ငယ်ငယ်ကတည်းက ကစားခြင်းကိုနှစ်သက်ခုံမင်သူဖြစ်သဖြင့် ကိုယ့်မြို့တွင်ကစားသည့်နည်းရှိသမျှကို လိုက်ကစားဖြစ်သည်။ ကိုယ့်မျိုးနွယ်ထဲတွင်လည်း အားကစားနှင့်ပတ်သက်၍ မျိုးရိုးလည်းမရှိ။ ယနေ့ထိ မျိုးနွယ်ရင်းများတွင်သာမက တစ်ဝမ်း နှစ်ဝမ်းမျိုးနွယ်များထဲတွင်လည်း စွဲစွဲမြဲမြဲအားကစားလုပ်သူဟူ၍လည်း ကျွန်နော်တစ်ယောက်သာရှိသည်။ တစ်နည်းအားဖြင့် အားလုံးထဲတွင် ကျွန်တော်တစ်ယောက်တည်းအားယားနေ၍လည်း ဖြစ်ခွင့်ရှိပေသည်။ သို့ကလို ကစားသော်လည်း အပျင်းပြေကစားခြင်းမျိုးမဟုတ်။ ရပ်ကွက်ထဲတွင် သူများ ဘောလုံးကန်နေ၍ လိုက်ကန်ခြင်းမျိုးမဟုတ်။ ကံအသင့်အခွင့်ဆိုင်သည်ဟုဆိုနိုင်သည်။ အားကစားသင်ပေး သည့်ဆရာတစ်ဦးက ငယ်ငယ်ကတည်းက ကျနော်ကိုရွေးချယ်ခဲ့သဖြင့် ဆရာနှင့်စနစ်တကျသင်လျက် ကစားရ ခြင်းမျိုးဖြစ်သည်။ ပင်ပေါင်၊ ဘတ်စကက်ဘော ၊ ဘောလီဘော တို့ကို ဆရာကစနစ်တကျသင်ပေးခဲ့သည်။ ထိုသို့ဆရာထံတွင် လေ့ကျင့်ကစားနေရင်းဖြင့် ကျောင်းသွားကျောင်းပြန်လမ်းတွင် ရိုးရာခြင်းဝိုင်းတွေ့ပါက လည်း ဝင်ပါလိုက်သေးသည်။ သို့ဖြစ်၍ လက်ဦးဆရာထံတွင် မကစားဖြစ်သည့်အခါ ခြင်းဝိုင်းသို့ရောက်သွား ပြီး တွေ့ဖူးသမျှ မြင်ဖူးသမျှလိုက်လုပ်နေသည်ကို ခြင်းဆရာကြီးတစ်ယောက်က အမြင်မတော်ဟန်ရှိသည်နှင့်တူ သည်။ ကျွန်တော့်ကို သူ့အိမ်သို့ခေါ်ကာ ခြင်းကစားနည်းများကို စနစ်တကျသင်ပေးပြန်သည်။ ဤသို့ဆရာများ သဘောကျအောင် ကစားနိုင်ပါသော်လည်း ကံအကျိုးပေးက တစ်ဝက်မွဲသည်။ ထိုထိုကစားနည်းများဖြင့် ပြိုင်ပွဲ ဝင်ခွင့်များမရခဲ့ပေ။ ရိုးရာခြင်းဖြင့် ပြိုင်ပွဲဝင်ခွင့်ရသော်လည်း ထိုစဉ်က ကိုယ့်မြို့နယ်အဆင့်လောက်မှလွဲ၍ မည်သည့်ပြိုင်ပွဲများမရှိပေ။ အဆင့်ဆင့်ဖြစ်သည့် မြို့နယ်၊ တိုင်း၊ ခရိုင် ပြိုင်ပွဲများမရှိသော်လည်း အမြင့်ဆုံးဖြစ်သည့်တံခွန်စိုက်ပြိုင်ပွဲများသာရှိသည်။ ထိုအဆင့်ကလည်း တစ်နိုင်ငံလုံးမှ အကောင်းဆုံးသူများ သာပါဝင်ယှဉ်ပြိုင်ကြသဖြင့် ကျနော်အဆင့်ကလည်းမမီ။ သို့သော်လည်း ခြင်းခတ်ကစားခြင်းကိုမူ ယနေ့ထိ သံယောဇဉ်ကြီးစွာဖက်တွယ်နေခဲ့မိသည်။ ကျန်ကစားတတ်သည့် ကစားနည်းများကိုမူ လုံးဝမကစားဖြစ်တော့ ပေ။
ဤသို့ဖြင့် ကိုယ်တိုင်အားကစားလုပ်ရခြင်းကိုနှစ်သက်သည်သာမက အားကစားပွဲမှန်သမျှကိုလည်း မလွတ် တမ်းလိုလို ကြည့်ဖြစ်ခဲ့သည်။ ယနေ့လို ဆက်သွယ်မှုမြင်ကွင်းအားကောင်းမှုကြောင့် ကမ္ဘာအနှံ့မှ အားကစားပွဲ များကို အိမ်တွင်ထိုင်၍ ကြည့်လိုသည်များကိုကြည့်နိုင်နေပြီဖြစ်သည်။ ကြည့်ဖြစ်သည့် အားကစားပွဲများထဲမှ သဘောကျသည့်ပွဲများကိုဆိုရလျှင် ဆုံးနိုင်ဖွယ်ရာမမြင်မိပေ။ ကြော်ငြာတစ်ဖြတ်ထိုးရလျှင် တစ်ချိန်က ဘောလုံး ပွဲများ အရှိန်အဟုန်ကောင်းသည့်ခေတ်တစ်ခေတ်ရှိခဲ့သည်။ နေ့မအိပ် ညမအိပ် လူငယ်လူကြီးမကျန် တဘော တည်း ဘောနေကြသည့်အချိန်ဖြစ်သည်။ ဘောလုံးပွဲပြသည့်ရုံများသို့သွားကြည့်ရသည်။ နေ့ခင်းပွဲလည်းကြည့် သည်။ ညဦးပိုင်းလည်းကြည့်သည်။ ညဉ့်နက်ပိုင်းလည်းကြည့်သည်။ ဘောလုံးဂျာနယ်များကလည်း ပလူပျံ သလိုထွက်သည်။ အပေါင်းအသင်းငါးယောက်ရှိလျှင် တစ်ယောက်တစ်မျိုးစီဝယ်၍ လဲဖတ်ခဲ့ကြသည်ကလည်း အမှတ်ရစရာဖြစ်သည်။ ကျွန်တော်ကလည်း စာရေးသည့်ဝါသနာအစလေးကလည်းရှိသဖြင့် ထိုအချိန်က အီတလီ ဘောလုံးသမားဒီကာနီယိုရဲ့ဖြစ်ရပ်လေးကို ဂျာနယ်တစ်စောင်တွင် သတင်းတိုလေး တစ်ခုအဖြစ်သာ ပါလာသည်။ ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့တွင် ဂိုးသမားကပြေးအတက်အလာတွင် ချော်လဲသွားသဖြင့် ဒီကာနီယို က ဘောလုံးကို ဂိုးအဖြစ်အလွယ်တကူမသွင်းဘဲ ဘေးသို့ကန်ထုတ်လိုက်သည့်ဖြစ်ရပ်ကလေးဖြစ်သည်။ နဂို ပိုးအခံလေးတွင် ထိုဖြစ်ရပ်လေးက တွယ်ငြိခဲ့သဖြင့် ဝတ္ထုတိုလေးရေးပြီး မြားနတ်မောင်မဂ္ဂဇင်းသို့ပို့ခဲ့ရာ ထိုမဂ္ဂဇင်းတွင် ပါဖူးသည့် တစ်ပုဒ်တည်းသောဝတ္ထုတိုလေးဖြစ်ခဲ့သည်။ ထိုမဂ္ဂဇင်းမှ အယ်ဒီတာနှင့်ဆုံဖြစ် သည့်အခါတွင် ဆရာကကျွန်တော့်ကို ဒီဝတ္ထုရေးသူက နိုင်ငံခြားက အောက်မေ့လို့ ဟုမှတ်ချက်ပြုခဲ့သည်။ အမှန်က ရွာသာသာမြို့ကလေးကဖြစ်မှန်းသိမှ ဆရာကတအံ့တဩ မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ယခုလည်း ကျွန်တော်ကြည့်ဖြစ်သည့် အားကစားနည်းများထဲမှ ယနေ့တိုင် နာမည်ကျဆင်းသွားခြင်းမရှိသေးသည့် အားကစားသမားတစ်ဦးအကြောင်းကို ဝေမျှချင်မိ၍ ဤစာကိုရေးနေခြင်းဖြစ်သည်။ သူက စနူကာကစားသမား ကြီး ရော်နီအို ဆူလေဗန် (Ronnie O’Sullivan) ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘိလိယက်ကစားနည်းကို ကျူတံကိုင်ဖူးသည်ရှိအောင် ကိုင်ဖူးရုံမှလွဲ၍ မကစားတတ်ခဲ့ပေ။ သို့သော်လည်း စနူကာကစားပွဲများကို ကြည့် ဖြစ်ရသည်အကြောင်းအရင်းက ဆူလေဗန်ကြောင့်သာဖြစ်သည်။ စနူကာကစားသမားများထဲတွင် နာမည် ကျော်ကစားသမားများ များစွာရှိသည်။ ထရမ့်၊ ဆလ်ဘီ၊ ရော့ဘတ်ဆန်၊ ဟော့ကင်း၊ ဝီလျံ၊ ဘရပ်ဆဲ စသည်ဖြင့်။ ထိုသူများကိုမကြည့်ဖြစ်ခဲ့ခြင်းမှာ မကြိုက်၍မဟုတ်။ မတော်၍မဟုတ်။ သို့သော်လည်း ဆူလေ ဗန်၏ ထိုးဟန်များသည် အနုပညာပါသည်ဟုဆိုရမည်။ ဤနည်းစနစ်အတိုင်း ဤဟန်အတိုင်း ကျူတံဖြင့် ဘောလုံးကိုထိုးခြင်းဖြစ်သော်လည်း အခြားသူများ၏ထိုးချက်များသည်က ရင်ကိုလာမထိ။ စနူကာ ကစားနည်း ကလည်း သိကြသည့်အတိုင်း အနီရောင်ဘောလုံးတစ်လုံးထိုးပြီးမှ အခြား ကာလာဘောလုံးကို ထိုးရသည်။ အနီ ရောင်တွင် တစ်မှတ်။ အရောင်ဘောလုံးတွင် နှစ်မှတ်မှစ၍ ခုနစ်မှတ်ထိရှိသည်။ အမှတ်အနည်းအများက အနိုင်အရှုံး ဖြစ်သည်။ ကိုယ်က အနီရောင်ဘောလုံးစထိုးနိုင်ပြီဆိုလျှင် အကုန်လုံးထိုးနိုင်ရသည်။ ကိုယ်က ပေးလိုက်ရပြီဆိုလျှင် ပြိုင်ဘက်က အကုန်ထိုးသွားသည် ကသာ များသည်။ စက်များမဟုတ်၍ အမှားအယွင်း ချွတ်ချော်တိမ်းသည်လည်း တစ်ခါတစ်ရံရှိတတ်သော်လည်း များသောအား ဖြင့် အကုန်ထိုးနိုင်ကြသည်။ ကျွန်တော် ပြောချင်သည်က ဤနေရာကစသည်။ ဆူလေဗန်စထိုးခွင့်ရပြီဆိုလျှင် တခြားသူများထိုးသည်နှင့်မတူ။ နောက် ထပ်ဘောလုံး တစ်လုံးထပ်ထိုးဖို့ကို နေရာချန်သည့်နေရာတွင် စွဲမက်ဖွယ်ရာကောင်းသည်။ နောက်ထပ် ထိုးမည့်ဘောလုံးက မလွတ်သည်ကို အသာလေးပွတ်ပြီး ဖယ်လိုက်သည်မျိုး၊ သို့တည်းမဟုတ် တိုက်၍ ဖယ်လိုက်သည်မျိုးများက ကြည့်နေသည့်ပရိသတ်များ လက်ခုပ်မတီးဘဲ မနေနိုင်လောက်အောင်ပင်။ သူကစားနေပြီဆိုလျှင် စိတ်ထဲကနေ၍ ဘယ်အလုံးထိုးဖို့ ဘယ်လိုချန်မည်ကို လိုက်ပြီး ရင်ခုန်နေမိသည်။ ကျွန်တော် သတိထားမိသလောက် သူထိုးမည့်အလုံးများကို အနည်းဆုံး သုံးလုံးကနေ ငါးလုံး လောက်အထိကြိုတင် တွက်ဆနိုင်သူ ဖြစ်သည်။ သူနှင့် မည်သူပြိုင်ပြိုင် သူ့ပြိုင်ဘက် ထိုးသည့်အလှည့်ဆိုလျှင် ကျနော်မကြည့်။ ဆူလေဗန်ထိုး၍ နိုင်နိုင် ရှုံးရှုံး သူထိုးသည်ကိုသာကြည့်သည်။ ကျွန်တော်ကြည့်ခြင်းထဲတွင် အနိုင်ဆိုသည်လည်း မပါ။ အရှုံးဆိုသည်လည်းမပါ။ ကမ္ဘာ့အဆင့်သတ်မှတ်ကြောင့်လည်း မဆိုင်။ ဆုဖလားပေါင်းမည်မျှ ရသည်နှင့်လည်း မပက်သက်။ ကျွန်တော်၏ ဝဲဘက်ရင်အုံတွင် ကျူတံလာထိနိုင်၍ ကြည့်ခြင်းဖြစ်သည်။
သူ၏ဘဝဇာတ်ကြောင်းကိုကြည့်လျှင်လည်း အသက် ခုနစ်နှစ်အရွယ်ကတည်းကကျူတံကိုင်လာခြင်းဖြစ်ကြောင်း တွေ့ရသည်။ အသက် ၁၅ နှစ်တွင် စနူကာကစားနည်း၏အမှတ်အများဆုံးဖြစ်သည့် ၁၄၇ ကိုရအောင်ထိုးနိုင်ခဲ့ သည်။ ဤအမှတ်ရဖို့ကလည်းသာမန်လူတွေအတွက် အိပ်မက်တစ်ခုလိုပင်ဖြစ်သည်။ အနီရောင်ဘောလုံး ဆယ့်ငါးလုံးရှိသည်ကို တစ်လုံးထိုးပြီးတိုင်း အရောင်ဘောလုံးတွင်အမှတ်အများဆုံးဖြစ်သည့် အနက်ရောင် ဘောလုံးတစ်လုံးတည်းကို ထိုးနိုင်မှသာလျှင် ရသောအမှတ်ဖြစ်သည်။ ပွဲကြည့်ပရိသတ်များ၏ ချီးကျူးသံ တစ်ခုရဖို့ကို သူ့ခမျာ ရှစ်နှစ် လုံးလုံး အပြင်းအထန်လေ့ကျင့်ခဲ့ရသည်။ မည်မျှလေ့ကျင့်ထားသည်ကို ကိုယ်တိုင် မသိသော်လည်း ဆူလေဗန်မှာ လက်နှစ်ဖက်လုံးကိုကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်သည်။ ကမ္ဘာ့အဆင့် ၂၃ ရှိသူကိုပင် ဘယ်လက်ဖြင့် နိုင် အောင်ထိုးပြနိုင်ခဲ့သူဖြစ်သည်။ ကျနော်တို့လူ့အဖွဲ့ အစည်းတွင် ညာသန်ရမည်ဟု အရိုးစွဲမှတ်ယူလေ့ရှိသည်က တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုဆိုရမည်။ ထိုကိစ္စသည် တစ်ချိန်က ရှိခဲ့သည်မှာ မှန်သော်လည်း ယနေ့ခေတ်တွင် ညာသန်တစ်ခုတည်းဖြင့် အလုပ်မဖြစ်တော့သည်ကို အားကစားနည်း တော်တော်များများ၌ သက်သေ ပြနေပေပြီ။ အိန္ဒိယတွင်လည်း ကလေးများကို ညာရောဘယ်ပါ အသုံးပြု နိုင်ရန် သင်ပေးသည်ဟု သတင်းတစ်ပုဒ်တွင် ဖတ်ရဖူးသည်။ ပင်ပေါင်ကစားနည်းတွင်လည်း ဘယ်ရောညာပါ လိုအပ် သလိုသုံး၍ ကစားကြသည်ကိုလည်း ကြည့်ဖူးသည်။
ဘောလုံးတွင်လည်း တစ်ချိန်ကဘယ်ဘက်ခြမ်းတွင် ကစားမည့်သူအတွက် ဘယ်သန်ကစားသမားများ ကို အဓိကထားရွေးချယ်ကြသော်လည်း ယနေ့ခေတ်တွင်မူ ကစားသမားတိုင်းလိုလို ဘယ်ရောညာပါ ကျွမ်းကျင်စွာ ကစားနေကြပြီဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့ ကမ္ဘာကြီးနှင့်ယှဉ်မည်ဆိုလျှင် အလိုလိုဘယ်တစ်ခြမ်းနောက် ကျနေသည်။ စက္ကန့်နှင့်အမျှ တစ်ဟုန်ထိုးသွား နေသည့်ခေတ်ကြီးတွင် ဘယ်တစ်ခြမ်းနောက်ကျခြင်းက ကမ္ဘာကြီးနှင့် တသားတည်းဖြစ်ဖို့ရာအတွက် ကွာဟချက်အလွန်ကြီးမားလှပေသည်။
ကျွန်တော်တို့ဦးနှောက်တွင် (ဥပမာ- စာဖတ်ခြင်း၊ စကားလုံးများကို မှတ်သားခြင်း) ကို ဘယ်ဘက်ဦးနှောက် (Left Hemisphere) က အရင်စတင် ကိုင်တွယ်လေ့ရှိသည်။ ဘယ်ဘက်ဦးနှောက်သည် သေးငယ်သော အစိတ် အပိုင်း များ၊ စကားလုံးများနှင့် အချက်အလက် (facts) များကို သီးခြားစီ ခွဲခြားမှတ်သားရာတွင် ကျွမ်းကျင်သည်။
အချက်အလက်များကို စုဆောင်းပြီးနောက် ၎င်းတို့ကို စုစည်းပြီး “အဓိပ္ပာယ်” ဖော်ဆောင်ကာ နားလည် ခံစား ခြင်းကိုမူ ညာဘက်ဦးနှောက် (Right Hemisphere) က ပိုမိုလုပ်ဆောင်ပါသည်။ ညာဘက်ဦးနှောက်သည် အချက် အလက်များကို တစ်ခုချင်းစီ မကြည့်တော့ဘဲ ခြုံငုံကြည့်ခြင်း (Big Picture)၊ ခံစားချက်ဖြင့် ချိတ်ဆက် ခြင်းနှင့် အနှစ်သာရကို နားလည်ခြင်းတို့ကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ “ကျွန်တော်တို့ လမ်းလျှောက်နေရင်း မြေပြင်ပေါ်မှာ အချောင်းတစ်ချောင်းကို ရုတ်တရက် မြင်လိုက်ရသည် ဆိုပါစို့။ ထိုအခိုက်အတန့်တွင် ဦးနှောက်အတွင်းရှိ စိတ်ခံစားမှုဗဟိုချက်ဖြစ်သော အမစ်ဂဒါလာ (Amygdala) က အရင်ဆုံးနိုးကြားသွားပြီး ‘အန္တရာယ်လား’ ဆိုသည့် အတွေးနှင့်အတူ ကျွန်ုပ်တို့ကို အထိတ်တလန့် ဖြစ်သွားစေသည်။ ထိုအခါ ဘယ်ဖက် ဦးနှောက် (Left Hemisphere) က ထိုအရာ၏ အရှည်၊ အရောင်နှင့် ပုံသဏ္ဌန်ကဲ့သို့သော အသေးစိတ် အချက်အလက် (facts) များကို ချက်ချင်းခွဲခြားစိတ်ဖြာနေချိန်တွင်၊ ညာဖက်ဦးနှောက် (Right Hemisphere) ကလည်း ထိုအရာရှိနေသည့် ပတ်ဝန်းကျင်အခြေအနေ (Context) ကို တစ်ပြိုင်တည်း ခြုံငုံ ကြည့်ရှုပေး ပါ သည်။ အကယ်၍ ဘယ်ဘက်ခြမ်းကသာ သီးခြားအလုပ်လုပ်နေပါက ထိုအရာကို မည်သို့တုံ့ ပြန်ရမည်ကို ကျွန်ုပ်တို့ ဝေခွဲမရ ဖြစ်နေပါလိမ့်မည်။ ညာဖက်ခြမ်းက ခြုံငုံ၍ အဓိပ္ပာယ်ဖော်ဆောင်ပေးမှသာလျှင် ထိုအရာသည် ‘မြွေမဟုတ်ဘဲ တုတ်ချောင်းဖြစ်ကြောင်း’ ဆိုသည့် ပြည့်စုံသော အမှန်တရားကို ကျွန်ုပ်တို့ စက္ကန့်ပိုင်းအတွင်း သိမြင်သွားရခြင်း ဖြစ်ပါသည်။
ဤသို့ဦးနှောက်၏အနေအထားတွင်လည်း တစ်ခြမ်းတည်း အလုပ်လုပ်နေခြင်းမဟုတ်။ တစ်ခုနှင့်တစ်ခုဆက် စပ်ကာ အားလုံးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ သို့ရာတွင် ဆူလေဗန်ကဲ့သို့ ဘယ်ရော ညာပါကျွမ်းကျင် သူတစ်ယောက်ဖြစ်သော်လည်း သူ့ဘဝတွင် အခက်အခဲများကြုံခဲ့ရလေသည်။ အထူးသဖြင့်သူ့ဖခင်ထောင်ကျ သွားချိန်တွင်ဖြစ်သည်။ သူ၏ကစားပွဲများကြည့်ဖူးသူများသတိထားမိကြလိမ့်မည်ထင်သည်။ ကျူတံကို ခုံနှင့် ရိုက်တာမျိုး၊ ပွဲကစားချိန်အတွင်း ကတောက်ကဆတ် ဖြစ်တာမျိုးတို့ဖြစ်သည်။ ငယ်စဉ်ကတည်းက အထူးပြု လေ့ကျင့်လာသူဖြစ်၍ ဝင်သင့်သည့်အလုံးမဝင်သည့်အခါတွင် စိတ်ပျက်ခြင်း ၊ ဒေါသထွက်ခြင်းတို့ဖြစ်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။ ဆူလေဗန်ကံကောင်းသွားသည်က Dr. Steve Petersနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ Dr. Steve Peters က “The Chimp Paradox”ဟု လူသိများ သည့် စိတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ကို အသုံးပြုပြီး အိုဆူလေဗန်ကို လေ့ကျင့်ပေးခဲ့သည်။ ဒေါသနှင့်စိတ်လှုပ်ရှား မှုများကို “ဒါဟာ ငါ့ရဲ့ စိတ်ရင်းမဟုတ်ဘူး၊ ငါ့ထဲက လူဝံ (Chimp) က တုံ့ပြန်နေတာ” ဆိုပြီး ခွဲခြား မြင်တတ် အောင် လေ့ကျင့်ခဲ့ရသည်။ Limbic System (The Chimp)သည်ဦးနှောက်၏ရှေးအကျဆုံး အစိတ်အပိုင်းဖြစ်ပြီး စိတ်ခံစားချက်၊ ပင်ကိုဗီဇ (Fight or Flight) နှင့် တုံ့ပြန်မှုများကို ထိန်းချုပ်သည်။ ဤသည်ကို “လူဝံ” လို့ တင်စားခြင်းဖြစ်သည်။ Limbic System က အချက်အလက်တွေကို စုဆောင်းပြီး “ဘာဖြစ်လို့လဲ၊ ဘာကြောင့် လဲ” ဆိုသည်ကို မစဉ်းစားပေ။ သူ့၏ အဓိက အလုပ်မှာ “ခံစားချက်” (Feelings) နှင့် “ဘေးကင်းလုံခြုံမှု” (Survival)တို့ ဖြစ်သည်။ ဥပမာ – တစ်ယောက် ယောက်က သင့်ကို စကားနာထိုးလိုက်သည့်အခါ Limbic Systemက ချက်ချင်း “ဒေါသ” ထွက်လိုက်ဖို့ သို့မဟုတ် “ဝမ်းနည်း” ဖို့ကို ညွှန်ကြားသည်။ ထိုအပြင် မှန်သည်၊ မှား သည်ဆိုတာကိုလည်း မစဉ်းစားပေ။ အာရုံကြောသိပ္ပံအရLimbic System (The Chimp)သည် ရှေ့ဦးနှောက် (The Human) ထက် သတင်းအချက်အလက်ကို ၅ ဆ ပိုမြန်အောင် တုံ့ပြန်နိုင်စွမ်း ရှိသည်။ ထိုကြောင့် တစ်ခါ တလေ ကျနော်တို့ တစ်ခုခုကို ဒေါသတကြီး ပြောလိုက်မိပြီးမှ”ဟာ… ငါ မပြောသင့်တာ ပြောမိပြီ”ဆိုပြီး နောင် တရတတ်ကြသည်။ အမှန်မှာ”လူသား” ကိန်းအောင်းသော ဦးနှောက်က အလုပ်မလုပ်ခင် “လူဝံ” က အရင်ဆုံး လက်ဦးမှုယူပြီး တုံ့ပြန်လိုက်သောကြောင့်ဖြစ်သည်။ Limbic System ထဲတွင် Amygdala လို့ခေါ်သည့် အစိတ် အပိုင်းလေးတစ်ခု ရှိသည်။ သူက အန္တရာယ်ကို စောင့်ကြည့်ပေးသော “Security Alarm” နှင့် တူသည်။

စိတ် လှုပ်ရှားစရာ သို့မဟုတ် ခြိမ်းခြောက်မှုတစ်ခုခု ကြုံလာပါက ဒေါသတကြီး ပြန်အော်ခြင်း၊ ရန်ဖြစ်ခြင်း ကြောက် လန့်ပြီး ရှောင်ဖယ်သွားခြင်းနှင့် ဘာလုပ်ရမှန်းမသိပဲ ရပ်တန့်သွားခြင်းတို့ကိုသာဆောင်ရွက်သည်။ Chimp Paradox ဟာ CBT သိမြင်မှုဆိုင်ရာ အပြုအမူကုထုံး (Cognitive Behavioral Therapy – CBT)ဟုခေါ်သော စိတ်ပညာ ကုထုံးအပေါ်တွင်လည်း အများကြီး အခြေခံထားပေသည်။
ထိုကြောင့်စိတ်ထဲမှာ ဖြစ်ပေါ်လာသော အတွေးဆိုးတို့ကို Dr. Steve Petersကဖုံးကွယ်မထားဘဲ ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြော ဆိုခိုင်းသည်။ (ဥပမာ – “ငါ ဒီနေ့ ရှုံးတော့မယ် ထင်တယ်” သို့မဟုတ် “ငါ ကစားရတာ တကယ် ညံ့နေပြီ” ဆိုတဲ့ အတွေးမျိုး)။ ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းအားဖြင့် “လူဝံ”၏ အားအင်တွေ ကုန်ခန်းသွားစေပြီး စိတ်တည်ငြိမ်သည့် “လူသား” အပိုင်းက ပြန်လည်လွှမ်းမိုးလာအောင် ပြုလုပ်ခြင်းဖြစ် သည်။ ကျွန်တော်တို့ ဦးနှောက်ထဲတွင် အတိတ်က အတွေ့အကြုံများကို မှတ်သားထားသည့် “Computer” အပိုင်းရှိသည်။ အိုဆူလေဗန်သည်လည်း အရင်က အမှားတစ်ခုလုပ်မိလျင် “ငါတော့ အသုံးမကျတော့ဘူး” ဆိုသည့် အလိုအလျောက် တုံ့ပြန်မှုမျိုး (Gremlins) ရှိခဲ့သည်။ Dr. Peters က ထို Gremlins နေရာမှာ အကျိုးရှိ သော ယုံကြည်ချက်အသစ်များ (Autopilots) နှင့် အစားထိုးနိုင်ရန် လေ့ကျင့်ပေးခဲ့သည်။ ဥပမာ – “အမှားတစ်ခု လုပ်မိတာဟာ ပွဲပြီးသွားတာမဟုတ်ဘူး၊ နောက်တစ်ကြိမ် အခွင့်အရေးရရင် အကောင်းဆုံး ပြန်လုပ်နိုင်တယ်” ဆိုသည့် အတွေးမျိုးကို ဦးနှောက်ထဲ၌ ပုံသေမှတ်သားထားနိုင်အောင် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။
စနူကာကစားနည်းသည် စိတ်ဖိစီးမှုအလွန်များသောကစားနည်းမျိုးဖြစ်သည်။ သို့ဖြစ်၍ ဆူလေဗန်သည် ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက်အပြေးသမားအဖြစ်ပါ လေ့ကျင့်ခဲ့သည်။ဤသို့ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှသာ စိတ်ဖိစီးမှုဒဏ်ကိုကောင်းစွာခံနိုင်မည်ဖြစ်သည်။ ဤသို့ပြင်ဆင်ထားပါသော်လည်း သူ့ထံသို့ လူဝံက နည်းလမ်းတစ်သွယ်ဖြင့်ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ဘယ်ရောညာပါကျွမ်းကျင်သည့် စနူကာ ကစားသမားကြီးဆူလေဗန်သည် ကိုယ်တွင်းသို့ ဝင်ရောက်လာသည့် လူဝံကို စိတ်ပညာရှင် Dr. Steve Peters ကူညီမှုဖြင့် အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့သည်။ ထိုကြောင့်ယနေ့ အချိန်အထိ စနူကာလောကတွင် The Rock ဆိုသည့် နာမည်တစ်လုံးထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်ဖက်တည်းသန်ဖို့ကြိုးစားနေသည့် သင်တို့အနေဖြင့်ဆိုလျင် ထိုလူဝံကို မိမိတို့ကိုယ်တိုင်အောင်မြင်စွာ မောင်းထုတ်နိုင်မည်ဟု ယူဆနေမည်လား သို့တည်းမဟုတ် Dr. Steve Peters လိုလူမျိုးကိုလိုက်ရှာနေမည်လားဆိုသည်ကို ကျွန်တော်အဖြေရှာကြည့် ချင်ပါ သေးသည်။
၂၀.၄ .၂၀၂၆


