လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်စွမ်းအင်တင်ပို့နိုင်ရေး အိပ်မက် အကြီးကြီးရှိနေတယ်။ ဒါပေမဲ့ သူ့နိုင်ငံတွေရဲ့ ဆည်တွေက ကြွေးမြီတွေရော တခြားပြဿနာတွေနဲ့ပါ လျှံနေတယ်။
ဒေသကြီးအတွင်းက အချက်အလက်တွေ သိုလှောင်ရေး အဆောက်အအုံ (Data Center) ဒေတာစင်တာတွေနဲ့ စက်ရုံကြီးတွေ အတွက် ရည်မှန်းချက်ကြီးတွေ ထားရှိတဲ့ အရှေ့တောင် အာရှဒေသ ဟာ စွမ်းအင်လိုအပ်တယ်။ ၂ဝ၂၆ ခုနှစ် ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အဖွဲ့က ခန့်မှန်းခဲ့ရာမှာ ဒီဒေသကြီးမှာ အခုအချိန်နဲ့ ၂ဝ၃၅ ခုနှစ်ကြား တစ်ကမ္ဘာလုံး စွမ်းအင်လိုအပ်ချက် တိုးလာတာရဲ့ ငါးပုံတစ်ပုံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ တစ်နိုင်ငံကပဲ ပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်။ ပြီးပြတ်ဖို့ မမြင်ရသေးတဲ့ အီရန်စစ်ပွဲကြောင့် စိတ်ပျက်ဖွယ်ရာ သင်ခန်းစာ ယူခဲ့ရသလိုပဲ စွမ်းအင်ကို စိတ်ချလက်ချနဲ့ အမြဲမပြတ် ရနိုင်ဖို့ဆိုတာကတော့ မသေချာပါဘူး။ ဒီလိုဆိုရရင် စွမ်းအင်တွေကို ဘယ်နေရာကနေ ရှာဖွေလို့ ရနိုင်ပါ့မလဲလို့ ဆန်းစစ်ဖို့ လိုပါတယ်။
လာအိုနိုင်ငံကတော့ သူ့နိုင်ငံဟာ အဲဒီမေးခွန်းရဲ့ အဖြေဖြစ်နိုင်တယ်လို့ ယုံကြည်ထားတယ်။ လူဦးရေ ရှစ်သန်း ဝန်းကျင်သာရှိပြီး လူတစ်ဦးချင်းစီရဲ့ ဝင်ငွေဟာ ဒေါ်လာ ၂,၄ဝဝ လောက်ပဲရှိတဲ့ အဲဒီကုန်းပိတ်နိုင်ငံ ကလေးကလာတဲ့ အရာရှိတွေကတော့ အတော်ကလေး အတင့်ရဲရဲနဲ့ အထက်က အတိုင်း ဖြေပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံဟာ ကဏ္ဍတစ်ခုမှာတော့ ကြွယ်ဝပြည့်စုံပါတယ်။ အဲဒါကတော့ ရေအားပါ။
အရှေ့တောင် အာရှဒေသကြီးမှာ အရှည်ဆုံး မြစ်ကြီး တစ်စင်းဖြစ်တဲ့ မဲခေါင်မြစ်နဲ့ သူ့ရဲ့ မြစ်လက်တက် တွေဟာ နိုင်ငံရဲ့ တောင်ကုန်းတောင်တန်းတွေကို ဖြတ်သန်းပြီး ရေအရှိန်အဟုန် အင်အားနဲ့ ထိုးဆင်း လာကြတယ်။ ဒီလို ထိန်းမနိုင်သိမ်းမရ အင်နဲ့အားနဲ့ စီးဆင်းလာတဲ့ ရေအားအားလုံးကိုသာ ထိန်းသိမ်း ဆောင်ရွက်လိုက်ရင် သန့်ရှင်းစွမ်းအင်တွေ အမြောက်အမြားကို ပေါပေါများများ ထုတ်ယူနိုင်မယ့် ရင်းမြစ်ကြီးတစ်ခုပါပဲ။ လာအိုနိုင်ငံဟာ အထူးစိတ်ဝင်စားတဲ့ ဝါသနာရှင်တွေ ခေါ်ဝေါ်စမှတ် ပြုကြသလို ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားစနစ် ကွန်ရက်တစ်ခုရဲ့ အချက်အချာ “အရှေ့တောင်အာရှဒေသရဲ့ ဘက်ထရီအိုးကြီး” တစ်ခုဖြစ်လာစေဖို့ ဒီစွမ်းအင်တွေကို အသုံးပြုလိုတဲ့ ဆန္ဒရှိပါတယ်။
အရှေ့တောင်အာရှ လျှပ်စစ်ဓာတ်အားကွန်ရက် ချိတ်ဆက်ဖို့ စိတ်ကူးဟာ ၁၉၉ဝ ပြည့်လွန်နှစ်များ ကာလ နှောင်းပိုင်း ကတည်းက ရှိခဲ့တာဖြစ်ပြီး လာအိုနိုင်ငံကတော့ အဲဒီမတိုင်ခင်ကတည်းက လျှပ်စစ်ဓာတ်အားကို ပြည်ပသို့ တင်ပို့နေခဲ့တာ ဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ ၁၉၇၁ ခုနှစ်မှာ သူ့နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံကို ရေအားလျှပ်စစ်တွေ ပထမဆုံး စတင် ရောင်းချခဲ့ပါတယ်။
အဲဒီကတည်းကစလို့ စုစုပေါင်း ပမာဏ ၁၂ ဂီဂါဝပ်ကျော်၊ စင်ကာပူနိုင်ငံရဲ့ အမြင့်ဆုံး လျှပ်စစ်လိုအပ်ချက်ပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စေဖို့ လုံလောက်အောင် ထုတ်လုပ်နိုင်ဖို့ ရေအားလျှပ်စစ်စက်ရုံပေါင်း ၈ဝ ကျော် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ လာအိုနိုင်ငံ ပြည်တွင်းသုံးစွဲနေတဲ့ လျှပ်စစ်ပမာဏရဲ့ ၇ဝ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ၂ဝ၃ဝ ခုနှစ် အချိန်ရောက်ရင် ဆည်ပေါင်း ၁ဝဝ အထိ လည်ပတ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်မှုပမာဏကို ၁၅ ဂီဂါဝပ်အထိ မြှင့်တင်ဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်ဓာတ်အားဟာ လာအိုနိုင်ငံရဲ့ အကြီးမားဆုံး ပို့ကုန်ဖြစ်လာပြီး ၂ဝ၂၄ ခုနှစ်မှာ ကီလိုမီတာ ၂,ဝဝဝ ကျော်ဝေးတဲ့ စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံကို လျှပ်စစ်ဓာတ်အား ရောင်းချခဲ့ပါတယ်။ အဲဒီကနေ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပြီး ဒါဟာ လာအိုနိုင်ငံရဲ့ စုစုပေါင်းပို့ကုန်တန်ဖိုးရဲ့ လေးပုံတစ်ပုံနီးပါး ရှိပါတယ်။
ဒီလို တိုးတက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လာအိုနိုင်ငံရဲ့ မြောက်ဘက် အိမ်နီးချင်း ဖြစ်တဲ့ တရုတ်နိုင်ငံကြောင့် ဖြစ်ပါတယ်။ တရုတ်နှင့် လာအို နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်း အသစ်တစ်ခု အခု ၂ဝ၂၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာကြောင့် မြောက်ဘက် တရုတ်နိုင်ငံဆီကို လျှပ်စစ်ဓာတ်အား ပိုမိုရောင်းချနိုင်စေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးထက်ကို ပိုပြီး အများကြီး ကျယ်ပြန့်ပါတယ်။
တရားဝင်အနေနဲ့ကတော့ တစ်ပါတီစနစ်ကျင့်သုံးတဲ့ နှစ်နိုင်ငံကြား ရင်းနှီးမှုဟာ ကာလအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ရထားလမ်းတွေ၊ မြေရှားသတ္တုတွင်းတွေနဲ့ ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ကျေးဇူးခံ ကျေးဇူးစားရှိတာတွေ ပိုပြီး နက်ရှိုင်းခိုင်မာလာခဲ့ပါတယ်။ လာအိုနိုင်ငံ ရေအားလျှပ်စစ် စီမံကိန်းတွေရဲ့ ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရပါတယ်။
၂ဝ၂၁ ခုနှစ်မှာ လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားလုပ်ငန်း Electricite du Laos (EDL) က လျှပ်စစ်ဓာတ်အားလိုင်းရဲ့ ၉ဝ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံပိုင် ချိုင်းနား ဆောက်သင်း ပါဝါဂရစ် (China Southern Power Grid) ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဆီကနေ ၂၅ နှစ်သက်တမ်း ကန်ထရိုက်စနစ်ဖြင့် လွှဲပြောင်းပေးခဲ့တယ်။ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ ဆည်တွေ အပြိုင်အဆိုင် ဆောက်လုပ် ခဲ့ခြင်းဟာ ကောင်းကျိုးများရှိသလို ကြီးမားတဲ့ ပေးဆပ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
လာအိုနိုင်ငံရဲ့ နိုင်ငံတော်က တင်ရှိတဲ့ ကြွေးမြီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက စုစုပေါင်း ပြည်တွင်း ထွက်ကုန်တန်ဖိုး (GDP) ရဲ့ ၅၃ ရာခိုင်နှုန်းခန့်ပဲ ရှိခဲ့ရာကနေ ၂ဝ၂၅ ခုနှစ်မှာ ၈၁ ရာခိုင်နှုန်းခန့်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လာအိုနိုင်ငံက ချေးယူထားတဲ့ ကြွေးမြီစုစုပေါင်းရဲ့ ထက်ဝက် လောက်ဟာ တရုတ်နိုင်ငံဆီက ဖြစ်ပြီး တရုတ်နိုင်ငံက ကြွေးမြီပြန်ဆပ်ရမယ့် သက်တမ်းကို ရွှေ့ဆိုင်း ပေးတာမျိုးနဲ့ လာအိုရဲ့ စီးပွားရေး အကျပ်အတည်းကို အကြိမ်ကြိမ် ကယ်တင်ပေး နေခဲ့ရပါတယ်။
ဆည်အများစုကို “တည်ဆောက်-လည်ပတ်-လွှဲပြောင်း” (Build-Operate-Transfer – BOT) စနစ်နဲ့ တည်ဆောက်ထား တာကြောင့် ရေရှည်မှာ လာအိုအစိုးရထံ ပိုင်ဆိုင်မှု ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျအခြေစိုက် Lowy Institute ရဲ့ အဆိုအရ လာအိုနိုင်ငံဟာ အဓိက ရေအားလျှပ်စစ် စီမံကိန်းကြီးတစ်ခုကို စတင် လွှဲပြောင်း ရယူနိုင်မယ့် အစောဆုံးအချိန်ဟာ ၂ဝ၃၅ ခုနှစ်လောက်ကျမှ မျှော်လင့်နိုင်မယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက မဲခေါင်မြစ်အတွင်း ငါးသယံဇာတတွေ ပြုန်းတီးရတာနဲ့ မြစ်ကမ်းပါးတွေ ပြိုကျ ပျက်စီး ရတာတွေမှာ ရေအားလျှပ်စစ် ဆည်တွေကြောင့် ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။
ပို့ကုန်တင်ပို့နိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းက ပြည်တွင်းရေးရာတွေကို လျစ်လျူရှု ထားရာ ရောက်သွားစေခဲ့ပါတယ်။ EDL (လာအိုလျှပ်စစ်ဓာတ်အားလုပ်ငန်း) ဟာ အခြေခံ အဆောက်အအုံပိုင်း အားနည်းချက်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေမှာ လေလွင့်ဆုံးရှုံးမှုတွေကြောင့် အရှုံးပေါ်နေပါတယ်။ အထူးသဖြင့် မဲခေါင်မြစ်ရေ ကျဆင်းတဲ့ ခြောက်သွေ့ရာသီတွေမှာ မီးခဏခဏ ပြတ်လေ့ရှိပြီး လျှပ်စစ်ဓာတ်အား လျှော့ချရပါတယ်။ အဲဒီလိုအချိန်မျိုးမှာ လာအိုနိုင်ငံဟာ ထိုင်းနိုင်ငံ ဆီကနေ လျှပ်စစ်ဓာတ်အားကို ကိုယ့်နိုင်ငံက ရောင်းတဲ့ဈေးထက် ပိုကြီးတဲ့ ဈေးနှုန်းနဲ့ ပြန်ဝယ်ယူ နေရတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က လင်းဂျော့ချ်အဆိုအရ သိရပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ လာအိုနိုင်ငံဟာ ရေအားလျှပ်စစ် တစ်ခုတည်းအပေါ် မှီခိုနေရတာကို လျှော့ချဖို့ နေရောင်ခြည်စွမ်းအင်ပိုင်းကို ပိုပြီး ရင်းနှီးမြှုပ်နှံလာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတင် လာအိုနိုင်ငံ မြောက်ပိုင်းမှာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး တစ်ဂီဂါဝပ်ပမာဏရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစက်ရုံကိုလည်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီ တစ်ခုက တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်ဈေးကွက်ကိုပဲ အဓိက တင်ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

စွမ်းအင်တင်ပို့ရောင်းချရေးဟာ လာအိုနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို အထောက်အကူပြုနိုင်ဖွယ်ရှိပေမယ့် စင်စစ်ကတော့ လာအိုနိုင်ငံရဲ့ စီးပွားရေးမှာကိုက စွမ်းအင်လိုအပ်ချက် ရှိနေတာပါ။ လျှပ်စစ်စွမ်းအင် ကဏ္ဍမှာပဲ ပုံအောရင်းနှီးမြှုပ်နှံနေရတာကြောင့် ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့ ကျောင်းတွေနဲ့ ဆေးပေးခန်းတွေမှာ အသုံးစရိတ်တွေ လျော့နည်းသွားရပါတယ်။ ပြည်တွင်းမှာ လစာကောင်းကောင်း မရတာကြောင့် လာအိုပြည်သူအများအပြားဟာ ပိုကောင်းတဲ့ ဝင်ငွေရဖို့ ထိုင်းနိုင်ငံဘက်ကို ကူးပြောင်း လုပ်ကိုင်နေကြပါတယ်။
လာမယ့် နိုဝင်ဘာလမှာ လာအိုနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (LDC) စာရင်းကနေ ရုန်းထွက်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စီးပွားရေး ဆက်လက် တိုးတက်ဖို့ ဆိုရင်တော့ မဲခေါင်မြစ် ရေအားလျှပ်စစ် တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတော့ဘဲ အခြားကဏ္ဍတွေကိုပါ မြှင့်တင်ဖို့ လိုအပ်နေပြီလို့ အီကော်နောမစ်စာစောင် ဆောင်းပါးရှင်က သုံးသပ်ရေးသားထားတာကို တင်ပြလိုက်ရပါတယ်။
စာကိုး – The Economist July 11


