ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို မကြားဖူးတဲ့သူ ဆိုတာ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ယုန်နဲ့လိပ် အကြောင်း ပြောချင်တာတော့ မဟုတ်ပါဘူး။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောချင်လို့ပါ။
ဆိုဗီယက်ပြည်ထောင်စု ပြိုလဲခါနီးမှာ ပြုပြင်ပြောင်းလဲရေးတွေကို တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ပါတယ်။ ဂိုဘာချော့ဗ်က ၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့ပြီးနောက်ပိုင်း ဆိုဗီယက်ပြည်ထောင်စုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် အမြစ်တွယ်နေတဲ့ စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဧဝရက်တောင်ထိပ်ကို တက်ရတဲ့ အလုပ်မျိုးပါ။ ဘရက်ဇညက် (Brezhnev) လက်ထက် (၁၉၆၄-၁၉၈၂) နှစ် ၂၀ နီးပါးကာလမှာ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့ပါတယ်။ တချို့သော ပညာရှင်တွေက ဂိုဘာချော့ဗ် လက်ထက်မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေးက “နှလုံးခုန် ရပ်သွားပြီ။ ရလိုရငြားနဲ့ နှလုံးကို အားနဲ့ဖိ၊ အသက်ကယ်ဖို့ ကြိုးပမ်းနေရ” တဲ့ အခြေအနေလို့ သုံးသပ်ကြပါတယ်။

သူဆောင်ရွက်လိုတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေအတွက် ကွန်မြူနစ်ပါတီအတွင်း ထောက်ခံမှု မခိုင်မာဘူးဆိုတာ သိနေတဲ့ ဂိုဘာချော့ဗ်ဟာ ပြည်သူလူထုရဲ့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် (Glasnost) ဖန်တီးပေးပြီး ပြုပြင်ပြောင်းလဲရေး (perestroika) အပေါ် နိုင်ငံရေးအရ ထောက်ခံမှု ကျယ်ပြန့်အောင် ကြိုးပမ်း ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် အရိုးစွဲနေတဲ့ စနစ်တစ်ခုကို ပြုပြင်ဖို့ဆိုတာ အစိတ်အပိုင်း တစ်ခုကို ပြုပြင်ဖို့ လုပ်လိုက်တာနဲ့ မီးခိုးကြွက်လျှောက် ကျန်အစိတ်အပိုင်းအားလုံးကိုပါ ပြုလုပ်ရတော့မှာပါ။ ပြောရရင် ကွန်မြူနစ်ပါတီ အတွင်းမှာလည်း ဂိုဘာချော့ဗ်ရဲ့ ပြုပြင်ပြောင်းလည်းရေးကို အတွင်းကျိတ် ဆန့်ကျင်ကြတာပါ။ နှစ်ပေါင်း ၇၀ ကျော် မျိုသိပ်ခဲ့ရတဲ့ ပြည်သူတွေကလည်း ဂိုဘာချော့ဗ်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဥ်တွေကို “ဆင့်ပါးစပ်နှမ်းပက်” လို့မြင်ပြီး ဂိုဘာချော့ဗ် အပေါ် အားမလို အားမရဖြစ်ပြီး ဆန့်ကျင်ခဲ့ကြတာပါ။ ဂိုဘာချော့ဗ်ဟာ ကွန်မြူနစ်ပါတီရဲ့ သဘောထားတင်းမာတဲ့ အင်အားစုနဲ့ ပြည်သူလူထု ကြားမှာ ကြားညှပ်ပြီး ခေါင်းဆောင်မှု လက်လွတ်ခဲ့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအပြီး ဘောရစ် ယဲ့လ်ဆင် (Borris Yeltsin) တက်လာချိန်မှာတော့ ရုရှားနိုင်ငံရဲ့ စီးပွားရေး ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတဲ့ကိန်း ဆိုက်နေပါပြီ။ စျေးကွက်စီးပွားရေး ကို တက်သုတ်ရိုက် အကောင်အထည်ဖော်ရုံကလွဲလို့ အခြားလုပ်စရာ မရှိတော့ပါဘူး။ ဒါပေမဲ့ တစ်ဖက် မှာလည်း စျေးကွက်စီးပွားရေးကို ဖော်ဆောင်ဖို့ ဘာဆိုဘာမှ အဆင်သင့် ရှိမနေခဲ့ပါဘူး။ ပုဂ္ဂလိက ပိုင်ဆိုင်မှု ပဋိညာဥ်၊ ဒေဝါလီခံယူမှု၊ စျေးကွက်ချုပ်ကိုင်မှု တားဆီးရေး စတဲ့ ဥပဒေဆိုင်ရာ လိုအပ်ချက်တွေကို ရှင်းလင်း ထားပြီးသား ရှိမနေခဲ့ပါဘူး။ ဘဏ်နဲ့အတူ ရှင်သန်ရပ်တည်နိုင်တဲ့ ဘဏ်စနစ်ဆိုတာလည်း မရှိပါဘူး။ ကွန်မြူနစ် စနစ်အောက်မှာ နှစ်ပေါင်း ၇၀ ကျော် ရှင်သန်ခဲ့ရတော့ လူထုကြားစျေးကွက်စီးပွားရေး အကြောင်းသိသူဆိုတာ မရှိသလောက်ပါဘဲ။ အဲဒီတော့ စျေးကွက်စီးပွားရေး ဘောင်မူကို ပတ်ကြမ်းတိုက် ကုထုံး (shock therapy) နဲ့ ဖော်ဆောင်ရပါတယ်။ (ရလဒ်ကတော့ တစ်လအတွင်း စျေးနှုန်းတွေ သုံးဆလောက် ခုန်တက်သွားပါတယ်။) နိုင်ငံပိုင်လုပ်ငန်းတွေအပေါ် ပံ့ပိုးမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ‘ကျားလိုက်ခံရသလို’ ကသောမျောပါး ဖော်ဆောင် ခဲ့ရပါတယ်။ ဒီအဖြစ်ရဲ့ နောက်ဆက်တွဲကတော့ ရုရှားလူ့အဖွဲ့အစည်းမှာ အရှင်မွေး နေ့ချင်းကြီးဆိုသလို ဘီလျံနာ ဖြစ်လာတဲ့ လက်တစ်ဆုပ်စာ အိုလီဂါ့ခ် (Oligarch) အလွှာနဲ့ ဆင်းရဲကျပ်တည်းပြီး အနာဂတ်ပျောက်နေတဲ့ ရုရှားလူထုကြီးဆိုပြီး ဟန်ချက်ပျောက်၊ တည်ငြိမ်မှု ကင်းမဲ့ရပါတယ်။ တရားမျှတမှု ရှာမရဖြစ်ခဲ့ရပါတယ်။ ဆိုဗီယက် ပြည်ထောင်စု (ရုရှား) ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နိုင်တဲ့ ကိန်းအောင်းစွမ်းပကားတွေ ရှိနေပေမယ့် အတိတ်အမှားတွေရဲ့ ဖိစီးမှုအောက်က ရုန်းမထွက်နိုင်ပဲ ကျဆုံးခဲ့ရပါတယ်။ တရုတ်နိုင်ငံနဲ့ ယှဥ်ပြီး အပေါ်ယံ သဘောပြောမယ်ဆိုရင် အပြေးသန်ပေမယ့် ‘ပန်း” မဝင်နိုင်ခဲ့တဲ့ ‘ယုန်’ရဲ့ ဘဝမျိုးလို့ ပြောသလိုပါပဲ။
ပြောရရင် ရုရှားနိုင်ငံမှာ ဓာတ်ကြမ်းတိုက် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ခဲ့တာ မှားတယ်ဆိုတဲ့ သုံးသပ်ချက်ဟာ ရုရှားနိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းနောက်ခံကို ထည့်မစဥ်းစား သလို ဖြစ်နေပါတယ်။ တရုတ် နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ကိုကြည့်မယ်ဆိုရင်တော့ တစ်ဆင့်ချင်း၊ တဖြည်းဖြည်း အကောင်အထည် ဖော်ခဲ့တာပါ။ ရုရှားနိုင်ငံနဲ့ ယှဥ်လိုက်ရင် လိပ်လိုလျှောက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးပါ။ ဒါဟာ မှန်ကန်တဲ့ ချဥ်းကပ်မှုပါ။ ဒါပေမဲ့ “ဆိုဗီယက် ပြည်ထောင်စုရဲ့ ပြုပြင်ပြောင်းလဲရေးက ‘ယုန်’ လိုပြေးလို့ ကျရှုံးခဲ့တယ်၊ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးက ‘လိပ်’လိုလျှောက်လို့ အောင်မြင်တယ်” လို့ အပေါ်ယံ သဘော ကောက်ချက်ချရင်တော့ ‘မှား’ မှာပါ။ ဒီနှစ်နိုင်ငံကြားက နောက်ခံသမိုင်းအချက်အလက်တွေကို နှိုင်းယှဥ်ကြည့်ဖို့ လိုအပ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု (ရုရှား) ဟာ ကွန်မြူနစ်စနစ်အောက်မှာ နှစ်ပေါင်း ၇၀ ကျော် ရှင်သန်ခဲ့ရပြီး ဒီစနစ်က လူ့အဖွဲ့အစည်း အတွင်း နေရာလပ်မကျန်အောင် အမြစ်တွယ်နေပါပြီ။ တရုတ်နိုင်ငံမှာတော့ ပြုပြင်ပြောင်းလဲရေး စတင်ပေါ်ပေါက်ချိန်မှာ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ခဲ့ရတဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဆိုဗီယက်ပြည်ထောင်စု (ရုရှား) နိုင်ငံမှာ နိုင်ငံသူ နိုင်ငံသားတိုင်းက အစိုးရအပေါ် မှီခို နေကြရတာပါ။ သူတို့အတွက် နေစရာအိမ်၊ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်၊ သူတို့ရဲ့ ကျန်းမာရေး၊ သားသမီးများအတွက် ပညာရေး၊ လိုရင်း ပြောရရင် နေ့စဥ်ဘဝ ရှင်သန်ရေးအတွက် အစိုးရအပေါ် မှီခိုနေရ တာပါ။ နိုင်ငံပိုင်လုပ်ငန်းတွေ ပြုပြင်ရေးအတွက် အစိုးရရဲ့ အထောက်အပံ့တွေ လျှော့ချလိုက်တာရဲ့ သက်ရောက်မှုက ဒီလုပ်ငန်းအပေါ် မှီခိုနေရတဲ့သူ အားလုံးရဲ့ နေ့စဥ်ဘဝက ပိုကျပ်တည်းသွားတာပါ။ အဲဒီကာလက ဆိုဗီယက်ပြည်ထောင်စု (ရုရှား)ရဲ့ ပင်မ စီးပွားရေးကျောရိုးက စက်မှုလုပ်ငန်းကြီးပါ။ မြို့ပြ ပြည်သူတွေဟာ သူတို့ရဲ့နေ့စဥ်ဘဝကို တိုးတက် ပြောင်းလဲ လိုပေမယ့် ကွန်မြူနစ် စနစ်ကိုတော့ တောင့်တတုန်း ပါပဲ။ ဓာတ်ကြမ်းတိုက် ပြုပြင်ပြောင်းလဲရေး ကြောင့် ဘဝတွေက ကစဥ့်ကလျားဖြစ်၊ အနာဂတ်ပျောက်နေတဲ့ ရုရှားလူထုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်တွေအပေါ် သံသယဝင် မထောက်ခံကြတော့ပါဘူး။
တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့အချိန်ကာလကို ကြည့်လိုက်ရင် ကျေးလက် တောင်သူ လယ်သမား တွေက နိုင်ငံ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ တရုတ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့တဲ့ ၁၉၇၈ ခုနှစ်က အနေအထားပါ။ ဆိုဗီယက်ပြည်ထောင်စု (ရုရှား) နိုင်ငံမှာက ကျေးလက် လယ်သမား အချိုးအစားက ၃၃ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။ ဒါက ရုရှား ပြုပြင်ပြောင်းလဲရေး စတင်ခါနီးအချိန် ၁၉၈၅ ခုနှစ် ကိန်းဂဏန်းပါ။ အရေးအကြီးဆုံး ကွဲလွဲချက်ကတော့ တရုတ်ပြည်သူတွေရဲ့ နိုင်ငံရေး တိမ်းညွတ်မှုပါ။ မဟာခုန်ပျံကျော်လွှားရေးနဲ့ ယဥ်ကျေးမှု တော်လှန်ရေးတို့ကြောင့် ကွန်မြူနစ်ပါတီအပါအဝင် တရုတ် ပြည်သူတွေ ဟာ သူတို့ဘဝရဲ့ တိုးတက် ပြောင်းလဲလုံခြုံစေဖို့ “အပြောင်းအလဲ” တစ်ရပ်ကို “အရူးအမူး” တောင့်တ နေခဲ့တာပါ။ ကျေးလက် တောင်သူ လယ်သမား တွေရဲ့ ကိုယ်ပိုင် ပုဂ္ဂလိက စိုက်ပျိုး လုပ်ပိုင်ခွင့်ကို အသိအမှတ် ပြုပြီး ရလာတဲ့ အကျိုးအမြတ်အများစုကို ခံစားခွင့်ပြုတဲ့ household responsibility system ဟာ တရုတ်ရဲ့ ပကတိ အခြေအနေနဲ့ အံဝင်ခွင်ကျ ကွက်တိ ဖြစ်သွားခဲ့ပါတယ်။

နောက်တစ်ချက်က နှစ်ပေါင်း ၃၀ ဝန်းကျင် သက်တမ်းသာ ရှိသေးတဲ့ တရုတ်ကွန်မြူနစ် အုပ်ချုပ်ရေးနဲ့ စီးပွားရေး ယန္တရားဟာ တရုတ်ပြည်သူတွေကြားမှာ ရုရှားနိုင်ငံမှာလို ခိုင်ခိုင်မာမာ အမြစ်မတွယ်သေးပါဘူး။ မဟာခုန်ပျံ ကျော်လွှားရေးနဲ့ ယဥ်ကျေးမှုတော်လှန်ရေးလို နိုင်ငံရေး မုန်တိုင်းတွေကြောင့် တရုတ်ပြည်သူတွေရဲ့ နေ့စဥ်ဘဝဟာ လုံခြုံမှု မရှိသလို နေ့စဥ်စားဝတ်နေရေးကလည်း ကျပ်တည်း ဆင်းရဲကြပါတယ်။ အစောပိုင်းမှာ ပြောခဲ့သလို စနစ်ဟောင်းတွေကို တွယ်တာကာကွယ်လိုတဲ့ အင်အားစုဟာ တရုတ်လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန် အားပျော့နေခဲ့တာပါ။ ကျေးလက်ပြည်သူတွေရဲ့ အားကြိုးမာန်တက် ဆောင်ရွက်မှုကြောင့် ပြုပြင် ပြောင်းလဲရေး စတင် အရှိန်ရလာချိန်မှာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေရဲ့ ပြုပြင်ပြောင်းလဲရေးကို မကိုင်တွယ် သေးပဲ အထူးစီးပွားရေးဇုန် (SEZ) တွေ ထူထောင်ပြီး ပြုပြင်ပြောင်းလဲရေး ရလဒ်ကို ကွန်မြူနစ်ပါတီနဲ့ ပြည်သူလူထုက သဘောပေါက် လက်ခံအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်ရေးနဲ့ အတူ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်ပြီးတစ်ဆင့်ဘဲ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ခဲ့တာပါ။
ပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ပြီး ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံဘဝရောက်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်၊ တရုတ်ပြည်သူလူထုနဲ့ ကွန်မြူနစ် ပါတီကို လေးစားဂုဏ်ပြုရမှာ ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ စတင် အကောင်အထည် ဖော်ချိန်မှာ ရှိနေခဲ့တဲ့ မတူကွဲလွဲတဲ့ သမိုင်းနောက်ခံ အချက်အလက်တွေအပေါ် လျစ်လျူမရှုဖို့ ပြောလိုတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်ဟာ “ယုန်လိုလျှောက်တတ်၊ လိပ်လိုပြေးတတ်” လို့ မှတ်ချက်ပြုရလောက်အောင် မရိုးစင်းဘူးလို့ပဲ ဆိုချင်ပါတယ်။


