အရည်အချင်းကို မှေးမှိန်အောင်လုပ်တယ်။ ကောင်းသတင်းကျော်စောလာမှာစိုးလို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖုံးဖိထားတယ်။ ပန်းသတင်းလေညင်းဆောင်၊ လူသတင်းလူချင်းဆောင်ဆိုပေမယ့် မဆောင်နိုင်အောင် အပုပ်နံ့အတုတွေ ဖန်တီးပေးထားတယ်။ အသိဉာဏ်တွေ မကွန့်မြူးနိုင်အောင်၊ တောက်ပမလာနိုင်အောင် အရေးမကြီး တာတွေနဲ့ခေါင်းမ​ဖော်နိုင်အောင်ဖိထားတယ်။ ရေထဲကငါးဆိုရင် ကုန်းပေါ်တင်အပြေးခိုင်း၊ ကုန်းပေါ်က မြင်းဆိုရင် သစ်ပင်အတက်ခိုင်း စတဲ့စတဲ့နည်းလမ်းတွေနဲ့ အရည်အချင်းစစ်ဆေးတယ်။ စစ်လိုက်တိုင်း တဖုန်းဖုန်းကျနေတယ်၊ ကြိုးစားဖို့လိုသေးတယ်ဆိုတာမျိုး။ ကိုင်းဖျားကိုကန်ပြီးမပျံနိုင်အောင်လည်း အတောင်ကိုချိုးထားလိုက်သေးတယ်ဆိုတာမျိုး။ ကိုယ်လည်းမသုံးဘူး၊ သူများလည်းမသုံးနဲ့။ အလဟဿကို ဖြစ်စေချင်တာမျိုး။ ဣဿာ၊ မစ္ဆရိယလွန်ကဲနေတဲ့အပြုအမူမျိုး။

အဖွဲ့အစည်းတစ်ခုကမူဝါဒမှားရင် ဘောင်ကျဉ်းကျဉ်းလေးထဲမှာသာ ဦးနှောက်တွေလေလွင့်သွားစေ နိုင်တာမျိုးမဟုတ်ဘူး။ အကြောင်းမလှရင် နိုင်ငံနဲ့ချီပြီးတော့တောင်နစ်နာသွားနိုင်သေးတာပါ။ ဂန္ဓာလရာဇ် တိုင်းကြီးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာာလမှာ ဆရာဝန်တွေကိုလယ်အထွန်ခိုင်း၊ စာရေးဆရာတွေကို နွားအကျောင်းခိုင်း၊ ပါမောက္ခတွေကို ခေါင်းဆောင်ကြီးရဲ့စာတွေအလွတ်ကျက်ခိုင်းပြီး ဦးနှောက် ဆေးခဲ့ကြတာကိုပြန်ကြည့်ရင် ဦးနှောက်လေလွင့်စေနိုင်တဲ့မူဝါဒမျိုး တကယ်လက်တွေ့ချမှတ်ခဲ့ကြ၊ ကျင့်သုံးခဲ့ကြဖူးတယ်ဆိုတာကို တွေ့နိုင်မှာပါ။

ပြောခဲ့တာတွေလည်း အတော်ရှည်လျားသွားပါပြီ။ လိုရင်းကိုအနှစ်ချုပ်ရရင်တော့ ဦးနှောက်လေလွင့် ပြုန်းတီးစေတဲ့လုပ်နည်းလုပ်ဟန်မျိုး၊ မူဝါဒမျိုးက ဦးနှောက်ယိုစီးစေတဲ့မူဝါဒမျိုးထက် အများကြီး ပိုပြီးဆိုးတဲ့အတွက်၊ ပိုပြီးကြောက်စရာကောင်းတဲ့အတွက် ကိုယ်တိုင်လည်းရှောင်အပ်သလို တခြားသူတွေ ကျင့်သုံးနေတာတွေ့ရင်လည်း မြန်နိုင်သမျှမြန်မြန် ပြုပြင်တည့်မတ်ပေးဖို့ လိုအပ်တဲ့အကြောင်းပါ။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *