တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ မစ္စလီပင်း သမ္မတ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာလိုက်ပါပြီ။
ရာစုနှစ် တစ်ထက်ဝက်ကျော်လောက်အတွင်း ပြင်သစ်နိုင်ငံက လီပင်း မိသားစု အစဥ်အဆက်ဟာ သမ္မတ ရွေးကောက်ပွဲတိုင်းလိုလို အင်နဲ့အားနဲ့ ဝင်ရောက်ယှဥ်ပြိုင်လေ့ရှိတာ အစဥ်အလာတစ်ခု ဖြစ်နေပါပြီ။ နောက်တော့ ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ လူကြိုက်များ ရေပန်းစားနေတဲ့ လက်ယာပါတီ နေရှယ်နယ် ရယ်လီ (National Rally – RN) ပါတီရဲ့ခေါင်းဆောင် မာရင်းလီပင်းကို တရားရုံးကနေ ဆန္ဒမဲပေး ပွဲတွေမှာ ဝင်ရောက်ရွေးချယ်ခွင့် ငါးနှစ် ပိတ်လိုက်တဲ့ အမိန့် ထုတ်ပြန်လိုက်တော့ လီပင်း မိသားစုရဲ့ အစဉ်အလာဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ပျက်သွားမလို ဖြစ်ရတော့ တာပေါ့။
ဒါပေမဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ မထင်မှတ်တဲ့ အပြောင်းအလဲ တစ်ခုဖြစ်ခဲ့ပါတယ်။ မာရီလီပင်းကို ဥရောပ ပါလီမန်ရဲ့ ရန်ပုံငွေတွေကို သူ့ပါတီအတွက် မလျော်မကန် သုံးစွဲမှုနဲ့ စွဲချက်တင် ထားတဲ့ ပြစ်ဒဏ်ချမှတ်ထားတဲ့ ပါရီမြို့ တရားရုံးက မစ္စလီပင်းရဲ့ အသနားခံစာကို ကြားနာပြီး သူမအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပြီး ရွေးကောက်ပွဲ ဝင်ခွင့် ပေးခဲ့ပါတယ်။ အဲဒီလို ခွင့်ပြုပြီး နာရီပိုင်းအကြာမှာပဲ မစ္စလီပင်းတစ်ယောက် သမ္မတ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာခဲ့ပါတယ်။
RN ပါတီရဲ့ ခေါင်းဆောင် မာရီလီပင်းရဲ့ ၁၅ လကြာ မသေမချာ မရေမရာတွေဖြစ်နေတဲ့ကာလ ကုန်ဆုံးပြီး သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ချိန်နဲ့ တစ်ပြိုင်နက် ပြည်သူလူထုကိုလည်း ပြင်သစ်ရဲ့ သမိုင်းမှာ မကြုံစဖူး ထူးခြားတဲ့ ရွေးကောက်ပွဲတစ်ခုအတွက် တပ်လှန့်သလို ဖြစ်သွား ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာက လီပင်းရဲ့ အယူခံကို စဥ်းစားပြီးတဲ့နောက် သူမရဲ့ အမှုအပေါ် ထောင်ဒဏ် သုံနှစ် – နှစ်နှစ်ကို ဆိုင်းငံ့ပြစ်ဒဏ်နဲ့ တစ်နှစ်ကို ခြေချင်းဝတ်မှာ အီလက်ထရွန်း နစ် ခြေရာခံကိရိယာ တပ်ဆင်ထားရမှာဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မစ္စလီပင်း အတွက် ထောင်ဒဏ် ထက် အရေးကြီးနေတာကတော့ ရွေးကောက်ပွဲဝင်ဖို့ တားမြစ်ထားတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေး လိုက်တာပဲ။ ဒါဟာ သူ့အတွက် အပြောင်းအလဲကြီး တစ်ခု ရလိုက်သလိုပါပဲ။ လီပင်း သမ္မတလောင်းအဖြစ် အရွေးချယ်ခံဖို့ ကြေညာလိုက်ချိန်မှာပဲ သူမကို တားမြစ်ခဲ့ခြင်းဟာ “ဒီမိုကရေစီ လမ်းကြောင်းမှာ ပြဿနာ တစ်ခုဖြစ်နေကြောင်း” ဒါကြောင့်မို့လို့ ပြင်သစ် ပြည်သူ ပြည်သားများကသာ ဆုံးဖြတ် ကြရမှာဖြစ်ကြောင်း လမ်းကြောင်းပေးခဲ့တယ်။ တကယ်တော့ တရားရုံးက ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးကိစ္စတွေနဲ့ မည်သို့မှ မသက်ဆိုင်ဘဲ လူပုဂ္ဂိုလ် မစ္စလီပင်း အပေါ်မှာသာ ကျူးလွန်တဲ့အမှုကို စီရင်တာသာ ဖြစ်တယ်လို့လည်း အချို့က သုံးသပ်ခဲ့ကြတယ်။ ဒါပေမဲ့ လီပင်းတစ်ယောက်ကတော့ သူ့မှာ အပြစ်မရှိကြောင်း တောက်လျှောက်ကို ငြင်းဆိုနေဆဲပါ။ အခုတော့ သူမဟာ ဒီကိစ္စကို ပြင်သစ်ရဲ့ အမြင့်ဆုံး တရာရုံးတစ်ခုဖြစ်တဲ့ (the Cour de Cassation) ကို သူမကို ချမှတ်ထားတဲ့ ခြေချင်းဝတ်မှာ ခြေရာခံစက် တစ်နှစ် တပ်ဆင်ထားရမယ်ဆိုတဲ့ ပြစ်ဒဏ် အတွက် အယူခံ ဝင်ထားကြောင်း သိရပါတယ်။ အယူခံဝင်ထားစဥ်ကာလအတွင်းမှာတော့ သူမဟာ အဲဒီ နောက်ယောင်ခံစက်ကို တပ်ဆင်ထားစရာ မလိုဘူးလို့ သိရတယ်။ တရားရုံးတော်ကတော့ သူမ အယူခံထားတဲ့ အမှုကို ရွေးကောက်ပွဲ ကာလဖြစ်တဲ့ နောက်နှစ် ဧပြီ၊ မေလ မတိုင်ခင် အဆုံးအဖြတ် ပေးသွားဖို့ရှိတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
အကယ်၍ တရားရုံးက အယူခံကို ပလပ်ခဲ့ရင်တော့ သူမဟာ ရွေးကောက်ပွဲ မဲဆွယ်စဥ်ကာလမှာ ခြေရာခံစက်ကို သူမရဲ့ ခြေချင်းဝတ်မှာ ဝတ်ဆင်ပြီး မဲဆွယ်ပွဲတွေကို တက်ရောက်ရမှာဖြစ်တယ်။
RN ပါတီအတွက်ကတော့ မစ္စလီပင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ရှေ့ဘာဆက်လုပ်ရမလဲဆိုတာတွေ ပိုပြီး တိကျ ပြတ်သားလာသလိုဖြစ်နေပါတယ်။ မစ္စလီပင်းရဲ့ ဦးဆောင်မှုကသာ ပါတီရဲ့ရှေ့ရေးကို ပုံဖော် နိုင်မယ်။ ပါတီရဲ့ မူဝါဒကွဲပြောတာတွေကို ဆုံးဖြတ်ပေးနိုင်မယ်။ မူဝါဒဆိုတာ နမူနာပြောရရင် မစ္စလီပင်းက ပင်စင်ယူရမယ့်အသက်ကို လက်ရှိ ၆၃နှစ်ကနေ ၆၀ နှစ်အထိ လျှော့ချချင်တယ်။ မစ္စလီပင်း နိုင်ငံရေးလုပ်ခွင့်တားမြစ်ခံထားရချိန်မှာ တာဝန်ယူ ထားရတဲ့ မစ္စတာ ဘာဒဲလာကတော့ မသေမချာ မရေမရာ..။ နောက်ပြီးတော့ လက်လုပ်လက်စား လူတန်းစား အလွှာတွေကို ဦးဆောင်နေတဲ့ သူတို့ပါတီကို လူကြိုက်များဖို့ လုပ်တဲ့နေရာမှာ ဒီလိုတွေဝေနေလို့မရဘူး။ လူကြိုက်များမယ့် ဆုံးဖြတ်ချက်တွေကို မစ္စလီပင်းကသာ ရဲရဲဝံ့ဝံ့ နဲ့ လုပ်ရဲကိုင်ရဲ ရှိတယ်။ သူမကိုယ်တိုင်ကလည်း ပြင်သစ်မြောက်ပိုင်းက မိုင်းတွင်းတွေရှိတဲ့ အလုပ်သမားတွေ အနေများတဲ့ မဲဆန္ဒနယ်တွေမှာ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိတော့ ဒီလိုလူတွေ ဘာကြိုက်တတ်လဲဆိုတာ သိနေတယ်လေ။
သို့သော်ငြားလည်း မစ္စလီပင်း သမ္မတရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးလောကထဲ ပြန်ဝင်ရောက် လာခြင်းက ပါတီတွင်း တင်းမာမှုတွေ အားလုံးကို ပြေလည်သွားမယ်လို့ ယူဆလို့ မရနိုင်ဘူး။ မစ္စလီပင်း မရှိခင်ကာလတစ်ဝိုက်က ပါတီကို လပေါင်းများစွာ ဦးဆောင်နေရာကနေ တာဝန်ယူပေးခဲ့တဲ့ မစ္စတာ ဘာဒဲလာက အခုဆိုရင် ဒုတိယနေရာကို ပြန်ဆင်းပေးလိုက်ရပါပြီ။
အသက်သုံးဆယ် အရွယ်ဆိုတော့ လူကလည်းငယ် အမြင်တစ်မျိုးလည်း ဖြစ်နိုင်သူ RN ပါတီခေါင်းဆောင် မစ္စတာ ဘာဒဲလာက သူ့မှာ မတူတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတူညီတဲ့ မဟာဗျူဟာနဲ့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် (မစ္စတာ ဘာဒဲလားနဲ့ မစ္စ လီပင်းတို့) ရဲ့ အပြောကတော့ အတူတူပူးပေါင်းပြီး လုပ်ဆောင်နေကြတာလို့ ပြောလေ့ရှိတယ်။

အမှန်တကယ်လည်းပဲ မစ္စလီပင်းကို တရားရုံးက စီရင်ချက်ထွက်လာနဲ့နေ့မှာပဲ သူတို့နှစ်ယောက်ဟာ ပါရီ ဆင်ခြေဖုံးအရပ်က စျေးတစ်စျေးကို အတူတကွ သွားရောက်ခဲ့ကြသေးတယ်။ မစ္စလီပင်းက သူသာ သမ္မတအဖြစ် အနိုင်ရခဲ့ရင် မစ္စတာ ဘာဒဲလာကို ဝန်ကြီးချုပ် တာဝန်ပေးမယ်လို့ အခိုင်အမာ ပြောထားတယ်။ ဒါပေမဲ့လည်း မကြာခင်လတွေမှာ သူတို့နှစ်ယောက်အကြားက အယူအဆ ကွဲပြားမှုတွေဟာ ပိုမိုထင်ရှားလာနိုင်ပြီး အကွဲအအက်တွေ ပိုများလာမယ်လို့ တွက်ချက်သူအချို့က ပြောကြတယ်။
အခုလောလောဆယ်မှာတော့ မစ္စလီပင်းဟာ သူ့ရဲ့ သမ္မတမဲဆွယ်ပွဲတွေမှာ ရှေ့ကပြေးနေပုံပါပဲ။ တရားရုံးချုပ်က ပြစ်ဒဏ်ကို လျှော့ပေါ့ပေးပြီးပြီးချင်း ပထမဆုံးအကြိမ်ကောက်ယူတဲ့ စစ်တမ်းမှာ သူမဟာ ထောက်ခံသူ ၃၆ ရာခိုင်နှုန်းတောင် ရှိထားတယ်။ လက်ရှိသမ္မတ မာခရွန်လက်အောက်မှာ ဝန်ကြီးချုပ် လုပ်ခဲ့ဖူးကြတဲ့ အက်ဒဝဒ် ဖိလစ်ပီနဲ့ ယှဥ်ရင် ၁၉ ရာခိုင်နှုန်းကျော်နဲ့ နောက်တစ်ယောက် ဖြစ်တဲ့ ဂေဘရီရယ် အက်တယ်လ် နဲ့ယှဥ်ရင် ၁၅ ရာခိုင်နှုန်း အသာနဲ့ ရှေ့က ပြေးနေတာပါ။
ရွေးကောက်ပွဲမှာတော့ သူမလည်း နိုင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ မစ္စတာ ဘာဒဲလား ဝင်ပြိုင်ရင် ရမယ့် ရလဒ်မျိုးအတိုင်း သူမလည်း ကောင်းကောင်းကြီး စွမ်းဆောင်နိုင်လိမ့်မယ်လို့ လူထုစစ်တမ်း တွေက ညွှန်ပြနေကြတယ်။ မစ္စလီပင်းက သမ္မတရွေးကောက်ပွဲ သုံးကြိမ်တိုင်တိုင် ပြိုင်ခဲ့ဖူးတဲ့ အတွေ့ အကြုံတွေ၊ ခါးသီးတဲ့ သင်ခန်းစာတွေ ရှိထားတာဆိုတော့ မဲဆွယ် စည်းရုံးတဲ့နေရာမှာ တကယ့်ကို သဲကြီးမဲကြီး ကြိုးစားမှာပဲ။ ပြင်သစ်မှာ လူကြိုက်အများဆုံး ထိပ်တန်း ပြိုင်ဘက် တစ်ယောက် ဖြစ်တဲ့အပြင် RN ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်နေတဲ့အခါ… “နောက်ဆုံးတော့လည်း သူ့အလှည့် ရောက်လာပြီ” လို့ တွေးနေကြတဲ့သူတွေဆီကနေ ထောက်ခံမှုတွေ အများကြီး ရလာမှာ သေချာတယ်။ အလယ်အလတ်ဝါဒီ ခေါင်းဆောင်တစ်ယောက်ကတောင် “သူ့ကို နိုင်အောင်တိုက်ဖို့က တော်တော်လေး ခက်လိမ့်မယ်” လို့ မှတ်ချက်ပြုထား သေးတယ်။
ဒါပေမဲ့လည်း… မဲပေးဖို့ ကိုးလ အလိုကြီးကတည်းက ကောက်ယူထားတဲ့ လူထုစစ်တမ်း တွေ ဆိုတာကတော့ အမြဲတမ်း မှန်ကန် နေမယ်လို့လည်း တထစ်ချ မပြောနိုင်ပေဘူး။ စောင့်ကြည့်ရမှာပဲ။
The Economist ပါ Marine Le Pen is running for the French presidency ဆောင်းပါးကို ဆီလျှော်အောင် မြန်မာပြန်ဆိုထားပါသည်။


